ယခုရေးသားဖော်ပြမှာကတော့ ယခင်က ဖော်ပြခဲ့ပြီးဖြစ်သော Sara Flounders ၏ U. S. Hostility Hampers Relief နှင့် ပတ်သက်၍ Workers World ၏ အယ်ဒီတာ့ထံပေးစာကဏ္ဍတွင် ဇွန်လ ၁ ရက်နေ့ရက်စွဲဖြင့် ဖော်ပြခဲ့သော Manoa ရှိ ဟာဝိုင်ယီတက္ကသိုလ်မှ အာရှရေးရာလေ့လာရေး ပါမောက္ခဖြစ်သူ မိုက်ကယ်အောင်သွင်မှ ရေးသားပေးပို့ခဲ့သည့် ပေးစာတစ်စောင် ဖြစ်ပါသည်။ မူရင်းရေးသားသူ၏ ရေးသားပုံအတိုင်း ဘာသာပြန် ဖော်ပြပေးမှာဖြစ်ပါတယ်။ အခြားသူများနှင့် မတူသော အမြင်တစ်မျိုးကို ရရှိနိုင်မည်ဟု မျှော်လင့်ပါသည်။
အစက ကျနော့်အနေဖြင့် အမေရိကန် ၀ါဒဖြန့်စက်ကြီးမှ ဧရာမ အရိပ်မည်းကြီးကျရောက်အောင်ပြုလုပ်နေသည်ဟု တွေးထင်ခဲ့သည်မှာ ကျနော်တစ်ယောက်တည်းဟု တွေးထင်ခဲ့ရပါသည်။ သို့သော်လည်း Sara Flounders မှ မြန်မာဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ အမေရိကန်၏ခေါင်းပေါ်သို့ သံရိုက်သွင်းခဲ့သည်ကို ဖတ်ရှုခဲ့ရပါသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်လာလျှင် တစ်ခုသော တွေးခေါ်ပုံကြီးသည် အားလုံးသော အနောက်တိုင်း (အနောက်ဆန်သူများ အပါအ၀င်) မီဒီယာများ၏ အဖြစ်အပျက်များအပေါ် ဖော်ဆောင်ရေးသားမှုကို လွှမ်းမိုးနေပုံရပါသည်။ လူအားလုံးသည် အမေရိကန်က ဒီမိုကရေစီဟုမှတ်ထင်သော အရာနှင့်ပတ်သက်လျှင် စိစစ်မှုမရှိဘဲ စိတ်အားထက်သန်စွာဖြင့် ဟောချင်ပြောချင်လွန်းသော တူညီသည့် ပုံသေတွေးခေါ်မှု ရှိကြပုံရပါသည်။
ယင်းအလေ့အထသည် မြန်မာနိုင်ငံ၏ ၁၉၈၈ အရေးအခင်းက အစပြုခဲ့ပြီး လွန်ခဲ့သော အနှစ် ၂၀ ကာလတစ်လျှောက်လုံး တစ်စိမ့်စိမ့်နှင့် မိုးစွေခဲ့ပြီး ၂၀၀၇ စက်တင်ဘာ အရေးအခင်းကာလတွင် အရှိန်မြင့်တက်လာခဲ့သည်။ ယခုတစ်ကြိမ် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြန် သောအခါ လူသားချင်းစာနာထောက်ထား အကူအညီပေးရေးကို အာရုံစိုက်ရမည့်အစား မြန်မာနိုင်ငံသည် နိုင်ငံရေးအရ ထပ်မံကျော်ကြားလာခဲ့ပြန်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်းက အဖြစ်အပျက်အားလုံးအား တစ်ပေါင်းတစ်စည်းတည်း ထည့်သွင်းကာ လူကောင်းလူဆိုး ခွဲခြားပုံမျိုးဖြင့် မတူညီသောအခြေအနေများကို မျက်ကွယ်ပြု၍ ကြိုတင်ခန့်မှန်းနိုင်သော နိဂုံးကို ဦးတည်ကာ စိတ်ရှိတိုင်း ကြဲခဲ့ကြပါသည်။
Sara Flounders ထောက်ပြခဲ့သည့်အတိုင်း ယခု ဆိုးရွားသော အဖြစ်ဆိုးကြီးအား စနစ်တကျ ပုံစံချ၍ အသုံးချခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း ဆိုင်ကလုန်းတိုက်ခတ်ပြီးနောက် ချက်ချင်းလိုလိုပင် ပြုလုပ်ခဲ့သည့် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် စတင်၍ မစ္စတာဘုရှ်မှ သဘာဝဘေးအန္တရာယ်ကို နိုင်ငံရေးအရ အမြတ်ထုတ်ခဲ့ပါတော့သည်။ အဖြစ်ဆိုးကြီးနှင့်ပတ်သက်၍ ပြောကြားခဲ့သည်မှာ စာကြောင်းတစ်ကြောင်းစာခန့်သာ ရှိခဲ့ပြီး ကျန်သော သတင်းစာရှင်းလင်းပွဲစကားများမှာ ယခင်နိုင်ငံရေးအစီအစဉ်အတိုင်း အစိုးရ ပြောင်းလဲရေးသာ ဖြစ်နေခဲ့ပါသည်။
အင်အားကြီး အမေရိကန်မီဒီယာများနှင့် အခြားအင်္ဂလိပ်စကားပြော မီဒီယာများသည်လည်း အိမ်ဖြူတော်လေသံအတိုင်းလိုက်ကာ နောက်နှစ်ပတ်ခန့်ကြာသည်အထိ နားကြားပြင်ကပ်လောက်အောင် အော်နေခဲ့ကြသည်။ ယခုကဲ့သို့ လူပေါင်း ၁၃၀၀၀၀ နီးပါး သေကြေပျက်စီးခဲ့ရသည့် သဘာဝဘေးဒုက္ခကြီးတွင်ပင် မြန်မာအစိုးရ၏ပုံရိပ်အား ယခင် အနှစ် ၂၀ က ဖြစ်ရပ်များအတွင်းသို့ အတင်းသွတ်သွင်းခဲ့ကြသည်။ မြန်မာအစိုးရ၏လုပ်ရပ်အားလုံးအားလည်း ယခင်အနှစ် ၂၀ ကအတိုင်းပင် မနှစ်မြို့ဖွယ် လုပ်ဆောင်ချက်များအဖြစ် ပုံစံပြောင်းပေးကြသည်။
မြန်မာနိုင်ငံမှ မည်သို့သော အပြုသဘောဆောင်သည့် သတင်းမျိုးကိုမဆို ၀ါဒရေးရာအရ ဖုံးဖိကွယ်ဖျောက်ပေးခဲ့ရကြောင်း ဘန်ကောက်ရှိ ထင်ရှားသော နိုင်ငံခြားသတင်းထောက်များကလပ်မှ သတင်းထောက်တစ်ဦးက ကျနော့်အား ပြောကြားဖူးပါသည်။
တူညီသော စုပေါင်းအမြင်မျိုးရှိသည့် ကွန်ဂရက်နှင့် အခြားအဖွဲ့အစည်းများသည် အနှစ် ၂၀ ကာလအတွင်းတွင် ထိုသို့သော ပုံရိပ်မျိုး တည်ဆောက်နိုင်ရန် ဒေါ်လာ သန်း ၂၀၀ ကျော် အသုံးပြုခဲ့ကြပါသည်။ Soros Foundation နှင့် National Endowment for Democracy တို့ကဲ့သို့သော အမည်ခံ ပုဂ္ဂလိက အဖွဲ့အစည်းများသည်လည်း ထိုနည်းတူစွာပင် ဆောင်ရွက်ခဲ့ကြပြီး NED သည် ယင်း၏ ၂၀၀၆ ခုနှစ်ဘတ်ဂျက်တွင် မြန်မာဘုန်းတော်ကြီးကျောင်းများအတွက် ဒေါ်လာ ၄၀၀၀၀ ထည့်သွင်း ရေးဆွဲခဲ့သည်။ ထိုရံပုံငွေကို မြန်မာဘုန်းကြီးများအား ဒီမိုကရေစီ ဆန္ဒပြပွဲများ မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို ပညာပေး သင်ကြားရန်အတွက် အသုံးပြုခဲ့ပါသည်။ ယင်းနောက်တွင် အနည်းငယ်သော အယောင်ဆောင် ဘုန်းကြီးများမှဦးဆောင်သော ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာသည်မှာ အံ့သြစရာ မရှိပါ။ (ကျနော့်အနေဖြင့် အမေရိကန်အနေဖြင့် ကျူးဘားနိုင်ငံနှင့်ပတ်သက်၍ ၀ါဒဖြန့်မှုများဆောင်ရွက်ရန် နှစ်ပေါင်း ၆၀ အတွင်း မည်မျှအသုံးပြုခဲ့ပါလိမ့်ဟုပင် တွေးတောမိပါသည်။)
ကွန်ဂရက်မှ ခွင့်ပြုပေးခဲ့သော ငွေအများစုဟာလည်း နှစ်စဉ်လိုလိုပင် အစိုးရဆန့်ကျင်ရေးအုပ်စုများနှင့် ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ သတင်းစာကဲ့သို့သော ၎င်းတို့၏ ၀ါဒဖြန့်သတင်းစာများနှင့် စာနယ်ဇင်းများ၊ အစိုးရများနှင့် ချိတ်ဆက်နေသည့် ဥပဒေပြု အမတ်များအား ထောက်ပံ့ပေးမှုထံသို့ ရောက်ရှိသွားပါသည်။ ယင်းသတင်းအဖွဲ့အစည်းများသည် မတူညီသော နိုင်ငံ ဒါဇင်ပေါင်းများစွာတွင် အခြေစိုက်ကာ သတင်းရေးသားခဲ့ကြခြင်းကြောင့် အထက်ပါရံပုံငွေများကို မှီခိုနေရသည့် အဖွဲ့ငယ်ကလေးတစ်ခုစာမျှသာ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အစိုးရဆန့်ကျင်ရေးစိတ်ဓါတ်များသည် အောက်ခြေလူတန်းစားအလွှာအထိ ရှိဟန် ထင်မြင်ရပါသည်။ (ယင်းအချက်ဟာ ကျူးဘားအရေးကိစ္စများ ဆောင်ရွက်ခဲ့သည့် မီယာမီကျူးဘားအဖွဲ့ကို ပြန်လည်သတိရစေပါသည်။)
အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အထက်ပါအဖွဲ့များရဲ့ ရည်ရွယ်ချက် ဖြစ်မနေသည့် အကြောင်းအရင်းတစ်ခုမှာလည်း ထိုသို့ဖြစ်လာပါက ၎င်းတို့၏ ငွေရပေါက်ရလမ်းကြီး ပိတ်သွားမည် ဖြစ်သောကြောင့်ပါပေ။ ၎င်းတို့ အဓိကဖိအားပေးနေသည့်အချက်မှာ အစိုးရ ပြောင်းလဲရေးပင် ဖြစ်ပါသည်။ သို့သော်လည်း ထိုသို့ အစိုးရပြောင်းခြင်းသည် ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မြန်မာနိုင်ငံရှိ သာမန်လူတန်းစားအများစု၏ ဘ၀များကို မြှင့်တင်ပေးနိုင်မည်ဟု ထင်မြင်သည်ဆိုပါက နောက်တစ်ကြိမ် ပြန်လည်စဉ်းစားစေလိုပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဖြစ်နိုင်ချေအများဆုံးမှာ အရပ်သားအများအပြား သေကျေပျက်စီးစေနိုင်သည့် ပြည်တွင်းစစ်ကြီးပင်ဖြစ်ပြီး အမေရိကန်အတွက်တော့ အလွယ်တကူ ယူစားနိုင်သော အခြေအနေမျိုး ဖြစ်ပါသည်။
Ms. Flounders ထောက်ပြခဲ့သည့်အတိုင်း ရေနံနှင့် သဘာဝဓါတ်ငွေ့သည် အရေးပါလှပါသည်။ သို့သော်လည်း ဘင်္ဂလားပင်လယ်အော်မှ ပစိဖိတ်သမုဒ္ဒရာသို့သွားရာတွင် အမြန်ဆုံးနှင့် အလွယ်ကူဆုံးဖြစ်သည့် ထိုင်း၊ စင်္ကာပူနှင့် အင်ဒိုနီးရှားတို့၏ နယ်ခြားမျဉ်းများပေါ်တွင်ရှိသော မလက္ကာရေလက်ကြားအား ထိန်းချုပ်ရေး သို့မဟုတ် တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်နိုင်ရေးသည် လည်း အခြားအကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပါသည်။
ထို့ပြင် စစ်အေးခေတ် မူဝါဒဟောင်းဖြစ်သော တရုတ်ပြည်ဝိုင်းရံရေးဝါဒ (Encirclement of China) သည်လည်း အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်ပါသေးသည်။ အနောက်ဘက်တွင် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များနှင့် မဟာမိတ်များဖြစ်သည့် ပါကစ္စတန်နှင့် အိန္ဒိယ၊ အနောက်တောင်ဘက်တွင် အမေရိကန်အိတ်ကပ်အတွင်း ရောက်ရှိပြီးဖြစ်သည့် ထိုင်း၊ အနောက်တောင်ဘက် မကျတကျတွင် အမေရိကန်မှ မက်လုံးပေး စည်းရုံးနေသည့် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်၊ တရုတ်တောင်ပိုင်းတွင် တောင်ကိုရီးယားနှင့် ထိုင်ဝမ်၊ အရှေ့ဘက်တွင် ဂျပန် (ဟာဝိုင်ယီလည်းပါသည်။) တို့ ရှိပြီးဖြစ်ကာ တစ်ခုတည်းသော ဟာကွက်သည် အနောက်တောင်ဘက်ရှိ မြန်မာနိုင်ငံသာ ဖြစ်ပါသည်။ အနှစ် ၂၀ ကြာ ရန်လိုသောမူဝါဒများ ကျင့်သုံးခဲ့သဖြင့် မြန်မာနှင့် မဟာမိတ်ဖွဲ့ရန် မဖြစ်နိုင်သည့်အခါ ထိုနေရာအား ချေမှုန်းခြင်းဖြင့် တရုတ်နိုင်ငံကို တစ်ပတ်ပတ်၍ ၀ိုင်းရံမိစေမည် ဖြစ်ပါသည်။ (အမေရိကန်မှ အစိုးရ ပြောင်းလဲပစ်လိုပါက အလွယ်တကူ သွတ်သွင်းနိုင်ရန် ခေါင်းဆောင်ပင် ရှိပြီး ဖြစ်ပါသည်။) ထို့ကြောင့် မြန်မာနိုင်ငံသည် အမေရိကန်၏ အာရှစစ်တုရင်ခုံပေါ်မှ နောက်ထပ်နယ်ရုပ်တစ်ရုပ်သာ ဖြစ်ပါသည်။
ထိုသို့သော ကြေးစားဆန်ဆန် လှုပ်ရှားမှုများအတွက် ဆိုင်ကလုန်းဒဏ်ကြောင့် အချို့သောကျနော်၏ဆွေမျိုးများ သေဆုံးရမှုကို အသုံးချ နေခြင်းမှာ အလွန်ပင်ဆိုးရွားလှပါသည်။
မိုက်ကယ်အောင်သွင်
ပါမောက္ခ (အာရှရေးရာလေ့လာရေး)
ဟာဝိုင်ယီတက္ကသိုလ်