Thursday, February 7, 2008

လိုအပ်နေသော ယုံကြည်မှု

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ (စနေနေ့) က သူငယ်ချင်းတွေနဲ့အတူ ဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောပွဲတစ်ခုကို တက်ပြီး နားထောင်ဖြစ်ခဲ့ပါတယ်။ ဒေါက်တာအောင်ထွန်းသက်ဆိုတာကတော့ ပညာရေးလိုက်စားတဲ့အသိုင်းအ၀ိုင်းမှာတော့ မိတ်ဆက်ပေးဖို့မလိုတဲ့ ပညာရှင်တစ်ယောက်ပါ။ သူဟာ ကုလသမဂ္ဂ ၀န်ထမ်းများကောလိပ်မှ ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ နှစ်စဉ်အားလပ်ရက်တွေမှာ မြန်မာနိုင်ငံပြန်လာတတ်ပြီး သူ့ရဲ့အတွေ့အကြုံတွေနဲ့ ပညာတွေကို မျှဝေပေးလေ့ရှိတဲ့သူတစ်ယောက်ပါ။ ကျွန်တော်မှတ်မိသလောက်တော့ Change Management ဆိုတာကို မြန်မာနိုင်ငံကို ပထမဆုံးသယ်ဆောင်လာတဲ့သူတစ်ဦး ဖြစ်ပါတယ်။ အဲဒီစနေနေ့က အုတ်လမ်းနားက ယုဇနဟိုတယ်မှာလုပ်တဲ့ ဟောပြောပွဲမှာတော့ ယုံကြည်မှုတည်ဆောက်ခြင်းအကြောင်းကို ရှင်းလင်း ပြောကြားသွားပါတယ်။

အဲဒီနေ့က ဆရာကြီး ပထမဆုံးအသိပေးခဲ့တဲ့အချက်ကတော့ ယုံကြည်မှုဟာ အရာအားလုံးကို ပြောင်းလဲစေနိုင်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ သူက ဟောပြောပွဲကို ဂန္ဒီရဲ့နာမည်ကျော်စကားနှစ်ခွန်းနဲ့ စတင်ခဲ့ပါတယ်။ အဲဒီစကားနှစ်ခွန်းကတော့ မနက်ဖြန်သေတော့မယ့်လူတစ်ယောက်လို အသက်ရှင်ပါ (LIVE as if you were die tomorrow) ဆိုတဲ့စကားနဲ့ ဘယ်တော့မှမသေနိုင်တဲ့လူတစ်ယောက်လို သင်ယူလေ့လာပါ (LEARN as if you were live forever) ဆိုတဲ့စကားတို့ဖြစ်ပါတယ်။ အလွန်တန်ဖိုးရှိတဲ့ စကားနှစ်ခွန်းပါ။ ကျွန်တော် ရှင်းမပြလိုတော့ပါ။ ကိုယ်တိုင်စဉ်းစားပြီး အတွေးနယ်ချဲ့ကြပါကုန်။

ယုံကြည်မှုဆိုတာ ခေါင်းဆောင်ကောင်းတွေအတွက် အလွန်ကိုအရေးပါတဲ့ ခွန်အားတစ်ရပ်ဖြစ်ပါတယ်။ အများယုံကြည်မှုကို ခံယူရတဲ့သူ တစ်ဦးဟာ အခြားသူတွေထက် အမြဲတမ်းနှာတစ်ဖျားသာနေနိုင်ပါတယ်။ လူအတော်များများက ယုံကြည်မှုကို သူ့အလိုလိုဖြစ်လာတဲ့အရာလို့ မှတ်ထင်ကြပါတယ်။ တစ်ကယ်တော့ ယုံကြည်မှုကို တည်ဆောက်ယူလို့ရပါတယ်။ ယုံကြည်မှုကြီးမားလာအောင် လုပ်လို့ရသလို ယုံကြည်သူတွေ များလာအောင်လည်း တိုးချဲ့နိုင်ပါတယ်။ ပျက်စီးသွားတဲ့ ယုံကြည်မှုကိုလည်း ပြန်လည်အဖတ်ဆည်လို့ရပါတယ်။

အားကစားအသင်းတစ်ခုမှာဖြစ်ဖြစ်၊ ဌာနတစ်ခုမှာဖြစ်ဖြစ်၊ မိသားစုအတွင်းမှာပဲဖြစ်ဖြစ် ယုံကြည်မှုမရှိဘူးဆိုရင် အနည်းနဲ့အများဆိုသလို ပြဿနာတွေ ဖြစ်ပေါ်လာမှာပါပဲ။ ဒီနေ့ခေတ်ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့အခြေအနေတွေကိုကြည့်ရင် ယုံကြည်မှုမရှိလို့ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်ကြလို့ စစ်တွေ ဖြစ်ကြရပါတယ်။ ပြည်ထောင်စုနိုင်ငံကြီးတွေ ပြိုကွဲကြရပါတယ်။ ပြည်တွင်းစစ်တွေ ဖြစ်ကြရပါတယ်။ ဘယ်လို ဆက်ဆံရေးပုံစံမျိုးမဆိုဟာ ယုံကြည်မှုနဲ့တုပ်နှောင်ကြမှသာ ရေရှည်တည်မြဲနိုင်ပါတယ်။ ဘယ်လောက်ပဲ ကြာရှည်တဲ့ဆက်ဆံရေးမဆိုဟာလည်း ယုံကြည်မှုပျက်စီးတဲ့အခါ ပျက်သုဉ်းကြရပါတယ်။

ယုံကြည်မှုဆိုတာဘာလည်းဆိုရင် ခံစားသိမှုတစ်မျိုးပဲဖြစ်ပါတယ်။ ကြည့်လိုက်ယုံနဲ့ ကိုယ့်ရဲ့စိတ်မှာခံစားလာရတဲ့အရာ ဖြစ်ပါတယ်။ ပန်းချီကား စတဲ့ အနုပညာလက်ရာတွေ လှတယ်မလှဘူးဆိုတာကို စိတ်မှာခံစားသိရှိတဲ့ပုံစံမျိုးပဲလို့ ဆရာကြီးက ဥပမာပေးသွားပါတယ်။ ယုံကြည်မှုနဲ့ ပတ်သက်ပြီး သိနားလည်တဲ့သူ နည်းပါတယ်။ အဲဒီလို မသိနားမလည်ကြတဲ့အတွက် အများစုက လျစ်လျူရှုထားတတ်ကြပြီး ယုံကြည်မှုရဲ့ အစွမ်းကိုလည်း လျှော့တွက်ခဲ့ကြပါတယ်။

ဆရာကြီးက သူ့ရဲ့အတွေ့အကြုံအရ ကမ္ဘာပေါ်မှာ ယုံကြည်မှုတွေ တဖြည်းဖြည်နည်းပါးလာပြီလို့ဆိုပါတယ်။ အထုပ်အပိုးတွေထဲမှာ ပေါက်ကွဲနိုင်တဲ့အရာတွေများပါမလားလို့စစ်ဆေးကြရတဲ့အတွက် လေယာဉ်ကွင်းချိန်းချိန်တွေကို ပိုခွာပြီးချိန်းလာကြပါတယ်။ ယခင် တစ်နာရီလောက် ကြိုရောက်ရင် ရပေမယ့် ယခုအခါ နှစ်နာရီ သုံးနာရီလောက် ကြိုရောက်ရပါသတဲ့။

ဒီလိုအရေးကြီးတဲ့ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာကို ဆက်ပြောပါတယ်။ ဒီနေရာမှာ ယုံကြည်မှုအတွက် အရေးပါတဲ့ အချက်နှစ်ချက်ကို သိဖို့လိုပါလိမ့်မယ်။ အဲဒီနှစ်ချက်ကတော့ ကိုယ်ကျင့်တရား (character) နဲ့ ကျွမ်းကျင်မှု (competence) တို့ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားဆိုတာက ကိန်းသေတစ်ခုလို မွေးကတည်းကပါလာပြီး ပြုပြင်ရခက်ပါတယ်။ ကျွမ်းကျင်မှုကတော့ အခြေအနေကိုလိုက်ပြီး သင်ယူလို့ရနိုင်ပါတယ်။ လူတစ်ဦးကိုယုံကြည်ကြရာမှာ ကိုယ်ကျင့်တရားကို ယုံကြသလို ကျွမ်းကျင်မှုပညာကိုလည်း ယုံကြည်တတ်ကြပါတယ်။ ခေါင်းဆောင်ကောင်းတစ်ဦးဟာ အဲဒီနှစ်ခုကို မျှတအောင် ထိန်းနိုင်ရပါမယ်။ ကိုယ့်ရဲ့ဘ၀တန်ဖိုး (character) ကိုချည်း ဖက်တွယ်မနေဘဲ ရလာဒ်ကောင်းတွေဖြစ်ပေါ်လာအောင်လည်း (competence) ဆောင်ရွက်နိုင်ရပါမယ်။ နှိမ့်ချတတ်ယုံမျှဖြင့်မပြီးဘဲ ကြေးစားတစ်ယောက်ရဲ့ တက်ကြွမှုမျိုးလည်းလိုအပ်ပါတယ်။ အဲဒီလိုလူတစ်ယောက်ကိုမှ အများက ယုံကြည်လက်ခံနိုင်ကြပါလိမ့်မယ်။

ယုံကြည်မှုကို ခွဲခြမ်းကြည့်မယ်ဆိုရင် လေးပိုင်းခွဲလို့ရပါတယ်။ ယုံကြည်မှုနဲ့ စိစစ်မှုတို့ရဲ့မျှခြေအရ ကွဲပြားသွားခြင်း ဖြစ်ပါတယ်။ ယုံလည်းမယုံ စိစစ်မှုလည်းမရှိဘူးဆိုရင်တော့ ယုံတယ်မယုံဘူးဆိုတာ မရှိတော့ပါဘူး။ အဲဒီလို အခြေအနေမျိုးဟာ ချီတုံချတုံနဲ့ ဆုံးဖြတ်ရခက်ခဲတတ်ပါတယ်။ နောက်တစ်မျိုးကတော့ ယုံကြည်မှုမြင့်မားပြီး စိစစ်မှု အလွန်နည်းခြင်းပါပဲ။ အဲဒီလိုယုံနည်းမျိုးကိုတော့ မျက်စိမှိတ်ယုံခြင်းလို့ခေါ်ပါတယ်။ အဲဒီလိုယုံတတ်တဲ့လူတွေကတော့ မကြာခဏ အလိမ်ခံနေကြရတဲ့သူတွေလို့ ဆိုနိုင်ပါတယ်။ ယုံကြည်မှုနည်းပြီး အလွန်စိစစ်နေတယ်ဆိုရင်တော့ ယုံကြည်မှု ပျက်စီးနိုင်ပြီး သံသယတွေ အလွန်များနေလို့ ဖြစ်နိုင်ပါတယ်။ နောက်ဆုံးအချက်ကတော့ ယုံကြည်မှုလည်းရှိသလို စိစစ်မှုလည်း ရှိတဲ့အခြေအနေပါ။ ဒီလိုယုံကြည်မှုမျိုးဟာ အကောင်းဆုံးယုံကြည်မှုပဲဖြစ်ပါတယ်။ ယုံသင့်မယုံသင့်ကို စဉ်းစားဆုံးဖြတ်မှု ပြုလုပ်သင့်ပါတယ်။

ဆရာကြီးက အင်တာနက်ဥပမာတစ်ခုနဲ့ ရှင်းပြခဲ့ပါတယ်။ ယနေ့ခေတ်လူငယ် အတော်များများဟာ အင်တာနက်နဲ့ အတော်လေးရင်းနှီးနေကြပါပြီ။ အင်တာနက်ဆိုတာ အချက်အလက်အလွန်စုံတဲ့ မီဒီယာတစ်ခုဖြစ်ပါတယ်။ ဒီတော့ လူငယ်တွေအနေနဲ့ မသင့်တော်တဲ့ အညှီအဟောက်တွေ ကြည့်နိုင်ဖို့ အခွင့်အရေး ရနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို တွေးပြီး အင်တာနက်သုံးခွင့်ကိုပိတ်လိုက်ရင် အခြားအကျိုးရှိတာတွေကိုပါ ပိတ်ပင်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ လူငယ်ဆိုတာကတော့ မဟုတ်တာလုပ်တတ်တာ ထုံးစံလိုပါပဲတဲ့ခင်ဗျ။ အခုခေတ်လူကြီးတွေဟာလည်း တစ်ချိန် လူငယ်ဘ၀တုန်းက မဟုတ်တာလုပ်ခဲ့ကြတာပါပဲတဲ့။ ဒီတော့ လူငယ်တွေကို ယုံကြည်ပေးသင့်ပါသတဲ့။ Smart Trust အနေနဲ့ပေါ့။ မဟုတ်တာ ပေးလုပ်စေသင့်ပါသတဲ့။ ဒီအခါမှာ ဟောပြောပွဲလာတက်တဲ့ လူငယ်တွေ အားရပါးရကို သြဘာပေးခဲ့ကြပါတယ်။

တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတည်ဆောက်ကြမယ်ဆိုရင် ဘာတွေလုပ်ကြမလဲ။ သင့်အနေနဲ့ ယုံကြည်မှုတည်ဆောက်လိုတဲ့၊ သူများက ကိုယ့်ကို ယုံကြည်စေလိုတဲ့၊ ကိုယ်ကလည်း သူများကို ယုံကြည်လိုတဲ့စိတ်ပဲ လိုအပ်ပါသတဲ့။ သင့်အနေနဲ့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်အောက် ငယ်သားတွေကို သူတို့အပေါ် သင်ယုံကြည်တယ်ဆိုတာ သိအောင် ပြောပြဖို့ပါပဲတဲ့။ သူတို့ဟာ ယုံကြည်ခံလိုကြပါသတဲ့။ လူတစ်ယောက်ဟာ သူ့အပေါ်မယုံတဲ့သူကို မယုံကြည်တတ်ကြပါဘူး။ သူတို့အပေါ် ယုံကြည်သူကိုသာ တုံ့ပြန်ယုံကြည်ကြပါသတဲ့။

ယုံကြည်မှုကို အလွှာငါးထပ်နဲ့ ဖွဲ့စည်းထားပါတယ်။ အတွင်းကနေ အပြင်ကို အစဉ်အတိုင်းပြောမယ်ဆိုရင် မိမိကိုယ်ကို ယုံကြည်ခြင်း၊ ရင်းနှီး ဆက်ဆံမှုတွင် ယုံကြည်ခြင်း၊ အဖွဲ့အစည်းအားယုံကြည်ခြင်း၊ ဈေးကွက်တွင် ယုံကြည်ခြင်းနှင့် လူမှုအဖွဲ့အစည်းအား ယုံကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ယုံကြည်မှုတည်ဆောက်ရာမှာ အတွင်းဆုံးအလွှာက စတင်ရပါမယ်။ မိမိကိုယ်ကိုယုံကြည်မှုဟာ ယုံကြည်စိတ်ချခံနိုင်မှုပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှသာ တစ်ပါးသူက ကိုယ့်ကိုယုံကြည်ပါလိမ့်မယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုမှ မယုံကြည်သူဟာ သူတစ်ပါးကိုလည်း ယုံကြည်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် လူတိုင်းသည် ငါ့ကိုယ်ငါ ယုံကြည်မှုရှိရဲ့လားဆိုတာနဲ့ သူများက ငါ့ကိုယုံကြည်နိုင်လောက်ရဲ့လား ဆိုတဲ့မေးခွန်းနှစ်ခုကို အမြဲ မေးနေသင့်ပါသတဲ့။ ဒီမေးခွန်းနှစ်ခု အမြဲတမ်းဖြေနိုင်ဖို့အတွက်ဆိုရင် အချက်လေးချက်နဲ့ပြည့်စုံရပါလိမ့်မယ်။ ပထမ နှစ်ချက်ကတော့ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ သမာဓိရှိမှုနှင့် စူးရှတည်ကြည်မှုတို့ရှိဖို့လိုပါတယ်။ နောက်နှစ်ချက်ကတော့ ကျွမ်းကျင်မှုနှင့်ဆိုင်တဲ့ လုပ်နိုင်စွမ်းနှင့် ရလာဒ်ဖော်ဆောင်နိုင်မှုတို့ဖြစ်ပါတယ်။

လူအများယုံကြည်လေးစားရတဲ့ ခေါင်းဆောင်တွေရဲ့အကျင့်တစ်မျိုးကိုလည်း ဆရာကြီးက ပြောပြသွားပါသေးတယ်။ အဲဒီအကျင့်ကတော့ မှန်နဲ့ ပြတင်းပေါက်လို့ခေါ်တဲ့အကျင့်ပါ။ အမှားတွေ အပြစ်တွေလုပ်မိရင် မှန်ကိုကြည့်ပြီး ငါ့ကြောင့်လို့ ခံယူတတ်ရမတဲ့။ အောင်မြင်မှုတွေရရင်တော့ ပြတင်းပေါက်ကို ဖွင့်ပြီး ကြည့်လိုက်ပါတဲ့။ ငါနဲ့အတူ သူတို့တွေလည်း ပါဝင်ခဲ့လို့ အောင်မြင်တယ်လို့ခံယူပါတဲ့။ မှတ်သားဖွယ်ပါပဲ။

သူတစ်ပါးအပေါ် မျှမျှတတဆက်ဆံမယ်၊ သူတစ်ပါးက အားကိုးအားထားပြုလောက်မယ်၊ သူတစ်ပါးအပေါ် လေးစားတတ်မယ်၊ ပွင့်လင်းမယ်၊ ဇွဲသန်မယ်၊ တစ်ကိုယ်ကောင်းမဆန်ဘူး၊ စွမ်းဆောင်ရည်ရှိမယ်၊ အထောက်အကူ ပေးတတ်မယ်၊ မျှဝေစာနာတတ်မယ်၊ ကူညီရိုင်းပင်းတတ်မယ် ဆိုရင် သူတစ်ပါးရဲ့ယုံကြည်မှုကို ရရှိနိုင်ပါလိမ့်မယ်။ သို့သော်လည်း ယုံကြည်မှုကို ကိုယ်ကချည်းလိုချင်လို့မရဘဲ ကိုယ်ကလည်း ယုံကြည်ပေး တတ်ဖို့ လိုအပ်ပါတယ်။ ယုံကြည်မှုကို အင်္ကျီတစ်ထည်လို ၀တ်လိုက် ချွတ်လိုက်လုပ်လို့ မရပါဘူး။ ယုံကြည်မှုဟာ ကြာရှည် တည်ဆောက်ရတာ ဖြစ်ပေမယ့် အချိန်တိုအတွင်းမှာ ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ယုံကြည်မှုကို အမြဲတစေ ထိန်းသိမ်းစောင့်ရှောက်နေရပါမယ်။

ကမ္ဘာကြီးအပေါ်ထားတဲ့ ယုံကြည်မှုအပေါ်မူတည်ကာ တံတိုင်းကာသူများနှင့် တံတားဆောက်သူများလို့ နှစ်မျိုးနှစ်စား ကွဲပြားတယ်လို့ အိုင်းစတိုင်းက မှတ်ချက်ပြုခဲ့ဖူးပါတယ်။ လူတွေမှာ မယုံကြည်မှုတွေ သံသယတွေ များတဲ့အတွက် တံတိုင်းတွေသာများပြီး တံတားတွေကတော့ နည်းနည်းပဲရှိတယ်လို့ နယူတန်ကဆိုပါတယ်။ ဂန္ဒီကြီးကလည်း အားနည်းသူဟာ ခွင့်မလွှတ်တတ်ကြကြောင်း ခွင့်လွှတ်ခြင်းဟာ အားကြီးသူတို့ရဲ့ ဂုဏ်ပုဒ်ဖြစ်ကြောင်း မိန့်ဆိုခဲ့ပါသတဲ့။ ဆရာကြီးဟာ ဟောပြောပွဲကို ပါစကယ်ရဲ့အမှာစကားလေးတစ်ခွန်းနဲ့ ပိတ်သိမ်းခဲ့ပါတယ်။ ပါစကယ်ရဲ့ စကားလက်ဆောင်လေးခွန်းကတော့ "မင်းကိုယုံတယ်" (I believe in you) ဆိုတဲ့စကားပဲဖြစ်ပါတယ်။ အားလုံးပဲ ဒီနေ့ကစပြီး မင်းကိုယုံတယ်လို့ ပြောရင်း ယုံကြည်မှုတွေ တည်ဆောက်ကြရအောင်လားဗျာ။ ။

(ဒေါက်တာအောင်ထွန်းသက်ရဲ့ဟောပြောမှုကို နားလည်သလောက် ပြန်ရေးထားတာဖြစ်ပါတယ်။ သူ့ရဲ့ powerpoin file ကို ဒီနေရာမှာ ရယူနိုင်ပါတယ်။)

Technorati Technorati tags: , | |

ဖတ်ရှုသူတို့၏ မှတ်ချက်များ

Weblog Commenting and Trackback by HaloScan.com