Friday, March 28, 2008

Cypher ဘလော့ဂ် ရှင်းလင်းပွဲ ၂/၂၀၀၈

ကဲ… ၁/၂၀၀၈ မှာ ကျန်နေသေးတဲ့ ရှင်းစရာလေးတွေကို ဆက်ရှင်းဦးပါမယ်။ အခု ကျွန်တော် ရှင်းလင်းမယ့် အချက်တွေဟာ အမျိုးသား ညီလာခံက ချမှတ်ခဲ့တဲ့ အခြေခံရမယ့် မူတွေကို လေ့လာပြီး ကျွန်တော် တွေ့ရှိရတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ ရေးထားတာတွေပါ။ လွတ်လပ်စွာ အမြင်ကွဲလွဲနိုင်ပါတယ်။ အပြုသဘောမဆန်တဲ့ စကားမျိုးတွေကိုတော့ လက်မခံနိုင်ပါခင်ဗျာ။

မဇ္ဈိမက မောင်လူအေးရဲ့ post မှာ အခြေခံရမယ့်မူတွေကို လေ့လာဆန်းစစ်ပြထားတာတွေ့ရတော့ ကျွန်တော်ကလည်း ဆရာကြီးပုံစံနဲ့ လိုက်ပြီးလေ့လာခဲ့ပါတယ်။ ပြီးတော့ မောင်လူအေးနဲ့ လွတ်လပ်စွာ သဘောထားချင်း ကွဲလွဲမိပါတယ်။ ကဲ.. တစ်ချက်ချင်း ဆွေးနွေးကြည့်ကြရအောင်။

၁။ စစ်မှန်သော ပါတီစုံစနစ် ဟုတ်မဟုတ်

မောင်လူအေးက အခုချမှတ်မယ့်စနစ်က ပါတီစုံစနစ် မပေါ်လွင်ဘဲ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် သွယ်ဝိုက် အကောင် အထည်ဖော်ထားခြင်းဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ ကျွန်တော်ကတော့ ဒါဟာ အရမ်းအဆိုးမြင်လွန်းတယ်လို့ ထင်ပါတယ်။

ရွေးကောက်ပွဲတစ်ခုတွင် အနိုင်ရပါတီဆိုသည်မှာ လွှတ်တော်အမတ်နေရာ အများဆုံးရရှိသည့် နိုင်ငံရေးပါတီကို ဆိုလိုခြင်း ဖြစ်ပါတယ်။ လွှတ်တော်အမတ်နေရာ ဒုတိယအများဆုံးရရှိသည့် နိုင်ငံရေးပါတီကို အတိုက်အခံပါတီလို့ ခေါ်ပါတယ်။ ပြတ်ပြတ်သားသား အနိုင်မရပါက ညွန့်ပေါင်းအစိုးရ ဖွဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့စနစ်ဟာလည်း ထပ်တူမကျပေမယ့် ထိုနည်းနှင်နှင်ပါဘဲ ခင်ဗျာ။ အခြားနိုင်ငံများတွင်လည်း အနိုင်ရပါတီဟာ နိုင်ငံ့ခေါင်းဆောင်ကို တိုက်ရိုက်ခန့်အပ်၍ မရနိုင်ပါ။ လွှတ်တော်ရဲ့ အတည်ပြုရွေးချယ်မှုသာ ဖြစ်ပါတယ်။ ဥပမာ - အနီးဆုံး ထိုင်းနိုင်ငံကို ကြည့်ပါကုန်။ PPP ဟာ ရွေးကောက်ပွဲမှာ အမတ်နေရာ အများအပြားနဲ့ အနိုင်ရခဲ့ပေမယ့် PPP ခေါင်းဆောင် ဆမက်ဟာ ၀န်ကြီးချုပ်ရာထူးကို တန်းမရခဲ့ပါ။ လွှတ်တော်တွင်း ၀န်ကြီးချုပ်ရွေးချယ်ပွဲမှာ ဒီမိုကရက်ပါတီက အက်ဘ်ဟီးဆစ်နဲ့ ယှဉ်ပြိုင် ခဲ့ရပါသေးတယ်။ ဒါပေမယ့် အမတ်နေရာအများအပြားကို ချုပ်ကိုင်ထားတဲ့ PPP ဟာ ဆမက်ကို ၀န်ကြီးချုပ်ဖြစ်အောင် တွန်းတင် ပေးနိုင်ခဲ့ ပါတယ်။ ဒီလိုပါပဲ။ မြန်မာနိုင်ငံမှာ သမ္မတရွေးချယ်ရေးအဖွဲ့နဲ့ ရွေးမှာဖြစ်ပေမယ့် လွှတ်တော်နှစ်ရပ်အတွင်း အမတ်နေရာအများဆုံး ရထားတဲ့ နိုင်ငံရေးပါတီဟာ သမ္မတရွေးချယ်ရေးအဖွဲ့မှာလည်း ပါဝင်သူ ဦးရေများမှာဖြစ်တဲ့အတွက် တစ်ခြားပါတီနဲ့ယှဉ်ရင် အခွင့်အလမ်း သာမှာကတော့ ရှင်းရှင်းလေး မြင်နိုင်ပါတယ်။

ပြည်နယ်/တိုင်း လွှတ်တော်အတွင်းရေးမှူးနဲ့ပတ်သက်လို့တော့ ကျွန်တော် ဖတ်ကြည့် နားလည်သလောက်တော့ ပြည်နယ်/တိုင်း အထွေထွေအုပ်ချုပ်ရေးဌာနဆိုတာ သက်ဆိုင်ရာ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ရုံးကို ဆိုလိုတာပါ။ အဲဒီ ပြည်နယ်/တိုင်း အစိုးရအဖွဲ့အတွက် ပြည်နယ်/တိုင်း ၀န်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေထဲက ရွေးချယ်ခန့်ထားမှာဖြစ်ပြီး အဲဒီ ၀န်ကြီးချုပ်ကမှ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒီတော့ ပြည်နယ်/တိုင်း လွှတ်တော်ကို ဖွဲ့စည်းပြီးမှသာ အဲဒီ ပြည်နယ်/တိုင်းရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနကို ဖွဲ့စည်းမှာဖြစ်တဲ့အတွက် အထွေထွေအုပ်ချုပ်ရေးဌာနရဲ့ အကြီးအကဲ (မောင်လူအေးရဲ့ အသုံးအနှုန်းအရ အုပ်ချုပ်ရေးမှူး) က လွှတ်တော်အတွင်းရေးမှူးဖြစ်လာမလား လွှတ်တော်အတွင်းရေးမှူးကမှ အထွေထွေ အုပ်ချုပ်ရေး ဌာန အကြီးအကဲဖြစ်မလားဆိုတာ အရှင်းကြီးပါ။ ဒါကြောင့် လွှတ်တော်အတွင်းရေးမှူးကို ပုံသေသတ်မှတ်ထားခြင်း မဟုတ်ပဲ လွှတ်တော် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မယ့် လွှတ်တော်ကိုယ်စားလှယ်ဟာ သက်ဆိုင်ရာ ပြည်နယ်/တိုင်း အုပ်ချုပ်ရေးဌာနရဲ့ အကြီးအကဲအဖြစ် လည်း ဆောင်ရွက်ရမယ်လို့ ဆိုလိုခြင်းသာ ဖြစ်ပါတယ်။

၂။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဟုတ်မဟုတ်

မောင်လူအေး ဘာကို ဆိုလိုပါသလဲခင်ဗျာ။ လွှတ်တော်တွင်းမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ခြင်းကြောင့် စည်းကမ်းမပြည့်ဝဟု ဆိုလိုပါသလား။ ကျွန်တော်အမြင်အရတော့ စည်းကမ်းပြည့်ဝသော ဆိုတဲ့ အသုံးအနှုန်းဟာ ပါလီမန်ခေတ်ကလို နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲတွင်း အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်သောင်းကျန်းသူတွေ၊ တရားမ၀င် မြေအောက်အဖွဲ့အစည်း တွေနဲ့ ပူးပေါင်း။ မဲဆန္ဒရှင်တွေကို ရွာလုံးကျွတ် သေနတ်နဲ့ထောက် ကိုယ်လိုရာပါတီကို မဲပေးခိုင်းတာမျိုး၊ ဆန္ဒမဲပုံးတွေကို လမ်းက ဖြတ်လု တာမျိုး။ မဲပုံးတွေ အခိုးခံရတာမျိုး မဖြစ်အောင် ထိန်းသိမ်းမယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ထင်ပါတယ်ခင်ဗျာ။

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို ဘယ်နိုင်ငံကမျှ မကျင့်သုံးသေးဘူးလို့ ဆိုထားတာ တွေ့ရပါတယ်တဲ့။ ဒီလိုဆို ကျွန်တော်ကလည်း ပြန်မေးချင်ပါတယ်။ ဘယ်နိုင်ငံရဲ့ ဒီမိုကရေစီဟာ ဒီမိုကရေစီစံ ဆိုတာတွေနဲ့ ညီညွတ်ပါသလဲ။ ဒီမိုကရေစီကို ရေလဲ သုံးနေတဲ့ အမေရိကန် မှာတောင် သူတို့ကိုယ်တိုင်ရဲ့နှုတ်ကထွက်တဲ့ ဒီမိုကရေစီစံတွေနဲ့ မကိုက်ဘူးဆိုတာ လေ့လာကြည့်ရင် သိမှာပါ။

၃။ နိုင်ငံတော်အစိုးရဖွဲ့စည်းပုံ

မှန်ပါတယ်။ သမ္မတဟာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ကာကွယ်ရေးနဲ့ လုံခြုံရေးဝန်ကြီးတွေကို ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အကြံပြုချက်နဲ့ ခန့်အပ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ကိုက်ညီပါတယ်။ ဖော်ပြပါ ၀န်ကြီးဌာနများဟာ စစ်ရေးစစ်ရာနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုသို့ ဆောင်ရွက်ရန်အတွက် လက်ရှိအချိန်မှာ အသင့်လျော်ဆုံးနဲ့ အကျွမ်းကျင်ဆုံးဟာ တပ်မတော်သားများသာ ဖြစ်ပါတယ်။ အမှန်တကယ် အတ္တရှင်းရှင်းနဲ့ ကြည့်မယ်ဆိုရင် တပ်မတော်သားများလောက် အုပ်ချုပ်ရေးနဲ့ စစ်ရေးမှာ well-trained ဖြစ်သူတွေ အရပ်သားများအတွင်းမှာ မရှိတာကို တွေ့မှာပါ။ အဲ.. ရှိခဲ့ရင်လဲ အဲဒီပုဂ္ဂိုလ်တွေဟာ အငြိမ်းစား စစ်မှုထမ်း၊ သို့မဟုတ် အခြားလက်နက်ကိုင် အမှုထမ်းတစ်ဦးဦးပဲ ဖြစ်ပါလိမ့်မယ်။

ထိုဝန်ကြီးသုံးဦးဟာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုဦးစီးချုပ်တို့ရဲ့ လက်အောက်ခံဖြစ်နေတယ်ဆိုတဲ့အချက်ကို ကျွန်တော် လက်မခံနိုင်ပါ။ အဆင့်အတန်း ညီမျှမှုအရတော့ ၀န်ကြီးသုံးဦးဟာ ဦးစီးချုပ်နှစ်ဦးထက် နိမ့်တာ မှန်ပါတယ်။ ဒါပေမယ့် ဒီလူတွေ အဓိက တာဝန်ခံကြရ မှာကတော့ နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတနှစ်ဦးကိုသာ ဖြစ်ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်နှစ်ဦးဟာ ဆိုင်သာဆိုင်ပြီး မပိုင်ဘူးလို့ ပြောနိုင်ပါတယ်။

၎။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ

ဒါလည်း မှန်ပါတယ်။ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်အရေအတွက် ပိုများပါတယ်။ ဒါတောင် ၁၁ ယောက်မှာ ၆ ယောက်ဆိုတော့ ၁ ယောက်သာ ပိုတယ်လို့ ဆိုနိုင်ပါတယ်။ ဒါအတွက် သိပ်လည်း စိတ်ပူဖို့ မလိုပါ ခင်ဗျာ။ NDSC ဟာ amnesty နဲ့ pardon ပေးဖို့အတွက် သမ္မတကို အကြံဥာဏ်ပေးနိုင်ပြီး ကာကွယ်ရေးဦးစီးချုပ် ခန့်ထားဖို့လည်း အကြံဥာဏ်ပေးနိုင်ပါတယ်။ ဒါကတော့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် တစ်ဦး ရွေးချယ်ဖို့ဟာ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များက အကြံဥာဏ်အပေးနိုင်ဆုံးဖြစ်လို့ပါဘဲ။ ဒီလို အာဏာတွေ ရှိတာနဲ့ပဲ နိုင်ငံတော် အစိုးရထက် အဆင့်မြင့်တယ်လို့ ဆိုနိုင်ပါသလား။ တကယ့်နိုင်ငံတော်အာဏာဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ အာဏာကြီး သုံးရပ်ဟာ လွှတ်တော်ကြီးနှစ်ရပ်နဲ့ ပြည်နယ်/တိုင်း လွှတ်တော်များစီမှာ ရှိနေပါတယ်။ NDSC ဟာ လွှတ်တော်ရဲ့ တိုက်ရိုက် ထိန်းချုပ်မှုအောက်မှာ မရှိဘူးလို့ဆိုနိုင်ပေမယ့် ယင်းအဖွဲ့မှာ လွှတ်တော်နှစ်ရပ်ရဲ့ ဥက္ကဋ္ဌတွေ ပါဝင်ပါတယ်။ နောက် လွှတ်တော်နှစ်ရပ်က တင်မြှောက်ထားတဲ့ သမ္မတနဲ့ ဒုသမ္မတ သုံးဦးပါဝင်ပါတယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းအဟာ လွှတ်တော်နဲ့ လုံးဝသီးခြားရပ်တည် နေတာ မျိုးတော့ မဟုတ်ပါ။ Lateral relationship သဘောမျိုးပါ။ ဥပမာပေးရရင် ကုမ္ပဏီတစ်ခုက MD၊ Secretary နဲ့ GM တွေရဲ့ ဆက်ဆံမှု မျိုးပါ။ Secretary ဟာ GM ရဲ့အုပ်ချုပ်မှုအောက်မှာ မရှိပါဘူး။ သူဟာ MD ကို တိုက်ရိုက် အကြံဥာဏ်ပေးနိုင်ပါတယ်။ သို့ပေမယ့် လုပ်ငန်း ပိုင်းမှာတော့ GM ကို ကျော်လို့ ရလိမ့်မယ် ထင်ပါသလားခင်ဗျာ။ GM နဲ့ Secretary က အမျိုးတော်ရင်ကောလို့တော့ ကပ်သတ်ပြီး မပြောပါ နဲ့ဗျာ။

၅။ ပြည်ထောင်စု ဟုတ်မဟုတ်

ဒီနေရာမှာ Union နဲ့ Federal States ဆိုတာကို ကွဲကွဲပြားပြား သိဖို့ လိုပါလိမ့်မယ်။ ကျွန်တော့်အမြင်တော့ Union ဆိုတာ သီးခြား ပြည်နယ်/တိုင်းအစိုးရများက ဗဟို ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလို့နားလည်ပါတယ်။ Federal States ဆိုတာကတော့ ဗဟိုအစိုးရထံမှ အကြံဥာဏ်နှင့် အထောက်အပံ့များ မယူသလောက်နဲ့ ပြည်နယ်/တိုင်းအသီးသီးမှ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြရမှာ ဖြစ်ပါ တယ်။ ဒီတော့ Federal မူကိုမှ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်လို့ ရှုမြင်နေတဲ့ မောင်လူအေးကို မေးလိုတာက ဒီလို ကိုယ့်ကြမ္မာကိုယ် ဖန်တီးဖို့ ကျွန်တော်တို့ရဲ့ ပြည်နယ်/တိုင်းတွေမှာ အရည်အချင်း ပြည့်စုံပါပြီလား ဆိုတာပါပဲ။ ချင်းပြည်နယ်တို့ ကယားပြည်နယ်တို့လို ဒေသတွေဟာ ဗဟိုအစိုးရရဲ့ အကူအညီမယူဘဲ မိမိ ဒေသကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တယ်လို့ ပြောလာရင်တော့ အဲဒီလို ပြောလာ သူကို ကျွန်တော်ကတော့ သမီး ယောက်ျားယူပြီး ကလေးမွေးနိုင်ပါပြီလို့ လာပြောတဲ့ ၈ နှစ်သမီးလေးကို ကြည့်သလိုသာ ကြည့်လိုက်ချင်ပါ တော့တယ်။ ဒါကြောင့် ဒီလို Federal မူမရတာနဲ့ဘဲ မြန်မာနိုင်ငံဟာ အကျဉ်းတန်နိုင်ငံ ဖြစ်သွားနိုင်တယ်ဆိုတဲ့ မောင်လူအေးဟာ ရှမ်း စော်ဘွားတွေနဲ့များ အမျိုးတော်လေသလားလို့ တွေးမိပါတယ်။ မောင်လူအေးတစ်ယောက် မြန်မာပြည်ကို ပြန်မရောက်တာ အတော်ကြာပြီ ထင်ပါရဲ့။ ပြန်လာကြည့်လှည့်ပါဗျာ။ ခင်ဗျားတို့အထင်ကြီးတဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ပင်ထားမှုတွေသာ မရှိရင် မြန်မာနိုင်ငံဟာလည်း ညံ့လှတာမဟုတ်ပါဘူးဗျ။ မြန်မာပြည်မှာ ပျော်လွန်းလို့ နေနေတဲ့ နိုင်ငံခြားသားတွေ အများကြီးရှိပါတယ်ဗျာ။

၆။ NLD ဘာကြောင့် အမျိုးသားညီလာခံမှ နှုတ်ထွက်ခဲ့သလဲ

ဒီအခန်းကို ဖတ်ကြည့်တော့ မောင်လူအေးလည်း အဓိကအကြောင်းအရင်းကို သေချာသိပုံ မပေါ်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း မသိပါ။ သူတို့ကိုယ်တိုင်ကလွဲရင် ဘယ်သူမှ သိမှာလည်းမဟုတ်ပါ။ မောင်လူအေး ဖော်ပြထားသလို အချက် ၆ ချက်ကြောင့် ဆိုပါရင် အဲဒီအချိန်တုန်းက ဒီ/ချုပ်ဟာ ဘာကြောင့်များ ဒီအချက်တွေကို မပြောဘဲ အစိုးရအနေနဲ့ အမျိုးသားညီလာခံကို ပစ်ပယ်လို့ သူတို့နဲ့ သီးခြားတွေဆုံရမယ်တို့၊ လွှတ်တော်ကို ဇွတ်ခေါ်မယ်တို့ ပြောခဲ့ကြရတာပါလိမ့်ဗျာ။ ဒါတော့ အဲဒီပုဂ္ဂိုလ်တွေပဲ အသိဆုံးဖြစ်မှာပါ။

၇။ ပြည်ထောင်စုဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်း

ပြောစရာမရှိပါ။ မောင်လူအေးမှလည်း သိပ်ပြောထားခြင်းမရှိပါ။ ပြည်နယ်/တိုင်း ၀န်ကြီးချုပ်များဟာ သူတို့ကို ရွေးချယ် ခန့်ပေးထားသူ နိုင်ငံတော်သမ္မတကို အာ,မခံရဲမည်ကို တွေးပူပုံရသည်။ အတိုက်အခံပြုသည်နှင့် အာခံသည်ဆိုသည်မှာ ကွဲလွဲမှု များစွာရှိပါသည်။ အတိုက်အခံပြုသည်ဆိုသည်မှာ အမြင်မတူသည်ကို တင်ပြခြင်းဖြစ်ပြီး အာခံခြင်းမှာ မထီမဲ့မြင်နှင့် လုပ်သမျှအား ကန့်လန့်တိုက်ခြင်းကို ဆိုလိုပါသည်။ ခွဲခြား ရှုမြင်စေလိုပါသည်။

၈။ စစ်တပ်၏ အခန်းကဏ္ဍ

မှန်ပါသည်။ စစ်တပ်ဟာ အခုမှ နိုင်ငံ့အရေးကို ပါဝင်ပတ်သက်ခြင်း မဟုတ်ပါ။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ဟာ စစ်သားတစ်ယောက် ဖြစ်ပါသည်။ အိန္ဒိယမှ ဂန္ဒီကြီးကဲ့သို့ အရပ်သားတစ်ဦး မဟုတ်ပါ။ မြန်မာနိုင်ငံအတွင်း ကူမင်တန်တပ်များ ကျူးကျော် ၀င်ရောက်လာရာတွင်လည်း စစ်တပ်မှ တိုက်ထုတ်ခဲ့ခြင်းသာ ဖြစ်ပါသည်။ အမြင်ချင်းမတူလို့ လက်နက်တွေ ကိုင်စွဲပြီး အချင်းချင်း ပစ်ကြခတ်ကြ ဖြစ်နေတဲ့အချိန်မှာ ငြိမ်းချမ်းရေး အတွက် ဦးဆောင်ဆွေးနွေးပေးခဲ့တာလည်း စစ်တပ်ပါပဲ။ ဘယ်နိုင်ငံရေး ပါတီမှ မပါ,ပါခင်ဗျာ။ မိုင်းယန်း-မဲသဝေါတို့၊ စီစီ-၀မ်တာပန်တို့၊ မာနယ်ပလောတို့မှာ သွေးချောင်းစီးခဲ့တုန်းကလည်း ဒီစစ်တပ်ထဲက စစ်သားတွေရဲ့ သွေးတွေပါပဲ။ အဲ.. တစ်ဖက်က ပြန်တိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ပါတာပေါ့လေ။

ပါတီစုံ ဒီမိုကရေစီစနစ်မှာ စစ်တပ် ပါဝင်တာကို ဘယ်လိုမှ နားမလည်နိုင်ဟု ရေးသားထားခြင်းအတွက် ၀မ်းနည်းမိပါသည်။ ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူတို့အတွက် ပြည်သူများမှ အုပ်ချုပ်ခြင်း ဖြစ်ပါတယ်။ အဲဒီ ပြည်သူ ဆိုတဲ့အထဲမှာ စစ်သားများလည်း ပါဝင်ပါတယ်။ စစ်သားဆိုတာ အပြင်က ရောက်လာတဲ့ alien တွေ မဟုတ်ပါ။ မြန်မာနိုင်ငံမှာ စစ်သားတစ်ဦးဦးနဲ့ ဆွေးမျိုးတော်စပ်မှု လုံးဝမရှိတဲ့ မိသားစု ဘယ်နှစု ရှိမည်ထင်ပါသလဲ။ အလွန်ကို နည်းပါသည်ခင်ဗျာ။ ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံအခြေအနေကို ထိန်းသိမ်းရန် ခက်ခဲသဖြင့် နိုင်ငံ အုပ်ချုပ်ရေးတွင် စစ်တပ်မှ ပါဝင်နိုင်ရန် အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းနေကြသည်ကို လေ့လာစေလိုပါသည်။

၉။ အရေးပေါ်ကာလပြဌာန်းချက်

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများဟာ ကာကွယ်ရေးဦးစီးချုပ်အား လုံးဝလွှဲပေးရခြင်းမျိုးမဟုတ်ပါ။ အရေးပေါ်အခြေအနေ ကြေညာရန် ဆုံးဖြတ်ချက်ချ ကြေညာပြီးပါက ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူရမည် ဖြစ်ပါသည်။ လွှတ်တော်မှ လက်မခံပါက ယင်း အရေးပေါ်အခြေအနေ ကြေညာမှုအား ရုတ်သိမ်းရမည် ဖြစ်ပါသည်။ သမ္မတနှင့် ဒုတိယသမ္မတများသည် အုပ်ချုပ်မှု ညံ့ဖျင်းသဖြင့် နှုတ်ထွက်ပေးသင့်သည်မှာ မှန်ပါသည်။ သို့သော် နိုင်ငံတစ်နိုင်ငံသည် ဘောလုံးအသင်းတစ်သင်းကဲ့သို့ မန်နေဂျာတစ်ယောက် နှုတ်ထွက်သွားပါက နောက်တစ်ယောက် ချက်ချင်း ရှာဖွေ၍ မရပါ။ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရန် အချိန်ယူရပါသည်။ ထို့ကြောင့် ယင်းရွေးကောက်ပွဲမှ တက်လာမည့် သမ္မတနှင့် ဒုသမ္မတသစ်များ တက်မလာခင်အချိန်အထိ ယခင် ပုဂ္ဂိုလ်များက ဆက်လက်ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။ သို့မဟုတ်ပါက အုပ်ချုပ်မည့်အစိုးရ မရှိသောနိုင်ငံဘ၀ ရောက်သွားနိုင်ပါသည်။ အရေးပေါ်ကာလဆိုင်ရာအခန်းတွင် အရေးပေါ်အခြေအနေကြေညာချက်အား ပြန်လည်ရုတ်သိမ်းပြီး ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမည်ဟု ပါရှိပါသည်။

၁၀။ အခြေခံဥပဒေကို ပြင်ဆင်ခြင်း

အခြေခံဥပဒေဆိုသည်မှာ အလွယ်တကူ ပြုပြင်၍ ရကောင်းသည့်အရာမျိုး မဟုတ်ပါ။ မည်သည့်နိုင်ငံကမျှလည်း ထိုသို့ အလွယ်တကူ ပြုပြင်နိုင်အောင် ရေးဆွဲမထားပါ။ သို့သော်လည်း လုံးဝ ပြုပြင်၍မရသည်မျိုးလည်း မဟုတ်ပြန်ပါ။ ယခုအခန်းကို လေ့လာကြည့်ပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် နှစ်ဆယ်ရာခိုင်နှုန်းက ထောက်ခံတင်ပြလျှင် ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၃၃ ဦး လက်မှတ်ရေးထိုးရမည် ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၆၆၄ ဦးရှိပြီး အရပ်သား ကိုယ်စားလှယ် ၄၉၈ ယောက်ရှိပါသည်။ နိုင်ငံတစ်ခု၏ အရေးအပါဆုံး အခြေခံဥပဒေအား ပြင်ဆင်ရန်အတွက် ထိုမျှလောက် ပမာဏသော ပုဂ္ဂိုလ်များကတော့ ထောက်ခံရန် လိုအပ်ပါသည် ခင်ဗျား။ တပ်မတော်သား ကိုယ်စားလှယ်များမှာ ပြည်ထောင်စုလွှတ်တော်တွင် စုစုပေါင်း ၁၆၆ ယောက် (၂၅ %) ရှိသဖြင့် အဆိုပြု တင်ပြနိုင်သော်လည်း တကယ်တန်း ဆုံးဖြတ်ချက်ချသည့်အခါ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ထောက်ခံရမည် ဖြစ်သဖြင့် စစ်တပ်မှ လုပ်တိုင်း မဖြစ်နိုင်ပါ။ အရပ်သားများဘက်ကတော့ အရပ်သားကိုယ်စားလှယ် အားလုံးသာ တညီတညွတ်တည်း ထောက်ခံပါက စစ်တပ်မှ မည်မျှပင် ကန့်ကွက်စေကာမူ အခြေခံဥပဒေကို ပြင်ဆင်နိုင်မည် ဖြစ်ပါသည်။

၁၁။ လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ယောက်ပိုင်သူ

ကာကွယ်ရေးဦးစီးချုပ်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုသို့ ဆိုရပါလျှင် ပြည်သူများသည် ကိုယ်စားလှယ် ၆၆၄ ဦး ပိုင်ဆိုင်သည်ကို မမေ့စေ လိုပါ။ ယခင် ပြောခဲ့ပြီးသည့်အတိုင်းပင် စစ်သားဆိုသည်မှာလည်း မြန်မာပြည်သား မြန်မာ တစ်ဦးပင်ဖြစ်သည်ကို သတိချပ်စေလိုပါသည်။ နိုင်ငံတကာ စံချိန်စံညွှန်များဟု ဆိုထားသဖြင့် ပြောလိုသည်မှာ ဒီမိုကရေစီဆိုတာ ဒါတွေပါပဲဟု လျှပ်စစ်ပစ္စည်းများအား စံသတ်မှတ်သကဲ့ သို့ တစ်မျိုးတည်း သတ်မှတ်၍ မရနိုင်ပါ။ သင် နှစ်သက်ရာ ဒီမိုကရေစီနိုင်ငံနှစ်နိုင်ငံအား နှိုင်းယှဉ်ကြည့်ပါ။ မည်သည့်အခါမျှ ထပ်တူညီမည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးစနစ်ဆိုသည်မှာ သက်ဆိုင်ရာ နိုင်ငံအလိုက် လိုအပ်ချက် ကွဲလွဲသောကြောင့် ဖြစ်ပါသည်။

၁၂။ လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်များ

နယကအစိုးရသည် ဒီမိုကရေစီအင်အားစုများအား နှိပ်ကွပ်နေသည်ဆိုသည့်အဆိုကိုတော့ လက်မခံနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် မီဒီယာများမှ ကြေညာနေသည့် နိုင်ငံရေးအကျဉ်းသား ဆိုသူများမှာ ဒီ/ချုပ်နှင့် အခြားသော ပါတီ နှစ်ခုခန့်မှ အဖွဲ့ဝင်များသာ ဖြစ်ပါသည်။ နောက်ပြီး ထိုပုဂ္ဂိုလ်များတွင် အသေအချာ ထောက်ပြနိုင်လောက်သော ဥပဒေချိုးဖောက်မှုများ အမှန်ပင် ရှိပါသည်။ ၁/၂၀၀၈ post တွင် ဆိုခဲ့ပြီးသည့်အတိုင်း ၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံခဲ့သည့် ပါတီပေါင်းမှာ ၉၃ ခု ဖြစ်ပါသည်။ ပါတီများအပြင် အခြားသော နိုင်ငံရေးလေ့လာမှုအဖွဲ့များသည်လည်း လွတ်လပ်စွာ ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ခိုင်ဖြိုးနှင့်ပတ်သက်၍မူ ပြောလိုသည်မှာ ယင်းအဖွဲ့အစည်းသည် နိုင်ငံရေးပါတီ မဟုတ်ပါ။ အောက်ခြေ အသင်းဝင်များအတွင်း စည်းကမ်းဖောက်ဖျက် အကျင့်ပျက်ခြစားသူများ လုံးဝမရှိပါဟု မငြင်းလိုသော်လည်း ယင်းအသင်း၏ လမ်းစဉ်များတွင် ပြည်သူတို့ အကျိုးယုတ်စေရန် တစ်ခုမျှ မပါဝင်ပေ။ ရပ်ကွက် ကျေးရွာ သာရေးနာရေးများတွင် ဦးဆောင်သူများမှာ ပြည်ခိုင်ဖြိုးများ ဖြစ်နေတတ်ပါသည်။ ကျေးရွာ ရေပေးဝေရေး ဆိုလျှင်လည်း ၎င်းတို့ ပါဝင်နေပါသည်။ အခြားသော အချက်များရှိသော်လည်း ဘက်လိုက်သည့်ပုံစံမျိုး အထင်ရောက်နိုင်သဖြင့် မရေးသားလိုတော့ပါ။ ပြည်သူ့ စွမ်းအားရှင်အဖွဲ့နှင့်ပတ်သက်၍မူ ကျွန်တော် cypher သည် ယနေ့ အချိန်ထိ ယင်းအဖွဲ့ဝင်များအား မတွေ့မြင်ဖူးပါ။ မည်သို့သော ပုဂ္ဂိုလ် များအား ခေါ်ဝေါ်သည်ကိုလည်း မသိသဖြင့် မရှင်းလိုပါ။ မောင်လူအေး၏ "ငြိမ်းချမ်းရေးကို ငြိမ်းချမ်းစေနိုင်သည့် နည်းလမ်းများဖြင့်သာ ရယူရန်" ဆိုသည့်စကားကိုမူ သဘောကျ ထောက်ခံပါသည်။ ဆန္ဒပြသည်ဆိုကာ public property များအား ဖျက်ဆီးခြင်းသည် ငြိမ်းချမ်းရေးကို ထိခိုက်စေပါသည်။ မိမိနှင့် သဘောထားမတူသဖြင့် မိမိအား မထောက်ခံသူများအား အော်ဟစ် ဆဲဆို (၂၀၀၇ စက်တင်ဘာလ အတွင်းက ဘုန်းတော်ကြီးများအားပင် ထမီဝတ်ထား၊ သနပ်ခါးလိမ်းထား စသဖြင့် ထမီထုပ်များ၊ သနပ်ခါးတုံးများ ကျောင်းရှေ့လာချခြင်းပင် ရှိခဲ့) ကြခြင်းသည်လည်း ငြိမ်းချမ်းရေးနည်းလမ်း မဟုတ်ပါခင်ဗျား။

၁၃။ အခြေခံဥပဒေအား မည်ကဲ့သို့ အတည်ပြုမည်နည်း

ရှင်းပါသည်။ ပြည်သူ့ဆန္ဒဖြင့်သာ အတည်ပြုမည် ဖြစ်ပါသည်။ မောင်လူအေးအား ပြောလိုသည်မှာ အခြေခံဥပဒေတစ်ခု ခိုင်မာခြင်း မခိုင်မာခြင်းသည် ထောက်ခံသည့် ရာခိုင်နှုန်းနှင့် သတ်မှတ်၍မရပါ။ ယင်းအခြေခံဥပဒေတွင် ပါဝင်သည့် အချက်အလက်များဖြင့်သာ တိုင်းတာနိုင်ပါလိမ့်မည်။ ၁၉၇၄ ဖွဲ့စည်းပုံအား ဘာကြောင့် ဖျက်သိမ်းရပါသနည်းဟူမူ ပစ္စုပ္ပန်တွင် လက်တွေ့မကျတော့သောကြောင့် ဖြစ်ပါ၏။ တစ်ချိန်က မည်မျှပင် လူကြိုက်များခဲ့စေကာမူ အလုပ်မဖြစ်တော့သော အခြေအနေတွင် ယင်းကို ဖျက်သိမ်းရမည်သာ ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် လုံးဝ ပြီးပြည့်စုံသည့် အခြေခံဥပဒေဟူ၍ ယနေ့အချိန်ထိ မပေါ်ပေါက်ဖူးသေးပါ။

မောင်လူအေး၏ နောက်စကားလုံးတစ်ခုကို ထောက်ခံလိုပါသည်ခင်ဗျာ။ မိမိတစ်စု၊ တစ်ဖွဲ့တည်း သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် တည်း၏ အကျိုးစီးပွားကိုပဲ ကြည့်၍ မရနိုင်ပါ။ ဒီမိုကရေစီဟု ဆိုလာသည်နှင့် အများဆန္ဒအား ဦးစားပေးရမည်သာ ဖြစ်ပါသည်။ မိမိ တစ်ဦး၊ တစ်ပါတီတည်း မကြိုက်သည်နှင့် ကျန်အဖွဲ့အစည်းများမှ လက်ခံထားသော ညီလာခံကြီးနှင့် အခြေခံရမည့်မူများအား ဆန့်ကျင် ကန့်ကွက်ခြင်းသည် အတ္တစွဲ ကင်းရှင်းပါသည်ဟု ဒီ/ချုပ်မှ အာမခံနိုင်ပါ၏လော။ တွေ့ဆုံဆွေးနွေးရေးကို သွေဖီသည်ဆိုသည့်စကားကို နားမလည်နိုင်ပါ။ မည်သူနှင့် တွေ့ဆုံဆွေးနွေး ရပါမည်နည်း။ ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလိုပါသလော။ ဒီ/ချုပ်အား ဆိုလိုပါသလော။ မည်သူက မဆွေးနွေးဘဲ ကန့်လန့်တိုက်ခဲ့ပါသနည်း။ မေးခွန်းတွေ အများကြီး ပေါ်ထွက်လာနိုင်ပါသည်။

နိုင်ငံရေးဆိုသည်မှာ နိုင်ငံ့အရေးသာ ဖြစ်ပါသည်။ ပါတီအရေး မဟုတ်ပါ။ နိုင်ငံအတွင်းရှိ ပြည်သူများ၏ အကျိုးအတွက်သာ ဖြစ်စေလိုပါ သည်။ ဦးနုလက်ထက်ကကဲ့သို့ နိုင်ငံရေးသမားအချင်းချင်း မသင့်မြတ်သည်နှင့် ပြည်သူများအား မေ့ထားလိုက်ကြခြင်းမျိုး မဖြစ်စေလိုပါ။ အားလုံး၏အရေးဖြစ်သဖြင့် အလွန်အရေးကြီးပါသည်။ တစ်ယောက်အမှားကို တစ်ယောက်က ထောက်ပြနိုင်ရပါမည်။ မှားသူကလည်း မှားကြောင်း ၀န်ခံရဲရပါမည်။ ပြည်သူအတွက် အကျိုးရှိပါက မိမိအကျိုးအား ခေတ္တ မေ့ထားရန် လိုအပ်ပါသည်။ နိုင်ငံရေးသမားတစ်ဦး၏ အဓိကတာဝန်မှာ အာဏာရအောင် ကြိုးပမ်းခြင်း မဟုတ်ဘဲ ပြည်သူတို့အရေးအား စွမ်းစွမ်းတမံ ဆောင်ရွက်ပေးရန်သာ ဖြစ်သည်ကို နိုင်ငံရေးသမားကြီးများနှင့် နောင်ဖြစ်လာလတ္တံ့သော နိုင်ငံရေးသမား အလောင်းအလျာများ အထူးသတိချပ်ကြစေလိုပါသည်။

(Cypher လေ့လာနိုင်သလောက် လေ့လာပြီး ရေးသားထားခြင်းဖြစ်ပါတယ်။ မောင်လူအေးရဲ့ သုံးသပ်ချက်ကိုတော့ ဒီလင့်မှာသာ သွားဖတ်ကြပါတော့။ လုံးဝပြည့်စုံတယ်လို့တော့ မဆိုလိုပါ။ လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်။ ဒါပေမယ့် မမေ့စေချင်တာက "No Offence"။ အဲဒါတော့ လက်ခံမှာ မဟုတ်ပါဘူး။ သူတို့ကိုယ်သူတို့ နိုင်ငံရေးနားလည်တယ်လို့ ထင်တဲ့ တစ်ချို့ပုဂ္ဂိုလ်တွေက တစ်ဖက်လူပြောတာကို လုံးဝနားမထောင်ပဲ သူတို့ပြောချင်တာတွေကို စွတ်ပြော တတ်ကြလွန်းလို့ပါ။ ဒီလိုမျိုး negative ဆန်တဲ့ ပုံစံမျိုးကိုတော့ လက်ခံမည် မဟုတ်ပါကြောင်း…)

Technorati Technorati tags: , , , , | |

အပြည့်အစုံဖတ်ရန်

Wednesday, March 12, 2008

ရမ်ဘိုတွင် အကြောင်းသုံးပါး မရှိတော့ပြီလော


အက်ရှင်သူရဲကောင်းကြီး၏ တကြော့ပြန်ခရီးသည် သူရဲကောင်းမဆန်လှဘဲ ထိတ်လန့်စက်ဆုပ်ဖွယ် မြင်မကောင်းရှုမကောင်းများသာ ဖြစ်ခဲ့သည်။

ရမ်ဘိုသည် အက်ရှင်ဇာတ်ကားများ၏ ထုံးစံအတိုင်း ကမ္ဘာပေါ်ရှိ ဖိနှိပ်ချုပ်ခြယ်သူများအပေါ် ကြည့်ရှုသူများ၏ နာကြည်းမှုများအား အရှိန်တင်ပေးကာ ထိုပုဂ္ဂိုလ်များအား အပြတ်အသတ် အနိုင်ကြဲခဲ့သည်ဟု ကြည့်ရှုသူများ ခံစားရအောင် ဖန်တီးထားခဲ့သည်။

ဆီလ်ဗက်စတာ စတားလုံး၏ သေမင်းတမန် လေးသည်တော်အဖြစ်သရုပ်ဆောင်သော စတုတ္ထကားဖြစ်သည့် ရုပ်ရှင်တွင် ကျွန်ုပ်တို့၏ စကားနည်းသော သူရဲကောင်းကြီးက လူသတ်၊ ကိုယ်လက်များဖြတ်၊ ပြကွက်တစ်ခုတွင် ခေါင်းပင်ဖြတ်ပြခဲ့သည့် အခန်းများ မရောက်ခင်အထိတော့ ပရိသတ်များအား မြန်မာတို့၏ စိတ်မချမ်းမြေ့ဖွယ် ဒုက္ခများအပေါ် သနားစာနာရန် (ခါတော်မီ) ဆော်ဩခဲ့သည်။ ယင်းရုပ်ရှင်ဇာတ်လမ်းတွင် ဂျွန်ရမ်ဘို၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုများအား လူမှုရေးအရ မမျှတမှုများအပေါ် တုံ့ပြန်ခြင်းအဖြစ် ဖော်ပြခဲ့သည်။ ဆေးလိပ်အလွန်သောက်သော နေကာမျက်မှန်တပ်ထားသည့် ရက်စက်မှုတွင် သာယာနေသူတစ်ဦး ခေါင်းဆောင်သော မြန်မာလူဆိုးများကိုမူ အမျိုးသမီးများအား မုဒိမ်းကျင့်၊ ကလေးငယ်များအား မီးရှို့၊ ဖမ်းဆီးခံများအား မိုင်းများချထားသည့် လယ်ကွင်းများအတွင်း ဖြတ်ပြေးခိုင်း စသည်ဖြင့် ရက်စက်မှုများ ပြုလုပ်သူများအဖြစ် ပုံဖော်ထားသည်။

ရမ်ဘိုကိုယ်တိုင် မြန်မာနိုင်ငံအတွင်းသို့ ပို့ဆောင်ပေးခဲ့သော အမေရိကန် အကူအညီပေးရေးလုပ်သားအဖွဲ့ တစ်စုအား အဆိုပါ နေကာမျက်မှန်ဆရာကြီးက ဖမ်းဆီးသွားသောအခါတွင်တော့ သူရဲကောင်းကြီးနှင့် သူ၏ပရိသတ်အတွက် လူကျင့်ဝတ်အရ လူသတ်နိုင်သည့်အခွင့်အရေးအားလုံး မီးစိမ်းပြလိုက်သည့်ပုံ ပေါ်ပေသည်။ ချစ်ခြင်းမေတ္တာကိုပြသော အခန်းတစ်ခန်းတော့ တွေ့ခဲ့ရပေသည်။ ယင်းမှာ ဖမ်းဆီးခံရသူများထဲတွင် ပါဝင်သည့် ရွှေအိုရောင် ဆံပင်ပိုင်ရှင်မလေး (မင်းသမီး ဂျူလီဘန့်ဇ်) သည် သူမတွင် ဘာသာရေးနှင့်ဆိုင်သော လုပ်ငန်းတာဝန်များရှိသော်လည်း ရမ်ဘိုထံမှ အကြည့်မလွှဲနိုင် ဖြစ်ခဲ့ရသည့် အခန်းပင် ဖြစ်သည်။ (တစ်ခုပြောလိုတာကတော့ ဒီဇာတ်ကားကို စတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ်၊ ပူးတွဲ ထုတ်လုပ်၊ တွဲဖက် ရေးသားခဲ့တယ် ဆိုတာပါပဲ။)

သို့သော်လည်း ရမ်ဘိုသည် သူရဲကောင်းတစ်ဦးသဖွယ် ပြုမူသရုပ်ဆောင်ရန် ၀န်လေးပုံရပေသည်။ ၎င်းဦးဆောင်၍ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်သည့်အခါမှာတော့ အထူးပြုလုပ်ချက်များသည် (အနည်းဆုံး ကျွန်ုပ်တို့အတွက်တော့) ထူးဆန်းစွာပင် ကြည့်ရတာမတန်သလို ခံစားရစေပါသည်။ ၎င်း၏ ဇာတ်လမ်း ကျောရိုးသည် ခံ့ညားမှုမရှိဘဲ စိတ္တဇဆန်လှပေသည်။ ထိုင်းနိုင်ငံတွင် ထုံတုံတုံ အတတနှင့် ခိုကိုးရာမဲ့နေသော ၎င်းသည် မှိုင်တွေ ငေးနေတတ်သူဖြစ်ပြီး မြွေအလမ္ပါယ်ပြစားရန် မြွေဟောက်များဖမ်းဆီးခြင်းဖြင့် အသက်မွေးပြီး သူ၏ မြစ်ကြောင်းသွားလှေပေါ်တွင် သုန်သုန်မှုန်မှုန်နှင့် နေထိုင်တတ်သူဖြစ်သည်။ (၎င်း၏ ဆံပင်နှင့် အသားအရေသည် အလွန်ပင် လိုက်ဖက်ညီလှပေသည်။) ဒေသခံများ လာရောက်ခေါ်ယူသည့် အခါတိုင်း တောခြောက်ပေးရန်အတွက် လေ့ကျင့်ထားခဲ့ပြီး သူ၏ မူမမှန်သော စိတ်ခံစားမှုအား အလိုလိုက်ရန် အကြောင်းပြကောင်းတစ်ခုကို စောင့်ဆိုင်းနေပုံရသည်။

ယင်းသည် ကလင်းအိစ်ဝုဒ်မှ ပရိသတ်၏ထောက်ခံမှုထက် ပြစ်တင်ဝေဖန်မှုများသာ ရရှိခဲ့သော ၁၉၉၂ ခုနှစ်က "Unforgiven" ဇာတ်ကားကဲ့သို့သော ပို့စ်မော်ဒန်အက်ရှင်ဇာတ်ကားများတွင် ပါဝင်ခဲ့သည့် အဆိုးမြင်ဝါဒအား အမွေဆက်ခံယူခဲ့ခြင်းပင် ဖြစ်သည်။ သို့သော်လည်း စစ်အေးခေတ်က ကျွန်ုပ်တို့စတင် သိရှိခဲ့ကြသော ရမ်ဘိုအား မည်သည့်နေရာတွင်မျှ မတွေ့မြင်ခဲ့ရပေ။ ယခု ပွစိပွစိ ပြောဆိုနေသော လှေသမားကြီးသည် သူ၏ ရှေးယခင်ကရှိခဲ့သော သူရသတ္တိရှိသော အပြုအမူများ ပျောက်ဆုံးနေပုံ ရပေသည်။ ရမ်ဘိုတွင် အကြောင်းတရားတစ်ခုအတွက် လူသတ်ခြင်းမျိုး မရှိတော့ဘဲ စိတ်လှုပ်ရှားမှုတစ်ခုအတွက်သာ လူများကို သတ်ဖြတ်ခဲ့တော့သည်။ ၎င်း၏ နိမိတ်ပုံဆန်သော ပေါက်ကရစကားများသည်လည်း ရမ်ဘို၏စံနှုန်းများဖြင့် ကြည့်လျှင်ပင် မလိုအပ်ဘဲ အလွန်ရယ်စရာကောင်းနေပေသည်။

၎င်းက ဘာသာရေးဝန်ထမ်းတစ်ဦးအား "ခင်ဗျားမှာ အကျပ်အတည်းဖြစ်လာပြီဆိုရင် လူသတ်ရတာ အသက်ရှုရသလောက်ကို လွယ်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒါ ဘယ်လိုလူပါလိမ့်။ Rimbaud?

ဇာတ်လမ်းအစတွင် စစ်သားများမှ အရပ်သားများအပေါ် အကြမ်းဖက်နေသည့် မှတ်တမ်းဓါတ်ပုံများ ထည့်သွင်းခြင်းဖြင့် ထိုနိုင်ငံအတွင်းရှိ ဒုက္ခများအား ပရိသတ်မှ အာရုံစိုက်မိစေလိုသည်ဆိုကာ ကွန်ပျူတာ အထူးပြုလုပ်ချက်များဖြင့် မြန်မာများ၏ ခေါင်းများနှင့် ခြေလက်များ လေထဲတွင် ကျွမ်းထိုးလွင့်ပျံသွားပုံများပါ ပြသခဲ့သည့် မိချောင်းမျက်ရည် ကဲ့သို့သော အစီအစဉ်သည်လည်း ရယ်စရာကောင်းလှပေသည်။ ကြည့်ရှုသူ ပရိသတ်အား ကမ္ဘာ၏ အာဏာရှင်ဆန်သော ဒေသများတွင် မတရားမှုများအား မှန်မှန်ကန်ကန်ဖြစ်အောင် ကြမ်းကြမ်းရမ်းရမ်းဖြေရှင်းသည်ဟု ခံစားစေရမည့်အစား ကျွန်ုပ်တို့ပရိသတ်ကတော့ သစ္စာဖောက်ခံခဲ့ရ သကဲ့သို့သာ ခံစားခဲ့ကြရသည်။

ပြသချိန် ၉၃ မိနစ်ရှိသော ရမ်ဘိုသည် အယုတ္တအနတ္တစကားများ၊ ကြမ်းရမ်းသော ပြကွက်များ၊ စက်ဆုပ်ရွံရှာဖွယ် ပုံရိပ်များနှင့် လိင်မှုဆိုင်ရာကျူးလွန်မှုများ ပါဝင်သဖြင့် R အဆင့် သတ်မှတ်ခံခဲ့ရသည်။

(၂၀၀၈ ဇန်န၀ါရီ ၂၅ ရက်စွဲဖြင့် Washington Post တွင် ဖော်ပြခဲ့သော Desson Thomson ၏ A 'Rambo' Without a Cause? အား ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

Technorati Technorati tags: , , | |

အပြည့်အစုံဖတ်ရန်

Friday, March 7, 2008

Cypher ၏ ဘလော့ဂ်ရှင်းလင်းပွဲ ၁/၂၀၀၈

လူရှိန်အောင် ခေါင်းစဉ်ကို ကြီးကြီးကျယ်ကျယ် တတ်ထားလိုက်တယ်။ စိတ်မပူပါနဲ့ဗျာ ခေါင်းစဉ်ကို အားနာလို့ အဆင့်ရှိရှိရေးမှာပါ။ တလောလေးက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး ရေးမိတော့ စာဖတ်သူ တစ်ယောက်က C Box မှာ လင့်တစ်ခု လာပေးသွား ပါတယ်။ ဒါနဲ့ သွားဖတ်မိတော့ မဇ္ဈိမက မောင်လူအေးဆိုသူရဲ့ အမျိုးသားညီလာခံနဲ့ အသေးစိတ်အခြေခံမူတွေကို လေ့လာထားတာ တွေ့ရပါတယ်။ သုံးသပ်ချက်လေးတွေက စိတ်ဝင်စားစရာကောင်းပေမယ့် အဆိုးဖက်ကို အရမ်းမြင်လွန်းတယ်လို့ ထင်ပါတယ်။ ဒါနဲ့ Cypher လည်း ဒါကို ပြန်ရှင်းချင်တာနဲ့ ဟိုဟိုဒီဒီ စာအုပ်စာတမ်းတွေ ရှာဖွေဖတ်ရှုလိုက်ရပါတော့တယ်။ ကျန်းမာရေးအခြေအနေကြောင့် ရုံးကနေ နှစ်ပတ်ခွင့်ယူလိုက်တော့ အိမ်မှာ စာဖတ်ချိန် ပိုရသွားတာပေါ့။ မောင်လူအေးရဲ့ သုံးသပ်ချက်ကိုတော့ ဒီလင့်မှာသာ သွားဖတ်ကြပါတော့။ ကဲ.. စရှင်းတော့မယ်နော။

ပထမဆုံးရှင်းချင်တဲ့အချက်က ဒီ/ချုပ်က ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရရဲ့သားနဲ့ အဲဒီအချိန်က အာဏာပိုင် န၀တ အစိုးရက ဘာကြောင့် အာဏာလွှဲမပေးဘဲ သူတို့ကိုယ်တိုင်ဦးစီးပြီး အမျိုးသားညီလာခံ ကျင်းပခဲ့ရသလဲဆိုတဲ့အချက်ပါပဲ။ အဲဒီအချိန်က အခြေအနေကို ပြောပြ ချင်ပါတယ်။ ၁၉၈၈ စက်တင်ဘာလ ၂၇ ရက်နေ့မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြဋ္ဌာန်းပြီး မှတ်ပုံတင်စေခဲ့ရာမှာ ပါတီ ပေါင်း ၂၃၅ ပါတီအထိ ကော်မရှင်မှာ မှတ်ပုံတင်ခဲ့ကြတာတွေ့ရပြီး ရွေးကောက်ပွဲမှာ အမှန်တကယ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာက ၉၃ ပါတီ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာ နိုင်ငံရဲ့ လူဦးရေဟာ ၄၂ သန်းလောက်ပဲ ရှိပါတယ်။ အဲဒီအထဲက အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးခွင့်ရှိတဲ့သူက ၂၀၁၈၁၃၁၃ ယောက် ရှိပါတယ်။ တစ်နိုင်ငံလုံး မဲဆန္ဒနယ် ၄၉၂ နယ် သတ်မှတ်ခဲ့ပြီး လုံခြုံရေးအရ ၄၈၅ နယ်မှာပဲ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာရောက်မဲပေးခဲ့တဲ့သူက ၁၅၁၁၂၅၂၄ ယောက်ပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၇၄.၈၈ ရာခိုင်နှုန်း ပဲ မဲပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီထဲက ဒီ/ချုပ်ကိုယ်စားလှယ်တွေဟာ မဲပေါင်း ၇၉၃၄၆၂၂ ရပြီး အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် မောင်လူအေးရေးသလို ဒီ/ချုပ်က ၈၄ ရာခိုင်နှုန်းကျော် မဲရတာမဟုတ်ဘဲ ၅၂.၅၀ ရာခိုင်နှုန်းသာ မဲရခဲ့တာဖြစ်ပါတယ်။ ကဲ.. ဒါတွေ ထားပါတော့။ ဒီ/ချုပ်က မဲအများဆုံးနဲ့ နိုင်ခဲ့တာကတော့ ဟုတ်ပါတယ်။

ရွေးကောက်ပွဲအပြီးမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ လိုအပ်လာပါတော့တယ်။ အဲဒီမှာလည်း ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်သုံးစွဲမယ်လို့ ကြေညာခဲ့တဲ့ နိုင်ငံရေးပါတီ ၇ ခုရှိခဲ့ပါတယ်။ အခြေခံဥပဒေသစ် ရေးဆွဲမယ်လို့ ကြေညာခဲ့တာက ၃၁ ပါတီရှိပြီး အဲဒီလိုပဲ ယူဆနိုင်တဲ့ပါတီက ၄၄ ပါတီရှိပါတယ်။ ၁၉၇၄ အခြေခံဥပဒေကို ပြင်ဆင်သုံးစွဲလိုတဲ့ နိုင်ငံရေးပါတီ မရှိခဲ့ပါဘူး။ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး သဘောထား လုံးဝ မဖော်ပြခဲ့တာက ၁၁ ပါတီ ရှိပါတယ်။ အဲဒီတော့ အခြေခံဥပဒေသစ်ရေးဆွဲလိုတဲ့ပါတီအရေအတွက်က အများဆုံးဆိုတာတွေ့ရပါတယ်။

အဲဒီအချိန်မှာပဲ တပ်မတော်အစိုးရက ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ ကြေညာချက်အမှတ် ၁/၉၀ ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်မှာ ပါတာတွေကတော့ "နိုင်ငံရေးပါတီတစ်ရပ်သည် ပြည်သူ့လွှတ်တော်တစ်ရပ် ပေါ်ပေါက်ရုံဖြင့် ဥပဒေပြုမှုအာဏာ၊ စီမံ ခန့်ခွဲမှုအာဏာနှင့် တရားစီရင်မှုအာဏာဟူသော အချုပ်အခြာအာဏာသုံးရပ်ကို အလိုအလျောက် မရရှိဘဲ အခြေခံဥပဒေတစ်ရပ်အပေါ် အခြေခံပြု၍သာ ရယူနိုင်ကြောင်း" "ပြည်သူများက ရွေးကောက် တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂါတ် ဒီမိုကရေစီ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသူများဖြစ်သည်" "ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ နိုးကြားလာသော တိုင်းရင်းသားလူမျိုးများ အများအပြားရှိရာ ၎င်းတို့၏ ဆန္ဒသဘောထားကို ညှိနှိုင်းရယူပြီး ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် အထူးလိုအပ်နေသည်" စသည်ဖြင့် ဖြစ်ပါတယ်။ အဲဒီအချိန်ကသာ ဒီ/ချုပ်က တိုင်းရင်းသားကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီး အမျိုးသားညီလာခံ ကျင်းပခဲ့ရင် အခုချိန်မှာ အခြေခံဥပဒေဆိုတာ အတည်ပြုပြီးလို့ အစိုးရအဖွဲ့သက်တမ်း ၃ ဆက်လောက် တော့ ရှိနေလောက်ပါပြီဗျာ။ ဒါပေမယ့် ဒီ/ချုပ်ကြီး ဘာလုပ်ခဲ့သလဲ ဆက်ကြည့်ကြရအောင်။

၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ဒီ/ချုပ်က ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ အစည်းအဝေး ပြုလုပ်ခဲ့ကြပြီး ဂန္ဒီခန်းမကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ကြပါတယ်။ အဲဒီစာတမ်းမှာ ဒီ/ချုပ်က ပြည်သူ့လွှတ်တော်ကို စက်တင်ဘာလအတွင်း ခေါ်ယူ ပေးဖို့၊ သူတို့ပါတီက ရေးဆွဲထားတဲ့ ၁၉၉၀ ပြည့်နှစ် ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ အာဏာလွှဲပြောင်းပေးဖို့၊ ပြည်သူ့ လွှတ်တော်မှာ အာဏာရရှိပြီးမှ အခြေခံဥပဒေသစ်ကို ပြည်သူ့လွှတ်တော်က ဆက်လက်ရေးဆွဲဖို့ စတဲ့အချက်တွေကို တောင်းဆိုထားခဲ့ ပါတယ်။ ဒီအချက်တွေကို ကြည့်တဲ့အခါ တိုင်းရင်းသားကိုယ်စားလှယ်တွေအပါအ၀င် ကိုယ်စားလှယ်ပေါင်း ၁၀၈၁ ယောက်အထိ တက်ရောက်ခဲ့တဲ့ အမျိုးသားညီလာခံကို အဖွဲ့အစည်းပေါင်းစုံမပါဝင်ဘူးလို့ စွပ်စွဲနေတဲ့ ဒီ/ချုပ်ဟာ ယာယီအခြေခံဥပဒေကို သူ့တစ်ပါတီ တည်းက ရေးဆွဲပြီး အခြေခံဥပဒေသစ်ကိုတော့ ပြည်သူ့လွှတ်တော်ကပဲ ရေးဆွဲဖို့ ကြိုးစားခဲ့ပြီး တိုင်းရင်းသား ပြည်သူလူထုကို မပါဝင် စေချင်ခဲ့ဘူးဆိုတာကို တွေ့ရပါတယ်။

အဲဒီ ၁၉၉၀ အတွင်းမှာပဲ ဒီ/ချုပ်ဟာ မန္တလေးမှာ လူစုလူဝေးနဲ့ အုံကြွအောင်လုပ်ပြီး စင်ပြိုင်အစိုးရထောင်ဖို့ အားထုတ်တာ၊ မအောင်မြင် တော့ အမျိုးသားဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစိန်ဝင်း (ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်ဝမ်းကွဲ) နဲ့ ဒီ/ချုပ်က ကိုယ်စားလှယ် ၈ ဦး၊ တစ်သီး ပုဂ္ဂလ ၂ ဦး စုစုပေါင်း ၁၁ ဦးဟာ KNU ရဲ့ မာနယ်ပလောစခန်းကို ထွက်ပြေးသွားခဲ့တာ၊ အဲဒီ ပြည်ပြေး ဦးစိန်ဝင်းက သူတို့ကို နယ်စပ်မှာ လွှတ်တော်အစည်းအဝေးခေါ်ယူပြီး အမျိုးသားညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ နိုင်ငံအတွင်းက ဒီ/ချုပ်ကိုယ်စားလှယ် ၂၅၀ က အာဏာပေး လွှဲအပ် လိုက်တယ်လို့ ကြေညာပြီး ၁၉၉၀ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ NCGUB ကိုဖွဲ့ကာ စင်ပြိုင်အစိုးရထောင်ခဲ့တာ စတာတွေကို ပြုလုပ်လာခဲ့ ပါတယ်။ အဲဒီလိုနဲ့ပဲ ဒီ/ချုပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးတာဝန် မယူခဲ့ပဲ လွှတ်တော်ခေါ်ယူရေးနဲ့ အာဏာလွှဲပေးရေးကိုသာ ကြိုးပမ်းနေခဲ့လို့ အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်ဟာ နှစ်နှစ်နီးပါး ဇာတ်မျောနေခဲ့ရပါတယ်။

ဒါနဲ့ အရေးကြီးတဲ့ စိတ်ဝင်စားစရာတစ်ခု ပြောစရာရှိပါသေးတယ်။ အဲဒါကတော့ ဒီ/ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃(ဃ) နဲ့ ငြိစွန်းမှု ရှိနေလို့ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်းကို ၁၉၉၀ မတ်လ ၂၆ ရက်နေ့မှာ တရားဝင်ကြေညာခဲ့တယ် ဆိုတာပါပဲ။ ဒါကြောင့် မေလ ၂၇ ရက် နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ရှင်ပြိုင်ခဲ့တဲ့ ဒီ/ချုပ်မှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး အန်တီစု မပါဘူးလို့ ဆိုနိုင်ပါတယ်။ ဒီလိုပဲ ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်ဦးကိုလည်း ပါတီက ထုတ်ပယ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင် တို့နဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

ဒီလိုနဲ့ ဒီ/ချုပ်က ဦးမဆောင်နိုင်တဲ့အတွက် တပ်မတော်အစိုးရကပဲ အခြေခံဥပဒေရေးဆွဲရေးအတွက် အမျိုးသားညီလာခံ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွေကို ၁၉၉၂ ခုနှစ် ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ ကျင်းပပေးခဲ့ပါတယ်။ ဒီ/ချုပ်အပါအ၀င် ရွေးချယ်ခံထားရတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ စုစုပေါင်း ၂၉ ဦး တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေး တွေမှာ ကိုယ်စားလှယ်အစုအဖွဲ့ ၈ ဖွဲ့ကို အမျိုးသားညီလာခံမှာ ဖိတ်ကြားဖို့ အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။

အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှာ စတင်ကျင်းပပါတယ်။ ဒီ/ချုပ်က ဥက္ကဋ္ဌ ဦးအောင်ရွှေအပါအ၀င် ကိုယ်စားလှယ် ၈၆ ယောက်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြတာ ညီလာခံရဲ့ဦးတည်ချက် ၆ ရပ်၊ ခေါင်းစဉ် ၁၅ ခု၊ အခြေခံရမယ့်မူ ၁၀၄ ချက်တို့ကို အများသဘောတူ ဆုံးဖြတ်နိုင်ခဲ့တဲ့ အထိ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှာ မရှိရမယ့် အချက် ၁၂ ချက်လည်းပါဝင်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို ၀င်ရောက်ယှဉ်ပြိုင်ရွေးကောက်ခံနိုင်သည့်အခွင့်အရေး ဆုံးရှုံးသွားစေတဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တင်ပြလို့ ၁၉၄၇ အခြေခံဥပဒေမှာကတည်းက ထည့်သွင်းထားခဲ့တဲ့ မူကြီး ၃ ရပ် ပါဝင်ခဲ့ပါတယ်။ အဲဒီအချက်တွေကို အဲဒီအချိန်က ညီလာခံ တက်ခဲ့တဲ့ ဦးအောင်ရွှေအပါအ၀င် ဒီ/ချုပ်ကိုယ်စားလှယ် ၈၆ ဦးကိုယ်တိုင် အခြားညီလာခံကိုယ်စားလှယ်တွေနဲ့အတူ အများသဘောတူ ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

တပ်မတော်အစိုးရဟာ သူတို့ချမှတ်ထားတဲ့မူတွေကိုပဲ ညီလာခံမှာချပြပြီး အတင်းအကြပ်ထောက်ခံခိုင်းခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောရရင် ညီလာခံစုံညီအစည်းအဝေးမှာ ဆွေးနွေးမည့်အကြောင်းအရာတွေကို အရင်ဆုံး သက်ဆိုင်ရာ အစုအဖွဲ့ ၈ ဖွဲ့ရဲ့ အစုအဖွဲ့ အစည်းအဝေးတွေမှာ ဆွေးနွေးပြီးမှာသာ အစုအဖွဲ့ကိုယ်စားလှယ်တစ်ဦးချင်းစီက စုံညီအစည်းအဝေးမှာ ပြန်လည်ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အစုအဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ သဘောထားမတူညီတာတွေကို အကြေအလည်ဆွေးနွေးခဲ့ကြပြီး ပြုပြင်ချမှတ်သင့်တာတွေကို ပြင်ဆင်ပေးခဲ့တယ်ဆိုတာ ညီလာခံလုပ်ငန်းစဉ်ကို သေသေချာချာ စောင့်ကြည့်လေ့လာခဲ့တဲ့သူဆိုရင် သာဓကတွေနဲ့ ကောင်းကောင်း တွေ့ရှိ နားလည်ပါလိမ့်မယ်။

(Cypher လေ့လာနိုင်သလောက် လေ့လာပြီး ရေးသားထားခြင်းဖြစ်ပါတယ်။ နောက်ထပ် ကျန်သေးတဲ့ မောင်လူအေးရဲ့ လေ့လာဆန်းစစ် ချက်တွေကိုလည်း ပြန်လည် ရှင်းလင်း ဆွေးနွေးနိုင်အောင် ကြိုးစားသွားမှာပါ။ လုံးဝပြည့်စုံတယ်လို့တော့ မဆိုလိုပါ။ လွတ်လပ်စွာ ဆွေးနွေးနိုင်ပါတယ်။ ဒါပေမယ့် မမေ့စေချင်တာက "No Offence"။ အဲဒါတော့ လက်ခံမှာ မဟုတ်ပါဘူး။ သူတို့ကိုယ်သူတို့ နိုင်ငံရေး နားလည်တယ်လို့ထင်တဲ့ တစ်ချို့ပုဂ္ဂိုလ်တွေက တစ်ဖက်လူပြောတာကို လုံးဝနားမထောင်ပဲ သူတို့ပြောချင်တာတွေကို စွတ်ပြောတတ် ကြလွန်းလို့ပါ။ ဒီလိုမျိုး negative ဆန်တဲ့ ပုံစံမျိုးကိုတော့ လက်ခံမည် မဟုတ်ပါကြောင်း…)

Technorati Technorati tags: , , , , | |

အပြည့်အစုံဖတ်ရန်

Tuesday, March 4, 2008

Myanmar political study group urges support of constitutional referendum

YANGON, March 2 (Xinhua) -- A political study group in Myanmar Sunday called on its members and the public to vote in favor of a constitution draft in the forthcoming nationwide referendum scheduled for May.

The Modern Scientific Political Economy Study Group (MSPEG) told a monthly regular meeting here that if cooperating with the military government, the transition to democracy system could be realized earlier and the process could also be possible in a peaceful manner.

The group objected foreign sanctions on Myanmar, saying that if a country is so imposed, it would only bring about increased poverty of the people and social unrest that could prolong the dictatorship.

With an aim of studying modern capitalism and socialism, the MSPEG was formed in October 1980 having over 10,000 members now, the group said, adding that it has held some 33 political activities across the country in 2007, and two in February this year in support of the forthcoming government-planned constitutional referendum in May and general election in 2010.

The ruling Myanmar military government, State Peace and Development Council (SPDC), enacted on Feb. 26 a 12-chapter 31-provision 2008 Republic of Union of Myanmar Referendum Law and setup a commission for a nationwide constitutional referendum following the completion of the constitution draft on Feb. 19.

The referendum is to pave way for a general election slated for2010 under the government's seven-step roadmap to transform the military administration into a civil one.

The new constitution had been drafted since Dec. 3 last year, based on the detailed basic principles laid down in the years-long national convention which started in 1993 and ended in September last year. That national convention was participated by over 1,000delegates coming from eight categories of delegate groups including national races and turned-in former anti-government ethnic armed groups.

(အခုမှ နေကောင်းလို့ ရုံးပြန်တက်တာ လုပ်စရာတွေကလည်း များနဲ့ ဘာသာမပြန်အားသေးလို့ ဘိုလိုပဲ တင်ပေးလိုက်တယ်ဗျာ။)

Technorati Technorati tags: , , , | |

အပြည့်အစုံဖတ်ရန်

ဖတ်ရှုသူတို့၏ မှတ်ချက်များ

Weblog Commenting and Trackback by HaloScan.com