သဲကြီး။ ။ ဟေ့ကောင်.. မဲကြီး။
မဲကြီး။ ။ ဟာ.. သူငယ်ချင်း၊ သဲကြီး။ မင်းကွာ.. ရန်ကုန်ကို ပြောင်းသွားပြီးကတည်းက တို့ဆီကို ပြန်လာဖော်တောင် မရတော့ဘူး။ ခု ဘယ်ကနေ မျက်စိလည်ပြီး ရောက်လာသလဲကွ။
သဲကြီး။ ။ အေးကွာ။ ငါလည်း ရန်ကုန်ကို ရောက်သွားကတည်းက စီးပွားရေးတွေပဲ ကုန်းရုန်းလုပ်နေရတာနဲ့ ပြန်လာဖို့ကို မစဉ်းစားနိုင်ဘူး ဖြစ်နေတယ်ကွ။
မဲကြီး။ ။ အေးပေါ့ကွာ။ မင်းက မြို့ကြီးသားဖြစ်သွားပြီးဆိုတော့ စီးပွားရေးတွေ ဘာတွေ စကားထဲ ထည့်ပြောနေပြီးပေါ့။
သဲကြီး။ ။ ဟာ.. ဟေ့ကောင်။ မဲကြီးရ။ မင်းလဲ ခုဆိုရင် မြို့ကြီးသား ဖြစ်နေပြီလေကွာ။ ပျဉ်းမနားဆိုတာ ခုဆို နေပြည်တော် မြို့တော်ကြီး ထဲမှာ ပါနေပြီပဲဟ။
မဲကြီး။ ။ အေး။ ဟုတ်သားနော်။ ငါတို့လဲ ဘာလိုလိုနဲ့ မြို့တော်ကြီးမှာ နေတဲ့လူတွေ ဖြစ်နေပြီကွ။ ခုဆိုရင် အဆင့်မြင့် ဈေးကြီးတွေ၊ ကုမ္ပဏီ ရုံးခန်းတွေနဲ့ တို့မြို့က အတော် တိုးတက်နေတာကွ။ အလုပ်အကိုင်တွေလည်း အရင်ထက် ပိုများလာတယ်ဟ။
သဲကြီး။ ။ ဒီလိုပေါ့ကွာ။ မြို့တော်တစ်ခုကို နေရာပြောင်းတယ်ဆိုတာ အခက်အခဲတွေ အများကြီး ရှိပေမယ့် ကောင်းတဲ့အချက်တွေလဲ အများကြီး ရှိပါသေးတယ်လေ။ ဘာပဲဖြစ်ဖြစ် မင်းတို့လို ဒေသခံတွေအတွက် အခွင့်အလမ်းတွေ အများကြီး ပေါ်လာတာပေါ့။ မဟုတ်ဘူးလား။
မဲကြီး။ ။ ဟကောင်ရ.. ဒါနဲ့မေးပါရစေဦး။ မင်းက ဟိုစပ်စပ် ဒီစပ်စပ် လေ့လာတတ်တော့ တို့ထက် ပိုသိလိမ့်မပေါ့။
သဲကြီး။ ။ ဘာများလဲကွ။ ပြောပါဦး။
မဲကြီး။ ။ တခြားဟုတ်ရိုးလားကွ။ နောက်လ ၁၀ ရက်နေ့မှာ လုပ်တော့မယ်ဆိုတဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲအကြောင်းပေါ့ကွ။
သဲကြီး။ ။ ဩော်.. အေး။ မင်းက ဘာသိချင်လို့တုံးကွ။ ငါသိသလောက်တော့ ပြောပြပါ့မယ်။
မဲကြီး။ ။ အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီးက ဘာကြီးတုံးကွ။ ဘာကြောင့် လိုအပ်ရတာတုံး။ နည်းနည်းလောက် ရှင်းပြစမ်းပါကွာ။
သဲကြီး။ ။ ဒါက ဒီလိုရှိတယ် မဲကြီးရ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ဟိုးအရင် ရှင်ဘုရင်တွေ လက်ထက်တုန်းကတော့ ဘယ်ရှိလိမ့်မလဲ။ ငါသိသလောက်တော့ အင်္ဂလန်နိုင်ငံမှာ ၁၂၁၅ ခုနှစ် ဟင်နရီ ၁ ဘုရင်လက်ထက် Magna Carta Libertatum ဆိုတဲ့ စာတမ်းကြီးက စတာကွ။ တိုတို ပြောရမယ်ဆိုရင်ကွာ လွတ်လပ်တဲ့ နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံကို ဘယ်လို ဖွဲ့စည်း၊ ဘယ်လို အုပ်ချုပ်မယ်ဆိုတဲ့ အခြေခံအချက်တွေကို အတိအလင်း ဖော်ပြ ကြေငြာထားတဲ့ စာတမ်းတစ်စောင်ပေါ့ကွာ။ ကမ္ဘာ့နိုင်ငံတိုင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ရှိသကွ။ အမေရိကန် မှာလည်း ရှိတာပဲ၊ အိန္ဒိယမှာလည်း ရှိတာပဲ။ ဒို့အိမ်နီးချင်းနိုင်ငံ ထိုင်းမှာလည်း ရှိတာပဲ။ အားလုံး အားလုံးပေါ့ကွာ။
မဲကြီး။ ။ ဒါဆို ဒို့နိုင်ငံမှာ အရင်က မရှိဘူးလားကွ။ ခုမှ ဘာလို့ ဒီအခြေခံဥပဒေကြီးကို ရေးဆွဲရတာလဲ။
သဲကြီး။ ။ မဲကြီးရာ။ မင်းကလည်း တယ်ဗဟုသုတနည်းသကိုးကွ။ တို့နိုင်ငံမှာ အခြေခံဥပဒေ နှစ်ခုတောင် ရှိခဲ့ဖူးတယ်ကွ။ ၁၉၄၇ မှာ တစ်ကြိမ်၊ ၁၉၇၄ မှာ တစ်ကြိမ် ရေးဆွဲခဲ့ကြဖူးတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေမှာ ပြည်ထောင်စုတွင်းကနေ ခွဲထွက်နိုင်ရေး ပြဿနာတွေ ရှိလာတဲ့အတွက် ဖျက်သိမ်းလိုက်ရပြီး နောက်ပိုင်း ၁၉၇၄ မှာ တစ်ကြိမ် အခြေခံဥပဒေသစ်တစ်ခု ထပ်ပြီး ရေးဆွဲခဲ့ကြရတာ ကွ။ အဲ.. ၁၉၇၄ အခြေခံဥပဒေကလည်း တစ်ပါတီစနစ်ကို အခြေခံပြီး ဆိုရှယ်လစ်စနစ် အရင်းတည်တဲ့ အခြေခံဥပဒေအောက်မှာ အဆင်မပြေမှုတွေ ဖြစ်ခဲ့ရပြီး ၁၉၈၈ ဆူပူအုံကြွမှုကြီး ဖြစ်လာတဲ့နောက်မှာ တစ်ခါ ဖျက်သိမ်းလိုက်ရပြန်ရောလေ။
မဲကြီး။ ။ ဩော်..အေး။ ရှစ်လေးလုံးအရေးအခင်း ဖြစ်တာလေကွာ။ ငါမှတ်မိပြီ။ ဒါဆို တို့နိုင်ငံက အဲဒီနောက်ပိုင်းမှာ အခြေခံဥပဒေ မရှိဘဲ အနှစ် ၂၀ လောက် နေခဲ့ရတာပေါ့နော်။
သဲကြီး။ ။ ဒါပေါ့ကွ။ ဒါကြောင့် လွတ်လပ်တဲ့ နိုင်ငံတိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်လာဖို့ တို့ပြည်သူတွေရဲ့ ဆန္ဒကို တောင်းခံနေတာပေါ့ကွ။
မဲကြီး။ ။ အေး.. ငါ သဘောပေါက်ပါပြီကွာ။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်သင့်တယ်ဆိုကွ။ ဒါဟာ လက်ရှိ စစ်အစိုးရက သူတို့အလိုကျ စိတ်ကြိုက်ရေးဆွဲထားတာလို့ ရေဒီယိုမှာ ပြောတာကြားရသကွ။ မင်းကရော ဘယ်လို နားလည်သလဲ။
သဲကြီး။ ။ သူငယ်ချင်းရာ။ မင်းလည်း ည ည တီဗွီကြည့်နေတာပဲ။ ဒီအခြေခံဥပဒေရေးဆွဲဖို့ ပြုလုပ်တဲ့ အမျိုးသားညီလာခံမှာ တက်ရောက်တဲ့သူတွေဟာ နိုင်ငံအ၀ှမ်းက တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါတယ်ဆိုတာ တွေ့မှာပါ။
မဲကြီး။ ။ အေး.. အေး..။ ဟုတ်တော့ဟုတ်သား။ တစ်ချို့သူတွေရဲ့ တိုင်းရင်းသားဝတ်စုံတွေဆို ငါတောင် တစ်ခါမှ မမြင်ဖူးဘူးနော်။
သဲကြီး။ ။ ကဲ။ ဒါဆို စစ်အစိုးရအလိုကျဆိုတဲ့စကားဟာ လက်ခံလောက်တယ်လို့ မင်းထင်သလား သူငယ်ချင်း။
မဲကြီး။ ။ အင်း။ ဟုတ်တော့ ဟုတ်သား။ ဒါပေမယ့် အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်နိုင်ခွင့် ပိတ်ပင် ထားတယ်ဆိုကွ။ ဒို့ကတော့ ဘာပဲပြောပြော ဗိုလ်ချုပ်ရဲ့သမီးဆိုတဲ့စိတ်နဲ့ သံယောဇဉ်တော့ ရှိသားဟ။ ဟိုတလောကလည်း ရေဒီယိုက လွှင့်သွားတာက အမေရိကန်က ဒေါ်အောင်ဆန်းစုကြည်မပါနိုင်သရွေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရနိုင်ဘူးလို့ ပြောတယ်ဆိုကွ။
သဲကြီး။ ။ သူငယ်ချင်း မဲကြီး။ ငါလေ့လာမိသလောက် ပြောမယ်နော်။ ငါသိသလောက်တော့ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရရယ်လို့ တမင် ပိတ်ပင်ထားတာမျိုး မရှိပါဘူးကွာ။ တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား ရှိစဉ်ကတည်းက ရေးဆွဲ ခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေမှာကတည်းက တိုင်းတပါးသားနဲ့ အိမ်ထောင်ပြုထားတဲ့သူ၊ တိုင်းတပါးသစ္စာခံသူ စတဲ့သူတွေကို နိုင်ငံအုပ်ချုပ်ရေးအပိုင်းမှာ ပါဝင်အရွေးချယ်ခံပိုင်ခွင့်မပေးဖို့ ထည့်သွင်း ရေးဆွဲထားပြီးသားကွ။ ဒီအချက်ကို အစဉ်အဆက်လည်း လိုက်နာခဲ့ကြတာပဲ။ ဒါကို သိသိကြီးနဲ့ တိုင်းတပါးသားနဲ့ အိမ်ထောင်ပြုခဲ့ပြီးတော့မှ အခုမှ ဘွာတေးလုပ်လို့ ဘယ်ရမလဲကွ။ ကိုယ့်သမိုင်းနဲ့ ကိုယ်ပဲလေ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အခု အခြေခံဥပဒေ အတည်ပြုမှ ရွေးကောက်ပွဲ ၀င်လို့မရခဲ့တာ မဟုတ်ပါဘူးကွာ။ ၁၉၉၀ တုန်းက NLD အနိုင်ရခဲ့ပါတယ်ဆိုတဲ့ ရွေးကောက်ပွဲတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ငြိစွန်းနေလို့ ပါတီ အတွင်းရေးမှူးရာထူးကနေကို ထုတ်ပယ်ခံခဲ့ရဖူးပါတယ်ကွာ။ ဒေါ်အောင်ဆန်းစုကြည်မပါရင် ဒီမိုကရေစီမရနိုင်ဘူးဆိုတာကတော့ မင်းပဲ စဉ်းစားကြည့်ပေါ့ကွာ။ ဒီမိုကရေစီဆိုတာ ဒေါ်အောင်ဆန်းစုကြည်က စတင်ဖော်ထုတ်ခဲ့တဲ့ စနစ် မဟုတ်ပါဘူးကွာ။ သူပါမှပဲ ဒီမိုကရေစီ ရမတဲ့လား။ သူက ဒီမိုကရေစီကို ထုံးလိုချေပြီး ရေလို သောက်ထားလို့လား။ ဒါဆိုရင် သူသာ မြန်မာနိုင်ငံကို ပြန်မလာခဲ့ရင် တို့တွေ ဒီမိုကရေစီ မရနိုင်တော့ဘူးလားကွ။ တို့နိုင်ငံမှာ ဒေါ်စုကြည်ထက် နိုင်ငံရေးဝါရင့်တဲ့၊ ပညာပြည့်ဝတဲ့၊ ခေါင်းဆောင်ကောင်းပီသတဲ့ နိုင်ငံရေးသမားတွေ အများကြီး ရှိပါသေးတယ်ကွာ။ ဒီမိုကရေစီဆိုတာ တကယ်တော့ တို့ပြည်သူတွေက ဦးဆောင်တဲ့စနစ်ပါကွာ။ ဒီမိုကရေစီဆိုတာ ဒေါ်စုခရေဇီ စနစ်တစ်ခု မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်နော။
မဲကြီး။ ။ အေးပါ သူငယ်ချင်းရာ။ ငါကလည်း ရေဒီယိုမှာ ကြားရတာကို ပြန်ပြောတာကိုးကွ။ နောက်တစ်ခု မေးဦးမယ်ကွာ။ အခု အတည်ပြုမယ့် အခြေခံဥပဒေက မဟာလူမျိုးကြီးဝါဒကို အသက်သွင်းတာဆိုကွ။ တိုင်းရင်းသားတွေအတွက် အခွင့်အရေးရယ်လို့ ဘာမှ မရှိဘူးလို့ ဆိုသကိုးကွ။ အဲဒါလည်း ရှင်းပါဦး။
သဲကြီး။ ။ ဟ မဲကြီးရ။ မင်းက ရေဒီယိုတွေ အတော်နားထောင်သကိုးကွ။ အေး.. လေ့လာတာတော့ ကောင်းတာပေါ့ကွာ။ ဒါပေမယ့် အကြောင်းအရာတစ်ခုကို လူတစ်ဦးတစ်ယောက်က ပြောတာလေးနဲ့တော့ မှိတ်မယုံသင့်ဘူးကွ။ ငါပြောမယ်။ အခြေခံဥပဒေမှာ အရင် အတိုင်းပဲ တိုင်းနဲ့ ပြည်နယ် ၁၄ ခုကို ဖွဲ့စည်းထားပေးတယ်။ ဒါ့အပြင် လူဦးရေအင်အားများတဲ့ လူမျိုးစုတွေထဲက "၀"လူမျိုးတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခုနဲ့ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်နဲ့ ကိုးကန့် လူမျိုးစုတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ထပ်တိုးပေးထားတယ်ကွာ။ နောက်ပြီး တခြားတိုင်းရင်းသားတွေအတွက်လည်း တစ်နိုင်ငံလုံးလူဦးရေရဲ့ ၀.၁ ရာခိုင်နှုန်းနဲ့အထက်ရှိရင် သက်ဆိုင်ရာ တိုင်း/ပြည်နယ်လွှတ်တော်တွေမှာ ကိုယ်စားလှယ်တစ်ဦးကျစီ ရွေးချယ် တင်မြှောက်နိုင်ခွင့် ပေးထားသေးတယ်ကွ။ ဗမာလူမျိုးဆိုရင် ဘာအခွင့်အရေးရမယ်၊ ဘယ်လိုအခွင့်အရေးရဖို့ဆိုရင် ဘာလူမျိုးဖြစ်ရမယ် ဆိုတဲ့ ကန့်သတ်ချတ်မျိုး ရေးထားတာ မတွေ့ရဘူးကွ။ နိုင်ငံတော် အခြေခံမူတွေထဲမှာလဲ တိုင်းရင်းသားတွေရဲ့ စကား၊စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေတဲ့ တိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး စတာတွေပါဝင်တဲ့ လူမှုစီးပွားတိုးတက်ဖွံ့ဖြိုးရေးကို ကူညီမည်လို့ ပါပြီးသားလေကွာ။ နိုင်ငံသားတိုင်းဟာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ် ပြဋ္ဌာန်းထားတဲ့ တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေး စတာတွေ ခံစားခွင့် ရှိမယ် လို့လည်း ဖော်ပြထားတာပဲ။ မင်း စဉ်းစားပေါ့ကွာ။
မဲကြီး။ ။ အေးကွာ။ အားလုံးအခွင့်အရေးတန်းတူ ရမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် အရေးကြီးတဲ့ ၀န်ကြီးဌာနတွေကို တပ်က ယူထားတယ်ဆိုတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ တပ်က ၂၅ ရာခိုင်နှုန်းကို ခန့်ထားပေးရမယ်ဆိုတာကရော ကောင်းပါမလားကွ။
သဲကြီး။ ။ သူငယ်ချင်း.. အခု တို့နိုင်ငံမှာ ၀န်ကြီးဌာနပေါင်း ဘယ်နှခု ရှိလဲ မင်းသိလား။ ၃၀ ကျော် ရှိတယ်ကွ။ ဒီလို အခုသုံးဆယ်ထဲမှာ ဘယ်ဝန်ကြီးဌာနက အရေးကြီးတယ်လို့ သတ်မှတ်လို့ မရဘူးကွ။ သူ့နေရာနဲ့သူတော့ အရေးပါတာပဲ။ အရေးမကြီးရင် ၀န်ကြီးဌာနရယ်လို့ သတ်မှတ်မလားကွာ။ ဌာနတစ်ခု၊ ညွှန်ကြားရေးမှူးရုံးတစ်ခုအဆင့်ပဲ ထားမှာပေါ့ကွ။ ဒီလို ၀န်ကြီး ၃၀ ကျော်ထဲမှာ ၀န်ကြီးသုံးလေးယောက်လောက်ကို တပ်ကို ခန့်ထားလိုက်ရုံနဲ့တော့ အုပ်ချုပ်ရေးယန္တရားကြီး ဖရိုဖရဲ ဖြစ်သွားနိုင်ပါ့မလားကွ။ ပြီးတော့ သူတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေကိုပဲ ကိုင်တွယ်ကြရမှာကွ။ ဒီမိုကရေစီ ဆရာကြီးလို့ သူတို့ကိုယ်သူတို့ နာမည်တပ်ထားတဲ့ အမေရိကန်မှာတောင် ကာကွယ်ရေးဝန်ကြီးတွေဟာ အငြိမ်းစားစစ်ဗိုလ်ချုပ်ဟောင်း တွေကို ခန့်ထားတတ်တာကို မင်းလေ့လာရင် မြင်နိုင်မှာပါကွာ။ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း ရွေးကောက်ခံတွေ ထင်တိုင်း ကြဲ လုပ်ချင်သလို မလုပ်နိုင်အောင်လို့ ထိန်းသိမ်းပေးနိုင်လောက်တဲ့သဘောနဲ့ ရွေးချယ်ခံကိုယ်စားလှယ်တွေ ထည့်ထားပေးရတာပါကွာ။ ဒီလိုပုံစံမျိုးကို ထိုင်းနိုင်ငံမှာလည်း တွေ့နိုင်မှာပါကွာ။ တခြားနိုင်ငံတွေမှာလည်း ကျင့်သုံးနေပါတယ်။
မဲကြီး။ ။ အေး.. မင်း ရှင်းပြတော့လည်း နဲနဲတော့ အရည်လည်လာပြီဟေ့။ ဒါဆို ငါက ထောက်ခံမဲပေးသင့်လား၊ ကန့်ကွက်မဲ ပေးသင့်သလားကွ။
သဲကြီး။ ။ အရည်လည်လာပြီလုပ်မနေနဲ့ကိုယ့်လူ။ အရည်လည်ရုံမကလို့ အနည်ကျတဲ့အထိ လေ့လာလို့ရအောင် ငါ့ဆီမှာ အခြေခံဥပဒေ ရေးဆွဲရေးအတွက် အမျိုးသားညီလာခံက ချမှတ်ထားတဲ့ အခြေခံမူစာအုပ် ပါလာတယ်။ ဖတ်ကြည့်။ ဒီလိုစာအုပ် တစ်အုပ်မှ ၃၅၀ ပဲ ပေးရတယ်။ လေ့လာပေါ့ကွာ။ ထောက်ခံမလား ကန့်ကွက်မလားဆိုတာကတော့ မင်းသဘောအတိုင်းပဲလေ။ ထောက်ခံတဲ့လူ ၅၀ ရာခိုင်နှုန်းကျော်ရင်တော့ ဒီအခြေခံဥပဒေကိုအတည်ပြုပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ကြရမှာပေါ့ကွာ။ ကန့်ကွက်ကြမယ် ဆိုရင်တော့ ဒီမိုကရေစီက ဘယ်ဆီနေမှန်းမသိတဲ့ဘ၀ကို ပြန်ရောက်သွားကြရမှာပေါ့။ မင်း သေသေချာချာစဉ်းစားပါ။
မဲကြီး။ ။ ဒီမိုကရေစီ နိုင်ငံသစ် ဖြစ်လာရင် ဒို့တွေအားလုံး ချမ်းသာကြတော့မှာပေါ့နော်။ ဟုတ်လား သဲကြီး။
သဲကြီး။ ။ ဟေ့.. ဟေ့..။ ဒါတော့ ငါ အာမ မခံဘူးကိုယ့်လူ။ ဒါက ကိုယ့်ဖာသာ ကြိုးစားရမယ့် ကိစ္စပါကွာ။ နိုင်ငံကြီး ဒီမိုကရေစီရတာနဲ့ ချမ်းသာရမယ်လို့ ကြံကြံဖန်ဖန်ကွာ။ ဒီမှာကိုယ့်လူ မင်းတို့တွေ ငါ့အတွက်၊ ငါ့သားမယားအတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုးအတွက် ဆိုတဲ့ ငါ့လေးလုံးကို ရှောင်ပြီး အများအတွက် ထည့်မစဉ်းစားပေးတတ်သရွေ့တော့ နိုင်ငံကြီးက တိုးတက်မှာ မဟုတ်ဘူးကွ။ ကိုယ်ကျိုးပဲ သိပ်မကြည့်ဘဲ နိုင်ငံအကျိုးအတွက် ဆောင်ရွက်နိုင်ရမယ်ကွ။ ဒို့နိုင်ငံကြီး မတိုးတက်တာ ကိုယ်ကျိုးပဲကြည့်တတ်တဲ့ သူတွေ များနေလို့ ပဲကွ။ ဒါကြောင့် နိုင်ငံကို တိုးတက်စေချင်တယ်ဆိုရင်တော့ ကိုယ်ကျိုးလေးတွေ နည်းနည်းလျှော့ပြီး အများအကျိုးနဲ့ နိုင်ငံအကျိုးအတွက် ဆောင်ရွက်ပေးဖို့ နိုင်ငံသူနိုင်ငံသားတိုင်းမှာ တာဝန်ရှိ တယ်ကွ။ အထူးသဖြင့် မင်းမှာ ပိုပြီးတာဝန်ရှိတယ်။ ဒီလို သဘောထားနိုင်ရင် အကောင်းဆုံးပေါ့ကွာ။ တို့နိုင်ငံသားအားလုံးက ငါ့မှာ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်ဓါတ်ကလေးတွေ ထားနိုင်ကြရင်တော့ ဖွံ့ဖြိုး တိုးတက်မှုဆိုတာ မနှေးအမြန် ရောက်လာနိုင်မှာပါ။
မဲကြီး။ ။ အေးပါ သူငယ်ချင်းရာ။ ငါ သဘောပေါက်ပါပြီ။ မင်းကို ခရီးရောက်မဆိုက်ကြီး မေးခွန်းတွေ ထုတ်လိုက်ရတာ စိတ်မရှိနဲ့ကွာ။ မင်းကို ချွေးသိပ်တဲ့အနေနဲ့ ပျဉ်းမနားမြို့ရဲ့ နာမည်ကျော်မျစ်ချဉ်ဟင်းနဲ့ ဧည့်ခံပါ့မယ်ကွာ။
သဲကြီး။ ။ အားနာစရာကြီး သူငယ်ချင်းရာ။ ဟဲ… ဟဲ…။ ထမင်းစားပြီးရင် အချိုပွဲအနေနဲ့ နန်းစိန်မုန့်လေးလည်း ပါမယ်မဟုတ်လားဟင်။
|