ရမ်ဘိုသည် အက်ရှင်ဇာတ်ကားများ၏ ထုံးစံအတိုင်း ကမ္ဘာပေါ်ရှိ ဖိနှိပ်ချုပ်ခြယ်သူများအပေါ် ကြည့်ရှုသူများ၏ နာကြည်းမှုများအား အရှိန်တင်ပေးကာ ထိုပုဂ္ဂိုလ်များအား အပြတ်အသတ် အနိုင်ကြဲခဲ့သည်ဟု ကြည့်ရှုသူများ ခံစားရအောင် ဖန်တီးထားခဲ့သည်။
ဆီလ်ဗက်စတာ စတားလုံး၏ သေမင်းတမန် လေးသည်တော်အဖြစ်သရုပ်ဆောင်သော စတုတ္ထကားဖြစ်သည့် ရုပ်ရှင်တွင် ကျွန်ုပ်တို့၏ စကားနည်းသော သူရဲကောင်းကြီးက လူသတ်၊ ကိုယ်လက်များဖြတ်၊ ပြကွက်တစ်ခုတွင် ခေါင်းပင်ဖြတ်ပြခဲ့သည့် အခန်းများ မရောက်ခင်အထိတော့ ပရိသတ်များအား မြန်မာတို့၏ စိတ်မချမ်းမြေ့ဖွယ် ဒုက္ခများအပေါ် သနားစာနာရန် (ခါတော်မီ) ဆော်ဩခဲ့သည်။ ယင်းရုပ်ရှင်ဇာတ်လမ်းတွင် ဂျွန်ရမ်ဘို၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုများအား လူမှုရေးအရ မမျှတမှုများအပေါ် တုံ့ပြန်ခြင်းအဖြစ် ဖော်ပြခဲ့သည်။ ဆေးလိပ်အလွန်သောက်သော နေကာမျက်မှန်တပ်ထားသည့် ရက်စက်မှုတွင် သာယာနေသူတစ်ဦး ခေါင်းဆောင်သော မြန်မာလူဆိုးများကိုမူ အမျိုးသမီးများအား မုဒိမ်းကျင့်၊ ကလေးငယ်များအား မီးရှို့၊ ဖမ်းဆီးခံများအား မိုင်းများချထားသည့် လယ်ကွင်းများအတွင်း ဖြတ်ပြေးခိုင်း စသည်ဖြင့် ရက်စက်မှုများ ပြုလုပ်သူများအဖြစ် ပုံဖော်ထားသည်။
ရမ်ဘိုကိုယ်တိုင် မြန်မာနိုင်ငံအတွင်းသို့ ပို့ဆောင်ပေးခဲ့သော အမေရိကန် အကူအညီပေးရေးလုပ်သားအဖွဲ့ တစ်စုအား အဆိုပါ နေကာမျက်မှန်ဆရာကြီးက ဖမ်းဆီးသွားသောအခါတွင်တော့ သူရဲကောင်းကြီးနှင့် သူ၏ပရိသတ်အတွက် လူကျင့်ဝတ်အရ လူသတ်နိုင်သည့်အခွင့်အရေးအားလုံး မီးစိမ်းပြလိုက်သည့်ပုံ ပေါ်ပေသည်။ ချစ်ခြင်းမေတ္တာကိုပြသော အခန်းတစ်ခန်းတော့ တွေ့ခဲ့ရပေသည်။ ယင်းမှာ ဖမ်းဆီးခံရသူများထဲတွင် ပါဝင်သည့် ရွှေအိုရောင် ဆံပင်ပိုင်ရှင်မလေး (မင်းသမီး ဂျူလီဘန့်ဇ်) သည် သူမတွင် ဘာသာရေးနှင့်ဆိုင်သော လုပ်ငန်းတာဝန်များရှိသော်လည်း ရမ်ဘိုထံမှ အကြည့်မလွှဲနိုင် ဖြစ်ခဲ့ရသည့် အခန်းပင် ဖြစ်သည်။ (တစ်ခုပြောလိုတာကတော့ ဒီဇာတ်ကားကို စတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ်၊ ပူးတွဲ ထုတ်လုပ်၊ တွဲဖက် ရေးသားခဲ့တယ် ဆိုတာပါပဲ။)
သို့သော်လည်း ရမ်ဘိုသည် သူရဲကောင်းတစ်ဦးသဖွယ် ပြုမူသရုပ်ဆောင်ရန် ၀န်လေးပုံရပေသည်။ ၎င်းဦးဆောင်၍ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်သည့်အခါမှာတော့ အထူးပြုလုပ်ချက်များသည် (အနည်းဆုံး ကျွန်ုပ်တို့အတွက်တော့) ထူးဆန်းစွာပင် ကြည့်ရတာမတန်သလို ခံစားရစေပါသည်။ ၎င်း၏ ဇာတ်လမ်း ကျောရိုးသည် ခံ့ညားမှုမရှိဘဲ စိတ္တဇဆန်လှပေသည်။ ထိုင်းနိုင်ငံတွင် ထုံတုံတုံ အတတနှင့် ခိုကိုးရာမဲ့နေသော ၎င်းသည် မှိုင်တွေ ငေးနေတတ်သူဖြစ်ပြီး မြွေအလမ္ပါယ်ပြစားရန် မြွေဟောက်များဖမ်းဆီးခြင်းဖြင့် အသက်မွေးပြီး သူ၏ မြစ်ကြောင်းသွားလှေပေါ်တွင် သုန်သုန်မှုန်မှုန်နှင့် နေထိုင်တတ်သူဖြစ်သည်။ (၎င်း၏ ဆံပင်နှင့် အသားအရေသည် အလွန်ပင် လိုက်ဖက်ညီလှပေသည်။) ဒေသခံများ လာရောက်ခေါ်ယူသည့် အခါတိုင်း တောခြောက်ပေးရန်အတွက် လေ့ကျင့်ထားခဲ့ပြီး သူ၏ မူမမှန်သော စိတ်ခံစားမှုအား အလိုလိုက်ရန် အကြောင်းပြကောင်းတစ်ခုကို စောင့်ဆိုင်းနေပုံရသည်။
ယင်းသည် ကလင်းအိစ်ဝုဒ်မှ ပရိသတ်၏ထောက်ခံမှုထက် ပြစ်တင်ဝေဖန်မှုများသာ ရရှိခဲ့သော ၁၉၉၂ ခုနှစ်က "Unforgiven" ဇာတ်ကားကဲ့သို့သော ပို့စ်မော်ဒန်အက်ရှင်ဇာတ်ကားများတွင် ပါဝင်ခဲ့သည့် အဆိုးမြင်ဝါဒအား အမွေဆက်ခံယူခဲ့ခြင်းပင် ဖြစ်သည်။ သို့သော်လည်း စစ်အေးခေတ်က ကျွန်ုပ်တို့စတင် သိရှိခဲ့ကြသော ရမ်ဘိုအား မည်သည့်နေရာတွင်မျှ မတွေ့မြင်ခဲ့ရပေ။ ယခု ပွစိပွစိ ပြောဆိုနေသော လှေသမားကြီးသည် သူ၏ ရှေးယခင်ကရှိခဲ့သော သူရသတ္တိရှိသော အပြုအမူများ ပျောက်ဆုံးနေပုံ ရပေသည်။ ရမ်ဘိုတွင် အကြောင်းတရားတစ်ခုအတွက် လူသတ်ခြင်းမျိုး မရှိတော့ဘဲ စိတ်လှုပ်ရှားမှုတစ်ခုအတွက်သာ လူများကို သတ်ဖြတ်ခဲ့တော့သည်။ ၎င်း၏ နိမိတ်ပုံဆန်သော ပေါက်ကရစကားများသည်လည်း ရမ်ဘို၏စံနှုန်းများဖြင့် ကြည့်လျှင်ပင် မလိုအပ်ဘဲ အလွန်ရယ်စရာကောင်းနေပေသည်။
၎င်းက ဘာသာရေးဝန်ထမ်းတစ်ဦးအား "ခင်ဗျားမှာ အကျပ်အတည်းဖြစ်လာပြီဆိုရင် လူသတ်ရတာ အသက်ရှုရသလောက်ကို လွယ်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ဒါ ဘယ်လိုလူပါလိမ့်။ Rimbaud?
ဇာတ်လမ်းအစတွင် စစ်သားများမှ အရပ်သားများအပေါ် အကြမ်းဖက်နေသည့် မှတ်တမ်းဓါတ်ပုံများ ထည့်သွင်းခြင်းဖြင့် ထိုနိုင်ငံအတွင်းရှိ ဒုက္ခများအား ပရိသတ်မှ အာရုံစိုက်မိစေလိုသည်ဆိုကာ ကွန်ပျူတာ အထူးပြုလုပ်ချက်များဖြင့် မြန်မာများ၏ ခေါင်းများနှင့် ခြေလက်များ လေထဲတွင် ကျွမ်းထိုးလွင့်ပျံသွားပုံများပါ ပြသခဲ့သည့် မိချောင်းမျက်ရည် ကဲ့သို့သော အစီအစဉ်သည်လည်း ရယ်စရာကောင်းလှပေသည်။ ကြည့်ရှုသူ ပရိသတ်အား ကမ္ဘာ၏ အာဏာရှင်ဆန်သော ဒေသများတွင် မတရားမှုများအား မှန်မှန်ကန်ကန်ဖြစ်အောင် ကြမ်းကြမ်းရမ်းရမ်းဖြေရှင်းသည်ဟု ခံစားစေရမည့်အစား ကျွန်ုပ်တို့ပရိသတ်ကတော့ သစ္စာဖောက်ခံခဲ့ရ သကဲ့သို့သာ ခံစားခဲ့ကြရသည်။
ပြသချိန် ၉၃ မိနစ်ရှိသော ရမ်ဘိုသည် အယုတ္တအနတ္တစကားများ၊ ကြမ်းရမ်းသော ပြကွက်များ၊ စက်ဆုပ်ရွံရှာဖွယ် ပုံရိပ်များနှင့် လိင်မှုဆိုင်ရာကျူးလွန်မှုများ ပါဝင်သဖြင့် R အဆင့် သတ်မှတ်ခံခဲ့ရသည်။
(၂၀၀၈ ဇန်န၀ါရီ ၂၅ ရက်စွဲဖြင့် Washington Post တွင် ဖော်ပြခဲ့သော Desson Thomson ၏ A 'Rambo' Without a Cause? အား ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။