လူရှိန်အောင် ခေါင်းစဉ်ကို ကြီးကြီးကျယ်ကျယ် တတ်ထားလိုက်တယ်။ စိတ်မပူပါနဲ့ဗျာ ခေါင်းစဉ်ကို အားနာလို့ အဆင့်ရှိရှိရေးမှာပါ။ တလောလေးက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး ရေးမိတော့ စာဖတ်သူ တစ်ယောက်က C Box မှာ လင့်တစ်ခု လာပေးသွား ပါတယ်။ ဒါနဲ့ သွားဖတ်မိတော့ မဇ္ဈိမက မောင်လူအေးဆိုသူရဲ့ အမျိုးသားညီလာခံနဲ့ အသေးစိတ်အခြေခံမူတွေကို လေ့လာထားတာ တွေ့ရပါတယ်။ သုံးသပ်ချက်လေးတွေက စိတ်ဝင်စားစရာကောင်းပေမယ့် အဆိုးဖက်ကို အရမ်းမြင်လွန်းတယ်လို့ ထင်ပါတယ်။ ဒါနဲ့ Cypher လည်း ဒါကို ပြန်ရှင်းချင်တာနဲ့ ဟိုဟိုဒီဒီ စာအုပ်စာတမ်းတွေ ရှာဖွေဖတ်ရှုလိုက်ရပါတော့တယ်။ ကျန်းမာရေးအခြေအနေကြောင့် ရုံးကနေ နှစ်ပတ်ခွင့်ယူလိုက်တော့ အိမ်မှာ စာဖတ်ချိန် ပိုရသွားတာပေါ့။ မောင်လူအေးရဲ့ သုံးသပ်ချက်ကိုတော့ ဒီလင့်မှာသာ သွားဖတ်ကြပါတော့။ ကဲ.. စရှင်းတော့မယ်နော။
ပထမဆုံးရှင်းချင်တဲ့အချက်က ဒီ/ချုပ်က ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရရဲ့သားနဲ့ အဲဒီအချိန်က အာဏာပိုင် န၀တ အစိုးရက ဘာကြောင့် အာဏာလွှဲမပေးဘဲ သူတို့ကိုယ်တိုင်ဦးစီးပြီး အမျိုးသားညီလာခံ ကျင်းပခဲ့ရသလဲဆိုတဲ့အချက်ပါပဲ။ အဲဒီအချိန်က အခြေအနေကို ပြောပြ ချင်ပါတယ်။ ၁၉၈၈ စက်တင်ဘာလ ၂၇ ရက်နေ့မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြဋ္ဌာန်းပြီး မှတ်ပုံတင်စေခဲ့ရာမှာ ပါတီ ပေါင်း ၂၃၅ ပါတီအထိ ကော်မရှင်မှာ မှတ်ပုံတင်ခဲ့ကြတာတွေ့ရပြီး ရွေးကောက်ပွဲမှာ အမှန်တကယ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာက ၉၃ ပါတီ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာ နိုင်ငံရဲ့ လူဦးရေဟာ ၄၂ သန်းလောက်ပဲ ရှိပါတယ်။ အဲဒီအထဲက အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးခွင့်ရှိတဲ့သူက ၂၀၁၈၁၃၁၃ ယောက် ရှိပါတယ်။ တစ်နိုင်ငံလုံး မဲဆန္ဒနယ် ၄၉၂ နယ် သတ်မှတ်ခဲ့ပြီး လုံခြုံရေးအရ ၄၈၅ နယ်မှာပဲ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာရောက်မဲပေးခဲ့တဲ့သူက ၁၅၁၁၂၅၂၄ ယောက်ပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၇၄.၈၈ ရာခိုင်နှုန်း ပဲ မဲပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီထဲက ဒီ/ချုပ်ကိုယ်စားလှယ်တွေဟာ မဲပေါင်း ၇၉၃၄၆၂၂ ရပြီး အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် မောင်လူအေးရေးသလို ဒီ/ချုပ်က ၈၄ ရာခိုင်နှုန်းကျော် မဲရတာမဟုတ်ဘဲ ၅၂.၅၀ ရာခိုင်နှုန်းသာ မဲရခဲ့တာဖြစ်ပါတယ်။ ကဲ.. ဒါတွေ ထားပါတော့။ ဒီ/ချုပ်က မဲအများဆုံးနဲ့ နိုင်ခဲ့တာကတော့ ဟုတ်ပါတယ်။
ရွေးကောက်ပွဲအပြီးမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ လိုအပ်လာပါတော့တယ်။ အဲဒီမှာလည်း ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်သုံးစွဲမယ်လို့ ကြေညာခဲ့တဲ့ နိုင်ငံရေးပါတီ ၇ ခုရှိခဲ့ပါတယ်။ အခြေခံဥပဒေသစ် ရေးဆွဲမယ်လို့ ကြေညာခဲ့တာက ၃၁ ပါတီရှိပြီး အဲဒီလိုပဲ ယူဆနိုင်တဲ့ပါတီက ၄၄ ပါတီရှိပါတယ်။ ၁၉၇၄ အခြေခံဥပဒေကို ပြင်ဆင်သုံးစွဲလိုတဲ့ နိုင်ငံရေးပါတီ မရှိခဲ့ပါဘူး။ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး သဘောထား လုံးဝ မဖော်ပြခဲ့တာက ၁၁ ပါတီ ရှိပါတယ်။ အဲဒီတော့ အခြေခံဥပဒေသစ်ရေးဆွဲလိုတဲ့ပါတီအရေအတွက်က အများဆုံးဆိုတာတွေ့ရပါတယ်။
အဲဒီအချိန်မှာပဲ တပ်မတော်အစိုးရက ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ ကြေညာချက်အမှတ် ၁/၉၀ ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်မှာ ပါတာတွေကတော့ "နိုင်ငံရေးပါတီတစ်ရပ်သည် ပြည်သူ့လွှတ်တော်တစ်ရပ် ပေါ်ပေါက်ရုံဖြင့် ဥပဒေပြုမှုအာဏာ၊ စီမံ ခန့်ခွဲမှုအာဏာနှင့် တရားစီရင်မှုအာဏာဟူသော အချုပ်အခြာအာဏာသုံးရပ်ကို အလိုအလျောက် မရရှိဘဲ အခြေခံဥပဒေတစ်ရပ်အပေါ် အခြေခံပြု၍သာ ရယူနိုင်ကြောင်း" "ပြည်သူများက ရွေးကောက် တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂါတ် ဒီမိုကရေစီ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသူများဖြစ်သည်" "ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ နိုးကြားလာသော တိုင်းရင်းသားလူမျိုးများ အများအပြားရှိရာ ၎င်းတို့၏ ဆန္ဒသဘောထားကို ညှိနှိုင်းရယူပြီး ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် အထူးလိုအပ်နေသည်" စသည်ဖြင့် ဖြစ်ပါတယ်။ အဲဒီအချိန်ကသာ ဒီ/ချုပ်က တိုင်းရင်းသားကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီး အမျိုးသားညီလာခံ ကျင်းပခဲ့ရင် အခုချိန်မှာ အခြေခံဥပဒေဆိုတာ အတည်ပြုပြီးလို့ အစိုးရအဖွဲ့သက်တမ်း ၃ ဆက်လောက် တော့ ရှိနေလောက်ပါပြီဗျာ။ ဒါပေမယ့် ဒီ/ချုပ်ကြီး ဘာလုပ်ခဲ့သလဲ ဆက်ကြည့်ကြရအောင်။
၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ဒီ/ချုပ်က ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ အစည်းအဝေး ပြုလုပ်ခဲ့ကြပြီး ဂန္ဒီခန်းမကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ကြပါတယ်။ အဲဒီစာတမ်းမှာ ဒီ/ချုပ်က ပြည်သူ့လွှတ်တော်ကို စက်တင်ဘာလအတွင်း ခေါ်ယူ ပေးဖို့၊ သူတို့ပါတီက ရေးဆွဲထားတဲ့ ၁၉၉၀ ပြည့်နှစ် ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ အာဏာလွှဲပြောင်းပေးဖို့၊ ပြည်သူ့ လွှတ်တော်မှာ အာဏာရရှိပြီးမှ အခြေခံဥပဒေသစ်ကို ပြည်သူ့လွှတ်တော်က ဆက်လက်ရေးဆွဲဖို့ စတဲ့အချက်တွေကို တောင်းဆိုထားခဲ့ ပါတယ်။ ဒီအချက်တွေကို ကြည့်တဲ့အခါ တိုင်းရင်းသားကိုယ်စားလှယ်တွေအပါအ၀င် ကိုယ်စားလှယ်ပေါင်း ၁၀၈၁ ယောက်အထိ တက်ရောက်ခဲ့တဲ့ အမျိုးသားညီလာခံကို အဖွဲ့အစည်းပေါင်းစုံမပါဝင်ဘူးလို့ စွပ်စွဲနေတဲ့ ဒီ/ချုပ်ဟာ ယာယီအခြေခံဥပဒေကို သူ့တစ်ပါတီ တည်းက ရေးဆွဲပြီး အခြေခံဥပဒေသစ်ကိုတော့ ပြည်သူ့လွှတ်တော်ကပဲ ရေးဆွဲဖို့ ကြိုးစားခဲ့ပြီး တိုင်းရင်းသား ပြည်သူလူထုကို မပါဝင် စေချင်ခဲ့ဘူးဆိုတာကို တွေ့ရပါတယ်။
အဲဒီ ၁၉၉၀ အတွင်းမှာပဲ ဒီ/ချုပ်ဟာ မန္တလေးမှာ လူစုလူဝေးနဲ့ အုံကြွအောင်လုပ်ပြီး စင်ပြိုင်အစိုးရထောင်ဖို့ အားထုတ်တာ၊ မအောင်မြင် တော့ အမျိုးသားဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစိန်ဝင်း (ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်ဝမ်းကွဲ) နဲ့ ဒီ/ချုပ်က ကိုယ်စားလှယ် ၈ ဦး၊ တစ်သီး ပုဂ္ဂလ ၂ ဦး စုစုပေါင်း ၁၁ ဦးဟာ KNU ရဲ့ မာနယ်ပလောစခန်းကို ထွက်ပြေးသွားခဲ့တာ၊ အဲဒီ ပြည်ပြေး ဦးစိန်ဝင်းက သူတို့ကို နယ်စပ်မှာ လွှတ်တော်အစည်းအဝေးခေါ်ယူပြီး အမျိုးသားညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ နိုင်ငံအတွင်းက ဒီ/ချုပ်ကိုယ်စားလှယ် ၂၅၀ က အာဏာပေး လွှဲအပ် လိုက်တယ်လို့ ကြေညာပြီး ၁၉၉၀ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ NCGUB ကိုဖွဲ့ကာ စင်ပြိုင်အစိုးရထောင်ခဲ့တာ စတာတွေကို ပြုလုပ်လာခဲ့ ပါတယ်။ အဲဒီလိုနဲ့ပဲ ဒီ/ချုပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးတာဝန် မယူခဲ့ပဲ လွှတ်တော်ခေါ်ယူရေးနဲ့ အာဏာလွှဲပေးရေးကိုသာ ကြိုးပမ်းနေခဲ့လို့ အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်ဟာ နှစ်နှစ်နီးပါး ဇာတ်မျောနေခဲ့ရပါတယ်။
ဒါနဲ့ အရေးကြီးတဲ့ စိတ်ဝင်စားစရာတစ်ခု ပြောစရာရှိပါသေးတယ်။ အဲဒါကတော့ ဒီ/ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃(ဃ) နဲ့ ငြိစွန်းမှု ရှိနေလို့ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်းကို ၁၉၉၀ မတ်လ ၂၆ ရက်နေ့မှာ တရားဝင်ကြေညာခဲ့တယ် ဆိုတာပါပဲ။ ဒါကြောင့် မေလ ၂၇ ရက် နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ရှင်ပြိုင်ခဲ့တဲ့ ဒီ/ချုပ်မှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး အန်တီစု မပါဘူးလို့ ဆိုနိုင်ပါတယ်။ ဒီလိုပဲ ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်ဦးကိုလည်း ပါတီက ထုတ်ပယ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင် တို့နဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
ဒီလိုနဲ့ ဒီ/ချုပ်က ဦးမဆောင်နိုင်တဲ့အတွက် တပ်မတော်အစိုးရကပဲ အခြေခံဥပဒေရေးဆွဲရေးအတွက် အမျိုးသားညီလာခံ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွေကို ၁၉၉၂ ခုနှစ် ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ ကျင်းပပေးခဲ့ပါတယ်။ ဒီ/ချုပ်အပါအ၀င် ရွေးချယ်ခံထားရတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ စုစုပေါင်း ၂၉ ဦး တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေး တွေမှာ ကိုယ်စားလှယ်အစုအဖွဲ့ ၈ ဖွဲ့ကို အမျိုးသားညီလာခံမှာ ဖိတ်ကြားဖို့ အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။
အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှာ စတင်ကျင်းပပါတယ်။ ဒီ/ချုပ်က ဥက္ကဋ္ဌ ဦးအောင်ရွှေအပါအ၀င် ကိုယ်စားလှယ် ၈၆ ယောက်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြတာ ညီလာခံရဲ့ဦးတည်ချက် ၆ ရပ်၊ ခေါင်းစဉ် ၁၅ ခု၊ အခြေခံရမယ့်မူ ၁၀၄ ချက်တို့ကို အများသဘောတူ ဆုံးဖြတ်နိုင်ခဲ့တဲ့ အထိ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှာ မရှိရမယ့် အချက် ၁၂ ချက်လည်းပါဝင်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို ၀င်ရောက်ယှဉ်ပြိုင်ရွေးကောက်ခံနိုင်သည့်အခွင့်အရေး ဆုံးရှုံးသွားစေတဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တင်ပြလို့ ၁၉၄၇ အခြေခံဥပဒေမှာကတည်းက ထည့်သွင်းထားခဲ့တဲ့ မူကြီး ၃ ရပ် ပါဝင်ခဲ့ပါတယ်။ အဲဒီအချက်တွေကို အဲဒီအချိန်က ညီလာခံ တက်ခဲ့တဲ့ ဦးအောင်ရွှေအပါအ၀င် ဒီ/ချုပ်ကိုယ်စားလှယ် ၈၆ ဦးကိုယ်တိုင် အခြားညီလာခံကိုယ်စားလှယ်တွေနဲ့အတူ အများသဘောတူ ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
တပ်မတော်အစိုးရဟာ သူတို့ချမှတ်ထားတဲ့မူတွေကိုပဲ ညီလာခံမှာချပြပြီး အတင်းအကြပ်ထောက်ခံခိုင်းခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောရရင် ညီလာခံစုံညီအစည်းအဝေးမှာ ဆွေးနွေးမည့်အကြောင်းအရာတွေကို အရင်ဆုံး သက်ဆိုင်ရာ အစုအဖွဲ့ ၈ ဖွဲ့ရဲ့ အစုအဖွဲ့ အစည်းအဝေးတွေမှာ ဆွေးနွေးပြီးမှာသာ အစုအဖွဲ့ကိုယ်စားလှယ်တစ်ဦးချင်းစီက စုံညီအစည်းအဝေးမှာ ပြန်လည်ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အစုအဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ သဘောထားမတူညီတာတွေကို အကြေအလည်ဆွေးနွေးခဲ့ကြပြီး ပြုပြင်ချမှတ်သင့်တာတွေကို ပြင်ဆင်ပေးခဲ့တယ်ဆိုတာ ညီလာခံလုပ်ငန်းစဉ်ကို သေသေချာချာ စောင့်ကြည့်လေ့လာခဲ့တဲ့သူဆိုရင် သာဓကတွေနဲ့ ကောင်းကောင်း တွေ့ရှိ နားလည်ပါလိမ့်မယ်။
(Cypher လေ့လာနိုင်သလောက် လေ့လာပြီး ရေးသားထားခြင်းဖြစ်ပါတယ်။ နောက်ထပ် ကျန်သေးတဲ့ မောင်လူအေးရဲ့ လေ့လာဆန်းစစ် ချက်တွေကိုလည်း ပြန်လည် ရှင်းလင်း ဆွေးနွေးနိုင်အောင် ကြိုးစားသွားမှာပါ။ လုံးဝပြည့်စုံတယ်လို့တော့ မဆိုလိုပါ။ လွတ်လပ်စွာ ဆွေးနွေးနိုင်ပါတယ်။ ဒါပေမယ့် မမေ့စေချင်တာက "No Offence"။ အဲဒါတော့ လက်ခံမှာ မဟုတ်ပါဘူး။ သူတို့ကိုယ်သူတို့ နိုင်ငံရေး နားလည်တယ်လို့ထင်တဲ့ တစ်ချို့ပုဂ္ဂိုလ်တွေက တစ်ဖက်လူပြောတာကို လုံးဝနားမထောင်ပဲ သူတို့ပြောချင်တာတွေကို စွတ်ပြောတတ် ကြလွန်းလို့ပါ။ ဒီလိုမျိုး negative ဆန်တဲ့ ပုံစံမျိုးကိုတော့ လက်ခံမည် မဟုတ်ပါကြောင်း…)
Technorati tags: nld, burma, myanmar, election, democracy | |