Myanmar Nargis Tragedy

Loading...

Wednesday, July 16, 2008

ကျဆုံးလေပြီးသော ရဲဘော်သို့

သနစ်မှိုင်းမြ၊ ကမ္ဘာကလျှင်
လွင်မြသံရှည်၊ ပျံဝေ့လည်၍
ကျူးမြည်ထံတျာ၊ စစ်ခရာသည်
သံဝါငြိမ့်လေး၊ သည်းလှိုက်အေးစွ
နယ်ကျေးရွာရပ်၊ ပဲ့တင်ထပ်ခဲ့
ဤကပ်လွှာမြေ၊ လွမ်းတေးစေသော်
ရေမြေတောတောင်၊ ညိုမျက်မှောင်နှင့်
ပူလောင်လွန်ဘိ၊ ဖြေမချိကြ
ပရိဒေ၀၊ ၀ှန်သောကဖြင့်
တပ်မငြိမ်ဆိတ်တကား။ ။

တပ်မငြိမ်ဆိတ်၊ တထိတ်ထိတ်နှင့်
စိတ်များထွေထွေ၊ ခေါင်းငိုက်ခွေဖြင့်
တွေ့တွေ့ရှိလိမ့်၊ ကျောချမ်းသိမ့်မျှ
စိမ့်စိမ့်တွေးနက်၊ ပြန်လေ့ကျက်သော်
ရက်များနေ့များ၊ ရှည်လျားအတိတ်
ပြန်ခေါ်ဖိတ်စို့ …
တိုးကျိတ်ဆိုစမ်း၊ သူ့ဇာတ်လမ်းသည်
ခမ်းဝါလူ့ဘောင်၊ တို့တိုင်းဆောင်နှင့်
ပေါင်လျက်ရောလျက်၊ ဆက်စပ်ဆက်တည့်
သူ့လက်ကျရောက်၊ နယ်ချဲ့အောက်ဝယ်
နန်းပျောက်နန်းလု၊ ရာစုနှစ်ဆယ်
သမိုင်းနယ်မှ၊ ရစ်တွယ်အားသစ်
တော်လှန်စစ်၏…
ဇာစ်မြစ်ခက်မွှာ တလွှာသာတကား။ ။

ဇစ်မြစ်ခက်မွှာ၊ ဤတလွှာတွင်
တို့မှာလမ်းကြုံ၊ လောကဘုံတည့်
ဆုံခဲ့လေမော၊ တွက်စစ်ကြောက
ကျသောတာဝန်၊ သင်ကျေပွန်ပြီ
လွန်ခဲ့သောရက်၊ စစ်ကြောင်းထွက်ခဲ့
ချွေးစက်ယိုစီး၊ တောမြိုင်ကြီးဝယ်
ခရီးနီးတုံ၊ ရောက်လုတုံနှင့်
စုံချည်တလှည့်၊ ဆန်တလှည့်ဖြင့်
ပြည်ဝန်ကိုထမ်း၊ လာသောလမ်း၌
ပင်ပန်းမဟူ၊ စိတ်ကြည်ဖြူစွာ
ရည်တူရဲဘော်၊ ရွှင်မွေ့ပျော်သည်
ဩော် ပြန်လည်တွေးရာ၊ လွမ်းစရာချည်း
ရင်နာသည်းစွ…
ရေးလည်းမကုန်နိုင်တော့တကား။ ။

အို… ၀ိညာဉ်ခြားကွာ၊ တမလွန်ရွာသို့
ခွဲခွာရဲဘော်၊ စစ်သည်တော်
ရည်ရော်မှန်းဆ၊ လွမ်းတ,သလျက်
ဦးခငါတို့၊ မျက်ရည်စို့ဖြင့်
ပို့သဆုတောင်း၊ ငြိမ်းချမ်းကြောင်းကို
စုပေါင်းပြုဆဲ၊ တေးရှည်ချွဲဘို့
ငိုပွဲလွမ်းမီး အိုင်ခဲ့ပြီတကား။ ။

ဒေါက်တာ ထီလာစစ်သူ

(မကြာခင်ရောက်တော့မယ့် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဆရာကြီး ဒေါက်တာ ထီလာစစ်သူရေးပြီး ဒီတစ်ပတ် Myanmar News Week ဂျာနယ်မှာ ဖော်ပြထားတဲ့ ကဗျာလေးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။)

Technorati Technorati tags: , , | |

အပြည့်အစုံဖတ်ရန်

Wednesday, July 9, 2008

မြန်မာလား ဗမာလား

ဒီအကြောင်းကို ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်ခဲ့ပါဘူး။ အခုတော့ ပြောဖြစ်ပါပြီ။ ဟုတ်ကဲ့။ ပြည်ပြေးတွေ၊ ပြည်တွင်းပြည်ပက အစိုးရဆန့်ကျင်သူတွေနဲ့ အနောက်တိုင်းက ဒီမိုကရေစီဆရာကြီးတွေက ကျနော်တို့ နိုင်ငံကို ဗမာနိုင်ငံရယ်လို့ သမုတ်ကြပါတယ်။ သူတို့ရဲ့အဆိုက မြန်မာနိုင်ငံ (Myanmar) ဆိုတဲ့အမည်ဟာ လက်ရှိအစိုးရ (သူတို့သတ်မှတ်ချက်အရ အာဏာရှင်စစ်အစိုးရ) က သတ်မှတ်ထားတဲ့ နာမည်ဖြစ်လို့ လက်မခံ နိုင်ပါတဲ့ခင်ဗျာ။ လွတ်လပ်ရေးရပြီးစမှာ အသုံးပြုခဲ့တဲ့ ဗမာနိုင်ငံဆိုတဲ့ အခေါ်အဝေါ်ကိုသာ လက်ခံပါသတဲ့။ လုပ်လိုက်ကြပုံက။

ပထမဆုံး ကျနော်ပြောချင်တာကတော့ မြန်မာဆိုတဲ့အမည်နဲ့ ရန်ကုန်ဆိုတဲ့အမည်များဟာ လက်ရှိအာဏာရ အစိုးရက ပေးထားတဲ့ အမည်များ မဟုတ်ဘူးဆိုတာပါပဲ။ တကယ်တော့ မြန်မာနိုင်ငံဆိုတဲ့အမည်နဲ့ ရန်ကုန်မြို့ ဆိုတဲ့အမည်များဟာ ကျနော်တို့နိုင်ငံကို ဗြိတိသျှကိုလိုနီအဖြစ် သိမ်းပိုက်ပြီး ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးအဖွဲ့က ဗမာနိုင်ငံ (Burma) နဲ့ ရန်ဂွန်းမြို့ (Rangoon) ဆိုတဲ့အမည်များကို မပြောင်းလဲခင်အချိန်ထိ အသုံးပြုခဲ့တဲ့ မူလ အမည်များပဲ ဖြစ်ပါတယ်။ မြန်မာဘာသာစကားတွင်တော့ မြန်မာနှင့် ရန်ကုန်ဟူ၍ ခေါ်ဝေါ်မှု ရှိခဲ့ကြသော်လည်း ကံမကောင်းအကြောင်းမလှစွာပဲ လွတ်လပ်ရေးရပြီးနောက်ပိုင်းအစိုးရများဟာ မူလအမည်သို့ ပြောင်းလဲ မှည့်ခေါ်ရန် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြပါ။ လက်ရှိအစိုးရကတော့ ရည်ရွယ်ချက်နှစ်ရပ်ဖြင့် မူလအမည်သို့ ပြန်လည်မှည့်ခေါ်ခဲ့ပါတယ်။ ပထမအချက်အနေနဲ့ကတော့ ဗြိတိသျှကိုလိုနစ် အတိတ်ကာလမှ ခံစားချက်များ မေ့ပျောက်နိုင်ဖို့ဖြစ်ပြီး ဒုတိယအချက်ကတော့ ယခင်က အကွဲကွဲအပြားပြားနှင့် ရန်စောင်မှုများဖြင့် ပြည့်နေတဲ့ တိုင်းပြည်ကို "ပြည်ထောင်စုမြန်မာနိုင်ငံတော်" ဆိုတဲ့ခေါင်းစဉ်အောက်မှာ အမျိုးသားရေး ပြန်လည်သွေးစည်းဖို့ ဖြစ်ပါတယ်။


ကျနော်တို့ မြန်မာနိုင်ငံမှာ လူမျိုးကြီး ၈ ခုနဲ့ လူမျိုးစုပေါင်း ၁၃၅ ခု စုစည်းနေထိုင်ကြပါတယ်။ လူမျိုးကြီး ၈ ခုမှာမှ ဗမာလူမျိုးများဟာ အများစုဖြစ်ပြီး တစ်နိုင်ငံလုံးလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါကြောင့်လည်း ဗမာလူမျိုး (Bamar သို့မဟုတ် Burman (ဗြိတိသျှအသုံး)) အများစုနေထိုင်သည့် မြန်မာနိုင်ငံအား ၁၈၀၀ ပြည့်လွန်နှစ်များအတွင်း ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးအဖွဲ့က သိမ်းပိုက်ခဲ့တဲ့အခါ ဗြိတိသျှတို့က ဗမာနိုင်ငံ (Burma) လို့ အမည်ပြောင်းခဲ့ကြပုံ ရပါတယ်။

မြန်မာနိုင်ငံ ပုဂံဒေသမှ ဂူဘုရားတစ်ခုအတွင်းက အေဒီ ၁၁၉၀ ခုနှစ်နဲ့ညီမျှတဲ့ မြန်မာသက္ကရာဇ် ရိုက်နှိပ်ထားတဲ့ ကျောက်စာတစ်ခုကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီကျောက်စာဟာ ယခုအချိန်အထိတော့ မြန်မာဆိုတဲ့အမည်ကို အစောဆုံးအသုံးပြုသည့် အထောက်အထား ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် အဲဒီခေတ်နဲ့ နောက်ပိုင်း ကာလတွေမှာ ဗမာဆိုတဲ့အမည်ကို လေ့လာတွေ့ရှိခြင်း မရှိခဲ့ပါ။ ပထမဆုံးသော ဗမာဆိုသည့်အမည် အထောက်အထားကို ၁၈ ရာစုနှင့် ၁၉ ရာစုနှစ်များဖြစ်တဲ့ ကုန်းဘောင်ခေတ်က အဆောက်အဦတွေနဲ့ ရှေးဟောင်းပစ္စည်းတွေကျမှသာ တွေ့ရှိရပါတယ်။

ဒါထက်ပိုစိတ်ဝင်စားဖို့ကောင်းတာကတော့ တရုတ်လူမျိုးတွေဟာ ရှေးခေတ်ကာလများကတည်းက ကျနော်တို့လူမျိုးများကို သူတို့ဘာသာစကားနဲ့ မြန်တင့် (缅甸) လို့ ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဗမာတင့်တို့ ဗတင့်တို့လို အခေါ်အဝေါ်မျိုးကို သုံးနှုန်းခဲ့ကြတယ်လို့ အထောက်အထား မတွေ့ရပါဘူး။ မာကိုပိုလိုရဲ့ မှတ်တမ်းထဲမှာလည်း မြန် (Mien) လို့ ရေးသားဖော်ပြထားပါတယ်။

ယခုအချိန်မှာ လူနည်းစုလူမျိုးများဟာလည်း မြန်မာနိုင်ငံဆိုတဲ့ခေါင်းစီးအောက်မှာ အမျိုးသားရေးအရ တန်းတူ အခွင့်အရေးရရှိတယ်လို့ ခံစားနေကြရပါပြီ။ တကယ်တော့ ပြည်တွင်းပြည်ပက အစိုးရဆန့်ကျင်သူတွေ၊ လက်နက်ကိုင် သောင်းကျန်းသူတွေနဲ့ အနောက်နိုင်ငံကြီးတွေက ဗမာနိုင်ငံလို့ ဆက်လက်ခေါ်ဝေါ်နေကြတာဟာ လက်ရှိအစိုးရရဲ့ဆောင်ရွက်မှုမှန်သမျှကို ကန့်လန့်တိုက်နေပြီး မြန်မာနိုင်ငံ ဆိုတဲ့အမည်ကို လက်မခံနိုင်ပါဘူးရယ်လို့ မျက်စိမှိတ်အော်နေတဲ့ NLD နဲ့ လက်ဝါးခြင်းရိုက် စည်းဝါးကိုက်ကာ ညာညှိနေကြခြင်းသာ ဖြစ်ပါတယ်။ NLD က အခုလို နိုင်ငံအမည်ပြောင်းခြင်းဟာ အရေးတကြီး ဦးစားပေး ဆောင်ရွက်ရမည့်အလုပ်မဟုတ်ဘဲ အများပြည်သူရဲ့ ဆန္ဒမဲပေးမှုနဲ့သာ ပြုလုပ်သင့်တယ်လို့ ကြေညာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ မည်သည့်နိုင်ငံမှာမဆို အမျိုးသား ပေါင်းစည်းညီညွတ်ရေးဟာ အရေးပါတဲ့ ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် မှတ်ယူကြချိန်မှာ သူတို့ရဲ့ကြေညာချက်က အံ့သြစရာကြီး ဖြစ်လို့နေပါတယ်။ ဒီနေရာမှာ ဆက်စပ်ပြီး မေးလိုတာက ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးက ဗမာပြည်ရယ်လို့ အမည်ပြောင်းခဲ့စဉ်ကရော ကျနော်တို့ ပြည်သူတွေရဲ့ဆန္ဒပါခဲ့တယ်လို့ ထင်ပါသလားခင်ဗျာ။ တကယ်လို့သာ ကျနော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး (NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖေ) ဗိုလ်ချုပ်အောင်ဆန်းသာ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ လုပ်ကြံ မခံခဲ့ရဘူးဆိုရင် သူဟာလည်းပဲ မူလအမည်ဖြစ်တဲ့ မြန်မာနိုင်ငံရယ်လို့ ပြန်လည်မှည့်ခေါ်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

တကယ်တော့ ဗြိတိသျှတို့ မှည့်ခေါ်ခဲ့တဲ့ ဗမာ (Burma) ဆိုတဲ့အမည်ဟာ အမျိုးသားရေးအရရော သမိုင်းကြောင်းအရပါ ကိုယ်စားပြုမှု လွဲနေရုံမကဘဲ အသံထွက်ပုံအားဖြင့်လည်း လွဲနေတာကို တွေ့နိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက မြန်မာရယ်လို့ အသိအမှတ်ပြု လက်ခံခဲ့ပြီး ဖြစ်တဲ့အတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးဟာလည်း ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ခံအသုံးပြုဖို့ တာဝန် ရှိပါတယ်။ တကယ်လို့ လက်ခံကျင့်သုံးခြင်း မရှိဘူးဆိုရင် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် သို့မဟုတ် အာဏာကို အသိအမှတ်မပြု အကောင်အထည်မဖော်ရာကျသဖြင့် အဲဒီနိုင်ငံတွေကို ပိတ်ဆို့အရေးယူမှု (sanction) နဲ့ ကန့်သတ်ပိတ်ပင်ခြင်း (embargo) များ ပြုလုပ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ကို တိုက်တွန်းပိုင်ခွင့်ရှိပါတယ်။ တကယ်တော့ မြန်မာဆိုတဲ့အမည်ကသာ တိုင်းရင်းသားလူမျိုးစု ၁၃၅ ခုလုံးကို ကိုယ်စားပြုနိုင်ပါတယ်။


(သိပ်တတ်လွန်းလို့ ဆရာကြီးလုပ်တယ်တော့ မထင်စေလိုပါ။ ကိုယ်သိထားတာလေးတွေကို မျှဝေလိုတဲ့ ဆန္ဒတစ်ခုတည်းပါ။)

Technorati Technorati tags: , , | |

အပြည့်အစုံဖတ်ရန်

Thursday, July 3, 2008

စိတ်ပျက်စရာလား စိတ်ကုန်စရာလား

ဒီကနေ့ ဘလော့ဂ်တွေလျှောက်လည် သတင်းတွေ လျှောက်ဖတ်ရင်းနဲ့ ကြေငြာချက်လို့နာမည်တတ်ထားတဲ့ စာတစ်စောင်ကို သွားတွေ့ပါတယ်။ ဟုတ်တိပတ်တိပါပဲ။ Letter Head တွေ၊ တံဆိပ်တုံးတွေနဲ့။ သူတို့ကိုယ်သူတို့တော့ ကြီးကြီးကျယ်ကျယ်ပေါ့။ မသိရင် မြန်မာပြည် လူထုကြီးတစ်ခုလုံးကိုပဲ ကယ်တင်ပေးတော့မည့်သူတွေလိုလိုနဲ့။ အဟုတ်ကြီးပေါ့လေ။ ကျေးဇူးရှင် မောင်မင်းကြီးသားများပါပဲ။ အဲ.. ကျနော် ဘယ်သူတွေကိုများ ပြောနေပါလိမ့်လို့ စာဖတ်သူ ခေါင်းစားသွားမယ်ထင်ပါ့။ တခြားဟုတ်ရိုးလားဗျာ။ သူတို့ကိုသူတို့ ဘာတဲ့.. စွမ်းအားမြင့် မြန်မာကျောင်းသား စစ်သည်တော်များလို့ နာမည်ခံထားတဲ့ မူလတန်းကလေးလောက်တောင် စဉ်းစားဉာဏ် မရှိတဲ့သူတွေပေါ့။

ကြေငြာချက်ထဲမှာကတော့ အစိုးရဆန့်ကျင်ရေးလို့ အော်နေကြတဲ့သူတွေရဲ့ ထုံးစံအတိုင်းပေါ့။ အစိုးရက ပြည်သူတွေကို နှိပ်စက်သတဲ့။ အခွင့်အရေးမှန်သမျှဟာ ပြည်ခိုင်ဖြိုးတွေရဲ့ လက်ဝါးကြီးအုပ်မှု ခံရသတဲ့။ ဥပဒေကလည်း အစိုးရကို ကြောက်ရလို့ ဒီလူတွေကို မနိုင်ပါဘူးတဲ့။ စသဖြင့် စသဖြင့်ပေါ့ဗျာ။ သူတို့ရဲ့ အဆင့်မရှိတဲ့ လုပ်ရပ်တွေအတွက် အကြောင်းပြကောင်းအောင် သူများကို အပြစ်တင် ဖိတင်ထားလိုက်ကြတာ။ အော်.. ပြီးတော့ ပါလိုက်သေး။ ဘာတဲ့.. နာဂစ်လေဘေးဒုက္ခသည်တွေဟာ မသေသင့်ဘဲ သေကြရသတဲ့။ အစိုးရကလည်း အသက်ရှင် ကျန်ရစ်သူတွေကို ပစ်ထားသတဲ့။ တကယ့်ကို မျက်စိမှိတ်ပြီး အရူးချေးပန်း အော်နေလိုက်ပုံများ စိတ်ပျက်စရာ။

နောက်တော့ ဆက်ရေးထားလိုက်တာက ပိုတောင် စိတ်ပျက်စရာ ကောင်းသေး။ ဧပြီလအတွင်းက ၃၆ လမ်း အလယ်ဘလောက်က ABC စားသောက်ဆိုင်နားမှာ ဗုံးဖောက်ခဲ့တဲ့ သူတို့ရဲ့ စစ်သည်တော် အကောင်းစားကြီးတွေကို မှတ်တမ်းတင် ဂုဏ်ပြုပါသတဲ့။ ဇူလိုင် ၁ ရက်နေ့ မနက်က ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးရုံးကို ဗုံးဖောက်ခဲ့တာလည်း သူတို့အဖွဲ့ကပါပဲတဲ့။ အမလေး.. ဂုဏ်ယူဝင့်ကြွားစွာကို ရေးထားတာဗျာ။ တော်တော်ကို စိတ်ကုန်ဖို့ ကောင်းပါတယ်။

သူတို့ လုပ်နေပုံက ကျနော်တို့ ငယ်ငယ် ကလေးဘ၀က သူငယ်ချင်းနဲ့ ရန်ဖြစ်လို့ သူ့ကိုမနိုင်တဲ့အခါ သူ့ရဲ့ ကစားစရာအရုပ်တွေကို သွားယူပြီး လွှင့်ပစ်ခဲ့ပုံမျိုးနဲ့ တော်တော် တူနေပါတယ်။ ဒီလူတွေ သူငယ်နာ မစင်သေးတာများလား။ သူတို့ အကြောင်းပြထားတာက မြန်မာပြည်သူတွေ ဒုက္ခရောက်ကြတယ်တဲ့။ ဒီလို ဖောက်ခွဲရေးလုပ်ရပ်တွေ လုပ်တော့ရော မြန်မာပြည်သူတွေ ချမ်းသာသွားပါသလား။ ငြိမ်းချမ်းသွားပါသလား။ သေသွားတဲ့ နာဂစ်လေဘေး ဒုက္ခသည်တွေ ပြန်ရှင်လာနိုင်ပါသလား။ ဧရာဝတီတိုင်းက လေဘေး ဒုက္ခသည်တွေရော ဆန်တွေ စားစရာတွေ ရလာပါသလား။ မေးလိုက်ချင်ပါရဲ့။ ဟုတ်ကဲ့။ သေချာတာကတော့ အဲဒီ စွမ်းအားမြင့် စစ်သည်တော်ဆိုတဲ့ ပုဂ္ဂိုလ်အကောင်းစားကြီးတွေကတော့ ဆုကြေးငွေတွေ ရချင် ရနိုင်သပေါ့။

နောက်တစ်ခုကတော့ လက်ရှိအစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ရွေးကောက်ပွဲအသစ်လုပ်ဖို့ ကြိုးစားတဲ့အတွက် အခုလို ဗုံးခွဲတိုက်ခိုက်တာဆိုပဲ။ ဒါဆိုရင်တော့ လိုချင်တာမရလို့ ကျောင်းစာအုပ်တွေ ဆွဲဖြဲတတ်တဲ့ ကလေးဆိုးလို ဖြစ်နေပြီ။ ဒီပုဂ္ဂိုလ်တွေ ဘာကြောင့်များ ရွေးကောက်ပွဲအသစ်ကို ဒီလောက် ကြောက်နေကြပါလိမ့်ဗျာ။ သူတို့ကိုယ်သူတို့ ယုံကြည်မှု မရှိလို့များလား။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြန်မနိုင်မှာ ကြောက်နေသလိုပဲ။

စွမ်းအားမြင့် စစ်သည်တော် အကောင်းစားကြီးတွေကို မသိလို့ မေးချင်တာက ခင်ဗျားတို့အနေနဲ့ ဗုံးတွေနဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်လို့ရမယ်များ ထင်နေကြသလား။ အမုန်းကျဲပြီး ဗုံးခွဲရုံနဲ့တော့ ဒီမိုကရေစီနိုင်ငံက ဗြုန်းကနဲ ဖြစ်မလာဘူးဗျ။ နိုင်ငံဆိုတာ ယုံကြည်မှုနဲ့ တည်ဆောက်ရတာပါ။ ဗုံးတွေထဲမှာ ယုံကြည်မှု မပါဘူးဗျ။ ဗုံးတွေထဲမှာ ယမ်းမှုန့်တွေနဲ့အတူတူ အမုန်းတရားတွေပဲ ပါတယ်။ ကံမကောင်းရင် ဗုံးထောင်သူကိုယ်တိုင်လည်း သေသွားနိုင်တယ်။ ဒါက ခင်ဗျားတို့အတွက် စိုးရိမ်လို့ ပြောတာပါ။ ခင်ဗျားတို့ကတော့ ဒါတွေ စဉ်းစားမယ့်ပုံ မပေါ်ပါဘူး။ အနောက်အရပ်က ဗေထိဆို လက်က ကျိုးနေပြီ ထင်ပါ့။ မြှောက်ပေးရင် ဟ၀ှာတက်အောင် ကတယ် ဆိုတာ ခင်ဗျားတို့ကို ပြောတာများလား။ ပါးစပ်က ဒီမိုကရေစီတို့၊ ပြည်သူတွေတို့ ဘာညာ အော်ပြီး လက်က ဗုံးတွေ ကိုင်နေကြတာ အီရတ်တို့ အာဖဂန်တို့ကိုများ အားကျနေကြတာလားဗျာ။ ခင်ဗျားတို့က မြန်မာနိုင်ငံကို အီရတ်တို့၊ အာဖဂနစ္စတန်တို့လို့ ပြာပုံဖြစ်ပြီးမှ ဒီမိုကရေစီ ပြန်ဖော်ဆောင်ကြမှာလား။ ဟိုကြော်ငြာထဲက ဟဲဗီးဖြိုးလေးလို ခင်ဗျားတို့ခေါင်းကို လက်ညှိုးနဲ့ထိုးပြီး ပြောလိုက်ချင်ပါရဲ့။ ဒါကိုသုံး.. ဒါကိုသုံး.. ခင်ဗျားတို့ ဘယ်ခေတ်မှာ နေနေတာလဲ။

Technorati Technorati tags: , , , | |

အပြည့်အစုံဖတ်ရန်

Wednesday, June 25, 2008

အိုဘားမားသာ သမ္မတဖြစ်လာခဲ့လျှင်

အကယ်၍ ဘာရက်အိုဘားမားသည်သာ အမေရိကန်ပြည်ထောင်စု၏ သမ္မတ ဖြစ်လာခဲ့သည်ရှိသော် ကမ္ဘာကြီးက သူ့အပေါ် မျှော်လင့် ထားသည်များနှင့် ဆုံစည်းရတော့မည် ဖြစ်သည်။ ထိုအရာများမှာ ဘ၀င်ကျစရာမကောင်းလှသည့် အီရတ်စစ်ပွဲအဆုံးသတ်ရေး၊ ကမ္ဘာ့ စားနပ်ရိက္ခာ အကျပ်အတည်းကြောင့် နိုင်ငံများ၏ စိတ်သောကဝေဒနာများကို ကုစားရေး၊ ကမ္ဘာကြီးပူနွေးလာမှုကို တားဆီးရေးနှင့် မူဆလင်ကမ္ဘာနှင့် ပေါင်းကူးတံတား တည်ဆောက် ရေး စသည်တို့ပင် ဖြစ်သည်။ ထိုအရာများက တစ်ဖက်သတ်ဝါဒီဆန်လှသည့် ဘုရှ်အစိုးရနှင့် တော့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေသည့်အရာများ ဖြစ်သည်။

ထိုသည်များသည် ငယ်ရွယ်၍ အတွေးအမြင် ပဓာနဆန်သည့် လူမည်းနိုင်ငံရေးသမား ၏ ကမ္ဘာကြီးအား များစွာ ရွှင်လန်းဝမ်း မြောက်စေမည့် အမြင်များဖြစ်သည်။ ဆိုရလျှင် ယင်း သည် ဘာရက်အိုဘားမား၏ အသစ်ပြုပြင်မည့် ရေရေရာရာ သတ်မှတ်ထားခြင်း မရှိသေးသော မျှော်လင့်ချက်ဖြစ်ပြီး လူအားလုံးအတွက် ကမ္ဘာကြီး၏တောင့်တမှု အာသီသများကို ပတ္တူစ အဖြူထည်ပေါ်တွင် ရေးဆွဲရန်လျာထားသည့် စီမံကိန်းများဖြစ်သည်။ အကယ်၍ သူသာ သမ္မတအဖြစ်ရွေးကောက်ခံရလျှင် ကမ္ဘာတစ်ဝန်းမှ စိတ်မချမ်းမ သာဖြစ်နေသော သန်းပေါင်း များစွာသော လူများက သူ့အား ထိုအရေးများနှင့်ပတ်သက်၍ ဖိအားပေးတောင်းဆိုလာနိုင်စရာ ရှိသည်။ အထူးသဖြင့် သူသာ တိုင်းပြည်၏အာဏာကိုရရှိခဲ့ပါက တရိပ်ရိပ်ကျဆင်းနေသော စီးပွားရေးနှင့် အလွန်တရာလုပ်ရကိုင်ရ ခက်ခဲ၍ လိပ်ခဲတည်းလည်းဖြစ်နေသော အာဖဂန်နစ္စ တန်နှင့် အီရတ်စစ်ပွဲများတွင် ငြိနေမည်ဖြစ်သည်ကလည်း အမှန်ပင်ဖြစ်သည်။

ဆက်လက်၍ သူ့အား အမှန်အတိုင်းသိမြင် လာစေမည့်အရာများက မျက်နှာစာ အသွယ်သွယ်မှပေါ် ပေါက်လာဦးမည် ဖြစ်သည်။ အိုဘားမား၏သြဇာတိက္ကမပြည့်စုံမှုနှင့် ဆင်းရဲ နွမ်းပါးသူများ အရေးနှင့်ပတ်သက်၍ အလေးထားမှုကြောင့် သူ့အား စိတ်ဝင် တစားရှိနေသော များစွာသော ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ဆင်းရဲခြင်းကို တိုက်ဖျက်ရာတွင် ယုတ်လျော့စေသည့် ပြည်တွင်းလုပ်ငန်း ကာကွယ်ရေးမူဝါဒများအပေါ် သူ၏ လူသိရှင်ကြား ထောက်ခံနေမှုကိုသာ လေ့လာဆန်းစစ်မိလျှင် အကယ်တန္တု အံ့အားသင့် သွားဖွယ်ရာ ရှိပါသည်။ အီရတ်မှ တပ်များ ရုတ်သိမ်းရေးကတိများပေး၍ မဲဆွယ်စည်းရုံးခဲ့သည့် သူ၏ရပ်တည်ချက်မှာလည်း ကမ္ဘာပေါ် တွင် ရေပန်းစားလှသည့် ရပ်တည်ချက်မျိုးဖြစ်ပါသည်။ သို့ရာတွင် တပ်များ ရုပ်သိမ်းရေးနှင့် ပတ်သက်သည့် လုံခြုံရေးစွန့်စားမှုကမူ သမ္မတအိုဘားမားအား ခေါင်းအေးအေးထား၍ ပြန် လည် စဉ်းစားစေမည့် အကြောင်းတရားလည်း ဖြစ်ပါသည်။

“ယထာဘူတမကျသည့် မျှော်လင့်ချက်များက အိုဘားမားအား ပြောင်းလဲမှုပြုစေပါလိမ့် မည်။ ထိုပြောင်းလဲမှုမှန်သမျှကမူ ဘုရှ်ထက်ပို၍သာမည်သာဖြစ်သည်”ဟူ၍ အမေရိကန် ဆန့် ကျင်ရေးဝါဒအပေါ် သုတေသနပြုနေသူ လန်ဒန်ရှိ Chatham House အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရောဘတ်မက်ဂီဟန်းက ဆိုလိုက်ပါသည်။ သူက ဆက်လက်ပြောကြားရာတွင် သူ၏အဆိုပြု ချက်များကို အမှန် တကယ် လေ့လာခဲ့သူများက သူ့အား နွေးထွေးစွာ ကြိုဆိုကြပြီး သူ့ကို နှစ်ခြိုက်ကြသည့် အကြောင်းမှာလည်း ဘုရှ်ခေတ်ကို အဆုံး သတ်စေရာတွင် ကိုယ်စားပြု မည့်သူ ဖြစ်သောကြောင့်ဖြစ်သည်ဟုဆို၏။

စင်စစ် အိုဘားမားအား အဓိကစောင့်ကြိုနေမည့် ပူစပ်ပူလောင်အပိုင်းမှာ အမေရိကန် ၏ နိုင်ငံခြားရေးမူဝါဒ လုပ်ငန်းစဉ် ပင်ဖြစ်သည်ဟုဆိုသည်။ အရှေ့အလယ်ပိုင်းတွင် သူ့အနေ ဖြင့် အီရန်ခေါင်းဆောင်များအား လက်ကမ်းနိုင်ဖွယ်ရှိကောင်းမည်ဟု သူ၏ ညွှန်းဆိုနေမှုများ အပေါ် အစ္စရေးက သံသယ၀င်နေသည်။ အစ္စရေးအနေဖြင့် သူတို့နှင့် ပို၍ပနံသင့်နေသည့် ဟီ လာရီကလင်တန် ရှုံးနိမ့်ခဲ့ရမှုအတွက် စိတ်ပျက်အားလျော့နေမိသည်။ အချို့သော အာရပ် များက အီရတ်မှ အမေရိကန်စစ်တပ်များ ရုပ်သိမ်းမှုက တိအပေါ် အထိတ်တလန့် ဖြစ်နေကြ သည်။ အကြောင်းမှာ အကယ်၍ အမေရိကန်တပ်ရုပ်သိမ်းပါက အီရတ်တွင် ပြည်တွင်းစစ်ဖြစ် ပွားကာ နယ်စပ်အထိ ပျံ့နှံ့လာဖွယ်ရှိသောကြောင့် ဖြစ်သည်။

အီရတ်တွင် ငြိမ်းချမ်းရေးတည်ဆောက်မည့် အိုဘားမား၏ဆန္ဒနှင့်ပတ်သက်၍ ပါကစ္စ တန်ကလည်း စိတ်အနှောင့် အယှက်ဖြစ်နေခဲ့သည်။ ထိုသို့သာဖြစ်လာပါက လိုအပ်လျှင် ပါကစ္စ တန်နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာစေသည့် ကတိက၀တ်များ ပေးလာ ဖွယ်ရှိပြီး ပါကစ္စတန်နယ်နိမိတ်အတွင်း အကြမ်းဖက်သမားတို့၏ ပစ်မှတ်များနှင့်ပတ်သက်၍ ပိုမိုချဲ့ထွင်ဆောင်ရွက်လာဖွယ်ရှိသောကြောင့်ဖြစ်သည်။

ကမ္ဘာတစ်လွှားမှ သန်းပေါင်းများစွာသော လူများကလည်း အိမ်ဖြူတော်သို့ ရောက်ရှိ ရန် အခွင့်အရေးအားကောင်းလှသည့် လူမည်းသမ္မတကြောင့် မူဝါဒအရေးကိစ္စများနှင့်ပတ် သက်၍ ပူပန်မှုကဲနေမိကြသည်။ နယူးဇီလန်ရှိ Maori ပါတီမှ ဥပဒေပြုအမတ်များက အိုဘား မား၏ အောင်ပွဲနှင့်ပတ်သက်၍ “ခြေလှမ်းလေးက အမေရိကန်အတွက်၊ ခြေလှမ်းအကျယ်ကြီး က အသားအရောင်ရှိသူတွေအတွက်” ဟူ၍ သမုတ်ခဲ့ကြသည်။ လူအတော်များများကမူ သူ၏အောင်မြင်မှုက အမေရိကန်ပြည်ထောင် စုတွင် လူမျိုးအချင်းချင်း ဆက်ဆံမှု၏ အခြေခံ ပြောင်းလဲမှု အမှတ်လက္ခဏာအနေဖြင့် မြင်နေကြသည်။ သေချာသည့် အချက်တစ်ခုမှာ လူမျိုး ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကွဲပြားခြားနားမှုကို ကုစားရေးနှင့်ပတ်သက်၍ ကမ္ဘာ့အရေးကိစ္စ အဖြစ် ကြီးထွားလာနိုင်ဖွယ်ရှိ သည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံတွင် သာမန်အညတရလူများအတွက် အိုဘားမားသည် အသားအရောင် ရှိသူဖြစ်ပြီး အဖိနှိပ်ခံ အောက်ခြေလူ တန်းစားတို့အား ကိုယ်စားပြုမည့်သူအဖြစ် ရည်ညွှန်းကြ သည်ဟု နယူးဒေလီမှ လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါသည်။ လေ့လာ သုံးသပ်သူအချို့က မူ ကမ္ဘာကြီးနှင့်ဆက်နွှယ်နေသော အိုဘားမား၏ ယဉ်ကျေးမှုပေါင်းစုံနောက်ခံ အတွေ့အကြုံ နှင့် အမြင်များက ကမ္ဘာ့အရေးနှင့်ပတ်သက်၍ အဖတ်ဆယ်မရအောင် ရုပ်ပျက်နေသည့် အမေ ရိကန်၏ ပုံရိပ်သွင်အား ပြန်လည်ပြင်ဆင်ရာတွင် အထောက်အကူပြုလိမ့်မည်ဟု ဆိုသည်။ “ကျွန်တော်ထင်ပါတယ်၊ အိုဘားမားက အပြောင်းအလဲအမျိုးအစားတစ်ခုကို ပုံဖော်ပြီး အမေ ရိကန်ပြည်ထောင်စုကို အမြန်ဆုံးပြောင်းလဲပေးစေနိုင်မှာပါ။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုရင် သူ့ရဲ့ပုဂ္ဂိုလ်ရေးအောင်မြင်မှု၊ သူ့ရဲ့အကောင်းမြင်မှု၊ ပြီးတော့ အီရန်ကို နျူကလီးယားလက်နက် စွန့်လွှတ်မှုနဲ့ပတ်သက်ပြီး ကွဲပြားခြားနားတဲ့ ချဉ်းကပ်မှုပုံစံနဲ့ ကြိုးစားချင်စိတ် တွေကြောင့်ပဲဖြစ် တယ်”ဟု လန်ဒန်ရှိ ဥရောပပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံခြားမူဝါဒနှင့် ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး တိုမက်စ်ဗာလာဆက်က ဆိုပါသည်။

မည်သို့ဆိုစေ၊ စပ်ကူးမပ်ကူးကာလတွင် သွေးနှင့်ကိုယ် သားနှင့်ကိုယ် ခေါင်းဆောင် လောင်းလျာအနေဖြင့် ခက်ခဲသော ကိစ္စများနှင့်ပတ်သက်၍ ရပ်တည်ရာတွင် ရှုပ်ထွေးစွာ ဖန်တီးမိမည်သာ ဖြစ်သည်ဟုဆိုသည်။ ဥပမာအားဖြင့် ၀ါရှင်တန်တွင် ဂျူးလူမျိုးစည်းရုံးရေး အုပ်စုအား ပြောကြားသောမိန့်ခွန်းတွင် ဂျေရုဆလင်မြို့တော်အား အစ္စရေးနိုင်ငံ၏ မြို့တော် အဖြစ် အကျုံးဝင် သည်ဟု ပြောဆိုခြင်းမှာ ဖယ်ကြဉ်ခံရသော ပါလက်စတိုင်းလူမျိုးများအား အမေရိကန် ခေါင်းဆောင်သည်။ အစ္စရေးတို့အား အဓိကလိုက်လျောမှုအဖြစ် ရှုမျှော်စေခြင်း ဖြစ်သည်။ အိုဘားမား ကလေးဘ၀က အခြေခံမူလတန်း ကျောင်းတက်ခဲ့သော အင်ဒိုနီးရှား တွင်လည်း အိုဘားမား၏ အစ္စရေးအား စစ်မှန်သောမိတ်ဆွေအဖြစ် ပြောဆိုမှုအပေါ် တုံ့ပြန်မှု များ ရှိခဲ့သည်။ အမေရိကန်တွေကို မယုံဘူး၊ သူတို့က အစ္စလာမ်ကိုမုန်းတယ်၊ အစ္စလာမ်တွေ တိုးတက်တာ သူတို့မမြင်ချင်ဘူး။ အမေရိကန်ပြည်ထောင်စုမှာ ဘယ်သူ သမ္မတဖြစ်ဖြစ် ဒီ အတိုင်းပဲ” ဟု ဂျကာတာမှ စီးပွားရေးလုပ်ငန်းရှင် မာရီယာဆိုရာယာက ဆိုပါသည်။

သို့ရာတွင် အိုဘားမား၏ လူမည်းဖြစ်ခြင်းကမူ ပါလက်စတိုင်းနယ်မြေတွင် မျှော်လင့် ချက်တစ်ခု ဖြစ်လာခဲ့သည်။ အကြောင်း မှာ အိုဘားမားသည် လူမည်းအသိုင်းအ၀ိုင်းမှ ဆင်း သက်လာသူ ဖြစ်သည်။ အမေရိကန်တွင် လူမည်းများမှာ အနှိမ်ခံများဖြစ်သည်။ အိုဘားမား သည် အလားတူခံစားချက်ရှိသော ပါလက်စတိုင်းလူမျိုးများအား စာနာထောက်ထားလိမ့်မည် ဟု အနောက်ဘက်ကမ်း ဂျင်နင်းမြို့မှ မုန့်ဖုတ်သမား ဖာရက်အဘူဇစ်က ဆိုသည်။ အိုဘားမား သည် လူမည်းတစ်ဦးဖြစ်သဖြင့် အမေရိကန် လူထုအများစု၏ ထောက်ခံမှုကို ရနိုင်စရာမရှိဟု လက်ဘနွန်သတင်းစာ Assafir မှ စီမံခန့်ခွဲမှုအယ်ဒီတာ ဖြစ်သူ Satch Noureddine က သုံးသပ်ပါ သည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စု၏ အစဉ်အလာနှင့် နိုင်ငံရေးအင်အား ချိန်ခွင်လျှာအရလည်း သူ့ကို သမ္မတဖြစ်စေမှာ မဟုတ် ဘူးဟု သူက ဆက်လက်၍ဆိုပါသည်။
တရုတ်ပြည် ဖူတန်တက္ကသိုလ် အမေရိကန်လေ့လာရေးဌာနမှ ညွှန်ကြားရေးမှူး ရှန် တိုင်လီကမူ အိုဘားမားသာ သမ္မတအဖြစ်အရွေးခံရလျှင် တရုတ်ပြည်နှင့်ပတ်သက်၍ လူ့အခွင့် အရေးနှင့် ကုန်သွယ်ရေး အကြောင်းကိစ္စများအပေါ် ပြင်းပြင်းထန် ထန် ပြစ်တင်ဝေဖန်နေမှုများ လျော့ပါးမှေးမှိန်သွားမည်ဟု ဆိုသည်။ အကြောင်းမှာ ဂျော့ဘုရှ်၊ ဘီလ်ကလင်တန်တို့သည် လည်း မဲဆွယ်စည်းရုံးစဉ်ကာလက တရုတ်ပြည်အား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့သော် လည်း သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံရပြီးနောက် တရုတ်ပြည်အပေါ် သဘောထား ပျော့ပျောင်းလာခဲ့ကြသည်ဟုဆိုသည်။ အမေရိကန် သမ္မတတို့၏အလုပ်မှာ အမေရိကန်၏ အကျိုးစီးပွားကို ကာကွယ်ရမည်ဖြစ်ရာ တရုတ်ပြည်နှင့် ကုန်သွယ်ခြင်းမှာ အမေရိကန်အား အကျိုးအမြတ်ရစေသည်ကို သိသော ကြောင့်ဟု ရှန်က သုံးသပ်ပြောဆိုသည်။

Flower News ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။ Yangon Media Group ၏ ၀က်ဘ်ဆိုက်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။

Technorati Technorati tags: , , ,

အပြည့်အစုံဖတ်ရန်

Friday, June 6, 2008

လူတို့၏ဒုက္ခကို အသုံးချနေခြင်း

ယခုရေးသားဖော်ပြမှာကတော့ ယခင်က ဖော်ပြခဲ့ပြီးဖြစ်သော Sara Flounders ၏ U. S. Hostility Hampers Relief နှင့် ပတ်သက်၍ Workers World ၏ အယ်ဒီတာ့ထံပေးစာကဏ္ဍတွင် ဇွန်လ ၁ ရက်နေ့ရက်စွဲဖြင့် ဖော်ပြခဲ့သော Manoa ရှိ ဟာဝိုင်ယီတက္ကသိုလ်မှ အာရှရေးရာလေ့လာရေး ပါမောက္ခဖြစ်သူ မိုက်ကယ်အောင်သွင်မှ ရေးသားပေးပို့ခဲ့သည့် ပေးစာတစ်စောင် ဖြစ်ပါသည်။ မူရင်းရေးသားသူ၏ ရေးသားပုံအတိုင်း ဘာသာပြန် ဖော်ပြပေးမှာဖြစ်ပါတယ်။ အခြားသူများနှင့် မတူသော အမြင်တစ်မျိုးကို ရရှိနိုင်မည်ဟု မျှော်လင့်ပါသည်။

အစက ကျနော့်အနေဖြင့် အမေရိကန် ၀ါဒဖြန့်စက်ကြီးမှ ဧရာမ အရိပ်မည်းကြီးကျရောက်အောင်ပြုလုပ်နေသည်ဟု တွေးထင်ခဲ့သည်မှာ ကျနော်တစ်ယောက်တည်းဟု တွေးထင်ခဲ့ရပါသည်။ သို့သော်လည်း Sara Flounders မှ မြန်မာဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ အမေရိကန်၏ခေါင်းပေါ်သို့ သံရိုက်သွင်းခဲ့သည်ကို ဖတ်ရှုခဲ့ရပါသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်လာလျှင် တစ်ခုသော တွေးခေါ်ပုံကြီးသည် အားလုံးသော အနောက်တိုင်း (အနောက်ဆန်သူများ အပါအ၀င်) မီဒီယာများ၏ အဖြစ်အပျက်များအပေါ် ဖော်ဆောင်ရေးသားမှုကို လွှမ်းမိုးနေပုံရပါသည်။ လူအားလုံးသည် အမေရိကန်က ဒီမိုကရေစီဟုမှတ်ထင်သော အရာနှင့်ပတ်သက်လျှင် စိစစ်မှုမရှိဘဲ စိတ်အားထက်သန်စွာဖြင့် ဟောချင်ပြောချင်လွန်းသော တူညီသည့် ပုံသေတွေးခေါ်မှု ရှိကြပုံရပါသည်။

ယင်းအလေ့အထသည် မြန်မာနိုင်ငံ၏ ၁၉၈၈ အရေးအခင်းက အစပြုခဲ့ပြီး လွန်ခဲ့သော အနှစ် ၂၀ ကာလတစ်လျှောက်လုံး တစ်စိမ့်စိမ့်နှင့် မိုးစွေခဲ့ပြီး ၂၀၀၇ စက်တင်ဘာ အရေးအခင်းကာလတွင် အရှိန်မြင့်တက်လာခဲ့သည်။ ယခုတစ်ကြိမ် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြန် သောအခါ လူသားချင်းစာနာထောက်ထား အကူအညီပေးရေးကို အာရုံစိုက်ရမည့်အစား မြန်မာနိုင်ငံသည် နိုင်ငံရေးအရ ထပ်မံကျော်ကြားလာခဲ့ပြန်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်းက အဖြစ်အပျက်အားလုံးအား တစ်ပေါင်းတစ်စည်းတည်း ထည့်သွင်းကာ လူကောင်းလူဆိုး ခွဲခြားပုံမျိုးဖြင့် မတူညီသောအခြေအနေများကို မျက်ကွယ်ပြု၍ ကြိုတင်ခန့်မှန်းနိုင်သော နိဂုံးကို ဦးတည်ကာ စိတ်ရှိတိုင်း ကြဲခဲ့ကြပါသည်။

Sara Flounders ထောက်ပြခဲ့သည့်အတိုင်း ယခု ဆိုးရွားသော အဖြစ်ဆိုးကြီးအား စနစ်တကျ ပုံစံချ၍ အသုံးချခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း ဆိုင်ကလုန်းတိုက်ခတ်ပြီးနောက် ချက်ချင်းလိုလိုပင် ပြုလုပ်ခဲ့သည့် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် စတင်၍ မစ္စတာဘုရှ်မှ သဘာဝဘေးအန္တရာယ်ကို နိုင်ငံရေးအရ အမြတ်ထုတ်ခဲ့ပါတော့သည်။ အဖြစ်ဆိုးကြီးနှင့်ပတ်သက်၍ ပြောကြားခဲ့သည်မှာ စာကြောင်းတစ်ကြောင်းစာခန့်သာ ရှိခဲ့ပြီး ကျန်သော သတင်းစာရှင်းလင်းပွဲစကားများမှာ ယခင်နိုင်ငံရေးအစီအစဉ်အတိုင်း အစိုးရ ပြောင်းလဲရေးသာ ဖြစ်နေခဲ့ပါသည်။

အင်အားကြီး အမေရိကန်မီဒီယာများနှင့် အခြားအင်္ဂလိပ်စကားပြော မီဒီယာများသည်လည်း အိမ်ဖြူတော်လေသံအတိုင်းလိုက်ကာ နောက်နှစ်ပတ်ခန့်ကြာသည်အထိ နားကြားပြင်ကပ်လောက်အောင် အော်နေခဲ့ကြသည်။ ယခုကဲ့သို့ လူပေါင်း ၁၃၀၀၀၀ နီးပါး သေကြေပျက်စီးခဲ့ရသည့် သဘာဝဘေးဒုက္ခကြီးတွင်ပင် မြန်မာအစိုးရ၏ပုံရိပ်အား ယခင် အနှစ် ၂၀ က ဖြစ်ရပ်များအတွင်းသို့ အတင်းသွတ်သွင်းခဲ့ကြသည်။ မြန်မာအစိုးရ၏လုပ်ရပ်အားလုံးအားလည်း ယခင်အနှစ် ၂၀ ကအတိုင်းပင် မနှစ်မြို့ဖွယ် လုပ်ဆောင်ချက်များအဖြစ် ပုံစံပြောင်းပေးကြသည်။

မြန်မာနိုင်ငံမှ မည်သို့သော အပြုသဘောဆောင်သည့် သတင်းမျိုးကိုမဆို ၀ါဒရေးရာအရ ဖုံးဖိကွယ်ဖျောက်ပေးခဲ့ရကြောင်း ဘန်ကောက်ရှိ ထင်ရှားသော နိုင်ငံခြားသတင်းထောက်များကလပ်မှ သတင်းထောက်တစ်ဦးက ကျနော့်အား ပြောကြားဖူးပါသည်။

တူညီသော စုပေါင်းအမြင်မျိုးရှိသည့် ကွန်ဂရက်နှင့် အခြားအဖွဲ့အစည်းများသည် အနှစ် ၂၀ ကာလအတွင်းတွင် ထိုသို့သော ပုံရိပ်မျိုး တည်ဆောက်နိုင်ရန် ဒေါ်လာ သန်း ၂၀၀ ကျော် အသုံးပြုခဲ့ကြပါသည်။ Soros Foundation နှင့် National Endowment for Democracy တို့ကဲ့သို့သော အမည်ခံ ပုဂ္ဂလိက အဖွဲ့အစည်းများသည်လည်း ထိုနည်းတူစွာပင် ဆောင်ရွက်ခဲ့ကြပြီး NED သည် ယင်း၏ ၂၀၀၆ ခုနှစ်ဘတ်ဂျက်တွင် မြန်မာဘုန်းတော်ကြီးကျောင်းများအတွက် ဒေါ်လာ ၄၀၀၀၀ ထည့်သွင်း ရေးဆွဲခဲ့သည်။ ထိုရံပုံငွေကို မြန်မာဘုန်းကြီးများအား ဒီမိုကရေစီ ဆန္ဒပြပွဲများ မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို ပညာပေး သင်ကြားရန်အတွက် အသုံးပြုခဲ့ပါသည်။ ယင်းနောက်တွင် အနည်းငယ်သော အယောင်ဆောင် ဘုန်းကြီးများမှဦးဆောင်သော ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာသည်မှာ အံ့သြစရာ မရှိပါ။ (ကျနော့်အနေဖြင့် အမေရိကန်အနေဖြင့် ကျူးဘားနိုင်ငံနှင့်ပတ်သက်၍ ၀ါဒဖြန့်မှုများဆောင်ရွက်ရန် နှစ်ပေါင်း ၆၀ အတွင်း မည်မျှအသုံးပြုခဲ့ပါလိမ့်ဟုပင် တွေးတောမိပါသည်။)

ကွန်ဂရက်မှ ခွင့်ပြုပေးခဲ့သော ငွေအများစုဟာလည်း နှစ်စဉ်လိုလိုပင် အစိုးရဆန့်ကျင်ရေးအုပ်စုများနှင့် ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ သတင်းစာကဲ့သို့သော ၎င်းတို့၏ ၀ါဒဖြန့်သတင်းစာများနှင့် စာနယ်ဇင်းများ၊ အစိုးရများနှင့် ချိတ်ဆက်နေသည့် ဥပဒေပြု အမတ်များအား ထောက်ပံ့ပေးမှုထံသို့ ရောက်ရှိသွားပါသည်။ ယင်းသတင်းအဖွဲ့အစည်းများသည် မတူညီသော နိုင်ငံ ဒါဇင်ပေါင်းများစွာတွင် အခြေစိုက်ကာ သတင်းရေးသားခဲ့ကြခြင်းကြောင့် အထက်ပါရံပုံငွေများကို မှီခိုနေရသည့် အဖွဲ့ငယ်ကလေးတစ်ခုစာမျှသာ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အစိုးရဆန့်ကျင်ရေးစိတ်ဓါတ်များသည် အောက်ခြေလူတန်းစားအလွှာအထိ ရှိဟန် ထင်မြင်ရပါသည်။ (ယင်းအချက်ဟာ ကျူးဘားအရေးကိစ္စများ ဆောင်ရွက်ခဲ့သည့် မီယာမီကျူးဘားအဖွဲ့ကို ပြန်လည်သတိရစေပါသည်။)

အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အထက်ပါအဖွဲ့များရဲ့ ရည်ရွယ်ချက် ဖြစ်မနေသည့် အကြောင်းအရင်းတစ်ခုမှာလည်း ထိုသို့ဖြစ်လာပါက ၎င်းတို့၏ ငွေရပေါက်ရလမ်းကြီး ပိတ်သွားမည် ဖြစ်သောကြောင့်ပါပေ။ ၎င်းတို့ အဓိကဖိအားပေးနေသည့်အချက်မှာ အစိုးရ ပြောင်းလဲရေးပင် ဖြစ်ပါသည်။ သို့သော်လည်း ထိုသို့ အစိုးရပြောင်းခြင်းသည် ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မြန်မာနိုင်ငံရှိ သာမန်လူတန်းစားအများစု၏ ဘ၀များကို မြှင့်တင်ပေးနိုင်မည်ဟု ထင်မြင်သည်ဆိုပါက နောက်တစ်ကြိမ် ပြန်လည်စဉ်းစားစေလိုပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဖြစ်နိုင်ချေအများဆုံးမှာ အရပ်သားအများအပြား သေကျေပျက်စီးစေနိုင်သည့် ပြည်တွင်းစစ်ကြီးပင်ဖြစ်ပြီး အမေရိကန်အတွက်တော့ အလွယ်တကူ ယူစားနိုင်သော အခြေအနေမျိုး ဖြစ်ပါသည်။

Ms. Flounders ထောက်ပြခဲ့သည့်အတိုင်း ရေနံနှင့် သဘာဝဓါတ်ငွေ့သည် အရေးပါလှပါသည်။ သို့သော်လည်း ဘင်္ဂလားပင်လယ်အော်မှ ပစိဖိတ်သမုဒ္ဒရာသို့သွားရာတွင် အမြန်ဆုံးနှင့် အလွယ်ကူဆုံးဖြစ်သည့် ထိုင်း၊ စင်္ကာပူနှင့် အင်ဒိုနီးရှားတို့၏ နယ်ခြားမျဉ်းများပေါ်တွင်ရှိသော မလက္ကာရေလက်ကြားအား ထိန်းချုပ်ရေး သို့မဟုတ် တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်နိုင်ရေးသည် လည်း အခြားအကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပါသည်။

ထို့ပြင် စစ်အေးခေတ် မူဝါဒဟောင်းဖြစ်သော တရုတ်ပြည်ဝိုင်းရံရေးဝါဒ (Encirclement of China) သည်လည်း အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်ပါသေးသည်။ အနောက်ဘက်တွင် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များနှင့် မဟာမိတ်များဖြစ်သည့် ပါကစ္စတန်နှင့် အိန္ဒိယ၊ အနောက်တောင်ဘက်တွင် အမေရိကန်အိတ်ကပ်အတွင်း ရောက်ရှိပြီးဖြစ်သည့် ထိုင်း၊ အနောက်တောင်ဘက် မကျတကျတွင် အမေရိကန်မှ မက်လုံးပေး စည်းရုံးနေသည့် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်၊ တရုတ်တောင်ပိုင်းတွင် တောင်ကိုရီးယားနှင့် ထိုင်ဝမ်၊ အရှေ့ဘက်တွင် ဂျပန် (ဟာဝိုင်ယီလည်းပါသည်။) တို့ ရှိပြီးဖြစ်ကာ တစ်ခုတည်းသော ဟာကွက်သည် အနောက်တောင်ဘက်ရှိ မြန်မာနိုင်ငံသာ ဖြစ်ပါသည်။ အနှစ် ၂၀ ကြာ ရန်လိုသောမူဝါဒများ ကျင့်သုံးခဲ့သဖြင့် မြန်မာနှင့် မဟာမိတ်ဖွဲ့ရန် မဖြစ်နိုင်သည့်အခါ ထိုနေရာအား ချေမှုန်းခြင်းဖြင့် တရုတ်နိုင်ငံကို တစ်ပတ်ပတ်၍ ၀ိုင်းရံမိစေမည် ဖြစ်ပါသည်။ (အမေရိကန်မှ အစိုးရ ပြောင်းလဲပစ်လိုပါက အလွယ်တကူ သွတ်သွင်းနိုင်ရန် ခေါင်းဆောင်ပင် ရှိပြီး ဖြစ်ပါသည်။) ထို့ကြောင့် မြန်မာနိုင်ငံသည် အမေရိကန်၏ အာရှစစ်တုရင်ခုံပေါ်မှ နောက်ထပ်နယ်ရုပ်တစ်ရုပ်သာ ဖြစ်ပါသည်။

ထိုသို့သော ကြေးစားဆန်ဆန် လှုပ်ရှားမှုများအတွက် ဆိုင်ကလုန်းဒဏ်ကြောင့် အချို့သောကျနော်၏ဆွေမျိုးများ သေဆုံးရမှုကို အသုံးချ နေခြင်းမှာ အလွန်ပင်ဆိုးရွားလှပါသည်။

မိုက်ကယ်အောင်သွင်
ပါမောက္ခ (အာရှရေးရာလေ့လာရေး)
ဟာဝိုင်ယီတက္ကသိုလ်

Technorati Technorati tags: ,,, | |

အပြည့်အစုံဖတ်ရန်

Monday, May 26, 2008

မြန်မာပြည်မှ လေဘေးဒုက္ခသည်များ

မကြာသေးမီ မေလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် မြန်မာပြည်သူအများအပြား လေဘေးသင့် ဒုက္ခရောက်ခဲ့ကြတာ အများအသိပါ။ လေဘေးဒုက္ခသည်တွေရယ်လို့ နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့်ပြီး ကူညီသူတွေကလည်း ကူညီနေကြပါတယ်။ သို့ပေမယ့် လူတွေသိပ်မသိကြတဲ့ မြန်မာပြည်က လေဘေးဒုက္ခသည်တွေအကြောင်းကို ကျနော် ရေးပြချင်ပါတယ်။ တကယ်တော့ မြန်မာပြည်မှာ လေဘေးဒုက္ခသည်တွေ ရှိနေခဲ့တာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခု မကတဲ့ အချိန်ကတည်းကပါ။ ခေါင်းရှုပ်သွားသလား စာရှုသူ? ရှင်းပြပါမယ်လေ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမကတဲ့ ကာလကတည်းက မြန်မာနိုင်ငံကို BBC၊ VOA၊ RFA အစချီတဲ့ အနောက်အရပ်က လေမုန်တိုင်းကြီးတွေ တရစပ် တိုက်ခတ်နေခဲ့တာပါ။

ထားပါလေ။ အတိတ်က အကြောင်းတွေတော့ ပြန်မပြောလိုပါဘူး။ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကသာ အဓိကကိုး။ တကယ်တော့ နာဂစ်မုန်တိုင်းကြောင့် ဒုက္ခ ရောက်နေသူက နည်းနည်း ရေဒီယိုမုန်တိုင်းကြောင့် ဒုက္ခရောက်နေကြသူက ပိုများလိမ့်မယ် ထင်ပါသဗျာ။ နာဂစ်တိုက်ပြီးစအချိန်ကတော့ ကျနော် Cypher လည်း ကိုယ့်ဒုက္ခနဲ့ ကိုယ်မို့ ရေဒီယိုသံ မကြားမိပါ။ အိမ်မှကလည်း ရေဒီယိုမှ နားမထောင်ကြဘဲကိုးဗျ။ အဲ.. အဲ..။ အခြေအနေလေး တည်ငြိမ်လို့ တခြားသူတွေနဲ့ စကားလေးမှ မပြောလိုက်နဲ့ ရေဒီယိုက အမနာပသတင်းတွေ စကြားရတော့တာပါပဲ။ ကျနော့်သူငယ်ချင်းမတစ်ယောက်ဆို ရေဒီယိုနားထောင်လိုက် ရပ်ကွက်ထဲက ရေဒီယို လေဘေးဒုက္ခသည် တွေနဲ့ ငြင်းလိုက်ခုန်လိုက်နဲ့ အားရတယ်ကိုမရှိဘူးဆိုပဲ။ သူကတော့ပြောပါရဲ့။ အဲဒီရေဒီယိုတွေကြောင့် ငါတော့ အသက်တိုရလိမ့်မတဲ့။

ပထမဆုံးကြားရတာက ဘာတဲ့။ မြန်မာအစိုးရဟာ နာဂစ် လေဘေးဒုက္ခရောက်ကြသူတွေအတွက် ပေးပို့တဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို လက်မခံဘူး။ ငြင်းလွှတ် နေပါသတဲ့။ ကျနော် Cypher တစ်ယောက် ချာလပတ်ရမ်းအောင် လည်သွားပါတယ်။ ဘယ့်နှယ် ကျနော်နေတာ လေယာဉ်ကွင်းနားမှာပါဗျာ။ လေယာဉ်ကွင်းကို ဆင်းသမျှ တက်သမျှ လေယာဉ်အကုန် အိမ်က မြင်ရပါတယ်။ ပြည်ပက ကယ်ဆယ်ရေး ပစ္စည်းတွေ လာပို့နေတဲ့ လေယာဉ်တွေ ဆင်းနေ တက်နေတာ မြင်နေရသားနဲ့ နိုင်ငံတကာ အကူအညီကို မြန်မာအစိုးရက လက်မခံဘူးဆိုတော့ ဘယ့်နှယ်ဟာလဲပေါ့။ တဖြည်းဖြည်းနဲ့မှ ဇာတ်ရည်က လည်လာတယ်။ သူတို့ဆိုလိုတဲ့ နိုင်ငံတကာ ဆိုတာ တကယ်တော့ အမေရိကန်ကို ဆိုလိုတာကိုးဗျ။ အမေရိကန်က ဒေါ်လာဘယ်နှသန်းဆိုလား ထောက်ပံ့ပေးမယ်ဆိုတာကို မြန်မာအစိုးရက ပယ်ချသတဲ့။ ဘယ့်နှယ်ဗျာ။ အမေရိကန်က မြန်မာနိုင်ငံကို လေဘေးကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးအကူအညီတွေ ပေးပို့ပါမယ်တဲ့။ ဒါပေမယ့် မြန်မာအစိုးရကိုတော့ မယုံနိုင်ပါတဲ့။ ဒါကြောင့် ဒီကယ်ဆယ်ရေးလုပ်ငန်း တွေကို သူတို့နိုင်ငံက ငပွကြီး ပင်တဂွန်ကသာ ဦးစီးလုပ်ကိုင်မယ်လို့ ဆိုသကိုးဗျ။ စာရှုသူ စဉ်းစားကြည့်ပါ။ နင့်ကို ငါမယုံဘူး ငါ့ကိုတော့ နင်ယုံရမယ်ဆိုတဲ့ အချိုးကြီး မဟုတ်ပေဘူးလားဗျာ။ စစ်အစိုးရသော အရပ်သားအစိုးရသောဆိုတာကို နောက်ထားပါ။ ကယ်ဆယ်ရေးကို အကြောင်းပြပြီး ရောက်လာမယ့် ကိုယ့်ထက် အင်အားကြီးမားတဲ့ တပ်ဖွဲ့ကြီးကို မြန်မာအစိုးရက ဘယ်လိုယုံကြည်မှုမျိုးနဲ့ နိုင်ငံအတွင်း အ၀င်ခံရပါမည်နည်း။ မြန်မာအစိုးရဟာ အခုလို ဒုက္ခရောက်နေချိန်မှာ နိုင်ငံရေးကိုကြည့်ပြီး တွက်ကပ်နေဖို့ မသင့်ပါတဲ့။ ဒါက အနောက်တိုင်း ရေဒီယိုတွေရဲ့အာဘော်။ ရေဒီယို လေဘေးဒုက္ခသည်တွေကလည်း ဒီလေသံအတိုင်းပဲ ထွက်ကြသကိုး။ မိတ်ဆွေ သင့်ရပ်ကွက်အတွင်းမှာ မီးလောင်ဖူးရင် အခုအခြေအနေကို ကောင်းကောင်း သုံးသပ်နိုင်ပါလိမ့်မယ်။ မီးလောင်လို့ အိမ်ထဲက အထုပ်အပိုးတွေ ဆွဲချနေချိန်မှာ ဘယ်ကရောက်လာမှန်းမသိတဲ့သူတွေက ၀ိုင်းပဲ ကူသယ်သယောင်နဲ့ ကိုယ့်အထုပ်တွေ ယူပြေးသွား တတ်တာ မီးလောင်ပြင်တွေမှာ တွေ့ရမြဲ မြင်ကွင်းတစ်ရပ်ပါ။ နောက်ဆုံးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမေရိကန် သံရုံးတို့ ညှိနှိုင်းကြတယ် ထင်ပါရဲ့။ အခုတော့လည်း ဟုတ်တိပတ်တိပါပဲ။ မင်္ဂလာဒုံ လေယာဉ်ကွင်းကို C-130 စစ်လေယာဉ်ကြီးတွေနဲ့ တစ်နေ့ ငါးခေါက်လောက် ထောက်ပံ့ရေး ပစ္စည်းတွေ လာပို့နေတာ မြင်နေရပါတယ်။ ကျနော်ကတော့ မစ္စတာဘုရှ်ကြီးကို ပြောချင်ပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာမှာ အလှူဆိုတာ စိတ်ထားတတ်ဖို့က အဓိကပါ။ ကိုယ်တိုင်ပဲလှူလှူ၊ တစ်ဆင့်ပဲလှူလှူ စိတ်ထဲက စေတနာကြောင့်သာ ကုသိုလ်ရတာပါ ခင်ဗျာ။

ဟော.. လာပြန်ပါပြီ နောက်သတင်းတစ်ခု။ ဘာတဲ့။ ပြင်သစ်စစ်သင်္ဘောတစ်စင်းနဲ့ အမေရိကန် စစ်သင်္ဘောနှစ်စင်း မြန်မာ့ ရေပိုင်နက် အနီးကို ရောက်ရှိနေပါသတဲ့။ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေလည်း အပြည့်တင်လာတယ်ဆိုပဲ။ မြန်မာအစိုးရသာ ၀င်ခွင့်ပေးမယ်ဆိုရင် လပွတ္တာအထိ တိုက်ရိုက်ဝင်ရောက်မတဲ့။ ဗုဒ္ဓေါ..။ ဘယ့်နှယ်ဟာလည်း။ သူတို့က ကယ်ဆယ်ရေးလုပ်မှာလား ကမ်းတက်တိုက်ပွဲ ဆင်နွှဲမှာလားဗျာ။ ခင်ဗျားတို့က ကူညီဖို့လာတာဆိုပေမယ့် ဧည့်သည်လေဗျာ။ အိမ်ရှင်ကိုတော့ လေးစားဦးမှပေါ့။ အကူအညီတွေကို တရားဝင်လက်ခံနေတာက ရန်ကုန်မြို့မှာပါ။ အခုနောက်ပိုင်းတော့ ထိုင်းနိုင်ငံက အကူအညီတွေကို နယ်စပ်စခန်းတွေက လက်ခံနေတာ ရှိပါတယ်။ ဘာပဲပြောပြော ခင်ဗျားတို့က လပွတ္တာထိအောင်တောင် စစ်သင်္ဘောကြီးတွေနဲ့ ၀င်မယ်ဆိုတော့။ ကောင်းကြသေးရဲ့လားဗျာ။ ဒါကိုပဲ မြန်မာအစိုးရက လက်မခံတာကို အပြစ်ဆိုသတဲ့။ အိန္ဒိယက စစ်သင်္ဘောတွေကို ရန်ကုန်ဆိပ်ကမ်းမှာ လက်ခံပြီး ကယ်ဆယ်ရေးပစ္စည်းတွေ ချပေးနေတာ စာရှုသူ သိလိမ့်မယ်ထင်ပါတယ်။ သြော်.. ကြုံလို့ ရယ်စရာ ပြောရဦးမယ်။ အစောကပြောတဲ့ ကျနော့်သူငယ်ချင်းမအကြောင်းပါ။ သူတို့အိမ်နားက ဦးလေးကြီးက သူ့ကို လာပြောသတဲ့။ ငါကတော့ အမေရိကန်စစ်သင်္ဘောတွေ လာရင် အိမ်ခေါင်မိုးတက်ပြီး အလံဖြူလေးပြလို့ ကြိုဆိုမတဲ့။ ကျနော့်သူငယ်ချင်းမကလည်း တစ်ခွန်းမခံ ပြန်ပြောတတ်သူဆိုတော့ ပြန်ပြောလိုက်ပုံက။ ဦးလေးရေ.. ဒါဆိုရင် ဦးလေးသားသမီးတွေကို အရိုးပြာကောက်ဖို့သာ ပြင်ခိုင်းထားလိုက် ပါတဲ့ဗျာ။ ဘာရယ်မဟုတ် ကျနော့်သူငယ်ချင်းမရဲ့ စွာနေပုံကို ဟာသအနေနဲ့ ပြောပြတာပါ။

လာပြန်ပြီ နောက်တစ်မျိုး။ ဘာတဲ့။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒုက္ခသည်တွေကို လှည့်တောင်မကြည့်ဘူးဆိုပဲ။ ဒုက္ခသည်တွေဆီကို တစ်ခေါက်တောင် ပေါက်မလာဘူးတဲ့။ ဟောဗျာ။ ဒီလူတွေနှယ် ကြံကြံဖန်ဖန်။ သူတို့လုပ်မှပဲ ဦးသန်းရွှေက ဟိုင်းကြီးကျွန်းတို့၊ ဖျာပုံတို့၊ လပွတ္တာတို့မှာ ကိုယ်တိုင် အလောင်းဝင်ရှင်းရမလိုဖြစ်နေပါပြီ။ ၀န်ကြီးချုပ် ကိုယ်တိုင် ဦးစီး ဆောင်ရွက်ပေးနေတာပဲဗျာ။ မကျေနပ်နိုင် ကြဘူးလား။ ခင်ဗျားတို့ ကြည့်တတ်ရင် မြင်မှာပါ။ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဆောင်ရွက်ပေးနေတဲ့ ၀န်ကြီးချုပ်နဲ့တကွ ၀န်ကြီးအားလုံးဟာ အိပ်ရေးပျက်လို့ မျက်ကွင်းတွေကျပြီး ပင်ပန်းနေတဲ့ပုံတွေဖြစ်နေကြတာ ရုပ်မြင်သံကြားသတင်းမှာ တွေ့နိုင်ပါတယ်။ ကက်ထရီနာ မုန်တိုင်းကျတုန်းကရော သမ္မတကြီးဘုရှ် ကိုယ်တိုင် ကယ်ဆယ်ရေး ၀င်လုပ်ခဲ့ပါရဲ့လား? အရာအားလုံး under control ဖြစ်မှသာ နိုင်ငံခေါင်းဆောင်က ကြည့်ရှုစစ်ဆေးတာ ထုံးစံတစ်ခုပါ။ နောက်တစ်ခုပြောလိုတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုတာ အမှန်တကယ်တော့ အသက် ၈၀ ကျော် အဖိုးအိုတစ်ဦးပါ။ စာရှုသူ။ ဒီနေရာမှာ သင့်အဖိုးသာဖြစ်မယ် ဆိုရင် သင် အခုလို ပြောပါဦးမည်လော?

နောက်ဆုံးပြောလိုတာကတော့ ဦးနှောက်အကြိတ်ရောင်လို့ အမြင်ချို့ယွင်းနေရရှာတဲ့ ဘလော့ဂ်ဂါမိတ်ဆွေတစ်ဦးအကြောင်းပါ။ အမည်ကိုတော့ စာနယ်ဇင်းကျင့်ဝတ်အရ မဖော်ပြတော့ပါ။ ကျနော်တို့ ဘလော့ဂ်ဂါတွေဟာလည်း စာနယ်ဇင်းကျင့်ဝတ်တွေကို လိုက်နာသင့်တယ်လို့ ယူဆတဲ့အတွက် ဖြစ်ပါတယ်။ ကျနော်ပြောလိုတဲ့ ဘလော့ဂ်ဂါဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာအရေးအခင်း ကာလကစပြီး လူသိများလာသူတစ်ယောက် ဖြစ်ပါတယ်။ သနားစရာကောင်းတာက သူဟာ ဦးနှောက်တွင်း ဒီမိုကရေစီအကြိတ်ရဲ့ ဖိနှိပ်မှုကြောင့် အမြင်အာရုံ ချို့ယွင်းကာ အချို့အကြောင်းအရာတွေကို ကောင်းစွာ မှန်မှန်ကန်ကန်မမြင်နိုင် ဖြစ်နေရရှာပါတယ်။ ပထမဆုံး ကျနော်ပြောလိုတာက သူ့ရဲ့ ဘလော့ဂ်ဂါ အစ်ကိုကြီးတစ်ဦးကို မှားယွင်းတိုက်ခိုက်ခဲ့မှုပါပဲ။ ဘလော့ဂ်ဂါလောကမှာ နိုင်ငံရေး ခံယူချက်များအရ pro နဲ့ anti ဆိုပြီး အဖွဲ့နှစ်ခုအကြား တိုက်ခိုက်လေ့ရှိကြတာ မဆန်းလှတဲ့ သဘောတရားတစ်ခုပါ။ သို့သော်လည်း ယခုလို ကြားနေ၀ါဒီ neutralist တစ်ယောက်ကို တိုက်ခိုက်ခံရတာကတော့ ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုလို့ ဆိုနိုင်ပါ တယ်။ နောက်တစ်ချက်ကတော့ မကြာသေးမီကတော့ သူ့ရဲ့ဘလော့ဂ်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ဓါတ်ပုံရိုက်ဖော်ပြထားခဲ့ပါတယ်။ ပုံစာမှတော့ အစိုးရသည် ဒုက္ခသည်များအား ကျည်ဆန်များ ထောက်ပံ့နေသလော? စစ်တပ်ဟာ ဒုက္ခသည်တွေကို ဘယ်လိုကူညီနေသလဲ? စသဖြင့် ဖော်ပြထားတာ တွေ့ရပါတယ်။ ထိုရဲတပ်ဖွဲ့ဝင်များဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ခရီးစဉ်အတွက် လုံခြုံရေးဆောင်ရွက်ရန် ပြင်ဆင်နေကြတယ်ဆိုတာကို သူမမြင်နိုင်ခဲ့သလောဆိုတာကတော့…။ ။

Technorati Technorati tags: ,,, | |

အပြည့်အစုံဖတ်ရန်

Monday, May 19, 2008

ကယ်ဆယ်ရေးလုပ်ငန်းများအား အဟန့်အတားဖြစ်စေသည့် အမေရိကန်၏ ရန်လိုစိတ်

သဘာဝဘေးဒုက္ခ ခံစားရသည့် မြန်မာလူမျိုးများကို ဘုရှ်အုပ်ချုပ်ရေးမှ ကယ်ဆယ်ရန် အမှန်တကယ် ကြိုးစားနေပါ၏လော? သို့ဆိုပါလျှင် ၎င်း၏အကူအညီအထောက်အပံ့များအား ပင်တဂွန်မှသာ တာဝန်ယူဆောင်ရွက်မည်ဟု အဘယ့်ကြောင့်များ မရအရ တောင်းဆိုနေရပါသနည်း? ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရတော့မည်ကိုသိလျက်နှင့် အဘယ့်ကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ရပါသနည်း?

ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးမုန်တိုင်းများအနက်မှ တစ်ခုသည် မေလ(၂)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်ရှိ မြေနိမ့်ပိုင်း ဆန်စပါးများ ထူထပ်စွာစိုက်ပျိုးရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် တိုက်ခတ်ခဲ့သည်။ ယင်းဒေသသည် မြေဆီလွှာကောင်းမွန်သည့်ဒေသ ဖြစ်သော်လည်း ဖွံ့ဖြိုးမှုနိမ့်ကျကာ အထူးသဖြင့် ရေလွှမ်းမိုးလွယ်သည့်ဒေသသာလျှင် ဖြစ်သည်။ ထိုမြစ်ဝကျွန်းပေါ်ဒေသတွင် မြန်မာနိုင်ငံ လူဦးရေ ၅၇ သန်း၏ လေးပုံတစ်ပုံမျှသော လူအများ နေထိုင်ကြသည်။ ယင်းပင်လယ်ကမ်းခြေတွင် နောက်ဆုံး တိုက်ခတ်ခဲ့သည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၄၀ က ဖြစ်သည်။

မိုးလေ၀သပညာရှင်များက အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း နာဂစ်အား တစ်ပတ်ခန့်အကြိုကပင် စောင့်ကြည့်နေခဲ့ကြသည်။ သို့သော်လည်း ဆိုင်ကလုန်းတိုက်ခတ်သည့်အခါ ကြိုတင်မခန့်မှန်းထားခဲ့သော ကြီးမားသည့် ဒီရေလှိုင်းများကိုပါ ခေါ်ဆောင်လာခဲ့သည်။ ၁၂ ပေခန့် မြင့်သော ရေထုကြီးသည် ကုန်တွင်းခုနစ်မိုင်အထိ တစ်ရှိန်ထိုး ၀င်ရောက်လာခဲ့သည်။

လူတစ်သန်းကျော်သည် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ သောင်းချီ၍ ပျောက်ဆုံးနေခဲ့သည်။ ခန့်မှန်းသေဆုံးမှုပေါင်းမှာ (၂ဝဝဝဝ)မှ (၁ဝဝဝဝဝ) အထိ ရှိခဲ့သည်။ မြို့တော်ဟောင်းနှင့် အဓိက စီးပွားရေးဆိပ်ကမ်းမြို့တော် ရန်ကုန်မြို့သည်လည်း ဖရိုဖရဲဖြစ်ကျန်ခဲ့ပေသည်။

အမေရိကန်ကော်ပိုရိတ်မီဒီယာများသည် ထိုသဘာဝဒုက္ခ၏ အတိုင်းအတာနှင့် သက်သာရာရရှိစေရန် ကြိုးပမ်းရာတွင် မြန်မာအစိုးရ၏ မစွမ်းဆောင်နိုင်မှုများကို အပြည့်အဝတင်ဆက်ခဲ့ကြသည်။ အမေရိကန်အစိုးရ၏ ဘေးအန္တရာယ်ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ ဆိုးရွားသော ပွဲတွေ့မှတ်တမ်းများကိုမူ ချန်လှပ်ထားခဲ့ကြသည်။

သတင်းဆောင်းပါးတိုင်းတွင် မြန်မာနိုင်ငံအတွက် အရေးပေါ် emergency supply ပြုလုပ်ရန် ဝါရှင်တန်အနေဖြင့် military access အပြည့်အဝရရှိရေး တောင်းဆိုမှုများကိုသာ ထပ်တလဲလဲဖော်ပြကြသည်။ အမေရိကန်လေယာဉ်နှင့်စစ်သင်္ဘောများကို မြန်မာနိုင်ငံမှ ဝင်ရောက်ခွင့်မပေးခြင်းသည် အမေရိကန်တို့ကို များစွာအံ့အားသင့်သွားစေခဲ့ပြီး မြန်မာအစိုးရသည် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးရန် ယုံကြည်ရနိုင်ခြင်းမရှိဟု နာကျည်းစွာဖြင့် ထပ်ခါထပ်ခါစွပ်ဆွဲပြောဆိုခဲ့ကြသည်။

ထို့ပြင် အခြားရေးသားဖော်ပြခြင်းမရှိသောအချက်မှာ ဘုရှ်အုပ်ချုပ်ရေးအဖွဲ့သည် ကယ်ဆယ်ရေးလုပ်ငန်းများအား ပိုမိုခက်ခဲအောင် တမင်ပြုလုပ်သကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။ နာဂစ်ဆိုင်ကလုန်းမတိုင်မီ တစ်ရက်အလိုတွင် ဘုရှ်သည် မြန်မာနိုင်ငံအပေါ် ပြင်းထန်သည့် စီးပွားရေးပိတ်ဆို့မှုအဆင့်သစ်အား လက်မှတ်ရေးထိုးခဲ့သည်။ ပိတ်ဆို့မှုဟူသည် ရန်လိုမှုတစ်မျိုးသာဖြစ်ပြီး အထူးသဖြင့် အဆင်းရဲဆုံးနှင့် အခြေအနေအဆိုးဝါးဆုံးသော လူများအပေါ် စီးပွားရေးစစ်ပွဲပုံသဏ္ဍန် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။

ဆိုင်ကလုန်းနှင့်အတူ ပေါ်ပေါက်လာသော ပိတ်ဆို့အရေးယူမှုများ

ဝါရှင်တန်သည် သူလျှိုဂြိုဟ်တုများသုံးကာ မုန်တိုင်းအပေါ်တွင် မြန်မာပြည်သူများထက်ပင် ပို၍စိတ်ဝင်စားနေခဲ့သည်။ ပိတ်ဆို့မှုသည် အမေရိကန်နှင့် နိုင်ငံတကာမှ တိုက်ရိုက် အရေးပေါ်အလှူငွေများနှင့် အကူအညီများအား ပေးပို့ရန် မဖြစ်နိုင်သလောက် ရှိစေသည်။ မေလ(၂)ရက် ဆင်ဟွာသတင်းအရ ဘုရှ်၏အမိန့်တွင် "block all property and interest in property of designated individuals and entities determined to be owned or controlled by the government of Myanmar" ဟူ၍ ပါရှိပေသည်။

ပိတ်ဆို့မှုများအား တိုးချဲ့စေခဲ့သော ယင်းအမိန့် ထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအတွင်းတွင် ဖွတ်ဖွတ်ညက်ညက်ကြေသွားခဲ့သည့် မြန်မာပြည်သူ များအတွက် အထူးပင် ဝမ်းနည်းစိုးရိမ် ပူပန်မိကြောင်း အမေရိကန်မှဆက်လက်ကြေညာခဲ့သည်။ အတ္တ၀ါဒနှင့် သူတော်ကောင်း ယောင်ဆောင်ခြင်းသည် မြင့်မြတ်မှန်ကန်သောအလုပ် မဟုတ်ပေ။

ပိတ်ဆို့မှုအသစ်များသည် အမေရိကန်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းတို့မှ မြန်မာနိုင်ငံအပေါ် ငွေကြေးအားဖြင့် တိုက်ရိုက်လှူဒါန်းခြင်းကို အဟန့်အတားဖြစ်စေခဲ့သည်။ American Red Cross ကဲ့သို့သော အမေရိကန်ထောက်ပံ့ရေးအဖွဲ့အစည်းများသည် ပိတ်ဆို့မှု စည်းမျဉ်းစည်းကမ်းများအရ မြန်မာနိုင်ငံသို့ ငွေကြေးနှင့် လူအင်အားများ ပေးပို့နိုင်ခြင်းမရှိဘဲ အထောက်အပံ့ပစ္စည်းများသာ ပေးပို့နိုင်မည်ဖြစ်ပေသည်။ အမေရိကန်ကော်ပိုရိတ်မီဒီယာများသည် မြန်မာအစိုးရ မလုပ်နိုင်သည်များကိုသာ လက်ချာရိုက်ကာ ဆရာလုပ်သော သတင်းရာပေါင်းများစွာကို ထုတ်လွှင့်နေစဉ်အတွင်း အမေရိကန်၏ ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကိုမူ ဖြော်ပခြင်းမရှိပေ။

သိပ္ပံပညာရှင်အများအပြားသည် ရာသီဥတုဆိုင်ရာ စောင့်ကြည့်ရေး ဂြိုဟ်တုများကို အခြေခံကာ အရှိန်ရလာသော မုန်တိုင်းအား ခြေရာခံမိပြီး ဖြစ်ကြသည်။ Indian Meteorology Department မှ တစ်ပတ်ခန့်ကြိုတင်၍ မုန်တိုင်းလမ်းကြောင်း၊ ပြင်းထန်မှုနှင့် နေရာဒေသတို့ကို ထုတ်ပြန်ပေးခဲ့သည်။ ဧပြီလ(၂၆)ရက်နေ့မှစတင်ကာ အိန္ဒိယမှ သတိပေးချက်များ ရရှိခဲ့သော မြန်မာအစိုးရသည် နိုင်ငံပိုင်အသံလွှင့်ဌာနများမှတဆင့် မုန်တိုင်းသတိပေးချက်များကို ကြေညာခဲ့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံငယ်တစ်ခုဖြစ်သဖြင့် ဆိုင်ကလုန်း ရွေ့လျားမည့်လမ်းကြောင်း တိုင်းတာနိုင်သော ပင်လယ်ကမ်းခြေရေဒါများမရှိဘဲ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရေးအစီအစဉ်များလည်း မရှိခဲ့ပေ။

အမေရိကန်အစိုးရသည် ၎င်း၏ထောက်ပံ့ပေးမှုများအား ကိုယ်ပိုင်ဝန်ထမ်းများနှင့် ကိရိယာများသုံးကာ ပေးပို့နိုင်ရန် ပင်တဂွန်သို့ အခွင့်အရေးပေးရန်သာ မရအရ တောင်းဆိုနေခဲ့သည်။ ယင်းချမ်းသာသော နယ်ချဲ့နိုင်ငံကြီးသည် လှံစွပ်ထိပ်ဖျားတွင်တပ်ကာ ပေးခြင်း မှလွဲ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရန် အခြားနည်းလမ်းများ ရှာတွေ့ပုံမရပေ။

သို့သော်လည်း အခြားသောနိုင်ငံများသည် လက်ငင်း အကူအညီအထောက်အပံ့များပေးရန် Non-Military Way များကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ စင်္ကာပူ၊ အီတလီ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံများမှ အကူအညီပစ္စည်းမျိုးစုံ ရရှိကြောင်း နိုင်ငံပိုင်အသံလွှင့်ဌာနမှ ကြေညာခဲ့သည်။ ယာယီတဲများ၊ ခြင်ထောင်များ၊ မီးစက်များ၊ ဆေးဝါးများ၊ ရေသန့်စက်များ၊ အာလူးနှင့် ၀က်သားခြောက်များ၊ အသင့်စားခေါက်ဆွဲထုတ်များ၊ ဘီစကစ်များ၊ အ၀တ်အထည်များ၊ သွပ်များ၊ တူနှင့်သံများ၊ နှင့် ဖယောင်းတိုင် များသည် သက်ဆိုင်ရာ လေယာဉ်အသီးသီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြသည်။

မြန်မာနိုင်ငံအနေဖြင့် ပစ္စည်းအထောက်အပံ့ အကူအညီကိုသာ လက်ခံပြီး နိုင်ငံခြားသားများအား ယင်းအကူအညီများ ဖြန့်ဖြူးမှုနှင့် ပတ်သက်၍ ကြည့်ရှုကြီးကြပ်ရန် ခွင့်မပြုသောအခါ အမေရိကန်အစိုးရမှ နာနာကျည်းကျည်း ဝေဖန်ခဲ့ပြန်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပင်တဂွန်သည် မြန်မာနိုင်ငံအတွင်း Military Base ထားရှိလိုသဖြင့် ဝင်ရောက်လိုခြင်းဖြစ်သည်ဟု မေလ (၉) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအား အုပ်စိုးသော တပ်မတော်အစိုးရအနေဖြင့် ထိုသို့ ယုံမှားသံသယကြီးသည်မှာ အဆန်းတော့မဟုတ်ပေ။ အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာအစိုးရအားဖြုတ်ချ ဖယ်ရှားလိုသော စိတ်မှာ ဖုံးဖိမရအောင် ပေါ်လွင်လှပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အခြေစိုက်သော အမေရိကန် စစ်စခန်းများ ခွင့်ပြုရန် နှင့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ထုတ်လုပ်မှုတွင် အမေရိကန် Corporate Access များ ရှိလာစေရန် ဖိအားများ ပေးနေခဲ့ခြင်း ဖြစ်သည်။

Shawn W. Crispin ၏ "The Case for invading Myanmar" (မြန်မာနိုင်ငံသို့ ကျူးကျော်ဝင်ရောက်ရေး) ဆောင်းပါးတွင် အောက်ပါအတိုင်းဖော်ပြပါရှိသည်။

"နာဂစ်မုန်တိုင်းအပြီး မြန်မာပြည်သူ တစ်သန်းကျော် စိုရွှဲညစ်ပေ၍ အိုးမဲ့အိမ်မဲ့နှင့် ရေကြောင့်ဖြစ်သော ရောဂါများခံစားနေရချိန်တွင် အမေရိကန်စစ်သင်္ဘောနှင့် လေယာဉ်များ အဆင့်သင့်ဖြစ်နေခြင်းဖြင့် သဘာဝဘေးအန္တရာယ်သည် အမေရိကန်အတွက်တော့ ကပ်ဘေးကြီးအတွင်းမှ ထွက်ပေါ်လာသော အခွင့်အရေးတစ်ခုပင် ဖြစ်သည်။"

"နိုင်ငံတစ်ခုချင်းစီနှင့် ကုလသမဂ္ဂတို့မှ အတည်ပြု ထောက်ခံဖွယ်ရှိသော လူသားချင်းစာနာထောက်ထားမှုအမည်ခံဖြင့် အမေရိကန် စစ်တပ်မှ ဝင်ရောက်စွက်ဖက်ခြင်းသည် ဒုက္ခအကျပ်အတည်းများအား မြန်မာစစ်ခေါင်းဆောင်များဘက်သို့ ဦးလှည့်ပေးနိုင်ကာ တစ်ချိန်တည်း၌ နေရာမှဖယ်ပေးရတော့မည့် သမ္မတကြီးဘုရှ်၏ အငြင်းပွားဖွယ် လက်ဦးမှုရယူရေး စစ်ရေးမူဝါဒများအား ပြန်လည် ထူမတ်ပေးနိုင်မည် ဖြစ်သည်။"

"ယခုအခါ C-130 စစ်လေယာဉ်ကြီးများအပါအ၀င် အမေရိကန်လေတပ်နှင့် ရေတပ်ယာဉ်များသည် အိမ်နီးချင်း ထိုင်းနိုင်ငံနယ်စပ်တွင် ရောက်ရှိနေပြီး USS Kitty Hawk နှင့် USS Nimitz ရေတပ်စစ်သင်္ဘောကြီးများသည်လည်း အနီးဆုံးရေပြင်တွင် အသင့်တည်ရှိနေကာ၊ ယခုအချိန်တွင် ၀ါရှင်တန်မှ မူဝါဒချမှတ်သူများသည် ပထဝီအနေအထားအရ အချက်အချာကျကာ ရုတ်တရက်အားနည်းသွားသော နိုင်ငံသို့ လူသားချင်းစာနာထောက်ထားသော အကူအညီ ပေးရေးအဖွဲ့တစ်ခု စေလွှတ်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော ကောင်းကျိုး၊ ဆိုးကျိုးများအား နှိုင်းယှဉ်ချိန်ဆနေမည်ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပေ" (Asia Times Online, May 10)

ပွဲလန့်တုန်း ဖျာခင်းဖြင်း (Shock Doctrine)

ကြီးလေးခက်ခဲသော ကြွေးမြီပုံစံများ၊ စီးပွားရေး အဆောက်အအုံ ပြန်လည်ဖွဲ့စည်းရန်တောင်းဆိုခြင်းနှင့် နိုင်ငံပိုင်သံယံဇာတများကို ပုဂ္ဂလိကပိုင်လွှဲပြောင်းရန်တောင်းဆိုခြင်း စသည်တို့အပါအ၀င် အကူအညီများနောက်ကွယ်မှ နှောင်ကြိုးများကြောင့် နိုင်ငံ အတော် များများသည် သဘာဝဘေးဒုက္ခအန္တရာယ်တွေ့ကြုံနေရလျှင်သော်မှ အမေရိကန်နှင့် အနောက်နိုင်ငံတို့၏ အကူအညီကိုရယူရန် စိုးရွံ့ကြသည်။

ယင်းကို Naomi Klein ၏စာအုပ်ဖြစ်သော "The Shock Doctrine: The Rise of Disaster Capitalism" တွင် အမေရိကန်အကူအညီ များ၊ IMF နှင့် ကမ္ဘာ့ဘဏ်တို့အား သဘာဝဘေးအန္တရာယ်များဖြစ်သည့် ဟာရီကိန်းမုန်တိုင်း၊ ဆူနာမီ၊ မိုးခေါင်ရေရှားမှု၊ ရေလွှမ်းမိုးမှုများခံစားနေရသည့် နိုင်ငံတစ်ခု အခက်ကြုံနေချိန်တွင် အကျိုးအမြတ်များအတွက် အသုံးချခံနေရပုံကို အထူးပင် အသေးစိတ် ဖော်ပြထားသည်။ ယင်းသို့သောအကျပ်အတည်းများသည် မအောင်မြင်သော စီးပွားရေးအဆောက်အဦများအား နိုင်ငံပိုင်ပစ္စည်းများ (State Assets) များ ရောင်းချခြင်း၊ သံယံဇာတများ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းများကဲ့သို့သော ရှော့ခ်ရိုက်ကုထုံးဖြင့် ကုသရန် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ခံနေရပေသည်။ ယင်းကုထုံးသည် နိုင်ငံတကာ ဘဏ်လုပ်ငန်းရှင်များအတွက်သာ အကျိုး အမြတ်ရစေပြီး ကာယကံရှင်နိုင်ငံအတွက်တော့ ရလာဒ်သုညသာ ဖြစ်ပေါ်စေသည်။

နယူးအော်လိန်းနှင့် အီရတ်တို့မှ အမေရိကန်၏ ပွဲတွေ့မှတ်တမ်းများ

မြန်မာနိုင်ငံအား မည်သို့လုပ်သင့်သည် မည်သို့လုပ်နိုင်သည် စသဖြင့် အမေရိကန်ကော်ပိုရိတ်မီဒီယာများမှ ညွှန်ပြလက်ချာရိုက်နေမှုများ အားလုံးတွင် ပျောက်ဆုံးနေသည့်အချက်မှာ နယူးအော်လိန်းနှင့် ပင်လယ်ကွေ့ကမ်းခြေတို့တွင် အသီးသီး ဖြစ်ပေါ်ခဲ့သော ကက်ထရီနာ နှင့် ရီတာ ဟာရီကိန်းများ အပြီးတွင် အရေးပေါ် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အကူအညီပေးရန်လုပ်ငန်းများတွင် အမေရိကန်အုပ်ချုပ်ရေးအဖွဲ့များ၏ ဆိုးရွားသော ကိုယ်ပိုင်ပွဲတွေ့မှတ်တမ်းများပင် ဖြစ်သည်။

၂၀၀၅ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ရေကြီးမှုနှင့် ဆည်ကျိုးမှုများကြောင့် နယူးအော်လိန်းမြို့ ရေနစ်မြုပ်ခဲ့ရာတွင် ရာဇ၀တ်မှုများ လှစ်လျူရှုခြင်း၊ လူမျိုးရေးခွဲခြားခြင်း၊ စီမံကိန်းညံ့ဖျင်းမှုကြောင့် လုပ်ငန်းစဉ်များ အုပ်မနိုင်ထိန်းမရ ဖြစ်ခြင်းတို့ကို ကမ္ဘာက ရှုမြင်ခဲ့ရပြီး ဖြစ်ပေသည်။

ယင်းသည် နိုင်ငံတကာအကူအညီများအား ပယ်ချခြင်းနှင့် အဖွဲ့လိုက်နှင့် တစ်ဦးချင်း စေတနာ့ဝန်ထမ်း အကူအညီပေးခြင်းကို ငြင်းဆန် ခဲ့ခြင်းတို့ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အရန်သင့် ဆရာဝန်အဖွဲ့များ၊ အစားအစာနှင့် ရေတန်ပေါင်းများစွာနှင့် အပို လောင်စာဆီ စည်တစ်သန်းတို့ပါဝင်သည့် ကျူးဘားနှင့် ဗင်နီဇွဲလားနိုင်ငံများမှ အကူအညီတို့ကို ငြင်းဆန်ခဲ့သည်။ ကာရစ်ဘီယံဒေသတွင် အသင့် ရောက်ရှိနေခဲ့သည့် ပြင်သစ် ဆေးရုံသင်္ဘောတစ်စင်းနှင့် လေယာဉ်များအပါအ၀င် ဂျာမနီနှင့် ရုရှတို့မှ အကူအညီများကိုလည်း ဆိုင်းငံ့ ထားခဲ့သည်။

မြို့ပေါ်မှ ဖြတ်ပျံသွားကြသော နိုင်ငံတကာ ဓါတ်ပုံသမားများသည် ခေါင်မိုးများပေါ်တွင် တွယ်ကပ်နေကြသော ဒုက္ခသည်များအား ဓါတ်ပုံများ ရိုက်ယူခဲ့ကြသည်။ လူပေါင်း ၂၀၀၀၀ ကျော်သည် သောက်သုံးနိုင်သောရေ၊ အစားအစာ သို့မဟုတ် ရေဆိုးစနစ်များ မရရှိခဲ့ ကြဘဲ အခြားသော သောင်းချီသည့် ဒုက္ခသည်များသည် အလွန်ပူလောင်သော Convention Center တွင် နေထိုင်ခဲ့ကြရသည်။ အမေရိကန်နိုင်ငံတစ်ဝှမ်းမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည်လည်း နယူးအော်လိန်းသို့ဝင်ရောက်ရေးကို ဟန့်တားခံခဲ့ကြရသည်။

အနီးအနားရှိ လေတပ်စခန်းတစ်ခုမှ လေတပ်ရဟတ်ယာဉ်များသည်လည်း လေယာဉ်မောင်းများက စေတနာ့ဝန်ထမ်းအဖြစ် လူများ ကယ်ဆယ်ပေးလိုကြသော်လည်း မြေပြင်တွင်သာ ရပ်နားထားရန် ညွှန်ကြားခံခဲ့ရသည်။ မီဒီယာသတင်းများအရ FEMA နှင့် Homeland Security တို့သည် စေတနာ့ဝန်ထမ်းများနှင့် အကူအညီများကို ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။ နိုင်ငံအ၀ှမ်းမှ ပေးပို့ခဲ့သော ကုန်ကား များနှင့်အပြည့် ရေနှင့် ကုန်ပစ္စည်း တန်ပေါင်းများစွာကိုလည်း ဖြန့်ဝေခြင်း မပြုခဲ့ပေ။

နှစ်နှစ်ခွဲခန့်ကြာသောအချိန်အထိ ကယ်ဆယ်ခံထားရသည့် သောင်းချီသော ဒုက္ခသည်များသည် မိမိအိမ်သို့ ပြန်သွားနိုင်ခြင်း မရှိသေးပေ။

အီရတ်နှင့် ဆိုမာလီယာမှ ပင်တဂွန်

အီရတ်မှ ပင်တဂွန်၏လုပ်ရပ်များမှာ သာ၍ပင် ဆိုးဝါးပေသေးသည်။ ပိတ်ဆို့မှုများကြောင့် အားနည်းပျက်စီးနေသော အီရတ်အား ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး (၅)နှစ်ကျော်ကြာသည်အထိ သောက်သုံးရေ၊ အခြေခံအစာအာဟာရ၊ လျှပ်စစ်ဓါတ်အား၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့အပါအ၀င် အခြေခံလူသားလိုအပ်ချက်အများစုကို အမေရိကန်စစ်တပ်မှ ဖြည့်ဆည်းပေးနိုင် ခြင်း မရှိသေးပေ။

အကယ်၍ တပ်သားပေါင်း တစ်သိန်းခြောက်သောင်း၊ ပုဂ္ဂလိက ကန်ထရိုက်လုပ်ငန်းရှင်ပေါင်း တစ်သိန်းခန့်နှင့် ကမ္ဘာပေါ်တွင် အများဆုံးသော စစ်အသုံးအဆောင်များသည် ဘဂ္ဂဒက်တွင် အားထားနိုင်လောက်သော လျှပ်စစ်ဓါတ်အားနှင့် သောက်သုံးရေတို့ ပံ့ပိုးပေး နိုင်ခြင်း မရှိပါက ရန်ကုန်မြို့တွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်၍ ရနိုင်ပါ၏လော?

ဒုဗ္ဘိက္ခန္တရကပ်ဆိုက်နေသော ဆိုမာလီယာတွင် လူသားခြင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းဟု ဆင်ခြေကန်ကာ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ရအောင်ယူ၍ ၁၉၉၂ ခုနှစ်တွင် မြို့တော် မိုဂါဒစ်ရှုးကို မရိန်းတပ်ဖွဲ့ဝင်များမှ သိမ်းပိုက်ခဲ့ဖူးပါသည်။ သို့သော် နောက်နှစ်တွင်ပင် နာကျည်းမုန်းတီးနေသော ဆိုမာလီပြည်သူများက မရိန်းတပ်များအား ပြန်လည်တိုက်ထုတ်ခဲ့ကြသည်။ ပင်တဂွန်သည် ဒုက္ခရောက် နွမ်းနယ်နေကြသောပြည်သူများအကြားတွင်ပင် နယ်ချဲ့ဆန့်ကျင်ရေးသဘောထားကို မှားယွင်းစွာကိုင်တွယ်ယူဆခဲ့မိသည်။

မြန်မာနိုင်ငံတွင် ပြည်သူအများစုသည် ဗြိတိသျှနှင့် အမေရိကန်တို့၏လွှမ်းမိုးမှုကို ဆန့်ကျင်မုန်းတီးသူများဖြစ်သည်။ မုန်တိုင်းကြောင့် မည်မျှပင်ဒုက္ခရောက်နေစေကာမူ ၀င်ရောက်စွက်ဖက်မှုမှန်သမျှအား ကြီးစွာဆန့်ကျင်ကြပေလိမ့်မည်။

မြန်မာအစိုးရအား စစ်အာဏာရှင်ဟု စွပ်စွဲတိုက်ခိုက်နေကြသော အမေရိကန် မီဒီယာများအနေဖြင့် ပင်တဂွန် ကိုယ်၌က ဆော်ဒီအာရေဗျ နှင့် အင်ဒိုနီးရှားမှသည် ပါကစ္စတန်၊ ချီလီနှင့် ကွန်ဂိုနိုင်ငံများအထိ ခက်ထန်သော စစ်အစိုးရများအား ထောက်ပံ့ကူညီနေခဲ့သည် ဆိုသည်ကို သတိထားသင့်ပါသည်။ ၎င်းတို့၏ မြန်မာစစ်အစိုးရအား ဆန့်ကျင်နေမှုသည် ယင်း၏ဖိနှိပ်သော အုပ်ချုပ်ပုံကြောင့် မဟုတ်ဘဲ ဆယ်စုနှစ်များစွာက ကိုလိုနီဆန့်ကျင်ရေးသဘောထားများကြောင့် သဘာဝအရင်းအမြစ်များအား နိုင်ငံပိုင်ပြုလုပ်ထားခဲ့မှုအား အမေရိကန်ကော်ပိုရေးရှင်းတို့ အလိုကျ ပယ်ဖျက်မှု မပြုလုပ်ခဲ့ခြင်းနှင့်သာ ပတ်သက်နေပါသည်။

စစ်ဆန့်ကျင်ရေးနှင့် တိုးတက်ရေး လှုပ်ရှားမှုများသည် မြန်မာနိုင်ငံအ၀ှမ်းမှ ဖောက်ပြန်ရေး မီဒီယာတိုက်ပွဲများကို သတိပြု ဆောင်ရွက်သင့်ပေသည်။ မြန်မာပြည်သူများအနေဖြင့် အမေရိကန်တောင်းဆိုမှု သို့မဟုတ် ပိတ်ဆို့မှုမှ ကင်းလွတ်သော အရေးပေါ် နိုင်ငံတကာ အကူအညီများကို တောင်းခံရန် အခွင့်အရေး ရှိကြပေသည်။

Articles copyright 1995-2008 Workers World. Verbatim copying and distribution of this entire article is permitted in any medium without royalty provided this notice is preserved.

Workers World, 55 W. 17 St., NY, NY 10011

(Workers World မှ Sara Flounders ရေးသားသော "Myanmar Cyclone: U.S. hostility hampers relief" Dated 15th May 2008 ကို ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါသည်။)

Technorati Technorati tags: , , , | |

အပြည့်အစုံဖတ်ရန်

Monday, April 28, 2008

သဲကြီးမဲကြီး ဆွေးနွေးခန်း

သဲကြီး။ ။ ဟေ့ကောင်.. မဲကြီး။

မဲကြီး။ ။ ဟာ.. သူငယ်ချင်း၊ သဲကြီး။ မင်းကွာ.. ရန်ကုန်ကို ပြောင်းသွားပြီးကတည်းက တို့ဆီကို ပြန်လာဖော်တောင် မရတော့ဘူး။ ခု ဘယ်ကနေ မျက်စိလည်ပြီး ရောက်လာသလဲကွ။

သဲကြီး။ ။ အေးကွာ။ ငါလည်း ရန်ကုန်ကို ရောက်သွားကတည်းက စီးပွားရေးတွေပဲ ကုန်းရုန်းလုပ်နေရတာနဲ့ ပြန်လာဖို့ကို မစဉ်းစားနိုင်ဘူး ဖြစ်နေတယ်ကွ။

မဲကြီး။ ။ အေးပေါ့ကွာ။ မင်းက မြို့ကြီးသားဖြစ်သွားပြီးဆိုတော့ စီးပွားရေးတွေ ဘာတွေ စကားထဲ ထည့်ပြောနေပြီးပေါ့။

သဲကြီး။ ။ ဟာ.. ဟေ့ကောင်။ မဲကြီးရ။ မင်းလဲ ခုဆိုရင် မြို့ကြီးသား ဖြစ်နေပြီလေကွာ။ ပျဉ်းမနားဆိုတာ ခုဆို နေပြည်တော် မြို့တော်ကြီး ထဲမှာ ပါနေပြီပဲဟ။

မဲကြီး။ ။ အေး။ ဟုတ်သားနော်။ ငါတို့လဲ ဘာလိုလိုနဲ့ မြို့တော်ကြီးမှာ နေတဲ့လူတွေ ဖြစ်နေပြီကွ။ ခုဆိုရင် အဆင့်မြင့် ဈေးကြီးတွေ၊ ကုမ္ပဏီ ရုံးခန်းတွေနဲ့ တို့မြို့က အတော် တိုးတက်နေတာကွ။ အလုပ်အကိုင်တွေလည်း အရင်ထက် ပိုများလာတယ်ဟ။

သဲကြီး။ ။ ဒီလိုပေါ့ကွာ။ မြို့တော်တစ်ခုကို နေရာပြောင်းတယ်ဆိုတာ အခက်အခဲတွေ အများကြီး ရှိပေမယ့် ကောင်းတဲ့အချက်တွေလဲ အများကြီး ရှိပါသေးတယ်လေ။ ဘာပဲဖြစ်ဖြစ် မင်းတို့လို ဒေသခံတွေအတွက် အခွင့်အလမ်းတွေ အများကြီး ပေါ်လာတာပေါ့။ မဟုတ်ဘူးလား။

မဲကြီး။ ။ ဟကောင်ရ.. ဒါနဲ့မေးပါရစေဦး။ မင်းက ဟိုစပ်စပ် ဒီစပ်စပ် လေ့လာတတ်တော့ တို့ထက် ပိုသိလိမ့်မပေါ့။

သဲကြီး။ ။ ဘာများလဲကွ။ ပြောပါဦး။

မဲကြီး။ ။ တခြားဟုတ်ရိုးလားကွ။ နောက်လ ၁၀ ရက်နေ့မှာ လုပ်တော့မယ်ဆိုတဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲအကြောင်းပေါ့ကွ။

သဲကြီး။ ။ ဩော်.. အေး။ မင်းက ဘာသိချင်လို့တုံးကွ။ ငါသိသလောက်တော့ ပြောပြပါ့မယ်။

မဲကြီး။ ။ အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီးက ဘာကြီးတုံးကွ။ ဘာကြောင့် လိုအပ်ရတာတုံး။ နည်းနည်းလောက် ရှင်းပြစမ်းပါကွာ။

သဲကြီး။ ။ ဒါက ဒီလိုရှိတယ် မဲကြီးရ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ဟိုးအရင် ရှင်ဘုရင်တွေ လက်ထက်တုန်းကတော့ ဘယ်ရှိလိမ့်မလဲ။ ငါသိသလောက်တော့ အင်္ဂလန်နိုင်ငံမှာ ၁၂၁၅ ခုနှစ် ဟင်နရီ ၁ ဘုရင်လက်ထက် Magna Carta Libertatum ဆိုတဲ့ စာတမ်းကြီးက စတာကွ။ တိုတို ပြောရမယ်ဆိုရင်ကွာ လွတ်လပ်တဲ့ နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံကို ဘယ်လို ဖွဲ့စည်း၊ ဘယ်လို အုပ်ချုပ်မယ်ဆိုတဲ့ အခြေခံအချက်တွေကို အတိအလင်း ဖော်ပြ ကြေငြာထားတဲ့ စာတမ်းတစ်စောင်ပေါ့ကွာ။ ကမ္ဘာ့နိုင်ငံတိုင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ရှိသကွ။ အမေရိကန် မှာလည်း ရှိတာပဲ၊ အိန္ဒိယမှာလည်း ရှိတာပဲ။ ဒို့အိမ်နီးချင်းနိုင်ငံ ထိုင်းမှာလည်း ရှိတာပဲ။ အားလုံး အားလုံးပေါ့ကွာ။

မဲကြီး။ ။ ဒါဆို ဒို့နိုင်ငံမှာ အရင်က မရှိဘူးလားကွ။ ခုမှ ဘာလို့ ဒီအခြေခံဥပဒေကြီးကို ရေးဆွဲရတာလဲ။

သဲကြီး။ ။ မဲကြီးရာ။ မင်းကလည်း တယ်ဗဟုသုတနည်းသကိုးကွ။ တို့နိုင်ငံမှာ အခြေခံဥပဒေ နှစ်ခုတောင် ရှိခဲ့ဖူးတယ်ကွ။ ၁၉၄၇ မှာ တစ်ကြိမ်၊ ၁၉၇၄ မှာ တစ်ကြိမ် ရေးဆွဲခဲ့ကြဖူးတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေမှာ ပြည်ထောင်စုတွင်းကနေ ခွဲထွက်နိုင်ရေး ပြဿနာတွေ ရှိလာတဲ့အတွက် ဖျက်သိမ်းလိုက်ရပြီး နောက်ပိုင်း ၁၉၇၄ မှာ တစ်ကြိမ် အခြေခံဥပဒေသစ်တစ်ခု ထပ်ပြီး ရေးဆွဲခဲ့ကြရတာ ကွ။ အဲ.. ၁၉၇၄ အခြေခံဥပဒေကလည်း တစ်ပါတီစနစ်ကို အခြေခံပြီး ဆိုရှယ်လစ်စနစ် အရင်းတည်တဲ့ အခြေခံဥပဒေအောက်မှာ အဆင်မပြေမှုတွေ ဖြစ်ခဲ့ရပြီး ၁၉၈၈ ဆူပူအုံကြွမှုကြီး ဖြစ်လာတဲ့နောက်မှာ တစ်ခါ ဖျက်သိမ်းလိုက်ရပြန်ရောလေ။

မဲကြီး။ ။ ဩော်..အေး။ ရှစ်လေးလုံးအရေးအခင်း ဖြစ်တာလေကွာ။ ငါမှတ်မိပြီ။ ဒါဆို တို့နိုင်ငံက အဲဒီနောက်ပိုင်းမှာ အခြေခံဥပဒေ မရှိဘဲ အနှစ် ၂၀ လောက် နေခဲ့ရတာပေါ့နော်။

သဲကြီး။ ။ ဒါပေါ့ကွ။ ဒါကြောင့် လွတ်လပ်တဲ့ နိုင်ငံတိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်လာဖို့ တို့ပြည်သူတွေရဲ့ ဆန္ဒကို တောင်းခံနေတာပေါ့ကွ။

မဲကြီး။ ။ အေး.. ငါ သဘောပေါက်ပါပြီကွာ။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်သင့်တယ်ဆိုကွ။ ဒါဟာ လက်ရှိ စစ်အစိုးရက သူတို့အလိုကျ စိတ်ကြိုက်ရေးဆွဲထားတာလို့ ရေဒီယိုမှာ ပြောတာကြားရသကွ။ မင်းကရော ဘယ်လို နားလည်သလဲ။

သဲကြီး။ ။ သူငယ်ချင်းရာ။ မင်းလည်း ည ည တီဗွီကြည့်နေတာပဲ။ ဒီအခြေခံဥပဒေရေးဆွဲဖို့ ပြုလုပ်တဲ့ အမျိုးသားညီလာခံမှာ တက်ရောက်တဲ့သူတွေဟာ နိုင်ငံအ၀ှမ်းက တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါတယ်ဆိုတာ တွေ့မှာပါ။

မဲကြီး။ ။ အေး.. အေး..။ ဟုတ်တော့ဟုတ်သား။ တစ်ချို့သူတွေရဲ့ တိုင်းရင်းသားဝတ်စုံတွေဆို ငါတောင် တစ်ခါမှ မမြင်ဖူးဘူးနော်။

သဲကြီး။ ။ ကဲ။ ဒါဆို စစ်အစိုးရအလိုကျဆိုတဲ့စကားဟာ လက်ခံလောက်တယ်လို့ မင်းထင်သလား သူငယ်ချင်း။

မဲကြီး။ ။ အင်း။ ဟုတ်တော့ ဟုတ်သား။ ဒါပေမယ့် အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်နိုင်ခွင့် ပိတ်ပင် ထားတယ်ဆိုကွ။ ဒို့ကတော့ ဘာပဲပြောပြော ဗိုလ်ချုပ်ရဲ့သမီးဆိုတဲ့စိတ်နဲ့ သံယောဇဉ်တော့ ရှိသားဟ။ ဟိုတလောကလည်း ရေဒီယိုက လွှင့်သွားတာက အမေရိကန်က ဒေါ်အောင်ဆန်းစုကြည်မပါနိုင်သရွေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရနိုင်ဘူးလို့ ပြောတယ်ဆိုကွ။

သဲကြီး။ ။ သူငယ်ချင်း မဲကြီး။ ငါလေ့လာမိသလောက် ပြောမယ်နော်။ ငါသိသလောက်တော့ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရရယ်လို့ တမင် ပိတ်ပင်ထားတာမျိုး မရှိပါဘူးကွာ။ တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား ရှိစဉ်ကတည်းက ရေးဆွဲ ခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေမှာကတည်းက တိုင်းတပါးသားနဲ့ အိမ်ထောင်ပြုထားတဲ့သူ၊ တိုင်းတပါးသစ္စာခံသူ စတဲ့သူတွေကို နိုင်ငံအုပ်ချုပ်ရေးအပိုင်းမှာ ပါဝင်အရွေးချယ်ခံပိုင်ခွင့်မပေးဖို့ ထည့်သွင်း ရေးဆွဲထားပြီးသားကွ။ ဒီအချက်ကို အစဉ်အဆက်လည်း လိုက်နာခဲ့ကြတာပဲ။ ဒါကို သိသိကြီးနဲ့ တိုင်းတပါးသားနဲ့ အိမ်ထောင်ပြုခဲ့ပြီးတော့မှ အခုမှ ဘွာတေးလုပ်လို့ ဘယ်ရမလဲကွ။ ကိုယ့်သမိုင်းနဲ့ ကိုယ်ပဲလေ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အခု အခြေခံဥပဒေ အတည်ပြုမှ ရွေးကောက်ပွဲ ၀င်လို့မရခဲ့တာ မဟုတ်ပါဘူးကွာ။ ၁၉၉၀ တုန်းက NLD အနိုင်ရခဲ့ပါတယ်ဆိုတဲ့ ရွေးကောက်ပွဲတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ငြိစွန်းနေလို့ ပါတီ အတွင်းရေးမှူးရာထူးကနေကို ထုတ်ပယ်ခံခဲ့ရဖူးပါတယ်ကွာ။ ဒေါ်အောင်ဆန်းစုကြည်မပါရင် ဒီမိုကရေစီမရနိုင်ဘူးဆိုတာကတော့ မင်းပဲ စဉ်းစားကြည့်ပေါ့ကွာ။ ဒီမိုကရေစီဆိုတာ ဒေါ်အောင်ဆန်းစုကြည်က စတင်ဖော်ထုတ်ခဲ့တဲ့ စနစ် မဟုတ်ပါဘူးကွာ။ သူပါမှပဲ ဒီမိုကရေစီ ရမတဲ့လား။ သူက ဒီမိုကရေစီကို ထုံးလိုချေပြီး ရေလို သောက်ထားလို့လား။ ဒါဆိုရင် သူသာ မြန်မာနိုင်ငံကို ပြန်မလာခဲ့ရင် တို့တွေ ဒီမိုကရေစီ မရနိုင်တော့ဘူးလားကွ။ တို့နိုင်ငံမှာ ဒေါ်စုကြည်ထက် နိုင်ငံရေးဝါရင့်တဲ့၊ ပညာပြည့်ဝတဲ့၊ ခေါင်းဆောင်ကောင်းပီသတဲ့ နိုင်ငံရေးသမားတွေ အများကြီး ရှိပါသေးတယ်ကွာ။ ဒီမိုကရေစီဆိုတာ တကယ်တော့ တို့ပြည်သူတွေက ဦးဆောင်တဲ့စနစ်ပါကွာ။ ဒီမိုကရေစီဆိုတာ ဒေါ်စုခရေဇီ စနစ်တစ်ခု မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်နော။

မဲကြီး။ ။ အေးပါ သူငယ်ချင်းရာ။ ငါကလည်း ရေဒီယိုမှာ ကြားရတာကို ပြန်ပြောတာကိုးကွ။ နောက်တစ်ခု မေးဦးမယ်ကွာ။ အခု အတည်ပြုမယ့် အခြေခံဥပဒေက မဟာလူမျိုးကြီးဝါဒကို အသက်သွင်းတာဆိုကွ။ တိုင်းရင်းသားတွေအတွက် အခွင့်အရေးရယ်လို့ ဘာမှ မရှိဘူးလို့ ဆိုသကိုးကွ။ အဲဒါလည်း ရှင်းပါဦး။

သဲကြီး။ ။ ဟ မဲကြီးရ။ မင်းက ရေဒီယိုတွေ အတော်နားထောင်သကိုးကွ။ အေး.. လေ့လာတာတော့ ကောင်းတာပေါ့ကွာ။ ဒါပေမယ့် အကြောင်းအရာတစ်ခုကို လူတစ်ဦးတစ်ယောက်က ပြောတာလေးနဲ့တော့ မှိတ်မယုံသင့်ဘူးကွ။ ငါပြောမယ်။ အခြေခံဥပဒေမှာ အရင် အတိုင်းပဲ တိုင်းနဲ့ ပြည်နယ် ၁၄ ခုကို ဖွဲ့စည်းထားပေးတယ်။ ဒါ့အပြင် လူဦးရေအင်အားများတဲ့ လူမျိုးစုတွေထဲက "၀"လူမျိုးတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခုနဲ့ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်နဲ့ ကိုးကန့် လူမျိုးစုတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ထပ်တိုးပေးထားတယ်ကွာ။ နောက်ပြီး တခြားတိုင်းရင်းသားတွေအတွက်လည်း တစ်နိုင်ငံလုံးလူဦးရေရဲ့ ၀.၁ ရာခိုင်နှုန်းနဲ့အထက်ရှိရင် သက်ဆိုင်ရာ တိုင်း/ပြည်နယ်လွှတ်တော်တွေမှာ ကိုယ်စားလှယ်တစ်ဦးကျစီ ရွေးချယ် တင်မြှောက်နိုင်ခွင့် ပေးထားသေးတယ်ကွ။ ဗမာလူမျိုးဆိုရင် ဘာအခွင့်အရေးရမယ်၊ ဘယ်လိုအခွင့်အရေးရဖို့ဆိုရင် ဘာလူမျိုးဖြစ်ရမယ် ဆိုတဲ့ ကန့်သတ်ချတ်မျိုး ရေးထားတာ မတွေ့ရဘူးကွ။ နိုင်ငံတော် အခြေခံမူတွေထဲမှာလဲ တိုင်းရင်းသားတွေရဲ့ စကား၊စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေတဲ့ တိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး စတာတွေပါဝင်တဲ့ လူမှုစီးပွားတိုးတက်ဖွံ့ဖြိုးရေးကို ကူညီမည်လို့ ပါပြီးသားလေကွာ။ နိုင်ငံသားတိုင်းဟာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ် ပြဋ္ဌာန်းထားတဲ့ တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေး စတာတွေ ခံစားခွင့် ရှိမယ် လို့လည်း ဖော်ပြထားတာပဲ။ မင်း စဉ်းစားပေါ့ကွာ။

မဲကြီး။ ။ အေးကွာ။ အားလုံးအခွင့်အရေးတန်းတူ ရမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် အရေးကြီးတဲ့ ၀န်ကြီးဌာနတွေကို တပ်က ယူထားတယ်ဆိုတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ တပ်က ၂၅ ရာခိုင်နှုန်းကို ခန့်ထားပေးရမယ်ဆိုတာကရော ကောင်းပါမလားကွ။

သဲကြီး။ ။ သူငယ်ချင်း.. အခု တို့နိုင်ငံမှာ ၀န်ကြီးဌာနပေါင်း ဘယ်နှခု ရှိလဲ မင်းသိလား။ ၃၀ ကျော် ရှိတယ်ကွ။ ဒီလို အခုသုံးဆယ်ထဲမှာ ဘယ်ဝန်ကြီးဌာနက အရေးကြီးတယ်လို့ သတ်မှတ်လို့ မရဘူးကွ။ သူ့နေရာနဲ့သူတော့ အရေးပါတာပဲ။ အရေးမကြီးရင် ၀န်ကြီးဌာနရယ်လို့ သတ်မှတ်မလားကွာ။ ဌာနတစ်ခု၊ ညွှန်ကြားရေးမှူးရုံးတစ်ခုအဆင့်ပဲ ထားမှာပေါ့ကွ။ ဒီလို ၀န်ကြီး ၃၀ ကျော်ထဲမှာ ၀န်ကြီးသုံးလေးယောက်လောက်ကို တပ်ကို ခန့်ထားလိုက်ရုံနဲ့တော့ အုပ်ချုပ်ရေးယန္တရားကြီး ဖရိုဖရဲ ဖြစ်သွားနိုင်ပါ့မလားကွ။ ပြီးတော့ သူတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေကိုပဲ ကိုင်တွယ်ကြရမှာကွ။ ဒီမိုကရေစီ ဆရာကြီးလို့ သူတို့ကိုယ်သူတို့ နာမည်တပ်ထားတဲ့ အမေရိကန်မှာတောင် ကာကွယ်ရေးဝန်ကြီးတွေဟာ အငြိမ်းစားစစ်ဗိုလ်ချုပ်ဟောင်း တွေကို ခန့်ထားတတ်တာကို မင်းလေ့လာရင် မြင်နိုင်မှာပါကွာ။ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း ရွေးကောက်ခံတွေ ထင်တိုင်း ကြဲ လုပ်ချင်သလို မလုပ်နိုင်အောင်လို့ ထိန်းသိမ်းပေးနိုင်လောက်တဲ့သဘောနဲ့ ရွေးချယ်ခံကိုယ်စားလှယ်တွေ ထည့်ထားပေးရတာပါကွာ။ ဒီလိုပုံစံမျိုးကို ထိုင်းနိုင်ငံမှာလည်း တွေ့နိုင်မှာပါကွာ။ တခြားနိုင်ငံတွေမှာလည်း ကျင့်သုံးနေပါတယ်။

မဲကြီး။ ။ အေး.. မင်း ရှင်းပြတော့လည်း နဲနဲတော့ အရည်လည်လာပြီဟေ့။ ဒါဆို ငါက ထောက်ခံမဲပေးသင့်လား၊ ကန့်ကွက်မဲ ပေးသင့်သလားကွ။

သဲကြီး။ ။ အရည်လည်လာပြီလုပ်မနေနဲ့ကိုယ့်လူ။ အရည်လည်ရုံမကလို့ အနည်ကျတဲ့အထိ လေ့လာလို့ရအောင် ငါ့ဆီမှာ အခြေခံဥပဒေ ရေးဆွဲရေးအတွက် အမျိုးသားညီလာခံက ချမှတ်ထားတဲ့ အခြေခံမူစာအုပ် ပါလာတယ်။ ဖတ်ကြည့်။ ဒီလိုစာအုပ် တစ်အုပ်မှ ၃၅၀ ပဲ ပေးရတယ်။ လေ့လာပေါ့ကွာ။ ထောက်ခံမလား ကန့်ကွက်မလားဆိုတာကတော့ မင်းသဘောအတိုင်းပဲလေ။ ထောက်ခံတဲ့လူ ၅၀ ရာခိုင်နှုန်းကျော်ရင်တော့ ဒီအခြေခံဥပဒေကိုအတည်ပြုပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ကြရမှာပေါ့ကွာ။ ကန့်ကွက်ကြမယ် ဆိုရင်တော့ ဒီမိုကရေစီက ဘယ်ဆီနေမှန်းမသိတဲ့ဘ၀ကို ပြန်ရောက်သွားကြရမှာပေါ့။ မင်း သေသေချာချာစဉ်းစားပါ။

မဲကြီး။ ။ ဒီမိုကရေစီ နိုင်ငံသစ် ဖြစ်လာရင် ဒို့တွေအားလုံး ချမ်းသာကြတော့မှာပေါ့နော်။ ဟုတ်လား သဲကြီး။

သဲကြီး။ ။ ဟေ့.. ဟေ့..။ ဒါတော့ ငါ အာမ မခံဘူးကိုယ့်လူ။ ဒါက ကိုယ့်ဖာသာ ကြိုးစားရမယ့် ကိစ္စပါကွာ။ နိုင်ငံကြီး ဒီမိုကရေစီရတာနဲ့ ချမ်းသာရမယ်လို့ ကြံကြံဖန်ဖန်ကွာ။ ဒီမှာကိုယ့်လူ မင်းတို့တွေ ငါ့အတွက်၊ ငါ့သားမယားအတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုးအတွက် ဆိုတဲ့ ငါ့လေးလုံးကို ရှောင်ပြီး အများအတွက် ထည့်မစဉ်းစားပေးတတ်သရွေ့တော့ နိုင်ငံကြီးက တိုးတက်မှာ မဟုတ်ဘူးကွ။ ကိုယ်ကျိုးပဲ သိပ်မကြည့်ဘဲ နိုင်ငံအကျိုးအတွက် ဆောင်ရွက်နိုင်ရမယ်ကွ။ ဒို့နိုင်ငံကြီး မတိုးတက်တာ ကိုယ်ကျိုးပဲကြည့်တတ်တဲ့ သူတွေ များနေလို့ ပဲကွ။ ဒါကြောင့် နိုင်ငံကို တိုးတက်စေချင်တယ်ဆိုရင်တော့ ကိုယ်ကျိုးလေးတွေ နည်းနည်းလျှော့ပြီး အများအကျိုးနဲ့ နိုင်ငံအကျိုးအတွက် ဆောင်ရွက်ပေးဖို့ နိုင်ငံသူနိုင်ငံသားတိုင်းမှာ တာဝန်ရှိ တယ်ကွ။ အထူးသဖြင့် မင်းမှာ ပိုပြီးတာဝန်ရှိတယ်။ ဒီလို သဘောထားနိုင်ရင် အကောင်းဆုံးပေါ့ကွာ။ တို့နိုင်ငံသားအားလုံးက ငါ့မှာ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်ဓါတ်ကလေးတွေ ထားနိုင်ကြရင်တော့ ဖွံ့ဖြိုး တိုးတက်မှုဆိုတာ မနှေးအမြန် ရောက်လာနိုင်မှာပါ။

မဲကြီး။ ။ အေးပါ သူငယ်ချင်းရာ။ ငါ သဘောပေါက်ပါပြီ။ မင်းကို ခရီးရောက်မဆိုက်ကြီး မေးခွန်းတွေ ထုတ်လိုက်ရတာ စိတ်မရှိနဲ့ကွာ။ မင်းကို ချွေးသိပ်တဲ့အနေနဲ့ ပျဉ်းမနားမြို့ရဲ့ နာမည်ကျော်မျစ်ချဉ်ဟင်းနဲ့ ဧည့်ခံပါ့မယ်ကွာ။

သဲကြီး။ ။ အားနာစရာကြီး သူငယ်ချင်းရာ။ ဟဲ… ဟဲ…။ ထမင်းစားပြီးရင် အချိုပွဲအနေနဲ့ နန်းစိန်မုန့်လေးလည်း ပါမယ်မဟုတ်လားဟင်။

|

အပြည့်အစုံဖတ်ရန်

Wednesday, April 2, 2008

အပြုသဘောဆောင်တဲ့ လမ်းစဉ်တွေသာ အဖြေဖြစ်တယ် (ဒေါက်တာ နေဝင်းမောင်နှင့် အင်တာဗျူး)

လစဉ်ထုတ် Living Color Chief Executive Officer လစ်ဗင်းကာလာ မဂ္ဂဇင်း၏ Chief Executive Officer နှင့် မူဝါဒရေးရာ ဒါရိုက်တာ၊ The Voice ဂျာနယ်၏ ထုတ်ဝေသူ ဒေါက်တာ နေ၀င်းမောင် (၄၅ နှစ်) က ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်အာဏာပိုင်များအကြား လက်ရှိ တင်းမာမှုများအပေါ် ဝေဖန်သုံးသပ်၊ အကြံပြုချက် ၆ ချက်ကို သူ၏ မိတ်ဆွေ အပေါင်းအသင်း နိုင်ငံရေးသမားများအကြား အင်တာနက် အီးမေးမှ တဆင့် ဖြန့်ဝေခဲ့သည်ကို ဧရာဝတီသတင်းဌာနက ပေါက်ကြား ဖော်ထုတ်လိုက်သည်။

ဒေါက်တာနေဝင်းမောင်၏ အကြံပြုချက်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် စစ်အစိုးရ၏ အခြေခံဥပဒေကို ထောက်ခံရန်၊ ရွေးကောက်ပွဲ ဝင်ပြိုင်ရန်၊ သို့သော် လွှတ်တော်နှစ်ရပ်တွင် တဝက်သာ ဝင်ရောက်ယှဉ်ပြိုင်ပါမည်ဟု အဆိုပြုရန်၊ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အတိုက်အခံဘဝတွင် ၅ နှစ်နေခြင်းဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အင်အား တောင့်တင်းအောင် လုပ်ရန်တို့ အကြံပြုထားသည်။

အုတ်အော်သောင်းနင်း ဖြစ်ပွားခဲ့သည့် အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်အတွက် သူ့ကို မဇ္ဈိမ သတင်းထောက် နန်းဒေဝီက တယ်လီဖုံးမှတဆင့် ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။


မေး။ အီးမေးထဲမှာပါတဲ့ အကြံပြုချက် ၆ ချက်ကို အသေးစိတ် ပြောပြလို့ ရမလားရှင်။

ဖြေ။ ကျနော် ရေးထားတာတွေက များတော့ အဓိကပြောရရင်တော့ နှစ်ဘက် ပြေလည်သွားဖို့အတွက် ကိုယ်ကပဲ သဘောထားကြီးတယ် ဆိုတာကို စပြီး ပြနိုင်တဲ့သူက ပြဖို့ပါ။ အဲလို ပြဖို့ဆိုရာမှာ Road Map မှာ အရေးကြီးတဲ့ ကိစ္စဖြစ်မယ် ဆိုလို့ရှိရင်လည်း၊ ဒီကိစ္စကို Endorse (ထောက်ခံ) လုပ်လိုက်ပေါ့ဗျာလို့ ပြောတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော် မှတ်မိသလောက် ပြောရရင်တော့၊ ကျနော်က ကာယကံရှင် နေရာမှာ ဝင်ပြီး စဉ်းစားပြီး၊ ကျနော်သာ သူ ဖြစ်မယ်ဆိုလို့ရှိရင်၊ ကျနော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာရှိခဲ့ရင် နံပါတ်တစ်က ဘာလုပ်မလဲဆိုတော့ ဒီ Road Map အတိုင်း လိုက်သွားလိုက်မယ်။ ဒါဟာ တပ်မတော်အစိုးရရဲ့ အရေးကြီးတဲ့ ကိစ္စရပ်လည်း ဖြစ်တဲ့အတွက် နှစ်ဘက် ပြေလည်ဖို့အတွက် ဒါဟာ အရေးကြီးတယ်ပေါ့နော်။

ဒုတိယ တခုကလည်းပဲ၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဆက်ဆံရေးကောင်း တခုဖြစ်လာဖို့အတွက် ကျနော့်ဘက်က ရန်မလိုပါဘူး ဆိုတာကို ပြတဲ့အနေနဲ့ ကျနော်က ကျနော်သာ ဆိုခဲ့ရင်တော့၊ အိုကေ ကျမ NLD က အခုလာမယ့် ရွေးကောက်ပွဲမှာလည်းပဲ၊ အာဏာကို ဖြတ်လမ်းက လိုချင်တဲ့သဘော မရှိဘူး ဆိုတာကို ပြတဲ့အနေနဲ့ ရွေးကောက်ပွဲ လုပ်ချိန်မှာ ၃၃ဝ (မဲဆန္ဒနယ်မြေ) ရှိတယ်ဗျာ။

အဲဒီ ၃၃ဝ မှာ ကျနော်ဆို တဝက်ပဲ ဝင်ပြိုင်မယ်၊ ပထမဦးဆုံး ၁၆၅ နေရာလောက်ပဲ ဝင်ပြိုင်ပြီးတော့ အစောကြီးကတည်းက ကျမဟာ ဒီနိုင်ငံတည်ထောင်ရေးမှာ တနည်းမဟုတ် တနည်းနဲ့ ပါဝင်ချင်နေတာ ဖြစ်ပြီးတော့ အာဏာကိုဖြတ်လမ်းက လိုချင်တာ မဟုတ်ပါဘူး ဆိုတာ ပြတဲ့အနေနဲ့ ဝင်ကတည်းက ရွေးကောက်ပွဲမှာ တဝက်ပဲ ဝင်မယ်။ This is indicated that I am not seeking any political power. အဲလိုအတွက်နဲ့ မလိုအပ်ဘဲ အကျဉ်းချခံနေရတဲ့ သူတွေအားလုံးကိုတော့ လွှတ်ပေးလိုက်ပြီးတော့ ပျော်စရာကောင်းတဲ့ တိုင်းပြည် ရဲ့ စည်းလုံး ညီညွတ်မှုတခု တည်ထောင်ရအောင်ဆိုတဲ့ သဘောပါပဲဗျာ။ ကျနော် ဆိုလိုတာက Strong Opposition တခုအနေနဲ့ဘဲ ရပ်တည်ပြီးတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ ပြောတာပါ။

မေး။ အကြံပြုချက် ၆ ချက် ထွက်လာဖို့ ဘယ်လို အခြေခံ အကြောင်းအရာတွေက လှုံ့ဆော်ပေးတာလဲ။

ဖြေ။ ကျနော်က Basically I am political animal. (ကျနော်က အခြေခံ နိုင်ငံရေးသတ္တဝါ) လေ။ အဲဒါတွေနဲ့ ကျနော် ရင်းနှီးပြီးသားလေ။ အဲဒါ ကျနော်ရတဲ့ဟာကို အဓိက ဒီမှာရှိနေတဲ့ တဖက်နဲ့ တဖက် အမုန်းပွားနေတာ၊ ရန်ဖြစ်နေတဲ့ Circle (သံသရာ) ကို ရပ်သွားစေချင်ပြီ။ ပြည်သူတွေမှာ ဘယ်လို ဒုက္ခရှိတယ်ဆိုတာ ကျနော် အသေအချာ သိပါတယ်။ ဆိုတော့ ကျနော်လည်း တစိတ်တပိုင်းအားဖြင့် ခံစားနေရ တာပါပဲ။ အဲဒီအခါကျတော့ ဒီဟာ ပြီးသွားဖို့အတွက် တကယ်ကို သဘောထားကြီးတဲ့၊ အပြုသဘောဆောင်တဲ့ လမ်းစဉ်တွေသာလျှင် အဖြေ ဖြစ်တယ်ဆိုတော့ သေချာ ယုံကြည်တဲ့အတွက် ဒါကို ကျနော် ပြောတာပါ။

မေး။ ဒီအကြံပြုချက်နဲ့ ပတ်သက်ပြီးတော့ လူတချို့ရဲ့ တုံ့ပြန်မှု ဘာတွေရသလဲရှင့်။ လူတွေ လက်ခံနိုင်မယ်လို့ မြင်သလားရှင့်။

ဖြေ။ ဘာမှ မရပါဘူး။ လူတွေ လက်ခံနိုင်မယ်လို့ ကျနော် သိပ်မထင်ဘူး။ လူတွေက စိတ်ခံစားချက်နဲ့နေတော့ ဒီ နိုင်ငံရေးပိတ်ဆို့မှုက နစ်နေဆဲ ဖြစ်နေတာ။ အဓိက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေအပါအဝင် စိတ်ခံစားချက် မဖြစ်ဘူးဆိုရင် အဖြေက ထွက်တာ ကြာလှပါပြီ။ အနိုင်၊ အရှုံးစဉ်းစားရင်ပေါ့။ ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒီကိစ္စက အနိုင်အရှုံးကိစ္စ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံသားတွေဘဝနဲ့ ဆိုင်တဲ့ ကိစ္စတွေ ဖြစ်တယ်။ တပ်မတော်က နိုင်နိုင်၊ ဒေါ်အောင်ဆန်းစုကြည်ကပဲ နိုင်နိုင် ပြဿနာ မရှိပါဘူး။ မရှိနိုင်ပါဘူး။ အဲလို စဉ်းစားနေလို့ ပြဿနာရှိနေတာပါ။ ဒါက အချင်းချင်း ကြားမှာပဲ ခွဲဝေတဲ့ဟာပါ။ တယောက်ယောက်က ဆက်ဖြန့်လိုက်တာကို ဧရာဝတီက သတင်းလုပ်လိုက်တာနေမှာ။ ပြည်ပရောက် နိုင်ငံရေးသမားတွေ၊ အဖွဲ့အစည်းတွေကို ကျနော် မပို့ပါဘူး။ ဒါ တယောက်ယောက်က ဆက်ဖြန့်တာနေမှာ။

မေး။ အကြံပြုချက်တွေကို အစိုးရ အာဏာပိုင်တွေကို ခင်းပြပေးသေးလား။

ဖြေ။ ကျနော်တို့ အစိုးရကို၊ ဒီဘက်ပိုင်းကို ထားလိုက်ပါတော့။

မေး။ မြန်မာပြည် လက်ရှိ အနေအထားမှာ ဖြစ်သင့် ဖြစ်ထိုက်တယ် ထင်တာကို ဘယ်လို အကြံပြုချင်ပါသလဲ။

ဖြေ။ တကယ်ကတော့ဗျာ၊ ဒီကိစ္စက တကယ် သဘောထားကြီးနိုင်တဲ့လူက ထစ်ကနဲ မစဉ်းစားဘဲနဲ့ ထပြီးတော့ သဘောထားကြီးတဲ့ အကြောင်းကို တကယ် ရဲရဲပြလိုက်ဖို့ပါပဲ။ တကယ်သဘောထားကြီးတဲ့ လူက တကယ်သဘောထားကြီးကြောင်း ပြလိုက်ရင် ဖြစ်သင့်တာ အားလုံး ဖြစ်သွားမှာပါ။ ဒီကိစ္စက 'သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ' ဆိုပြီး စဉ်းစားရမယ့်ကိစ္စ မဟုတ်ပါဘူး။ 'သင်ကောင်းလျှင် ကျွန်ုပ် မဆိုးဘူး' ဆိုရင် ပြဿနာ ရှိနိုင်တယ်။ ကျနော်တို့ ဗုဒ္ဓဘာသာ အယူအဆအရ ပြောမယ်ဆိုရင်လည်း အပေါင်းလက္ခဏာဖြစ်တဲ့ ရလဒ်တခု ဖြစ်လာဖို့အတွက် တင်သွင်းပေးရမယ့် Input တွေ အားလုံးဟာ တကယ် အစစ်အမှန် အပေါင်းလက္ခဏာ ဖြစ်ဖို့ လိုပါတယ်။ အဲဒါမှပဲ အပြုသဘော ဖြစ်နိုင်မယ်။ အနုတ်ပေးရင် ထွက်လာတာလည်း အနုတ်လက္ခဏာ ဆောင်တဲ့ ရလဒ်တွေပဲ ရမယ်။

မေး။ မေလ လုပ်မယ့် ဆန္ဒမဲပေးဖို့ ဆိုတာကရော ဘယ်လိုမြင်ပါသလဲ။ တရားမျှတပြီး လွတ်လပ်တဲ့ ဆန္ဒမဲပေးပွဲဖြစ်၊ မဖြစ်။

ဖြေ။ မဲပေးမယ့် ကိစ္စကတော့ သူတို့ ဥပဒေ ထွက်ထားတာပေါ့နော်။ ထွက်ထားတဲ့ ဥပဒေကို ကြည့်လို့ ရှိရင် တရားမျှတမှု ဖြစ်မှာပါ။ သူမေးတာ မေးခွန်းက တခုပဲ ရှိတယ်လေ။ Yes လား/ No လား မေးတယ်လေ။ ဒီလို မေးတာက လူတိုင်းရဲ့ ဆန္ဒကို ရဲရဲ ထွက်ပေါ်လာ အောင် လုပ်ပေးလိုက်တယ်ဆိုရင် မျှတတယ်လို့ ပြောရမှာပေါ့။

မေး။ Third force အဖွဲ့အကြောင်း ပြောပေးပါလားရှင်။

ဖြေ။ Third force ဆိုတာ မရှိပါဘူး။ ကျနော်တို့ အချင်းချင်းကြားမှာ သတင်းအချက်အလက် ဖလှယ်တဲ့ သူငယ်ချင်းတွေပါပဲ။ အဖွဲ့ရယ်လို့ တကယ်ဖွဲ့ထားတာ မရှိပါဘူး။ ဖွဲ့ထားရင်လည်း ကျနော် ဖွက်ထားမှာ မဟုတ်ပါဘူး။ ဒါ ပြဿနာမရှိပါဘူး။ ဖွဲ့ထားမယ်ဆိုရင် နိုင်ငံရေး ရည်ရွယ်ချက် တခုရှိဖို့ လိုပါတယ်။ ကျနော့်မှာ နိုင်ငံရေး ရည်ရွယ်ချက် မရှိပါဘူး။ ကျနော် နိုင်ငံရေးသတ္တဝါပါ။ ဒါပေမဲ့ ကျနော် ရွေးကောက်ပွဲ မဝင်ဘူး။ အာဏာ၊ နိုင်ငံရေးနဲ့ ကျနော် မပတ်သက်ချင်ဘူး။

မေး။ အရင်တုန်းက နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါခဲ့သေးလား။

ဖြေ။ နိုင်ငံသားတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးကိုတော့ ကျနော်တသက်လုံးပဲ လုပ်လာတာ။ ကျနော့် Living Color မှာ ရေးတဲ့ဟာတွေကလည်း နိုင်ငံရေးပဲ။ ဒါပေမဲ့ ဒါတွေဟာ နိုင်ငံရေးအာဏာ မဟုတ်ပါဘူး။ ကျနော် ကျောင်းတုန်းကတည်းက ဒါပဲ လုပ်လာ ခဲ့တာ။

Technorati Technorati tags: , , , , , , | |

အပြည့်အစုံဖတ်ရန်

ဖတ်ရှုသူတို့၏ မှတ်ချက်များ

Weblog Commenting and Trackback by HaloScan.com