မကြာသေးမီ မေလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် မြန်မာပြည်သူအများအပြား လေဘေးသင့် ဒုက္ခရောက်ခဲ့ကြတာ အများအသိပါ။ လေဘေးဒုက္ခသည်တွေရယ်လို့ နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့်ပြီး ကူညီသူတွေကလည်း ကူညီနေကြပါတယ်။ သို့ပေမယ့် လူတွေသိပ်မသိကြတဲ့ မြန်မာပြည်က လေဘေးဒုက္ခသည်တွေအကြောင်းကို ကျနော် ရေးပြချင်ပါတယ်။ တကယ်တော့ မြန်မာပြည်မှာ လေဘေးဒုက္ခသည်တွေ ရှိနေခဲ့တာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခု မကတဲ့ အချိန်ကတည်းကပါ။ ခေါင်းရှုပ်သွားသလား စာရှုသူ? ရှင်းပြပါမယ်လေ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမကတဲ့ ကာလကတည်းက မြန်မာနိုင်ငံကို BBC၊ VOA၊ RFA အစချီတဲ့ အနောက်အရပ်က လေမုန်တိုင်းကြီးတွေ တရစပ် တိုက်ခတ်နေခဲ့တာပါ။
ထားပါလေ။ အတိတ်က အကြောင်းတွေတော့ ပြန်မပြောလိုပါဘူး။ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကသာ အဓိကကိုး။ တကယ်တော့ နာဂစ်မုန်တိုင်းကြောင့် ဒုက္ခ ရောက်နေသူက နည်းနည်း ရေဒီယိုမုန်တိုင်းကြောင့် ဒုက္ခရောက်နေကြသူက ပိုများလိမ့်မယ် ထင်ပါသဗျာ။ နာဂစ်တိုက်ပြီးစအချိန်ကတော့ ကျနော် Cypher လည်း ကိုယ့်ဒုက္ခနဲ့ ကိုယ်မို့ ရေဒီယိုသံ မကြားမိပါ။ အိမ်မှကလည်း ရေဒီယိုမှ နားမထောင်ကြဘဲကိုးဗျ။ အဲ.. အဲ..။ အခြေအနေလေး တည်ငြိမ်လို့ တခြားသူတွေနဲ့ စကားလေးမှ မပြောလိုက်နဲ့ ရေဒီယိုက အမနာပသတင်းတွေ စကြားရတော့တာပါပဲ။ ကျနော့်သူငယ်ချင်းမတစ်ယောက်ဆို ရေဒီယိုနားထောင်လိုက် ရပ်ကွက်ထဲက ရေဒီယို လေဘေးဒုက္ခသည် တွေနဲ့ ငြင်းလိုက်ခုန်လိုက်နဲ့ အားရတယ်ကိုမရှိဘူးဆိုပဲ။ သူကတော့ပြောပါရဲ့။ အဲဒီရေဒီယိုတွေကြောင့် ငါတော့ အသက်တိုရလိမ့်မတဲ့။
ပထမဆုံးကြားရတာက ဘာတဲ့။ မြန်မာအစိုးရဟာ နာဂစ် လေဘေးဒုက္ခရောက်ကြသူတွေအတွက် ပေးပို့တဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို လက်မခံဘူး။ ငြင်းလွှတ် နေပါသတဲ့။ ကျနော် Cypher တစ်ယောက် ချာလပတ်ရမ်းအောင် လည်သွားပါတယ်။ ဘယ့်နှယ် ကျနော်နေတာ လေယာဉ်ကွင်းနားမှာပါဗျာ။ လေယာဉ်ကွင်းကို ဆင်းသမျှ တက်သမျှ လေယာဉ်အကုန် အိမ်က မြင်ရပါတယ်။ ပြည်ပက ကယ်ဆယ်ရေး ပစ္စည်းတွေ လာပို့နေတဲ့ လေယာဉ်တွေ ဆင်းနေ တက်နေတာ မြင်နေရသားနဲ့ နိုင်ငံတကာ အကူအညီကို မြန်မာအစိုးရက လက်မခံဘူးဆိုတော့ ဘယ့်နှယ်ဟာလဲပေါ့။ တဖြည်းဖြည်းနဲ့မှ ဇာတ်ရည်က လည်လာတယ်။ သူတို့ဆိုလိုတဲ့ နိုင်ငံတကာ ဆိုတာ တကယ်တော့ အမေရိကန်ကို ဆိုလိုတာကိုးဗျ။ အမေရိကန်က ဒေါ်လာဘယ်နှသန်းဆိုလား ထောက်ပံ့ပေးမယ်ဆိုတာကို မြန်မာအစိုးရက ပယ်ချသတဲ့။ ဘယ့်နှယ်ဗျာ။ အမေရိကန်က မြန်မာနိုင်ငံကို လေဘေးကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးအကူအညီတွေ ပေးပို့ပါမယ်တဲ့။ ဒါပေမယ့် မြန်မာအစိုးရကိုတော့ မယုံနိုင်ပါတဲ့။ ဒါကြောင့် ဒီကယ်ဆယ်ရေးလုပ်ငန်း တွေကို သူတို့နိုင်ငံက ငပွကြီး ပင်တဂွန်ကသာ ဦးစီးလုပ်ကိုင်မယ်လို့ ဆိုသကိုးဗျ။ စာရှုသူ စဉ်းစားကြည့်ပါ။ နင့်ကို ငါမယုံဘူး ငါ့ကိုတော့ နင်ယုံရမယ်ဆိုတဲ့ အချိုးကြီး မဟုတ်ပေဘူးလားဗျာ။ စစ်အစိုးရသော အရပ်သားအစိုးရသောဆိုတာကို နောက်ထားပါ။ ကယ်ဆယ်ရေးကို အကြောင်းပြပြီး ရောက်လာမယ့် ကိုယ့်ထက် အင်အားကြီးမားတဲ့ တပ်ဖွဲ့ကြီးကို မြန်မာအစိုးရက ဘယ်လိုယုံကြည်မှုမျိုးနဲ့ နိုင်ငံအတွင်း အ၀င်ခံရပါမည်နည်း။ မြန်မာအစိုးရဟာ အခုလို ဒုက္ခရောက်နေချိန်မှာ နိုင်ငံရေးကိုကြည့်ပြီး တွက်ကပ်နေဖို့ မသင့်ပါတဲ့။ ဒါက အနောက်တိုင်း ရေဒီယိုတွေရဲ့အာဘော်။ ရေဒီယို လေဘေးဒုက္ခသည်တွေကလည်း ဒီလေသံအတိုင်းပဲ ထွက်ကြသကိုး။ မိတ်ဆွေ သင့်ရပ်ကွက်အတွင်းမှာ မီးလောင်ဖူးရင် အခုအခြေအနေကို ကောင်းကောင်း သုံးသပ်နိုင်ပါလိမ့်မယ်။ မီးလောင်လို့ အိမ်ထဲက အထုပ်အပိုးတွေ ဆွဲချနေချိန်မှာ ဘယ်ကရောက်လာမှန်းမသိတဲ့သူတွေက ၀ိုင်းပဲ ကူသယ်သယောင်နဲ့ ကိုယ့်အထုပ်တွေ ယူပြေးသွား တတ်တာ မီးလောင်ပြင်တွေမှာ တွေ့ရမြဲ မြင်ကွင်းတစ်ရပ်ပါ။ နောက်ဆုံးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမေရိကန် သံရုံးတို့ ညှိနှိုင်းကြတယ် ထင်ပါရဲ့။ အခုတော့လည်း ဟုတ်တိပတ်တိပါပဲ။ မင်္ဂလာဒုံ လေယာဉ်ကွင်းကို C-130 စစ်လေယာဉ်ကြီးတွေနဲ့ တစ်နေ့ ငါးခေါက်လောက် ထောက်ပံ့ရေး ပစ္စည်းတွေ လာပို့နေတာ မြင်နေရပါတယ်။ ကျနော်ကတော့ မစ္စတာဘုရှ်ကြီးကို ပြောချင်ပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာမှာ အလှူဆိုတာ စိတ်ထားတတ်ဖို့က အဓိကပါ။ ကိုယ်တိုင်ပဲလှူလှူ၊ တစ်ဆင့်ပဲလှူလှူ စိတ်ထဲက စေတနာကြောင့်သာ ကုသိုလ်ရတာပါ ခင်ဗျာ။
ဟော.. လာပြန်ပါပြီ နောက်သတင်းတစ်ခု။ ဘာတဲ့။ ပြင်သစ်စစ်သင်္ဘောတစ်စင်းနဲ့ အမေရိကန် စစ်သင်္ဘောနှစ်စင်း မြန်မာ့ ရေပိုင်နက် အနီးကို ရောက်ရှိနေပါသတဲ့။ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေလည်း အပြည့်တင်လာတယ်ဆိုပဲ။ မြန်မာအစိုးရသာ ၀င်ခွင့်ပေးမယ်ဆိုရင် လပွတ္တာအထိ တိုက်ရိုက်ဝင်ရောက်မတဲ့။ ဗုဒ္ဓေါ..။ ဘယ့်နှယ်ဟာလည်း။ သူတို့က ကယ်ဆယ်ရေးလုပ်မှာလား ကမ်းတက်တိုက်ပွဲ ဆင်နွှဲမှာလားဗျာ။ ခင်ဗျားတို့က ကူညီဖို့လာတာဆိုပေမယ့် ဧည့်သည်လေဗျာ။ အိမ်ရှင်ကိုတော့ လေးစားဦးမှပေါ့။ အကူအညီတွေကို တရားဝင်လက်ခံနေတာက ရန်ကုန်မြို့မှာပါ။ အခုနောက်ပိုင်းတော့ ထိုင်းနိုင်ငံက အကူအညီတွေကို နယ်စပ်စခန်းတွေက လက်ခံနေတာ ရှိပါတယ်။ ဘာပဲပြောပြော ခင်ဗျားတို့က လပွတ္တာထိအောင်တောင် စစ်သင်္ဘောကြီးတွေနဲ့ ၀င်မယ်ဆိုတော့။ ကောင်းကြသေးရဲ့လားဗျာ။ ဒါကိုပဲ မြန်မာအစိုးရက လက်မခံတာကို အပြစ်ဆိုသတဲ့။ အိန္ဒိယက စစ်သင်္ဘောတွေကို ရန်ကုန်ဆိပ်ကမ်းမှာ လက်ခံပြီး ကယ်ဆယ်ရေးပစ္စည်းတွေ ချပေးနေတာ စာရှုသူ သိလိမ့်မယ်ထင်ပါတယ်။ သြော်.. ကြုံလို့ ရယ်စရာ ပြောရဦးမယ်။ အစောကပြောတဲ့ ကျနော့်သူငယ်ချင်းမအကြောင်းပါ။ သူတို့အိမ်နားက ဦးလေးကြီးက သူ့ကို လာပြောသတဲ့။ ငါကတော့ အမေရိကန်စစ်သင်္ဘောတွေ လာရင် အိမ်ခေါင်မိုးတက်ပြီး အလံဖြူလေးပြလို့ ကြိုဆိုမတဲ့။ ကျနော့်သူငယ်ချင်းမကလည်း တစ်ခွန်းမခံ ပြန်ပြောတတ်သူဆိုတော့ ပြန်ပြောလိုက်ပုံက။ ဦးလေးရေ.. ဒါဆိုရင် ဦးလေးသားသမီးတွေကို အရိုးပြာကောက်ဖို့သာ ပြင်ခိုင်းထားလိုက် ပါတဲ့ဗျာ။ ဘာရယ်မဟုတ် ကျနော့်သူငယ်ချင်းမရဲ့ စွာနေပုံကို ဟာသအနေနဲ့ ပြောပြတာပါ။
လာပြန်ပြီ နောက်တစ်မျိုး။ ဘာတဲ့။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒုက္ခသည်တွေကို လှည့်တောင်မကြည့်ဘူးဆိုပဲ။ ဒုက္ခသည်တွေဆီကို တစ်ခေါက်တောင် ပေါက်မလာဘူးတဲ့။ ဟောဗျာ။ ဒီလူတွေနှယ် ကြံကြံဖန်ဖန်။ သူတို့လုပ်မှပဲ ဦးသန်းရွှေက ဟိုင်းကြီးကျွန်းတို့၊ ဖျာပုံတို့၊ လပွတ္တာတို့မှာ ကိုယ်တိုင် အလောင်းဝင်ရှင်းရမလိုဖြစ်နေပါပြီ။ ၀န်ကြီးချုပ် ကိုယ်တိုင် ဦးစီး ဆောင်ရွက်ပေးနေတာပဲဗျာ။ မကျေနပ်နိုင် ကြဘူးလား။ ခင်ဗျားတို့ ကြည့်တတ်ရင် မြင်မှာပါ။ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဆောင်ရွက်ပေးနေတဲ့ ၀န်ကြီးချုပ်နဲ့တကွ ၀န်ကြီးအားလုံးဟာ အိပ်ရေးပျက်လို့ မျက်ကွင်းတွေကျပြီး ပင်ပန်းနေတဲ့ပုံတွေဖြစ်နေကြတာ ရုပ်မြင်သံကြားသတင်းမှာ တွေ့နိုင်ပါတယ်။ ကက်ထရီနာ မုန်တိုင်းကျတုန်းကရော သမ္မတကြီးဘုရှ် ကိုယ်တိုင် ကယ်ဆယ်ရေး ၀င်လုပ်ခဲ့ပါရဲ့လား? အရာအားလုံး under control ဖြစ်မှသာ နိုင်ငံခေါင်းဆောင်က ကြည့်ရှုစစ်ဆေးတာ ထုံးစံတစ်ခုပါ။ နောက်တစ်ခုပြောလိုတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုတာ အမှန်တကယ်တော့ အသက် ၈၀ ကျော် အဖိုးအိုတစ်ဦးပါ။ စာရှုသူ။ ဒီနေရာမှာ သင့်အဖိုးသာဖြစ်မယ် ဆိုရင် သင် အခုလို ပြောပါဦးမည်လော?
နောက်ဆုံးပြောလိုတာကတော့ ဦးနှောက်အကြိတ်ရောင်လို့ အမြင်ချို့ယွင်းနေရရှာတဲ့ ဘလော့ဂ်ဂါမိတ်ဆွေတစ်ဦးအကြောင်းပါ။ အမည်ကိုတော့ စာနယ်ဇင်းကျင့်ဝတ်အရ မဖော်ပြတော့ပါ။ ကျနော်တို့ ဘလော့ဂ်ဂါတွေဟာလည်း စာနယ်ဇင်းကျင့်ဝတ်တွေကို လိုက်နာသင့်တယ်လို့ ယူဆတဲ့အတွက် ဖြစ်ပါတယ်။ ကျနော်ပြောလိုတဲ့ ဘလော့ဂ်ဂါဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာအရေးအခင်း ကာလကစပြီး လူသိများလာသူတစ်ယောက် ဖြစ်ပါတယ်။ သနားစရာကောင်းတာက သူဟာ ဦးနှောက်တွင်း ဒီမိုကရေစီအကြိတ်ရဲ့ ဖိနှိပ်မှုကြောင့် အမြင်အာရုံ ချို့ယွင်းကာ အချို့အကြောင်းအရာတွေကို ကောင်းစွာ မှန်မှန်ကန်ကန်မမြင်နိုင် ဖြစ်နေရရှာပါတယ်။ ပထမဆုံး ကျနော်ပြောလိုတာက သူ့ရဲ့ ဘလော့ဂ်ဂါ အစ်ကိုကြီးတစ်ဦးကို မှားယွင်းတိုက်ခိုက်ခဲ့မှုပါပဲ။ ဘလော့ဂ်ဂါလောကမှာ နိုင်ငံရေး ခံယူချက်များအရ pro နဲ့ anti ဆိုပြီး အဖွဲ့နှစ်ခုအကြား တိုက်ခိုက်လေ့ရှိကြတာ မဆန်းလှတဲ့ သဘောတရားတစ်ခုပါ။ သို့သော်လည်း ယခုလို ကြားနေ၀ါဒီ neutralist တစ်ယောက်ကို တိုက်ခိုက်ခံရတာကတော့ ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုလို့ ဆိုနိုင်ပါ တယ်။ နောက်တစ်ချက်ကတော့ မကြာသေးမီကတော့ သူ့ရဲ့ဘလော့ဂ်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ဓါတ်ပုံရိုက်ဖော်ပြထားခဲ့ပါတယ်။ ပုံစာမှတော့ အစိုးရသည် ဒုက္ခသည်များအား ကျည်ဆန်များ ထောက်ပံ့နေသလော? စစ်တပ်ဟာ ဒုက္ခသည်တွေကို ဘယ်လိုကူညီနေသလဲ? စသဖြင့် ဖော်ပြထားတာ တွေ့ရပါတယ်။ ထိုရဲတပ်ဖွဲ့ဝင်များဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ခရီးစဉ်အတွက် လုံခြုံရေးဆောင်ရွက်ရန် ပြင်ဆင်နေကြတယ်ဆိုတာကို သူမမြင်နိုင်ခဲ့သလောဆိုတာကတော့…။ ။
One officer, one soldier dead, many soldiers injured in the ambush attack
by the violence attackers in Nothern Rakhine
-
One officer, one soldier dead, many soldiers injured in the ambush attack
by the violence attackers in Nothern Rakhine
While conducting area clearance ope...
7 years ago