Monday, January 14, 2008

အမျိုးသားပြန်လည်သင့်မြတ်ရေး

မြန်မာ့နိုင်ငံရေးလောကမှာ သိပ်ရေပန်းစားတဲ့ စကားလုံးတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က DVB က ထုတ်လွှင့်သွားတဲ့ အစီအစဉ် တစ်ခုကို စလောင်းကနေ ကြည့်ဖြစ်လိုက်ပါတယ်။ စလောင်းတွေ အပြိုင်အဆိုင် ခေါင်မိုးပေါ်က ဖြုတ်ချနေကြတဲ့အချိန်မှာ Cypher တစ်ယောက်ကတော့ ခပ်တည်တည်နဲ့ စလောင်းကြည့် မပျက်ပေါင်။ ဟဲ...ဟဲ...။ ဆရာကြီးတော့မဟုတ်ပါ။ သိပ်အထင်မကြီးကြပါနဲ့။ အခုတော့လည်း တစ်ချို့ပုဂ္ဂိုလ်တွေ စလောင်းပြန်တပ်နေကြပြီလို့ ကြားပါတယ်။ တစ်ချိန်က အခုပဲ အစိုးရက အိမ်ပေါ်တက်ပြီး ချလံပဲ ဖြတ်တော့မလို ကြေညာနေတဲ့ ပြည်ပမီဒီယာတွေကလည်း အခုတော့ လျှောချသွားကြပါပကော။ တရားဝင်သတင်း ဘာမှမထုတ်ပြန်သေး ခင် ဖြုတ်လိုက်ကြတဲ့သူတွေကတော့ ဖြုတ်ခနဲ့ ပြန်တပ်ခ ၁ဝဝဝဝ ကုန်သွားကြတာပေါ့။

အော်..လေရှည်နေတာနဲ့ ပြောမယ့်စကားတောင် ပျောက်ကုန်ပါပြီ။ အဲ..DVB က လွှင့်သွားတာက ဒီ/ချုပ်ရဲ့ လွတ်လပ်ရေးနေ့ အခမ်း အနားပါ။ အဝင်ဝမှာ ချိတ်ထားတာက ''၂ဝဝ၈ ခုနှစ်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး မုချပေါ်ပေါက်ရမည်'' တဲ့။ အဲဒါကို မြင်လိုက် တော့ Cypher တစ်ယောက် အတွေးနယ်ချဲ့မိပါတော့တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး။ သူတို့ ဘာကိုဆိုလိုပါလိမ့်။ ဘယ်အထိ များ ပြန်လည်သင့်မြတ်စေလိုပါလိမ့်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ လက်ရှိအစိုးရနဲ့ ဒီချုပ်အကြား သင့်မြတ်ရေးကို ဆိုလိုတာ များလား။ ဘာကြောင့်လဲဆိုတော့ Cypher ရဲ့အမြင်မှာ လက်ရှိ တိုင်းပြည်ရဲ့အခြေအနေက တစ်ကွဲတစ်ပြား ဝါးအစည်းပြေသလို ဖြစ်နေ တာမျိုး မဟုတ်တော့ပါဘူး။ လက်နက်ကိုင်အဖွဲ့အစည်း အတော်များများလည်း ဆွေးနွေးညှိနှိုင်းပြီးလို့ အစိုးရနဲ့ လက်တွဲနေကြပါပြီ။ အမျိုးသားညီလာခံကြီးလည်းပြီးလို့ အခြေခံဥပဒေမူကြမ်းတောင် စတင်ရေးဆွဲနေပါပြီ။ Cypher ရဲ့ အမြင်မှာတော့ ဒီ/ချုပ်ကြီးပဲ ကျန်ပါ တော့တယ်။ (အဲ..အဲ..နယ်စပ်က တစ်ချို့လက်နက်ကိုင်အဖွဲ့တွေရောပေါ့။ သူတို့ကတော့ ပြန်လည်သင့်မြတ်ဖို့ စိတ်ဝင်စားပုံ မရပါဘူး။ သူတို့ခေါင်းဆောင်ပိုင်းက ဟိုဘက်နိုင်ငံမှာ ပိုအဆင်ပြေတယ်လေ။)

တကယ်တော့ ဒီ/ချုပ်ဟာလည်း မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ လက်ရှိအစိုးရရဲ့ အကြီးဆုံးနဲ့ အဓိက အတိုက်အခံအဖွဲ့လည်း ဖြစ်ပါတယ်။ ပြိုင်ဘက်ရှိမှ တိုးတက်တယ်ဆိုတဲ့စကားလည်း ရှိနေတော့ ဒီ/ချုပ်ဟာ လက်ရှိအစိုးရ အတွက် အရေးပါတဲ့အဖွဲ့ဖြစ်တယ်လို့ Cypher ကတော့ မြင်ပါတယ်။ ဒါပေမယ့် ဒီ/ချုပ်ဘက်ကလည်း အတိုက်အခံကောင်းအဖြစ် ခံယူဖို့လိုအပ်ပါလိမ့်မယ်။ Cypher သိသလောက်တော့ လက်ရှိအစိုးရ အဖွဲ့ဝင်တွေက ဒီ/ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူ အဖြစ် မမြင်ကြပါဘူး။ ဒီ/ချုပ်ဘက်ကလည်း ဒီလိုအမြင်မျိုး ရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုဆိုရင်တော့ ကြော်ငြာတစ်ခုထဲက ဦးကျော်ဟိန်းရဲ့လေသံကိုယူပြီးပြောရရင် ''ကဲ..ဘာလိုသေးလဲ ဦးကြီးရယ်''။

အဲဒီတော့ လက်ရှိအစိုးရနဲ့ ဒီ/ချုပ်အစား၊ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆွေးနွေးညှိနှိုင်းကြဖို့ပဲ ရှိတော့တာပေါ့။ ဒီလို ဆွေးနွေးကြရာမှာ ဒီ/ချုပ်အနေနဲ့ ခံယူစေချင်တာက ညှိနှိုင်းမှုဆိုတာ သူ့ဘက်ကိုယ်ဘက် အပြန်အလှန် အလျှော့ပေးရတာမျိုး ဖြစ်တယ် ဆိုတာကိုပါပဲ။ ဒီ/ချုပ်တစ်ဖွဲ့တည်း (ကျန်အဖွဲ့တွေကတော့ နိုင်ငံရေးပါတီရယ်လို့ သတ်မှတ်လို့မရတဲ့အတွက် မပြောလိုပါ) မကြိုက်တာ နဲ့ပဲ အခြားတိုင်းရင်းသားအဖွဲ့အစည်း အများအပြားက လက်ခံသဘောတူထားပြီးဖြစ်တဲ့ အမျိုးသားညီလာခံနဲ့ လမ်းစဉ် (၇) ရပ်ကို အကျောက်အကန် ငြင်းနေတာမျိုးဟာ စေ့စပ်ညှိနှိုင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီ/ချုပ်အနေနဲ့ ခေါင်းအေးအေး ထားပြီး အမျိုးသားညီလာခံက ချမှတ်ထားတဲ့မူတွေ၊ အသေးစိတ်အခြေခံရမယ့်မူတွေကို ပြန်လည်သုံးသပ်စေချင်ပါတယ်။ ပြည်သူတွေ အတွက် အကျိုးယုတ်မယ့်အချက်တွေ လုံးဝမပါဝင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြုချင်တာကတော့ ကိုယ့်ကိုယ်ကို မြန်မာ့နိုင်ငံရေးရဲ့ အချက်အခြာ (Political Center) အဖြစ် မခံယူထားဖို့ပါ။ ဒါဟာ သူမအတွက် ဝန်လေးစေပါလိမ့်မယ်။ ပြည်တွင်း အဖွဲ့အစည်းတွေကလည်း သူမအပေါ် ဒီလိုမမြင်ဘူးဆိုတာ ဂမ်ဘာရီက သူမရဲ့ကြေညာချက်ကို စင်္ကာပူမှာ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း သူတို့ရဲ့ထုတ်ပြန်ချက်တွေကို ကြည့်ရင်သိနိုင်ပါလိမ့်မယ်။ ဒီလို ခံယူချက်လေးတွေရှိလာပြီဆိုရင်တော့ ဒီ/ချုပ်ရဲ့ ၂ဝဝ၈ ခုနှစ် မျှော်မှန်း ချက်ဟာ အမှန်တကယ်ဖြစ်လာနိုင်စရာ ရှိတယ်လို့ ထင်မြင်ယူဆမိပါကြောင်း။ ။

(Cypher တစ်ယောက်တော့ မနေနိုင်မထိုင်နိုင် လျှာရှည်လိုက်ပြန်ပါပြီ။ အဆဲခံရဖို့ကတော့ မြင်ယောင်နေပါသေးတယ်။)

Technorati Technorati tags: , , , | |

ဖတ်ရှုသူတို့၏ မှတ်ချက်များ

Weblog Commenting and Trackback by HaloScan.com