သဘာဝဘေးဒုက္ခ ခံစားရသည့် မြန်မာလူမျိုးများကို ဘုရှ်အုပ်ချုပ်ရေးမှ ကယ်ဆယ်ရန် အမှန်တကယ် ကြိုးစားနေပါ၏လော? သို့ဆိုပါလျှင် ၎င်း၏အကူအညီအထောက်အပံ့များအား ပင်တဂွန်မှသာ တာဝန်ယူဆောင်ရွက်မည်ဟု အဘယ့်ကြောင့်များ မရအရ တောင်းဆိုနေရပါသနည်း? ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရတော့မည်ကိုသိလျက်နှင့် အဘယ့်ကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ရပါသနည်း?
ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးမုန်တိုင်းများအနက်မှ တစ်ခုသည် မေလ(၂)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်ရှိ မြေနိမ့်ပိုင်း ဆန်စပါးများ ထူထပ်စွာစိုက်ပျိုးရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် တိုက်ခတ်ခဲ့သည်။ ယင်းဒေသသည် မြေဆီလွှာကောင်းမွန်သည့်ဒေသ ဖြစ်သော်လည်း ဖွံ့ဖြိုးမှုနိမ့်ကျကာ အထူးသဖြင့် ရေလွှမ်းမိုးလွယ်သည့်ဒေသသာလျှင် ဖြစ်သည်။ ထိုမြစ်ဝကျွန်းပေါ်ဒေသတွင် မြန်မာနိုင်ငံ လူဦးရေ ၅၇ သန်း၏ လေးပုံတစ်ပုံမျှသော လူအများ နေထိုင်ကြသည်။ ယင်းပင်လယ်ကမ်းခြေတွင် နောက်ဆုံး တိုက်ခတ်ခဲ့သည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၄၀ က ဖြစ်သည်။
မိုးလေ၀သပညာရှင်များက အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း နာဂစ်အား တစ်ပတ်ခန့်အကြိုကပင် စောင့်ကြည့်နေခဲ့ကြသည်။ သို့သော်လည်း ဆိုင်ကလုန်းတိုက်ခတ်သည့်အခါ ကြိုတင်မခန့်မှန်းထားခဲ့သော ကြီးမားသည့် ဒီရေလှိုင်းများကိုပါ ခေါ်ဆောင်လာခဲ့သည်။ ၁၂ ပေခန့် မြင့်သော ရေထုကြီးသည် ကုန်တွင်းခုနစ်မိုင်အထိ တစ်ရှိန်ထိုး ၀င်ရောက်လာခဲ့သည်။
လူတစ်သန်းကျော်သည် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ သောင်းချီ၍ ပျောက်ဆုံးနေခဲ့သည်။ ခန့်မှန်းသေဆုံးမှုပေါင်းမှာ (၂ဝဝဝဝ)မှ (၁ဝဝဝဝဝ) အထိ ရှိခဲ့သည်။ မြို့တော်ဟောင်းနှင့် အဓိက စီးပွားရေးဆိပ်ကမ်းမြို့တော် ရန်ကုန်မြို့သည်လည်း ဖရိုဖရဲဖြစ်ကျန်ခဲ့ပေသည်။
အမေရိကန်ကော်ပိုရိတ်မီဒီယာများသည် ထိုသဘာဝဒုက္ခ၏ အတိုင်းအတာနှင့် သက်သာရာရရှိစေရန် ကြိုးပမ်းရာတွင် မြန်မာအစိုးရ၏ မစွမ်းဆောင်နိုင်မှုများကို အပြည့်အဝတင်ဆက်ခဲ့ကြသည်။ အမေရိကန်အစိုးရ၏ ဘေးအန္တရာယ်ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ ဆိုးရွားသော ပွဲတွေ့မှတ်တမ်းများကိုမူ ချန်လှပ်ထားခဲ့ကြသည်။
သတင်းဆောင်းပါးတိုင်းတွင် မြန်မာနိုင်ငံအတွက် အရေးပေါ် emergency supply ပြုလုပ်ရန် ဝါရှင်တန်အနေဖြင့် military access အပြည့်အဝရရှိရေး တောင်းဆိုမှုများကိုသာ ထပ်တလဲလဲဖော်ပြကြသည်။ အမေရိကန်လေယာဉ်နှင့်စစ်သင်္ဘောများကို မြန်မာနိုင်ငံမှ ဝင်ရောက်ခွင့်မပေးခြင်းသည် အမေရိကန်တို့ကို များစွာအံ့အားသင့်သွားစေခဲ့ပြီး မြန်မာအစိုးရသည် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးရန် ယုံကြည်ရနိုင်ခြင်းမရှိဟု နာကျည်းစွာဖြင့် ထပ်ခါထပ်ခါစွပ်ဆွဲပြောဆိုခဲ့ကြသည်။
ထို့ပြင် အခြားရေးသားဖော်ပြခြင်းမရှိသောအချက်မှာ ဘုရှ်အုပ်ချုပ်ရေးအဖွဲ့သည် ကယ်ဆယ်ရေးလုပ်ငန်းများအား ပိုမိုခက်ခဲအောင် တမင်ပြုလုပ်သကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။ နာဂစ်ဆိုင်ကလုန်းမတိုင်မီ တစ်ရက်အလိုတွင် ဘုရှ်သည် မြန်မာနိုင်ငံအပေါ် ပြင်းထန်သည့် စီးပွားရေးပိတ်ဆို့မှုအဆင့်သစ်အား လက်မှတ်ရေးထိုးခဲ့သည်။ ပိတ်ဆို့မှုဟူသည် ရန်လိုမှုတစ်မျိုးသာဖြစ်ပြီး အထူးသဖြင့် အဆင်းရဲဆုံးနှင့် အခြေအနေအဆိုးဝါးဆုံးသော လူများအပေါ် စီးပွားရေးစစ်ပွဲပုံသဏ္ဍန် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။
ဆိုင်ကလုန်းနှင့်အတူ ပေါ်ပေါက်လာသော ပိတ်ဆို့အရေးယူမှုများ
ဝါရှင်တန်သည် သူလျှိုဂြိုဟ်တုများသုံးကာ မုန်တိုင်းအပေါ်တွင် မြန်မာပြည်သူများထက်ပင် ပို၍စိတ်ဝင်စားနေခဲ့သည်။ ပိတ်ဆို့မှုသည် အမေရိကန်နှင့် နိုင်ငံတကာမှ တိုက်ရိုက် အရေးပေါ်အလှူငွေများနှင့် အကူအညီများအား ပေးပို့ရန် မဖြစ်နိုင်သလောက် ရှိစေသည်။ မေလ(၂)ရက် ဆင်ဟွာသတင်းအရ ဘုရှ်၏အမိန့်တွင် "block all property and interest in property of designated individuals and entities determined to be owned or controlled by the government of Myanmar" ဟူ၍ ပါရှိပေသည်။
ပိတ်ဆို့မှုများအား တိုးချဲ့စေခဲ့သော ယင်းအမိန့် ထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအတွင်းတွင် ဖွတ်ဖွတ်ညက်ညက်ကြေသွားခဲ့သည့် မြန်မာပြည်သူ များအတွက် အထူးပင် ဝမ်းနည်းစိုးရိမ် ပူပန်မိကြောင်း အမေရိကန်မှဆက်လက်ကြေညာခဲ့သည်။ အတ္တ၀ါဒနှင့် သူတော်ကောင်း ယောင်ဆောင်ခြင်းသည် မြင့်မြတ်မှန်ကန်သောအလုပ် မဟုတ်ပေ။
ပိတ်ဆို့မှုအသစ်များသည် အမေရိကန်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းတို့မှ မြန်မာနိုင်ငံအပေါ် ငွေကြေးအားဖြင့် တိုက်ရိုက်လှူဒါန်းခြင်းကို အဟန့်အတားဖြစ်စေခဲ့သည်။ American Red Cross ကဲ့သို့သော အမေရိကန်ထောက်ပံ့ရေးအဖွဲ့အစည်းများသည် ပိတ်ဆို့မှု စည်းမျဉ်းစည်းကမ်းများအရ မြန်မာနိုင်ငံသို့ ငွေကြေးနှင့် လူအင်အားများ ပေးပို့နိုင်ခြင်းမရှိဘဲ အထောက်အပံ့ပစ္စည်းများသာ ပေးပို့နိုင်မည်ဖြစ်ပေသည်။ အမေရိကန်ကော်ပိုရိတ်မီဒီယာများသည် မြန်မာအစိုးရ မလုပ်နိုင်သည်များကိုသာ လက်ချာရိုက်ကာ ဆရာလုပ်သော သတင်းရာပေါင်းများစွာကို ထုတ်လွှင့်နေစဉ်အတွင်း အမေရိကန်၏ ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကိုမူ ဖြော်ပခြင်းမရှိပေ။
သိပ္ပံပညာရှင်အများအပြားသည် ရာသီဥတုဆိုင်ရာ စောင့်ကြည့်ရေး ဂြိုဟ်တုများကို အခြေခံကာ အရှိန်ရလာသော မုန်တိုင်းအား ခြေရာခံမိပြီး ဖြစ်ကြသည်။ Indian Meteorology Department မှ တစ်ပတ်ခန့်ကြိုတင်၍ မုန်တိုင်းလမ်းကြောင်း၊ ပြင်းထန်မှုနှင့် နေရာဒေသတို့ကို ထုတ်ပြန်ပေးခဲ့သည်။ ဧပြီလ(၂၆)ရက်နေ့မှစတင်ကာ အိန္ဒိယမှ သတိပေးချက်များ ရရှိခဲ့သော မြန်မာအစိုးရသည် နိုင်ငံပိုင်အသံလွှင့်ဌာနများမှတဆင့် မုန်တိုင်းသတိပေးချက်များကို ကြေညာခဲ့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံငယ်တစ်ခုဖြစ်သဖြင့် ဆိုင်ကလုန်း ရွေ့လျားမည့်လမ်းကြောင်း တိုင်းတာနိုင်သော ပင်လယ်ကမ်းခြေရေဒါများမရှိဘဲ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရေးအစီအစဉ်များလည်း မရှိခဲ့ပေ။
အမေရိကန်အစိုးရသည် ၎င်း၏ထောက်ပံ့ပေးမှုများအား ကိုယ်ပိုင်ဝန်ထမ်းများနှင့် ကိရိယာများသုံးကာ ပေးပို့နိုင်ရန် ပင်တဂွန်သို့ အခွင့်အရေးပေးရန်သာ မရအရ တောင်းဆိုနေခဲ့သည်။ ယင်းချမ်းသာသော နယ်ချဲ့နိုင်ငံကြီးသည် လှံစွပ်ထိပ်ဖျားတွင်တပ်ကာ ပေးခြင်း မှလွဲ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရန် အခြားနည်းလမ်းများ ရှာတွေ့ပုံမရပေ။
သို့သော်လည်း အခြားသောနိုင်ငံများသည် လက်ငင်း အကူအညီအထောက်အပံ့များပေးရန် Non-Military Way များကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ စင်္ကာပူ၊ အီတလီ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံများမှ အကူအညီပစ္စည်းမျိုးစုံ ရရှိကြောင်း နိုင်ငံပိုင်အသံလွှင့်ဌာနမှ ကြေညာခဲ့သည်။ ယာယီတဲများ၊ ခြင်ထောင်များ၊ မီးစက်များ၊ ဆေးဝါးများ၊ ရေသန့်စက်များ၊ အာလူးနှင့် ၀က်သားခြောက်များ၊ အသင့်စားခေါက်ဆွဲထုတ်များ၊ ဘီစကစ်များ၊ အ၀တ်အထည်များ၊ သွပ်များ၊ တူနှင့်သံများ၊ နှင့် ဖယောင်းတိုင် များသည် သက်ဆိုင်ရာ လေယာဉ်အသီးသီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြသည်။
မြန်မာနိုင်ငံအနေဖြင့် ပစ္စည်းအထောက်အပံ့ အကူအညီကိုသာ လက်ခံပြီး နိုင်ငံခြားသားများအား ယင်းအကူအညီများ ဖြန့်ဖြူးမှုနှင့် ပတ်သက်၍ ကြည့်ရှုကြီးကြပ်ရန် ခွင့်မပြုသောအခါ အမေရိကန်အစိုးရမှ နာနာကျည်းကျည်း ဝေဖန်ခဲ့ပြန်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပင်တဂွန်သည် မြန်မာနိုင်ငံအတွင်း Military Base ထားရှိလိုသဖြင့် ဝင်ရောက်လိုခြင်းဖြစ်သည်ဟု မေလ (၉) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံအား အုပ်စိုးသော တပ်မတော်အစိုးရအနေဖြင့် ထိုသို့ ယုံမှားသံသယကြီးသည်မှာ အဆန်းတော့မဟုတ်ပေ။ အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာအစိုးရအားဖြုတ်ချ ဖယ်ရှားလိုသော စိတ်မှာ ဖုံးဖိမရအောင် ပေါ်လွင်လှပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အခြေစိုက်သော အမေရိကန် စစ်စခန်းများ ခွင့်ပြုရန် နှင့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ထုတ်လုပ်မှုတွင် အမေရိကန် Corporate Access များ ရှိလာစေရန် ဖိအားများ ပေးနေခဲ့ခြင်း ဖြစ်သည်။
Shawn W. Crispin ၏ "The Case for invading Myanmar" (မြန်မာနိုင်ငံသို့ ကျူးကျော်ဝင်ရောက်ရေး) ဆောင်းပါးတွင် အောက်ပါအတိုင်းဖော်ပြပါရှိသည်။
"နာဂစ်မုန်တိုင်းအပြီး မြန်မာပြည်သူ တစ်သန်းကျော် စိုရွှဲညစ်ပေ၍ အိုးမဲ့အိမ်မဲ့နှင့် ရေကြောင့်ဖြစ်သော ရောဂါများခံစားနေရချိန်တွင် အမေရိကန်စစ်သင်္ဘောနှင့် လေယာဉ်များ အဆင့်သင့်ဖြစ်နေခြင်းဖြင့် သဘာဝဘေးအန္တရာယ်သည် အမေရိကန်အတွက်တော့ ကပ်ဘေးကြီးအတွင်းမှ ထွက်ပေါ်လာသော အခွင့်အရေးတစ်ခုပင် ဖြစ်သည်။"
"နိုင်ငံတစ်ခုချင်းစီနှင့် ကုလသမဂ္ဂတို့မှ အတည်ပြု ထောက်ခံဖွယ်ရှိသော လူသားချင်းစာနာထောက်ထားမှုအမည်ခံဖြင့် အမေရိကန် စစ်တပ်မှ ဝင်ရောက်စွက်ဖက်ခြင်းသည် ဒုက္ခအကျပ်အတည်းများအား မြန်မာစစ်ခေါင်းဆောင်များဘက်သို့ ဦးလှည့်ပေးနိုင်ကာ တစ်ချိန်တည်း၌ နေရာမှဖယ်ပေးရတော့မည့် သမ္မတကြီးဘုရှ်၏ အငြင်းပွားဖွယ် လက်ဦးမှုရယူရေး စစ်ရေးမူဝါဒများအား ပြန်လည် ထူမတ်ပေးနိုင်မည် ဖြစ်သည်။"
"ယခုအခါ C-130 စစ်လေယာဉ်ကြီးများအပါအ၀င် အမေရိကန်လေတပ်နှင့် ရေတပ်ယာဉ်များသည် အိမ်နီးချင်း ထိုင်းနိုင်ငံနယ်စပ်တွင် ရောက်ရှိနေပြီး USS Kitty Hawk နှင့် USS Nimitz ရေတပ်စစ်သင်္ဘောကြီးများသည်လည်း အနီးဆုံးရေပြင်တွင် အသင့်တည်ရှိနေကာ၊ ယခုအချိန်တွင် ၀ါရှင်တန်မှ မူဝါဒချမှတ်သူများသည် ပထဝီအနေအထားအရ အချက်အချာကျကာ ရုတ်တရက်အားနည်းသွားသော နိုင်ငံသို့ လူသားချင်းစာနာထောက်ထားသော အကူအညီ ပေးရေးအဖွဲ့တစ်ခု စေလွှတ်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော ကောင်းကျိုး၊ ဆိုးကျိုးများအား နှိုင်းယှဉ်ချိန်ဆနေမည်ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပေ" (Asia Times Online, May 10)
ပွဲလန့်တုန်း ဖျာခင်းဖြင်း (Shock Doctrine)
ကြီးလေးခက်ခဲသော ကြွေးမြီပုံစံများ၊ စီးပွားရေး အဆောက်အအုံ ပြန်လည်ဖွဲ့စည်းရန်တောင်းဆိုခြင်းနှင့် နိုင်ငံပိုင်သံယံဇာတများကို ပုဂ္ဂလိကပိုင်လွှဲပြောင်းရန်တောင်းဆိုခြင်း စသည်တို့အပါအ၀င် အကူအညီများနောက်ကွယ်မှ နှောင်ကြိုးများကြောင့် နိုင်ငံ အတော် များများသည် သဘာဝဘေးဒုက္ခအန္တရာယ်တွေ့ကြုံနေရလျှင်သော်မှ အမေရိကန်နှင့် အနောက်နိုင်ငံတို့၏ အကူအညီကိုရယူရန် စိုးရွံ့ကြသည်။
ယင်းကို Naomi Klein ၏စာအုပ်ဖြစ်သော "The Shock Doctrine: The Rise of Disaster Capitalism" တွင် အမေရိကန်အကူအညီ များ၊ IMF နှင့် ကမ္ဘာ့ဘဏ်တို့အား သဘာဝဘေးအန္တရာယ်များဖြစ်သည့် ဟာရီကိန်းမုန်တိုင်း၊ ဆူနာမီ၊ မိုးခေါင်ရေရှားမှု၊ ရေလွှမ်းမိုးမှုများခံစားနေရသည့် နိုင်ငံတစ်ခု အခက်ကြုံနေချိန်တွင် အကျိုးအမြတ်များအတွက် အသုံးချခံနေရပုံကို အထူးပင် အသေးစိတ် ဖော်ပြထားသည်။ ယင်းသို့သောအကျပ်အတည်းများသည် မအောင်မြင်သော စီးပွားရေးအဆောက်အဦများအား နိုင်ငံပိုင်ပစ္စည်းများ (State Assets) များ ရောင်းချခြင်း၊ သံယံဇာတများ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းများကဲ့သို့သော ရှော့ခ်ရိုက်ကုထုံးဖြင့် ကုသရန် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ခံနေရပေသည်။ ယင်းကုထုံးသည် နိုင်ငံတကာ ဘဏ်လုပ်ငန်းရှင်များအတွက်သာ အကျိုး အမြတ်ရစေပြီး ကာယကံရှင်နိုင်ငံအတွက်တော့ ရလာဒ်သုညသာ ဖြစ်ပေါ်စေသည်။
နယူးအော်လိန်းနှင့် အီရတ်တို့မှ အမေရိကန်၏ ပွဲတွေ့မှတ်တမ်းများ
မြန်မာနိုင်ငံအား မည်သို့လုပ်သင့်သည် မည်သို့လုပ်နိုင်သည် စသဖြင့် အမေရိကန်ကော်ပိုရိတ်မီဒီယာများမှ ညွှန်ပြလက်ချာရိုက်နေမှုများ အားလုံးတွင် ပျောက်ဆုံးနေသည့်အချက်မှာ နယူးအော်လိန်းနှင့် ပင်လယ်ကွေ့ကမ်းခြေတို့တွင် အသီးသီး ဖြစ်ပေါ်ခဲ့သော ကက်ထရီနာ နှင့် ရီတာ ဟာရီကိန်းများ အပြီးတွင် အရေးပေါ် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အကူအညီပေးရန်လုပ်ငန်းများတွင် အမေရိကန်အုပ်ချုပ်ရေးအဖွဲ့များ၏ ဆိုးရွားသော ကိုယ်ပိုင်ပွဲတွေ့မှတ်တမ်းများပင် ဖြစ်သည်။
၂၀၀၅ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ရေကြီးမှုနှင့် ဆည်ကျိုးမှုများကြောင့် နယူးအော်လိန်းမြို့ ရေနစ်မြုပ်ခဲ့ရာတွင် ရာဇ၀တ်မှုများ လှစ်လျူရှုခြင်း၊ လူမျိုးရေးခွဲခြားခြင်း၊ စီမံကိန်းညံ့ဖျင်းမှုကြောင့် လုပ်ငန်းစဉ်များ အုပ်မနိုင်ထိန်းမရ ဖြစ်ခြင်းတို့ကို ကမ္ဘာက ရှုမြင်ခဲ့ရပြီး ဖြစ်ပေသည်။
ယင်းသည် နိုင်ငံတကာအကူအညီများအား ပယ်ချခြင်းနှင့် အဖွဲ့လိုက်နှင့် တစ်ဦးချင်း စေတနာ့ဝန်ထမ်း အကူအညီပေးခြင်းကို ငြင်းဆန် ခဲ့ခြင်းတို့ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အရန်သင့် ဆရာဝန်အဖွဲ့များ၊ အစားအစာနှင့် ရေတန်ပေါင်းများစွာနှင့် အပို လောင်စာဆီ စည်တစ်သန်းတို့ပါဝင်သည့် ကျူးဘားနှင့် ဗင်နီဇွဲလားနိုင်ငံများမှ အကူအညီတို့ကို ငြင်းဆန်ခဲ့သည်။ ကာရစ်ဘီယံဒေသတွင် အသင့် ရောက်ရှိနေခဲ့သည့် ပြင်သစ် ဆေးရုံသင်္ဘောတစ်စင်းနှင့် လေယာဉ်များအပါအ၀င် ဂျာမနီနှင့် ရုရှတို့မှ အကူအညီများကိုလည်း ဆိုင်းငံ့ ထားခဲ့သည်။
မြို့ပေါ်မှ ဖြတ်ပျံသွားကြသော နိုင်ငံတကာ ဓါတ်ပုံသမားများသည် ခေါင်မိုးများပေါ်တွင် တွယ်ကပ်နေကြသော ဒုက္ခသည်များအား ဓါတ်ပုံများ ရိုက်ယူခဲ့ကြသည်။ လူပေါင်း ၂၀၀၀၀ ကျော်သည် သောက်သုံးနိုင်သောရေ၊ အစားအစာ သို့မဟုတ် ရေဆိုးစနစ်များ မရရှိခဲ့ ကြဘဲ အခြားသော သောင်းချီသည့် ဒုက္ခသည်များသည် အလွန်ပူလောင်သော Convention Center တွင် နေထိုင်ခဲ့ကြရသည်။ အမေရိကန်နိုင်ငံတစ်ဝှမ်းမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည်လည်း နယူးအော်လိန်းသို့ဝင်ရောက်ရေးကို ဟန့်တားခံခဲ့ကြရသည်။
အနီးအနားရှိ လေတပ်စခန်းတစ်ခုမှ လေတပ်ရဟတ်ယာဉ်များသည်လည်း လေယာဉ်မောင်းများက စေတနာ့ဝန်ထမ်းအဖြစ် လူများ ကယ်ဆယ်ပေးလိုကြသော်လည်း မြေပြင်တွင်သာ ရပ်နားထားရန် ညွှန်ကြားခံခဲ့ရသည်။ မီဒီယာသတင်းများအရ FEMA နှင့် Homeland Security တို့သည် စေတနာ့ဝန်ထမ်းများနှင့် အကူအညီများကို ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။ နိုင်ငံအ၀ှမ်းမှ ပေးပို့ခဲ့သော ကုန်ကား များနှင့်အပြည့် ရေနှင့် ကုန်ပစ္စည်း တန်ပေါင်းများစွာကိုလည်း ဖြန့်ဝေခြင်း မပြုခဲ့ပေ။
နှစ်နှစ်ခွဲခန့်ကြာသောအချိန်အထိ ကယ်ဆယ်ခံထားရသည့် သောင်းချီသော ဒုက္ခသည်များသည် မိမိအိမ်သို့ ပြန်သွားနိုင်ခြင်း မရှိသေးပေ။
အီရတ်နှင့် ဆိုမာလီယာမှ ပင်တဂွန်
အီရတ်မှ ပင်တဂွန်၏လုပ်ရပ်များမှာ သာ၍ပင် ဆိုးဝါးပေသေးသည်။ ပိတ်ဆို့မှုများကြောင့် အားနည်းပျက်စီးနေသော အီရတ်အား ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး (၅)နှစ်ကျော်ကြာသည်အထိ သောက်သုံးရေ၊ အခြေခံအစာအာဟာရ၊ လျှပ်စစ်ဓါတ်အား၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့အပါအ၀င် အခြေခံလူသားလိုအပ်ချက်အများစုကို အမေရိကန်စစ်တပ်မှ ဖြည့်ဆည်းပေးနိုင် ခြင်း မရှိသေးပေ။
အကယ်၍ တပ်သားပေါင်း တစ်သိန်းခြောက်သောင်း၊ ပုဂ္ဂလိက ကန်ထရိုက်လုပ်ငန်းရှင်ပေါင်း တစ်သိန်းခန့်နှင့် ကမ္ဘာပေါ်တွင် အများဆုံးသော စစ်အသုံးအဆောင်များသည် ဘဂ္ဂဒက်တွင် အားထားနိုင်လောက်သော လျှပ်စစ်ဓါတ်အားနှင့် သောက်သုံးရေတို့ ပံ့ပိုးပေး နိုင်ခြင်း မရှိပါက ရန်ကုန်မြို့တွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်၍ ရနိုင်ပါ၏လော?
ဒုဗ္ဘိက္ခန္တရကပ်ဆိုက်နေသော ဆိုမာလီယာတွင် လူသားခြင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းဟု ဆင်ခြေကန်ကာ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ရအောင်ယူ၍ ၁၉၉၂ ခုနှစ်တွင် မြို့တော် မိုဂါဒစ်ရှုးကို မရိန်းတပ်ဖွဲ့ဝင်များမှ သိမ်းပိုက်ခဲ့ဖူးပါသည်။ သို့သော် နောက်နှစ်တွင်ပင် နာကျည်းမုန်းတီးနေသော ဆိုမာလီပြည်သူများက မရိန်းတပ်များအား ပြန်လည်တိုက်ထုတ်ခဲ့ကြသည်။ ပင်တဂွန်သည် ဒုက္ခရောက် နွမ်းနယ်နေကြသောပြည်သူများအကြားတွင်ပင် နယ်ချဲ့ဆန့်ကျင်ရေးသဘောထားကို မှားယွင်းစွာကိုင်တွယ်ယူဆခဲ့မိသည်။
မြန်မာနိုင်ငံတွင် ပြည်သူအများစုသည် ဗြိတိသျှနှင့် အမေရိကန်တို့၏လွှမ်းမိုးမှုကို ဆန့်ကျင်မုန်းတီးသူများဖြစ်သည်။ မုန်တိုင်းကြောင့် မည်မျှပင်ဒုက္ခရောက်နေစေကာမူ ၀င်ရောက်စွက်ဖက်မှုမှန်သမျှအား ကြီးစွာဆန့်ကျင်ကြပေလိမ့်မည်။
မြန်မာအစိုးရအား စစ်အာဏာရှင်ဟု စွပ်စွဲတိုက်ခိုက်နေကြသော အမေရိကန် မီဒီယာများအနေဖြင့် ပင်တဂွန် ကိုယ်၌က ဆော်ဒီအာရေဗျ နှင့် အင်ဒိုနီးရှားမှသည် ပါကစ္စတန်၊ ချီလီနှင့် ကွန်ဂိုနိုင်ငံများအထိ ခက်ထန်သော စစ်အစိုးရများအား ထောက်ပံ့ကူညီနေခဲ့သည် ဆိုသည်ကို သတိထားသင့်ပါသည်။ ၎င်းတို့၏ မြန်မာစစ်အစိုးရအား ဆန့်ကျင်နေမှုသည် ယင်း၏ဖိနှိပ်သော အုပ်ချုပ်ပုံကြောင့် မဟုတ်ဘဲ ဆယ်စုနှစ်များစွာက ကိုလိုနီဆန့်ကျင်ရေးသဘောထားများကြောင့် သဘာဝအရင်းအမြစ်များအား နိုင်ငံပိုင်ပြုလုပ်ထားခဲ့မှုအား အမေရိကန်ကော်ပိုရေးရှင်းတို့ အလိုကျ ပယ်ဖျက်မှု မပြုလုပ်ခဲ့ခြင်းနှင့်သာ ပတ်သက်နေပါသည်။
စစ်ဆန့်ကျင်ရေးနှင့် တိုးတက်ရေး လှုပ်ရှားမှုများသည် မြန်မာနိုင်ငံအ၀ှမ်းမှ ဖောက်ပြန်ရေး မီဒီယာတိုက်ပွဲများကို သတိပြု ဆောင်ရွက်သင့်ပေသည်။ မြန်မာပြည်သူများအနေဖြင့် အမေရိကန်တောင်းဆိုမှု သို့မဟုတ် ပိတ်ဆို့မှုမှ ကင်းလွတ်သော အရေးပေါ် နိုင်ငံတကာ အကူအညီများကို တောင်းခံရန် အခွင့်အရေး ရှိကြပေသည်။
Articles copyright 1995-2008 Workers World. Verbatim copying and distribution of this entire article is permitted in any medium without royalty provided this notice is preserved.
Workers World, 55 W. 17 St., NY, NY 10011
(Workers World မှ Sara Flounders ရေးသားသော "Myanmar Cyclone: U.S. hostility hampers relief" Dated 15th May 2008 ကို ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါသည်။)