သဲကြီး။ ။ ဟေ့ကောင်.. မဲကြီး။
မဲကြီး။ ။ ဟာ.. သူငယ်ချင်း၊ သဲကြီး။ မင်းကွာ.. ရန်ကုန်ကို ပြောင်းသွားပြီးကတည်းက တို့ဆီကို ပြန်လာဖော်တောင် မရတော့ဘူး။ ခု ဘယ်ကနေ မျက်စိလည်ပြီး ရောက်လာသလဲကွ။
သဲကြီး။ ။ အေးကွာ။ ငါလည်း ရန်ကုန်ကို ရောက်သွားကတည်းက စီးပွားရေးတွေပဲ ကုန်းရုန်းလုပ်နေရတာနဲ့ ပြန်လာဖို့ကို မစဉ်းစားနိုင်ဘူး ဖြစ်နေတယ်ကွ။
မဲကြီး။ ။ အေးပေါ့ကွာ။ မင်းက မြို့ကြီးသားဖြစ်သွားပြီးဆိုတော့ စီးပွားရေးတွေ ဘာတွေ စကားထဲ ထည့်ပြောနေပြီးပေါ့။
သဲကြီး။ ။ ဟာ.. ဟေ့ကောင်။ မဲကြီးရ။ မင်းလဲ ခုဆိုရင် မြို့ကြီးသား ဖြစ်နေပြီလေကွာ။ ပျဉ်းမနားဆိုတာ ခုဆို နေပြည်တော် မြို့တော်ကြီး ထဲမှာ ပါနေပြီပဲဟ။
မဲကြီး။ ။ အေး။ ဟုတ်သားနော်။ ငါတို့လဲ ဘာလိုလိုနဲ့ မြို့တော်ကြီးမှာ နေတဲ့လူတွေ ဖြစ်နေပြီကွ။ ခုဆိုရင် အဆင့်မြင့် ဈေးကြီးတွေ၊ ကုမ္ပဏီ ရုံးခန်းတွေနဲ့ တို့မြို့က အတော် တိုးတက်နေတာကွ။ အလုပ်အကိုင်တွေလည်း အရင်ထက် ပိုများလာတယ်ဟ။
သဲကြီး။ ။ ဒီလိုပေါ့ကွာ။ မြို့တော်တစ်ခုကို နေရာပြောင်းတယ်ဆိုတာ အခက်အခဲတွေ အများကြီး ရှိပေမယ့် ကောင်းတဲ့အချက်တွေလဲ အများကြီး ရှိပါသေးတယ်လေ။ ဘာပဲဖြစ်ဖြစ် မင်းတို့လို ဒေသခံတွေအတွက် အခွင့်အလမ်းတွေ အများကြီး ပေါ်လာတာပေါ့။ မဟုတ်ဘူးလား။
မဲကြီး။ ။ ဟကောင်ရ.. ဒါနဲ့မေးပါရစေဦး။ မင်းက ဟိုစပ်စပ် ဒီစပ်စပ် လေ့လာတတ်တော့ တို့ထက် ပိုသိလိမ့်မပေါ့။
သဲကြီး။ ။ ဘာများလဲကွ။ ပြောပါဦး။
မဲကြီး။ ။ တခြားဟုတ်ရိုးလားကွ။ နောက်လ ၁၀ ရက်နေ့မှာ လုပ်တော့မယ်ဆိုတဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲအကြောင်းပေါ့ကွ။
သဲကြီး။ ။ ဩော်.. အေး။ မင်းက ဘာသိချင်လို့တုံးကွ။ ငါသိသလောက်တော့ ပြောပြပါ့မယ်။
မဲကြီး။ ။ အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီးက ဘာကြီးတုံးကွ။ ဘာကြောင့် လိုအပ်ရတာတုံး။ နည်းနည်းလောက် ရှင်းပြစမ်းပါကွာ။
သဲကြီး။ ။ ဒါက ဒီလိုရှိတယ် မဲကြီးရ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ဟိုးအရင် ရှင်ဘုရင်တွေ လက်ထက်တုန်းကတော့ ဘယ်ရှိလိမ့်မလဲ။ ငါသိသလောက်တော့ အင်္ဂလန်နိုင်ငံမှာ ၁၂၁၅ ခုနှစ် ဟင်နရီ ၁ ဘုရင်လက်ထက် Magna Carta Libertatum ဆိုတဲ့ စာတမ်းကြီးက စတာကွ။ တိုတို ပြောရမယ်ဆိုရင်ကွာ လွတ်လပ်တဲ့ နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံကို ဘယ်လို ဖွဲ့စည်း၊ ဘယ်လို အုပ်ချုပ်မယ်ဆိုတဲ့ အခြေခံအချက်တွေကို အတိအလင်း ဖော်ပြ ကြေငြာထားတဲ့ စာတမ်းတစ်စောင်ပေါ့ကွာ။ ကမ္ဘာ့နိုင်ငံတိုင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ရှိသကွ။ အမေရိကန် မှာလည်း ရှိတာပဲ၊ အိန္ဒိယမှာလည်း ရှိတာပဲ။ ဒို့အိမ်နီးချင်းနိုင်ငံ ထိုင်းမှာလည်း ရှိတာပဲ။ အားလုံး အားလုံးပေါ့ကွာ။
မဲကြီး။ ။ ဒါဆို ဒို့နိုင်ငံမှာ အရင်က မရှိဘူးလားကွ။ ခုမှ ဘာလို့ ဒီအခြေခံဥပဒေကြီးကို ရေးဆွဲရတာလဲ။
သဲကြီး။ ။ မဲကြီးရာ။ မင်းကလည်း တယ်ဗဟုသုတနည်းသကိုးကွ။ တို့နိုင်ငံမှာ အခြေခံဥပဒေ နှစ်ခုတောင် ရှိခဲ့ဖူးတယ်ကွ။ ၁၉၄၇ မှာ တစ်ကြိမ်၊ ၁၉၇၄ မှာ တစ်ကြိမ် ရေးဆွဲခဲ့ကြဖူးတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေမှာ ပြည်ထောင်စုတွင်းကနေ ခွဲထွက်နိုင်ရေး ပြဿနာတွေ ရှိလာတဲ့အတွက် ဖျက်သိမ်းလိုက်ရပြီး နောက်ပိုင်း ၁၉၇၄ မှာ တစ်ကြိမ် အခြေခံဥပဒေသစ်တစ်ခု ထပ်ပြီး ရေးဆွဲခဲ့ကြရတာ ကွ။ အဲ.. ၁၉၇၄ အခြေခံဥပဒေကလည်း တစ်ပါတီစနစ်ကို အခြေခံပြီး ဆိုရှယ်လစ်စနစ် အရင်းတည်တဲ့ အခြေခံဥပဒေအောက်မှာ အဆင်မပြေမှုတွေ ဖြစ်ခဲ့ရပြီး ၁၉၈၈ ဆူပူအုံကြွမှုကြီး ဖြစ်လာတဲ့နောက်မှာ တစ်ခါ ဖျက်သိမ်းလိုက်ရပြန်ရောလေ။
မဲကြီး။ ။ ဩော်..အေး။ ရှစ်လေးလုံးအရေးအခင်း ဖြစ်တာလေကွာ။ ငါမှတ်မိပြီ။ ဒါဆို တို့နိုင်ငံက အဲဒီနောက်ပိုင်းမှာ အခြေခံဥပဒေ မရှိဘဲ အနှစ် ၂၀ လောက် နေခဲ့ရတာပေါ့နော်။
သဲကြီး။ ။ ဒါပေါ့ကွ။ ဒါကြောင့် လွတ်လပ်တဲ့ နိုင်ငံတိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်လာဖို့ တို့ပြည်သူတွေရဲ့ ဆန္ဒကို တောင်းခံနေတာပေါ့ကွ။
မဲကြီး။ ။ အေး.. ငါ သဘောပေါက်ပါပြီကွာ။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်သင့်တယ်ဆိုကွ။ ဒါဟာ လက်ရှိ စစ်အစိုးရက သူတို့အလိုကျ စိတ်ကြိုက်ရေးဆွဲထားတာလို့ ရေဒီယိုမှာ ပြောတာကြားရသကွ။ မင်းကရော ဘယ်လို နားလည်သလဲ။
သဲကြီး။ ။ သူငယ်ချင်းရာ။ မင်းလည်း ည ည တီဗွီကြည့်နေတာပဲ။ ဒီအခြေခံဥပဒေရေးဆွဲဖို့ ပြုလုပ်တဲ့ အမျိုးသားညီလာခံမှာ တက်ရောက်တဲ့သူတွေဟာ နိုင်ငံအ၀ှမ်းက တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါတယ်ဆိုတာ တွေ့မှာပါ။
မဲကြီး။ ။ အေး.. အေး..။ ဟုတ်တော့ဟုတ်သား။ တစ်ချို့သူတွေရဲ့ တိုင်းရင်းသားဝတ်စုံတွေဆို ငါတောင် တစ်ခါမှ မမြင်ဖူးဘူးနော်။
သဲကြီး။ ။ ကဲ။ ဒါဆို စစ်အစိုးရအလိုကျဆိုတဲ့စကားဟာ လက်ခံလောက်တယ်လို့ မင်းထင်သလား သူငယ်ချင်း။
မဲကြီး။ ။ အင်း။ ဟုတ်တော့ ဟုတ်သား။ ဒါပေမယ့် အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်နိုင်ခွင့် ပိတ်ပင် ထားတယ်ဆိုကွ။ ဒို့ကတော့ ဘာပဲပြောပြော ဗိုလ်ချုပ်ရဲ့သမီးဆိုတဲ့စိတ်နဲ့ သံယောဇဉ်တော့ ရှိသားဟ။ ဟိုတလောကလည်း ရေဒီယိုက လွှင့်သွားတာက အမေရိကန်က ဒေါ်အောင်ဆန်းစုကြည်မပါနိုင်သရွေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရနိုင်ဘူးလို့ ပြောတယ်ဆိုကွ။
သဲကြီး။ ။ သူငယ်ချင်း မဲကြီး။ ငါလေ့လာမိသလောက် ပြောမယ်နော်။ ငါသိသလောက်တော့ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရရယ်လို့ တမင် ပိတ်ပင်ထားတာမျိုး မရှိပါဘူးကွာ။ တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား ရှိစဉ်ကတည်းက ရေးဆွဲ ခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေမှာကတည်းက တိုင်းတပါးသားနဲ့ အိမ်ထောင်ပြုထားတဲ့သူ၊ တိုင်းတပါးသစ္စာခံသူ စတဲ့သူတွေကို နိုင်ငံအုပ်ချုပ်ရေးအပိုင်းမှာ ပါဝင်အရွေးချယ်ခံပိုင်ခွင့်မပေးဖို့ ထည့်သွင်း ရေးဆွဲထားပြီးသားကွ။ ဒီအချက်ကို အစဉ်အဆက်လည်း လိုက်နာခဲ့ကြတာပဲ။ ဒါကို သိသိကြီးနဲ့ တိုင်းတပါးသားနဲ့ အိမ်ထောင်ပြုခဲ့ပြီးတော့မှ အခုမှ ဘွာတေးလုပ်လို့ ဘယ်ရမလဲကွ။ ကိုယ့်သမိုင်းနဲ့ ကိုယ်ပဲလေ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အခု အခြေခံဥပဒေ အတည်ပြုမှ ရွေးကောက်ပွဲ ၀င်လို့မရခဲ့တာ မဟုတ်ပါဘူးကွာ။ ၁၉၉၀ တုန်းက NLD အနိုင်ရခဲ့ပါတယ်ဆိုတဲ့ ရွေးကောက်ပွဲတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ငြိစွန်းနေလို့ ပါတီ အတွင်းရေးမှူးရာထူးကနေကို ထုတ်ပယ်ခံခဲ့ရဖူးပါတယ်ကွာ။ ဒေါ်အောင်ဆန်းစုကြည်မပါရင် ဒီမိုကရေစီမရနိုင်ဘူးဆိုတာကတော့ မင်းပဲ စဉ်းစားကြည့်ပေါ့ကွာ။ ဒီမိုကရေစီဆိုတာ ဒေါ်အောင်ဆန်းစုကြည်က စတင်ဖော်ထုတ်ခဲ့တဲ့ စနစ် မဟုတ်ပါဘူးကွာ။ သူပါမှပဲ ဒီမိုကရေစီ ရမတဲ့လား။ သူက ဒီမိုကရေစီကို ထုံးလိုချေပြီး ရေလို သောက်ထားလို့လား။ ဒါဆိုရင် သူသာ မြန်မာနိုင်ငံကို ပြန်မလာခဲ့ရင် တို့တွေ ဒီမိုကရေစီ မရနိုင်တော့ဘူးလားကွ။ တို့နိုင်ငံမှာ ဒေါ်စုကြည်ထက် နိုင်ငံရေးဝါရင့်တဲ့၊ ပညာပြည့်ဝတဲ့၊ ခေါင်းဆောင်ကောင်းပီသတဲ့ နိုင်ငံရေးသမားတွေ အများကြီး ရှိပါသေးတယ်ကွာ။ ဒီမိုကရေစီဆိုတာ တကယ်တော့ တို့ပြည်သူတွေက ဦးဆောင်တဲ့စနစ်ပါကွာ။ ဒီမိုကရေစီဆိုတာ ဒေါ်စုခရေဇီ စနစ်တစ်ခု မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်နော။
မဲကြီး။ ။ အေးပါ သူငယ်ချင်းရာ။ ငါကလည်း ရေဒီယိုမှာ ကြားရတာကို ပြန်ပြောတာကိုးကွ။ နောက်တစ်ခု မေးဦးမယ်ကွာ။ အခု အတည်ပြုမယ့် အခြေခံဥပဒေက မဟာလူမျိုးကြီးဝါဒကို အသက်သွင်းတာဆိုကွ။ တိုင်းရင်းသားတွေအတွက် အခွင့်အရေးရယ်လို့ ဘာမှ မရှိဘူးလို့ ဆိုသကိုးကွ။ အဲဒါလည်း ရှင်းပါဦး။
သဲကြီး။ ။ ဟ မဲကြီးရ။ မင်းက ရေဒီယိုတွေ အတော်နားထောင်သကိုးကွ။ အေး.. လေ့လာတာတော့ ကောင်းတာပေါ့ကွာ။ ဒါပေမယ့် အကြောင်းအရာတစ်ခုကို လူတစ်ဦးတစ်ယောက်က ပြောတာလေးနဲ့တော့ မှိတ်မယုံသင့်ဘူးကွ။ ငါပြောမယ်။ အခြေခံဥပဒေမှာ အရင် အတိုင်းပဲ တိုင်းနဲ့ ပြည်နယ် ၁၄ ခုကို ဖွဲ့စည်းထားပေးတယ်။ ဒါ့အပြင် လူဦးရေအင်အားများတဲ့ လူမျိုးစုတွေထဲက "၀"လူမျိုးတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခုနဲ့ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်နဲ့ ကိုးကန့် လူမျိုးစုတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ထပ်တိုးပေးထားတယ်ကွာ။ နောက်ပြီး တခြားတိုင်းရင်းသားတွေအတွက်လည်း တစ်နိုင်ငံလုံးလူဦးရေရဲ့ ၀.၁ ရာခိုင်နှုန်းနဲ့အထက်ရှိရင် သက်ဆိုင်ရာ တိုင်း/ပြည်နယ်လွှတ်တော်တွေမှာ ကိုယ်စားလှယ်တစ်ဦးကျစီ ရွေးချယ် တင်မြှောက်နိုင်ခွင့် ပေးထားသေးတယ်ကွ။ ဗမာလူမျိုးဆိုရင် ဘာအခွင့်အရေးရမယ်၊ ဘယ်လိုအခွင့်အရေးရဖို့ဆိုရင် ဘာလူမျိုးဖြစ်ရမယ် ဆိုတဲ့ ကန့်သတ်ချတ်မျိုး ရေးထားတာ မတွေ့ရဘူးကွ။ နိုင်ငံတော် အခြေခံမူတွေထဲမှာလဲ တိုင်းရင်းသားတွေရဲ့ စကား၊စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေတဲ့ တိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး စတာတွေပါဝင်တဲ့ လူမှုစီးပွားတိုးတက်ဖွံ့ဖြိုးရေးကို ကူညီမည်လို့ ပါပြီးသားလေကွာ။ နိုင်ငံသားတိုင်းဟာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ် ပြဋ္ဌာန်းထားတဲ့ တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေး စတာတွေ ခံစားခွင့် ရှိမယ် လို့လည်း ဖော်ပြထားတာပဲ။ မင်း စဉ်းစားပေါ့ကွာ။
မဲကြီး။ ။ အေးကွာ။ အားလုံးအခွင့်အရေးတန်းတူ ရမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် အရေးကြီးတဲ့ ၀န်ကြီးဌာနတွေကို တပ်က ယူထားတယ်ဆိုတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ တပ်က ၂၅ ရာခိုင်နှုန်းကို ခန့်ထားပေးရမယ်ဆိုတာကရော ကောင်းပါမလားကွ။
သဲကြီး။ ။ သူငယ်ချင်း.. အခု တို့နိုင်ငံမှာ ၀န်ကြီးဌာနပေါင်း ဘယ်နှခု ရှိလဲ မင်းသိလား။ ၃၀ ကျော် ရှိတယ်ကွ။ ဒီလို အခုသုံးဆယ်ထဲမှာ ဘယ်ဝန်ကြီးဌာနက အရေးကြီးတယ်လို့ သတ်မှတ်လို့ မရဘူးကွ။ သူ့နေရာနဲ့သူတော့ အရေးပါတာပဲ။ အရေးမကြီးရင် ၀န်ကြီးဌာနရယ်လို့ သတ်မှတ်မလားကွာ။ ဌာနတစ်ခု၊ ညွှန်ကြားရေးမှူးရုံးတစ်ခုအဆင့်ပဲ ထားမှာပေါ့ကွ။ ဒီလို ၀န်ကြီး ၃၀ ကျော်ထဲမှာ ၀န်ကြီးသုံးလေးယောက်လောက်ကို တပ်ကို ခန့်ထားလိုက်ရုံနဲ့တော့ အုပ်ချုပ်ရေးယန္တရားကြီး ဖရိုဖရဲ ဖြစ်သွားနိုင်ပါ့မလားကွ။ ပြီးတော့ သူတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေကိုပဲ ကိုင်တွယ်ကြရမှာကွ။ ဒီမိုကရေစီ ဆရာကြီးလို့ သူတို့ကိုယ်သူတို့ နာမည်တပ်ထားတဲ့ အမေရိကန်မှာတောင် ကာကွယ်ရေးဝန်ကြီးတွေဟာ အငြိမ်းစားစစ်ဗိုလ်ချုပ်ဟောင်း တွေကို ခန့်ထားတတ်တာကို မင်းလေ့လာရင် မြင်နိုင်မှာပါကွာ။ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း ရွေးကောက်ခံတွေ ထင်တိုင်း ကြဲ လုပ်ချင်သလို မလုပ်နိုင်အောင်လို့ ထိန်းသိမ်းပေးနိုင်လောက်တဲ့သဘောနဲ့ ရွေးချယ်ခံကိုယ်စားလှယ်တွေ ထည့်ထားပေးရတာပါကွာ။ ဒီလိုပုံစံမျိုးကို ထိုင်းနိုင်ငံမှာလည်း တွေ့နိုင်မှာပါကွာ။ တခြားနိုင်ငံတွေမှာလည်း ကျင့်သုံးနေပါတယ်။
မဲကြီး။ ။ အေး.. မင်း ရှင်းပြတော့လည်း နဲနဲတော့ အရည်လည်လာပြီဟေ့။ ဒါဆို ငါက ထောက်ခံမဲပေးသင့်လား၊ ကန့်ကွက်မဲ ပေးသင့်သလားကွ။
သဲကြီး။ ။ အရည်လည်လာပြီလုပ်မနေနဲ့ကိုယ့်လူ။ အရည်လည်ရုံမကလို့ အနည်ကျတဲ့အထိ လေ့လာလို့ရအောင် ငါ့ဆီမှာ အခြေခံဥပဒေ ရေးဆွဲရေးအတွက် အမျိုးသားညီလာခံက ချမှတ်ထားတဲ့ အခြေခံမူစာအုပ် ပါလာတယ်။ ဖတ်ကြည့်။ ဒီလိုစာအုပ် တစ်အုပ်မှ ၃၅၀ ပဲ ပေးရတယ်။ လေ့လာပေါ့ကွာ။ ထောက်ခံမလား ကန့်ကွက်မလားဆိုတာကတော့ မင်းသဘောအတိုင်းပဲလေ။ ထောက်ခံတဲ့လူ ၅၀ ရာခိုင်နှုန်းကျော်ရင်တော့ ဒီအခြေခံဥပဒေကိုအတည်ပြုပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ကြရမှာပေါ့ကွာ။ ကန့်ကွက်ကြမယ် ဆိုရင်တော့ ဒီမိုကရေစီက ဘယ်ဆီနေမှန်းမသိတဲ့ဘ၀ကို ပြန်ရောက်သွားကြရမှာပေါ့။ မင်း သေသေချာချာစဉ်းစားပါ။
မဲကြီး။ ။ ဒီမိုကရေစီ နိုင်ငံသစ် ဖြစ်လာရင် ဒို့တွေအားလုံး ချမ်းသာကြတော့မှာပေါ့နော်။ ဟုတ်လား သဲကြီး။
သဲကြီး။ ။ ဟေ့.. ဟေ့..။ ဒါတော့ ငါ အာမ မခံဘူးကိုယ့်လူ။ ဒါက ကိုယ့်ဖာသာ ကြိုးစားရမယ့် ကိစ္စပါကွာ။ နိုင်ငံကြီး ဒီမိုကရေစီရတာနဲ့ ချမ်းသာရမယ်လို့ ကြံကြံဖန်ဖန်ကွာ။ ဒီမှာကိုယ့်လူ မင်းတို့တွေ ငါ့အတွက်၊ ငါ့သားမယားအတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုးအတွက် ဆိုတဲ့ ငါ့လေးလုံးကို ရှောင်ပြီး အများအတွက် ထည့်မစဉ်းစားပေးတတ်သရွေ့တော့ နိုင်ငံကြီးက တိုးတက်မှာ မဟုတ်ဘူးကွ။ ကိုယ်ကျိုးပဲ သိပ်မကြည့်ဘဲ နိုင်ငံအကျိုးအတွက် ဆောင်ရွက်နိုင်ရမယ်ကွ။ ဒို့နိုင်ငံကြီး မတိုးတက်တာ ကိုယ်ကျိုးပဲကြည့်တတ်တဲ့ သူတွေ များနေလို့ ပဲကွ။ ဒါကြောင့် နိုင်ငံကို တိုးတက်စေချင်တယ်ဆိုရင်တော့ ကိုယ်ကျိုးလေးတွေ နည်းနည်းလျှော့ပြီး အများအကျိုးနဲ့ နိုင်ငံအကျိုးအတွက် ဆောင်ရွက်ပေးဖို့ နိုင်ငံသူနိုင်ငံသားတိုင်းမှာ တာဝန်ရှိ တယ်ကွ။ အထူးသဖြင့် မင်းမှာ ပိုပြီးတာဝန်ရှိတယ်။ ဒီလို သဘောထားနိုင်ရင် အကောင်းဆုံးပေါ့ကွာ။ တို့နိုင်ငံသားအားလုံးက ငါ့မှာ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်ဓါတ်ကလေးတွေ ထားနိုင်ကြရင်တော့ ဖွံ့ဖြိုး တိုးတက်မှုဆိုတာ မနှေးအမြန် ရောက်လာနိုင်မှာပါ။
မဲကြီး။ ။ အေးပါ သူငယ်ချင်းရာ။ ငါ သဘောပေါက်ပါပြီ။ မင်းကို ခရီးရောက်မဆိုက်ကြီး မေးခွန်းတွေ ထုတ်လိုက်ရတာ စိတ်မရှိနဲ့ကွာ။ မင်းကို ချွေးသိပ်တဲ့အနေနဲ့ ပျဉ်းမနားမြို့ရဲ့ နာမည်ကျော်မျစ်ချဉ်ဟင်းနဲ့ ဧည့်ခံပါ့မယ်ကွာ။
သဲကြီး။ ။ အားနာစရာကြီး သူငယ်ချင်းရာ။ ဟဲ… ဟဲ…။ ထမင်းစားပြီးရင် အချိုပွဲအနေနဲ့ နန်းစိန်မုန့်လေးလည်း ပါမယ်မဟုတ်လားဟင်။
|
Monday, April 28, 2008
သဲကြီးမဲကြီး ဆွေးနွေးခန်း
Wednesday, April 2, 2008
အပြုသဘောဆောင်တဲ့ လမ်းစဉ်တွေသာ အဖြေဖြစ်တယ် (ဒေါက်တာ နေဝင်းမောင်နှင့် အင်တာဗျူး)
လစဉ်ထုတ် Living Color Chief Executive Officer လစ်ဗင်းကာလာ မဂ္ဂဇင်း၏ Chief Executive Officer နှင့် မူဝါဒရေးရာ ဒါရိုက်တာ၊ The Voice ဂျာနယ်၏ ထုတ်ဝေသူ ဒေါက်တာ နေ၀င်းမောင် (၄၅ နှစ်) က ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်အာဏာပိုင်များအကြား လက်ရှိ တင်းမာမှုများအပေါ် ဝေဖန်သုံးသပ်၊ အကြံပြုချက် ၆ ချက်ကို သူ၏ မိတ်ဆွေ အပေါင်းအသင်း နိုင်ငံရေးသမားများအကြား အင်တာနက် အီးမေးမှ တဆင့် ဖြန့်ဝေခဲ့သည်ကို ဧရာဝတီသတင်းဌာနက ပေါက်ကြား ဖော်ထုတ်လိုက်သည်။
ဒေါက်တာနေဝင်းမောင်၏ အကြံပြုချက်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် စစ်အစိုးရ၏ အခြေခံဥပဒေကို ထောက်ခံရန်၊ ရွေးကောက်ပွဲ ဝင်ပြိုင်ရန်၊ သို့သော် လွှတ်တော်နှစ်ရပ်တွင် တဝက်သာ ဝင်ရောက်ယှဉ်ပြိုင်ပါမည်ဟု အဆိုပြုရန်၊ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အတိုက်အခံဘဝတွင် ၅ နှစ်နေခြင်းဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အင်အား တောင့်တင်းအောင် လုပ်ရန်တို့ အကြံပြုထားသည်။
အုတ်အော်သောင်းနင်း ဖြစ်ပွားခဲ့သည့် အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်အတွက် သူ့ကို မဇ္ဈိမ သတင်းထောက် နန်းဒေဝီက တယ်လီဖုံးမှတဆင့် ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
မေး။ အီးမေးထဲမှာပါတဲ့ အကြံပြုချက် ၆ ချက်ကို အသေးစိတ် ပြောပြလို့ ရမလားရှင်။
ဖြေ။ ကျနော် ရေးထားတာတွေက များတော့ အဓိကပြောရရင်တော့ နှစ်ဘက် ပြေလည်သွားဖို့အတွက် ကိုယ်ကပဲ သဘောထားကြီးတယ် ဆိုတာကို စပြီး ပြနိုင်တဲ့သူက ပြဖို့ပါ။ အဲလို ပြဖို့ဆိုရာမှာ Road Map မှာ အရေးကြီးတဲ့ ကိစ္စဖြစ်မယ် ဆိုလို့ရှိရင်လည်း၊ ဒီကိစ္စကို Endorse (ထောက်ခံ) လုပ်လိုက်ပေါ့ဗျာလို့ ပြောတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော် မှတ်မိသလောက် ပြောရရင်တော့၊ ကျနော်က ကာယကံရှင် နေရာမှာ ဝင်ပြီး စဉ်းစားပြီး၊ ကျနော်သာ သူ ဖြစ်မယ်ဆိုလို့ရှိရင်၊ ကျနော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာရှိခဲ့ရင် နံပါတ်တစ်က ဘာလုပ်မလဲဆိုတော့ ဒီ Road Map အတိုင်း လိုက်သွားလိုက်မယ်။ ဒါဟာ တပ်မတော်အစိုးရရဲ့ အရေးကြီးတဲ့ ကိစ္စရပ်လည်း ဖြစ်တဲ့အတွက် နှစ်ဘက် ပြေလည်ဖို့အတွက် ဒါဟာ အရေးကြီးတယ်ပေါ့နော်။
ဒုတိယ တခုကလည်းပဲ၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဆက်ဆံရေးကောင်း တခုဖြစ်လာဖို့အတွက် ကျနော့်ဘက်က ရန်မလိုပါဘူး ဆိုတာကို ပြတဲ့အနေနဲ့ ကျနော်က ကျနော်သာ ဆိုခဲ့ရင်တော့၊ အိုကေ ကျမ NLD က အခုလာမယ့် ရွေးကောက်ပွဲမှာလည်းပဲ၊ အာဏာကို ဖြတ်လမ်းက လိုချင်တဲ့သဘော မရှိဘူး ဆိုတာကို ပြတဲ့အနေနဲ့ ရွေးကောက်ပွဲ လုပ်ချိန်မှာ ၃၃ဝ (မဲဆန္ဒနယ်မြေ) ရှိတယ်ဗျာ။
အဲဒီ ၃၃ဝ မှာ ကျနော်ဆို တဝက်ပဲ ဝင်ပြိုင်မယ်၊ ပထမဦးဆုံး ၁၆၅ နေရာလောက်ပဲ ဝင်ပြိုင်ပြီးတော့ အစောကြီးကတည်းက ကျမဟာ ဒီနိုင်ငံတည်ထောင်ရေးမှာ တနည်းမဟုတ် တနည်းနဲ့ ပါဝင်ချင်နေတာ ဖြစ်ပြီးတော့ အာဏာကိုဖြတ်လမ်းက လိုချင်တာ မဟုတ်ပါဘူး ဆိုတာ ပြတဲ့အနေနဲ့ ဝင်ကတည်းက ရွေးကောက်ပွဲမှာ တဝက်ပဲ ဝင်မယ်။ This is indicated that I am not seeking any political power. အဲလိုအတွက်နဲ့ မလိုအပ်ဘဲ အကျဉ်းချခံနေရတဲ့ သူတွေအားလုံးကိုတော့ လွှတ်ပေးလိုက်ပြီးတော့ ပျော်စရာကောင်းတဲ့ တိုင်းပြည် ရဲ့ စည်းလုံး ညီညွတ်မှုတခု တည်ထောင်ရအောင်ဆိုတဲ့ သဘောပါပဲဗျာ။ ကျနော် ဆိုလိုတာက Strong Opposition တခုအနေနဲ့ဘဲ ရပ်တည်ပြီးတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ ပြောတာပါ။
မေး။ အကြံပြုချက် ၆ ချက် ထွက်လာဖို့ ဘယ်လို အခြေခံ အကြောင်းအရာတွေက လှုံ့ဆော်ပေးတာလဲ။
ဖြေ။ ကျနော်က Basically I am political animal. (ကျနော်က အခြေခံ နိုင်ငံရေးသတ္တဝါ) လေ။ အဲဒါတွေနဲ့ ကျနော် ရင်းနှီးပြီးသားလေ။ အဲဒါ ကျနော်ရတဲ့ဟာကို အဓိက ဒီမှာရှိနေတဲ့ တဖက်နဲ့ တဖက် အမုန်းပွားနေတာ၊ ရန်ဖြစ်နေတဲ့ Circle (သံသရာ) ကို ရပ်သွားစေချင်ပြီ။ ပြည်သူတွေမှာ ဘယ်လို ဒုက္ခရှိတယ်ဆိုတာ ကျနော် အသေအချာ သိပါတယ်။ ဆိုတော့ ကျနော်လည်း တစိတ်တပိုင်းအားဖြင့် ခံစားနေရ တာပါပဲ။ အဲဒီအခါကျတော့ ဒီဟာ ပြီးသွားဖို့အတွက် တကယ်ကို သဘောထားကြီးတဲ့၊ အပြုသဘောဆောင်တဲ့ လမ်းစဉ်တွေသာလျှင် အဖြေ ဖြစ်တယ်ဆိုတော့ သေချာ ယုံကြည်တဲ့အတွက် ဒါကို ကျနော် ပြောတာပါ။
မေး။ ဒီအကြံပြုချက်နဲ့ ပတ်သက်ပြီးတော့ လူတချို့ရဲ့ တုံ့ပြန်မှု ဘာတွေရသလဲရှင့်။ လူတွေ လက်ခံနိုင်မယ်လို့ မြင်သလားရှင့်။
ဖြေ။ ဘာမှ မရပါဘူး။ လူတွေ လက်ခံနိုင်မယ်လို့ ကျနော် သိပ်မထင်ဘူး။ လူတွေက စိတ်ခံစားချက်နဲ့နေတော့ ဒီ နိုင်ငံရေးပိတ်ဆို့မှုက နစ်နေဆဲ ဖြစ်နေတာ။ အဓိက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေအပါအဝင် စိတ်ခံစားချက် မဖြစ်ဘူးဆိုရင် အဖြေက ထွက်တာ ကြာလှပါပြီ။ အနိုင်၊ အရှုံးစဉ်းစားရင်ပေါ့။ ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒီကိစ္စက အနိုင်အရှုံးကိစ္စ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံသားတွေဘဝနဲ့ ဆိုင်တဲ့ ကိစ္စတွေ ဖြစ်တယ်။ တပ်မတော်က နိုင်နိုင်၊ ဒေါ်အောင်ဆန်းစုကြည်ကပဲ နိုင်နိုင် ပြဿနာ မရှိပါဘူး။ မရှိနိုင်ပါဘူး။ အဲလို စဉ်းစားနေလို့ ပြဿနာရှိနေတာပါ။ ဒါက အချင်းချင်း ကြားမှာပဲ ခွဲဝေတဲ့ဟာပါ။ တယောက်ယောက်က ဆက်ဖြန့်လိုက်တာကို ဧရာဝတီက သတင်းလုပ်လိုက်တာနေမှာ။ ပြည်ပရောက် နိုင်ငံရေးသမားတွေ၊ အဖွဲ့အစည်းတွေကို ကျနော် မပို့ပါဘူး။ ဒါ တယောက်ယောက်က ဆက်ဖြန့်တာနေမှာ။
မေး။ အကြံပြုချက်တွေကို အစိုးရ အာဏာပိုင်တွေကို ခင်းပြပေးသေးလား။
ဖြေ။ ကျနော်တို့ အစိုးရကို၊ ဒီဘက်ပိုင်းကို ထားလိုက်ပါတော့။
မေး။ မြန်မာပြည် လက်ရှိ အနေအထားမှာ ဖြစ်သင့် ဖြစ်ထိုက်တယ် ထင်တာကို ဘယ်လို အကြံပြုချင်ပါသလဲ။
ဖြေ။ တကယ်ကတော့ဗျာ၊ ဒီကိစ္စက တကယ် သဘောထားကြီးနိုင်တဲ့လူက ထစ်ကနဲ မစဉ်းစားဘဲနဲ့ ထပြီးတော့ သဘောထားကြီးတဲ့ အကြောင်းကို တကယ် ရဲရဲပြလိုက်ဖို့ပါပဲ။ တကယ်သဘောထားကြီးတဲ့ လူက တကယ်သဘောထားကြီးကြောင်း ပြလိုက်ရင် ဖြစ်သင့်တာ အားလုံး ဖြစ်သွားမှာပါ။ ဒီကိစ္စက 'သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ' ဆိုပြီး စဉ်းစားရမယ့်ကိစ္စ မဟုတ်ပါဘူး။ 'သင်ကောင်းလျှင် ကျွန်ုပ် မဆိုးဘူး' ဆိုရင် ပြဿနာ ရှိနိုင်တယ်။ ကျနော်တို့ ဗုဒ္ဓဘာသာ အယူအဆအရ ပြောမယ်ဆိုရင်လည်း အပေါင်းလက္ခဏာဖြစ်တဲ့ ရလဒ်တခု ဖြစ်လာဖို့အတွက် တင်သွင်းပေးရမယ့် Input တွေ အားလုံးဟာ တကယ် အစစ်အမှန် အပေါင်းလက္ခဏာ ဖြစ်ဖို့ လိုပါတယ်။ အဲဒါမှပဲ အပြုသဘော ဖြစ်နိုင်မယ်။ အနုတ်ပေးရင် ထွက်လာတာလည်း အနုတ်လက္ခဏာ ဆောင်တဲ့ ရလဒ်တွေပဲ ရမယ်။
မေး။ မေလ လုပ်မယ့် ဆန္ဒမဲပေးဖို့ ဆိုတာကရော ဘယ်လိုမြင်ပါသလဲ။ တရားမျှတပြီး လွတ်လပ်တဲ့ ဆန္ဒမဲပေးပွဲဖြစ်၊ မဖြစ်။
ဖြေ။ မဲပေးမယ့် ကိစ္စကတော့ သူတို့ ဥပဒေ ထွက်ထားတာပေါ့နော်။ ထွက်ထားတဲ့ ဥပဒေကို ကြည့်လို့ ရှိရင် တရားမျှတမှု ဖြစ်မှာပါ။ သူမေးတာ မေးခွန်းက တခုပဲ ရှိတယ်လေ။ Yes လား/ No လား မေးတယ်လေ။ ဒီလို မေးတာက လူတိုင်းရဲ့ ဆန္ဒကို ရဲရဲ ထွက်ပေါ်လာ အောင် လုပ်ပေးလိုက်တယ်ဆိုရင် မျှတတယ်လို့ ပြောရမှာပေါ့။
မေး။ Third force အဖွဲ့အကြောင်း ပြောပေးပါလားရှင်။
ဖြေ။ Third force ဆိုတာ မရှိပါဘူး။ ကျနော်တို့ အချင်းချင်းကြားမှာ သတင်းအချက်အလက် ဖလှယ်တဲ့ သူငယ်ချင်းတွေပါပဲ။ အဖွဲ့ရယ်လို့ တကယ်ဖွဲ့ထားတာ မရှိပါဘူး။ ဖွဲ့ထားရင်လည်း ကျနော် ဖွက်ထားမှာ မဟုတ်ပါဘူး။ ဒါ ပြဿနာမရှိပါဘူး။ ဖွဲ့ထားမယ်ဆိုရင် နိုင်ငံရေး ရည်ရွယ်ချက် တခုရှိဖို့ လိုပါတယ်။ ကျနော့်မှာ နိုင်ငံရေး ရည်ရွယ်ချက် မရှိပါဘူး။ ကျနော် နိုင်ငံရေးသတ္တဝါပါ။ ဒါပေမဲ့ ကျနော် ရွေးကောက်ပွဲ မဝင်ဘူး။ အာဏာ၊ နိုင်ငံရေးနဲ့ ကျနော် မပတ်သက်ချင်ဘူး။
မေး။ အရင်တုန်းက နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါခဲ့သေးလား။
ဖြေ။ နိုင်ငံသားတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးကိုတော့ ကျနော်တသက်လုံးပဲ လုပ်လာတာ။ ကျနော့် Living Color မှာ ရေးတဲ့ဟာတွေကလည်း နိုင်ငံရေးပဲ။ ဒါပေမဲ့ ဒါတွေဟာ နိုင်ငံရေးအာဏာ မဟုတ်ပါဘူး။ ကျနော် ကျောင်းတုန်းကတည်းက ဒါပဲ လုပ်လာ ခဲ့တာ။
Technorati tags: nay, win, maung, mizzima, politic, burma, myanmar | |
Friday, March 28, 2008
Cypher ဘလော့ဂ် ရှင်းလင်းပွဲ ၂/၂၀၀၈
ကဲ… ၁/၂၀၀၈ မှာ ကျန်နေသေးတဲ့ ရှင်းစရာလေးတွေကို ဆက်ရှင်းဦးပါမယ်။ အခု ကျွန်တော် ရှင်းလင်းမယ့် အချက်တွေဟာ အမျိုးသား ညီလာခံက ချမှတ်ခဲ့တဲ့ အခြေခံရမယ့် မူတွေကို လေ့လာပြီး ကျွန်တော် တွေ့ရှိရတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ ရေးထားတာတွေပါ။ လွတ်လပ်စွာ အမြင်ကွဲလွဲနိုင်ပါတယ်။ အပြုသဘောမဆန်တဲ့ စကားမျိုးတွေကိုတော့ လက်မခံနိုင်ပါခင်ဗျာ။
မဇ္ဈိမက မောင်လူအေးရဲ့ post မှာ အခြေခံရမယ့်မူတွေကို လေ့လာဆန်းစစ်ပြထားတာတွေ့ရတော့ ကျွန်တော်ကလည်း ဆရာကြီးပုံစံနဲ့ လိုက်ပြီးလေ့လာခဲ့ပါတယ်။ ပြီးတော့ မောင်လူအေးနဲ့ လွတ်လပ်စွာ သဘောထားချင်း ကွဲလွဲမိပါတယ်။ ကဲ.. တစ်ချက်ချင်း ဆွေးနွေးကြည့်ကြရအောင်။
၁။ စစ်မှန်သော ပါတီစုံစနစ် ဟုတ်မဟုတ်
မောင်လူအေးက အခုချမှတ်မယ့်စနစ်က ပါတီစုံစနစ် မပေါ်လွင်ဘဲ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် သွယ်ဝိုက် အကောင် အထည်ဖော်ထားခြင်းဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ ကျွန်တော်ကတော့ ဒါဟာ အရမ်းအဆိုးမြင်လွန်းတယ်လို့ ထင်ပါတယ်။
ရွေးကောက်ပွဲတစ်ခုတွင် အနိုင်ရပါတီဆိုသည်မှာ လွှတ်တော်အမတ်နေရာ အများဆုံးရရှိသည့် နိုင်ငံရေးပါတီကို ဆိုလိုခြင်း ဖြစ်ပါတယ်။ လွှတ်တော်အမတ်နေရာ ဒုတိယအများဆုံးရရှိသည့် နိုင်ငံရေးပါတီကို အတိုက်အခံပါတီလို့ ခေါ်ပါတယ်။ ပြတ်ပြတ်သားသား အနိုင်မရပါက ညွန့်ပေါင်းအစိုးရ ဖွဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့စနစ်ဟာလည်း ထပ်တူမကျပေမယ့် ထိုနည်းနှင်နှင်ပါဘဲ ခင်ဗျာ။ အခြားနိုင်ငံများတွင်လည်း အနိုင်ရပါတီဟာ နိုင်ငံ့ခေါင်းဆောင်ကို တိုက်ရိုက်ခန့်အပ်၍ မရနိုင်ပါ။ လွှတ်တော်ရဲ့ အတည်ပြုရွေးချယ်မှုသာ ဖြစ်ပါတယ်။ ဥပမာ - အနီးဆုံး ထိုင်းနိုင်ငံကို ကြည့်ပါကုန်။ PPP ဟာ ရွေးကောက်ပွဲမှာ အမတ်နေရာ အများအပြားနဲ့ အနိုင်ရခဲ့ပေမယ့် PPP ခေါင်းဆောင် ဆမက်ဟာ ၀န်ကြီးချုပ်ရာထူးကို တန်းမရခဲ့ပါ။ လွှတ်တော်တွင်း ၀န်ကြီးချုပ်ရွေးချယ်ပွဲမှာ ဒီမိုကရက်ပါတီက အက်ဘ်ဟီးဆစ်နဲ့ ယှဉ်ပြိုင် ခဲ့ရပါသေးတယ်။ ဒါပေမယ့် အမတ်နေရာအများအပြားကို ချုပ်ကိုင်ထားတဲ့ PPP ဟာ ဆမက်ကို ၀န်ကြီးချုပ်ဖြစ်အောင် တွန်းတင် ပေးနိုင်ခဲ့ ပါတယ်။ ဒီလိုပါပဲ။ မြန်မာနိုင်ငံမှာ သမ္မတရွေးချယ်ရေးအဖွဲ့နဲ့ ရွေးမှာဖြစ်ပေမယ့် လွှတ်တော်နှစ်ရပ်အတွင်း အမတ်နေရာအများဆုံး ရထားတဲ့ နိုင်ငံရေးပါတီဟာ သမ္မတရွေးချယ်ရေးအဖွဲ့မှာလည်း ပါဝင်သူ ဦးရေများမှာဖြစ်တဲ့အတွက် တစ်ခြားပါတီနဲ့ယှဉ်ရင် အခွင့်အလမ်း သာမှာကတော့ ရှင်းရှင်းလေး မြင်နိုင်ပါတယ်။
ပြည်နယ်/တိုင်း လွှတ်တော်အတွင်းရေးမှူးနဲ့ပတ်သက်လို့တော့ ကျွန်တော် ဖတ်ကြည့် နားလည်သလောက်တော့ ပြည်နယ်/တိုင်း အထွေထွေအုပ်ချုပ်ရေးဌာနဆိုတာ သက်ဆိုင်ရာ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ရုံးကို ဆိုလိုတာပါ။ အဲဒီ ပြည်နယ်/တိုင်း အစိုးရအဖွဲ့အတွက် ပြည်နယ်/တိုင်း ၀န်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေထဲက ရွေးချယ်ခန့်ထားမှာဖြစ်ပြီး အဲဒီ ၀န်ကြီးချုပ်ကမှ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒီတော့ ပြည်နယ်/တိုင်း လွှတ်တော်ကို ဖွဲ့စည်းပြီးမှသာ အဲဒီ ပြည်နယ်/တိုင်းရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနကို ဖွဲ့စည်းမှာဖြစ်တဲ့အတွက် အထွေထွေအုပ်ချုပ်ရေးဌာနရဲ့ အကြီးအကဲ (မောင်လူအေးရဲ့ အသုံးအနှုန်းအရ အုပ်ချုပ်ရေးမှူး) က လွှတ်တော်အတွင်းရေးမှူးဖြစ်လာမလား လွှတ်တော်အတွင်းရေးမှူးကမှ အထွေထွေ အုပ်ချုပ်ရေး ဌာန အကြီးအကဲဖြစ်မလားဆိုတာ အရှင်းကြီးပါ။ ဒါကြောင့် လွှတ်တော်အတွင်းရေးမှူးကို ပုံသေသတ်မှတ်ထားခြင်း မဟုတ်ပဲ လွှတ်တော် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မယ့် လွှတ်တော်ကိုယ်စားလှယ်ဟာ သက်ဆိုင်ရာ ပြည်နယ်/တိုင်း အုပ်ချုပ်ရေးဌာနရဲ့ အကြီးအကဲအဖြစ် လည်း ဆောင်ရွက်ရမယ်လို့ ဆိုလိုခြင်းသာ ဖြစ်ပါတယ်။
၂။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဟုတ်မဟုတ်
မောင်လူအေး ဘာကို ဆိုလိုပါသလဲခင်ဗျာ။ လွှတ်တော်တွင်းမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ခြင်းကြောင့် စည်းကမ်းမပြည့်ဝဟု ဆိုလိုပါသလား။ ကျွန်တော်အမြင်အရတော့ စည်းကမ်းပြည့်ဝသော ဆိုတဲ့ အသုံးအနှုန်းဟာ ပါလီမန်ခေတ်ကလို နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲတွင်း အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်သောင်းကျန်းသူတွေ၊ တရားမ၀င် မြေအောက်အဖွဲ့အစည်း တွေနဲ့ ပူးပေါင်း။ မဲဆန္ဒရှင်တွေကို ရွာလုံးကျွတ် သေနတ်နဲ့ထောက် ကိုယ်လိုရာပါတီကို မဲပေးခိုင်းတာမျိုး၊ ဆန္ဒမဲပုံးတွေကို လမ်းက ဖြတ်လု တာမျိုး။ မဲပုံးတွေ အခိုးခံရတာမျိုး မဖြစ်အောင် ထိန်းသိမ်းမယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ထင်ပါတယ်ခင်ဗျာ။
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို ဘယ်နိုင်ငံကမျှ မကျင့်သုံးသေးဘူးလို့ ဆိုထားတာ တွေ့ရပါတယ်တဲ့။ ဒီလိုဆို ကျွန်တော်ကလည်း ပြန်မေးချင်ပါတယ်။ ဘယ်နိုင်ငံရဲ့ ဒီမိုကရေစီဟာ ဒီမိုကရေစီစံ ဆိုတာတွေနဲ့ ညီညွတ်ပါသလဲ။ ဒီမိုကရေစီကို ရေလဲ သုံးနေတဲ့ အမေရိကန် မှာတောင် သူတို့ကိုယ်တိုင်ရဲ့နှုတ်ကထွက်တဲ့ ဒီမိုကရေစီစံတွေနဲ့ မကိုက်ဘူးဆိုတာ လေ့လာကြည့်ရင် သိမှာပါ။
၃။ နိုင်ငံတော်အစိုးရဖွဲ့စည်းပုံ
မှန်ပါတယ်။ သမ္မတဟာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ကာကွယ်ရေးနဲ့ လုံခြုံရေးဝန်ကြီးတွေကို ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အကြံပြုချက်နဲ့ ခန့်အပ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ကိုက်ညီပါတယ်။ ဖော်ပြပါ ၀န်ကြီးဌာနများဟာ စစ်ရေးစစ်ရာနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုသို့ ဆောင်ရွက်ရန်အတွက် လက်ရှိအချိန်မှာ အသင့်လျော်ဆုံးနဲ့ အကျွမ်းကျင်ဆုံးဟာ တပ်မတော်သားများသာ ဖြစ်ပါတယ်။ အမှန်တကယ် အတ္တရှင်းရှင်းနဲ့ ကြည့်မယ်ဆိုရင် တပ်မတော်သားများလောက် အုပ်ချုပ်ရေးနဲ့ စစ်ရေးမှာ well-trained ဖြစ်သူတွေ အရပ်သားများအတွင်းမှာ မရှိတာကို တွေ့မှာပါ။ အဲ.. ရှိခဲ့ရင်လဲ အဲဒီပုဂ္ဂိုလ်တွေဟာ အငြိမ်းစား စစ်မှုထမ်း၊ သို့မဟုတ် အခြားလက်နက်ကိုင် အမှုထမ်းတစ်ဦးဦးပဲ ဖြစ်ပါလိမ့်မယ်။
ထိုဝန်ကြီးသုံးဦးဟာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုဦးစီးချုပ်တို့ရဲ့ လက်အောက်ခံဖြစ်နေတယ်ဆိုတဲ့အချက်ကို ကျွန်တော် လက်မခံနိုင်ပါ။ အဆင့်အတန်း ညီမျှမှုအရတော့ ၀န်ကြီးသုံးဦးဟာ ဦးစီးချုပ်နှစ်ဦးထက် နိမ့်တာ မှန်ပါတယ်။ ဒါပေမယ့် ဒီလူတွေ အဓိက တာဝန်ခံကြရ မှာကတော့ နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတနှစ်ဦးကိုသာ ဖြစ်ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်နှစ်ဦးဟာ ဆိုင်သာဆိုင်ပြီး မပိုင်ဘူးလို့ ပြောနိုင်ပါတယ်။
၎။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
ဒါလည်း မှန်ပါတယ်။ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်အရေအတွက် ပိုများပါတယ်။ ဒါတောင် ၁၁ ယောက်မှာ ၆ ယောက်ဆိုတော့ ၁ ယောက်သာ ပိုတယ်လို့ ဆိုနိုင်ပါတယ်။ ဒါအတွက် သိပ်လည်း စိတ်ပူဖို့ မလိုပါ ခင်ဗျာ။ NDSC ဟာ amnesty နဲ့ pardon ပေးဖို့အတွက် သမ္မတကို အကြံဥာဏ်ပေးနိုင်ပြီး ကာကွယ်ရေးဦးစီးချုပ် ခန့်ထားဖို့လည်း အကြံဥာဏ်ပေးနိုင်ပါတယ်။ ဒါကတော့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် တစ်ဦး ရွေးချယ်ဖို့ဟာ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များက အကြံဥာဏ်အပေးနိုင်ဆုံးဖြစ်လို့ပါဘဲ။ ဒီလို အာဏာတွေ ရှိတာနဲ့ပဲ နိုင်ငံတော် အစိုးရထက် အဆင့်မြင့်တယ်လို့ ဆိုနိုင်ပါသလား။ တကယ့်နိုင်ငံတော်အာဏာဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ အာဏာကြီး သုံးရပ်ဟာ လွှတ်တော်ကြီးနှစ်ရပ်နဲ့ ပြည်နယ်/တိုင်း လွှတ်တော်များစီမှာ ရှိနေပါတယ်။ NDSC ဟာ လွှတ်တော်ရဲ့ တိုက်ရိုက် ထိန်းချုပ်မှုအောက်မှာ မရှိဘူးလို့ဆိုနိုင်ပေမယ့် ယင်းအဖွဲ့မှာ လွှတ်တော်နှစ်ရပ်ရဲ့ ဥက္ကဋ္ဌတွေ ပါဝင်ပါတယ်။ နောက် လွှတ်တော်နှစ်ရပ်က တင်မြှောက်ထားတဲ့ သမ္မတနဲ့ ဒုသမ္မတ သုံးဦးပါဝင်ပါတယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းအဟာ လွှတ်တော်နဲ့ လုံးဝသီးခြားရပ်တည် နေတာ မျိုးတော့ မဟုတ်ပါ။ Lateral relationship သဘောမျိုးပါ။ ဥပမာပေးရရင် ကုမ္ပဏီတစ်ခုက MD၊ Secretary နဲ့ GM တွေရဲ့ ဆက်ဆံမှု မျိုးပါ။ Secretary ဟာ GM ရဲ့အုပ်ချုပ်မှုအောက်မှာ မရှိပါဘူး။ သူဟာ MD ကို တိုက်ရိုက် အကြံဥာဏ်ပေးနိုင်ပါတယ်။ သို့ပေမယ့် လုပ်ငန်း ပိုင်းမှာတော့ GM ကို ကျော်လို့ ရလိမ့်မယ် ထင်ပါသလားခင်ဗျာ။ GM နဲ့ Secretary က အမျိုးတော်ရင်ကောလို့တော့ ကပ်သတ်ပြီး မပြောပါ နဲ့ဗျာ။
၅။ ပြည်ထောင်စု ဟုတ်မဟုတ်
ဒီနေရာမှာ Union နဲ့ Federal States ဆိုတာကို ကွဲကွဲပြားပြား သိဖို့ လိုပါလိမ့်မယ်။ ကျွန်တော့်အမြင်တော့ Union ဆိုတာ သီးခြား ပြည်နယ်/တိုင်းအစိုးရများက ဗဟို ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလို့နားလည်ပါတယ်။ Federal States ဆိုတာကတော့ ဗဟိုအစိုးရထံမှ အကြံဥာဏ်နှင့် အထောက်အပံ့များ မယူသလောက်နဲ့ ပြည်နယ်/တိုင်းအသီးသီးမှ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြရမှာ ဖြစ်ပါ တယ်။ ဒီတော့ Federal မူကိုမှ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်လို့ ရှုမြင်နေတဲ့ မောင်လူအေးကို မေးလိုတာက ဒီလို ကိုယ့်ကြမ္မာကိုယ် ဖန်တီးဖို့ ကျွန်တော်တို့ရဲ့ ပြည်နယ်/တိုင်းတွေမှာ အရည်အချင်း ပြည့်စုံပါပြီလား ဆိုတာပါပဲ။ ချင်းပြည်နယ်တို့ ကယားပြည်နယ်တို့လို ဒေသတွေဟာ ဗဟိုအစိုးရရဲ့ အကူအညီမယူဘဲ မိမိ ဒေသကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တယ်လို့ ပြောလာရင်တော့ အဲဒီလို ပြောလာ သူကို ကျွန်တော်ကတော့ သမီး ယောက်ျားယူပြီး ကလေးမွေးနိုင်ပါပြီလို့ လာပြောတဲ့ ၈ နှစ်သမီးလေးကို ကြည့်သလိုသာ ကြည့်လိုက်ချင်ပါ တော့တယ်။ ဒါကြောင့် ဒီလို Federal မူမရတာနဲ့ဘဲ မြန်မာနိုင်ငံဟာ အကျဉ်းတန်နိုင်ငံ ဖြစ်သွားနိုင်တယ်ဆိုတဲ့ မောင်လူအေးဟာ ရှမ်း စော်ဘွားတွေနဲ့များ အမျိုးတော်လေသလားလို့ တွေးမိပါတယ်။ မောင်လူအေးတစ်ယောက် မြန်မာပြည်ကို ပြန်မရောက်တာ အတော်ကြာပြီ ထင်ပါရဲ့။ ပြန်လာကြည့်လှည့်ပါဗျာ။ ခင်ဗျားတို့အထင်ကြီးတဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ပင်ထားမှုတွေသာ မရှိရင် မြန်မာနိုင်ငံဟာလည်း ညံ့လှတာမဟုတ်ပါဘူးဗျ။ မြန်မာပြည်မှာ ပျော်လွန်းလို့ နေနေတဲ့ နိုင်ငံခြားသားတွေ အများကြီးရှိပါတယ်ဗျာ။
၆။ NLD ဘာကြောင့် အမျိုးသားညီလာခံမှ နှုတ်ထွက်ခဲ့သလဲ
ဒီအခန်းကို ဖတ်ကြည့်တော့ မောင်လူအေးလည်း အဓိကအကြောင်းအရင်းကို သေချာသိပုံ မပေါ်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း မသိပါ။ သူတို့ကိုယ်တိုင်ကလွဲရင် ဘယ်သူမှ သိမှာလည်းမဟုတ်ပါ။ မောင်လူအေး ဖော်ပြထားသလို အချက် ၆ ချက်ကြောင့် ဆိုပါရင် အဲဒီအချိန်တုန်းက ဒီ/ချုပ်ဟာ ဘာကြောင့်များ ဒီအချက်တွေကို မပြောဘဲ အစိုးရအနေနဲ့ အမျိုးသားညီလာခံကို ပစ်ပယ်လို့ သူတို့နဲ့ သီးခြားတွေဆုံရမယ်တို့၊ လွှတ်တော်ကို ဇွတ်ခေါ်မယ်တို့ ပြောခဲ့ကြရတာပါလိမ့်ဗျာ။ ဒါတော့ အဲဒီပုဂ္ဂိုလ်တွေပဲ အသိဆုံးဖြစ်မှာပါ။
၇။ ပြည်ထောင်စုဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်း
ပြောစရာမရှိပါ။ မောင်လူအေးမှလည်း သိပ်ပြောထားခြင်းမရှိပါ။ ပြည်နယ်/တိုင်း ၀န်ကြီးချုပ်များဟာ သူတို့ကို ရွေးချယ် ခန့်ပေးထားသူ နိုင်ငံတော်သမ္မတကို အာ,မခံရဲမည်ကို တွေးပူပုံရသည်။ အတိုက်အခံပြုသည်နှင့် အာခံသည်ဆိုသည်မှာ ကွဲလွဲမှု များစွာရှိပါသည်။ အတိုက်အခံပြုသည်ဆိုသည်မှာ အမြင်မတူသည်ကို တင်ပြခြင်းဖြစ်ပြီး အာခံခြင်းမှာ မထီမဲ့မြင်နှင့် လုပ်သမျှအား ကန့်လန့်တိုက်ခြင်းကို ဆိုလိုပါသည်။ ခွဲခြား ရှုမြင်စေလိုပါသည်။
၈။ စစ်တပ်၏ အခန်းကဏ္ဍ
မှန်ပါသည်။ စစ်တပ်ဟာ အခုမှ နိုင်ငံ့အရေးကို ပါဝင်ပတ်သက်ခြင်း မဟုတ်ပါ။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ဟာ စစ်သားတစ်ယောက် ဖြစ်ပါသည်။ အိန္ဒိယမှ ဂန္ဒီကြီးကဲ့သို့ အရပ်သားတစ်ဦး မဟုတ်ပါ။ မြန်မာနိုင်ငံအတွင်း ကူမင်တန်တပ်များ ကျူးကျော် ၀င်ရောက်လာရာတွင်လည်း စစ်တပ်မှ တိုက်ထုတ်ခဲ့ခြင်းသာ ဖြစ်ပါသည်။ အမြင်ချင်းမတူလို့ လက်နက်တွေ ကိုင်စွဲပြီး အချင်းချင်း ပစ်ကြခတ်ကြ ဖြစ်နေတဲ့အချိန်မှာ ငြိမ်းချမ်းရေး အတွက် ဦးဆောင်ဆွေးနွေးပေးခဲ့တာလည်း စစ်တပ်ပါပဲ။ ဘယ်နိုင်ငံရေး ပါတီမှ မပါ,ပါခင်ဗျာ။ မိုင်းယန်း-မဲသဝေါတို့၊ စီစီ-၀မ်တာပန်တို့၊ မာနယ်ပလောတို့မှာ သွေးချောင်းစီးခဲ့တုန်းကလည်း ဒီစစ်တပ်ထဲက စစ်သားတွေရဲ့ သွေးတွေပါပဲ။ အဲ.. တစ်ဖက်က ပြန်တိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ပါတာပေါ့လေ။
ပါတီစုံ ဒီမိုကရေစီစနစ်မှာ စစ်တပ် ပါဝင်တာကို ဘယ်လိုမှ နားမလည်နိုင်ဟု ရေးသားထားခြင်းအတွက် ၀မ်းနည်းမိပါသည်။ ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူတို့အတွက် ပြည်သူများမှ အုပ်ချုပ်ခြင်း ဖြစ်ပါတယ်။ အဲဒီ ပြည်သူ ဆိုတဲ့အထဲမှာ စစ်သားများလည်း ပါဝင်ပါတယ်။ စစ်သားဆိုတာ အပြင်က ရောက်လာတဲ့ alien တွေ မဟုတ်ပါ။ မြန်မာနိုင်ငံမှာ စစ်သားတစ်ဦးဦးနဲ့ ဆွေးမျိုးတော်စပ်မှု လုံးဝမရှိတဲ့ မိသားစု ဘယ်နှစု ရှိမည်ထင်ပါသလဲ။ အလွန်ကို နည်းပါသည်ခင်ဗျာ။ ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံအခြေအနေကို ထိန်းသိမ်းရန် ခက်ခဲသဖြင့် နိုင်ငံ အုပ်ချုပ်ရေးတွင် စစ်တပ်မှ ပါဝင်နိုင်ရန် အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းနေကြသည်ကို လေ့လာစေလိုပါသည်။
၉။ အရေးပေါ်ကာလပြဌာန်းချက်
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများဟာ ကာကွယ်ရေးဦးစီးချုပ်အား လုံးဝလွှဲပေးရခြင်းမျိုးမဟုတ်ပါ။ အရေးပေါ်အခြေအနေ ကြေညာရန် ဆုံးဖြတ်ချက်ချ ကြေညာပြီးပါက ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူရမည် ဖြစ်ပါသည်။ လွှတ်တော်မှ လက်မခံပါက ယင်း အရေးပေါ်အခြေအနေ ကြေညာမှုအား ရုတ်သိမ်းရမည် ဖြစ်ပါသည်။ သမ္မတနှင့် ဒုတိယသမ္မတများသည် အုပ်ချုပ်မှု ညံ့ဖျင်းသဖြင့် နှုတ်ထွက်ပေးသင့်သည်မှာ မှန်ပါသည်။ သို့သော် နိုင်ငံတစ်နိုင်ငံသည် ဘောလုံးအသင်းတစ်သင်းကဲ့သို့ မန်နေဂျာတစ်ယောက် နှုတ်ထွက်သွားပါက နောက်တစ်ယောက် ချက်ချင်း ရှာဖွေ၍ မရပါ။ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရန် အချိန်ယူရပါသည်။ ထို့ကြောင့် ယင်းရွေးကောက်ပွဲမှ တက်လာမည့် သမ္မတနှင့် ဒုသမ္မတသစ်များ တက်မလာခင်အချိန်အထိ ယခင် ပုဂ္ဂိုလ်များက ဆက်လက်ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။ သို့မဟုတ်ပါက အုပ်ချုပ်မည့်အစိုးရ မရှိသောနိုင်ငံဘ၀ ရောက်သွားနိုင်ပါသည်။ အရေးပေါ်ကာလဆိုင်ရာအခန်းတွင် အရေးပေါ်အခြေအနေကြေညာချက်အား ပြန်လည်ရုတ်သိမ်းပြီး ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမည်ဟု ပါရှိပါသည်။
၁၀။ အခြေခံဥပဒေကို ပြင်ဆင်ခြင်း
အခြေခံဥပဒေဆိုသည်မှာ အလွယ်တကူ ပြုပြင်၍ ရကောင်းသည့်အရာမျိုး မဟုတ်ပါ။ မည်သည့်နိုင်ငံကမျှလည်း ထိုသို့ အလွယ်တကူ ပြုပြင်နိုင်အောင် ရေးဆွဲမထားပါ။ သို့သော်လည်း လုံးဝ ပြုပြင်၍မရသည်မျိုးလည်း မဟုတ်ပြန်ပါ။ ယခုအခန်းကို လေ့လာကြည့်ပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် နှစ်ဆယ်ရာခိုင်နှုန်းက ထောက်ခံတင်ပြလျှင် ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၃၃ ဦး လက်မှတ်ရေးထိုးရမည် ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၆၆၄ ဦးရှိပြီး အရပ်သား ကိုယ်စားလှယ် ၄၉၈ ယောက်ရှိပါသည်။ နိုင်ငံတစ်ခု၏ အရေးအပါဆုံး အခြေခံဥပဒေအား ပြင်ဆင်ရန်အတွက် ထိုမျှလောက် ပမာဏသော ပုဂ္ဂိုလ်များကတော့ ထောက်ခံရန် လိုအပ်ပါသည် ခင်ဗျား။ တပ်မတော်သား ကိုယ်စားလှယ်များမှာ ပြည်ထောင်စုလွှတ်တော်တွင် စုစုပေါင်း ၁၆၆ ယောက် (၂၅ %) ရှိသဖြင့် အဆိုပြု တင်ပြနိုင်သော်လည်း တကယ်တန်း ဆုံးဖြတ်ချက်ချသည့်အခါ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ထောက်ခံရမည် ဖြစ်သဖြင့် စစ်တပ်မှ လုပ်တိုင်း မဖြစ်နိုင်ပါ။ အရပ်သားများဘက်ကတော့ အရပ်သားကိုယ်စားလှယ် အားလုံးသာ တညီတညွတ်တည်း ထောက်ခံပါက စစ်တပ်မှ မည်မျှပင် ကန့်ကွက်စေကာမူ အခြေခံဥပဒေကို ပြင်ဆင်နိုင်မည် ဖြစ်ပါသည်။
၁၁။ လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ယောက်ပိုင်သူ
ကာကွယ်ရေးဦးစီးချုပ်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုသို့ ဆိုရပါလျှင် ပြည်သူများသည် ကိုယ်စားလှယ် ၆၆၄ ဦး ပိုင်ဆိုင်သည်ကို မမေ့စေ လိုပါ။ ယခင် ပြောခဲ့ပြီးသည့်အတိုင်းပင် စစ်သားဆိုသည်မှာလည်း မြန်မာပြည်သား မြန်မာ တစ်ဦးပင်ဖြစ်သည်ကို သတိချပ်စေလိုပါသည်။ နိုင်ငံတကာ စံချိန်စံညွှန်များဟု ဆိုထားသဖြင့် ပြောလိုသည်မှာ ဒီမိုကရေစီဆိုတာ ဒါတွေပါပဲဟု လျှပ်စစ်ပစ္စည်းများအား စံသတ်မှတ်သကဲ့ သို့ တစ်မျိုးတည်း သတ်မှတ်၍ မရနိုင်ပါ။ သင် နှစ်သက်ရာ ဒီမိုကရေစီနိုင်ငံနှစ်နိုင်ငံအား နှိုင်းယှဉ်ကြည့်ပါ။ မည်သည့်အခါမျှ ထပ်တူညီမည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးစနစ်ဆိုသည်မှာ သက်ဆိုင်ရာ နိုင်ငံအလိုက် လိုအပ်ချက် ကွဲလွဲသောကြောင့် ဖြစ်ပါသည်။
၁၂။ လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်များ
နယကအစိုးရသည် ဒီမိုကရေစီအင်အားစုများအား နှိပ်ကွပ်နေသည်ဆိုသည့်အဆိုကိုတော့ လက်မခံနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် မီဒီယာများမှ ကြေညာနေသည့် နိုင်ငံရေးအကျဉ်းသား ဆိုသူများမှာ ဒီ/ချုပ်နှင့် အခြားသော ပါတီ နှစ်ခုခန့်မှ အဖွဲ့ဝင်များသာ ဖြစ်ပါသည်။ နောက်ပြီး ထိုပုဂ္ဂိုလ်များတွင် အသေအချာ ထောက်ပြနိုင်လောက်သော ဥပဒေချိုးဖောက်မှုများ အမှန်ပင် ရှိပါသည်။ ၁/၂၀၀၈ post တွင် ဆိုခဲ့ပြီးသည့်အတိုင်း ၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံခဲ့သည့် ပါတီပေါင်းမှာ ၉၃ ခု ဖြစ်ပါသည်။ ပါတီများအပြင် အခြားသော နိုင်ငံရေးလေ့လာမှုအဖွဲ့များသည်လည်း လွတ်လပ်စွာ ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ခိုင်ဖြိုးနှင့်ပတ်သက်၍မူ ပြောလိုသည်မှာ ယင်းအဖွဲ့အစည်းသည် နိုင်ငံရေးပါတီ မဟုတ်ပါ။ အောက်ခြေ အသင်းဝင်များအတွင်း စည်းကမ်းဖောက်ဖျက် အကျင့်ပျက်ခြစားသူများ လုံးဝမရှိပါဟု မငြင်းလိုသော်လည်း ယင်းအသင်း၏ လမ်းစဉ်များတွင် ပြည်သူတို့ အကျိုးယုတ်စေရန် တစ်ခုမျှ မပါဝင်ပေ။ ရပ်ကွက် ကျေးရွာ သာရေးနာရေးများတွင် ဦးဆောင်သူများမှာ ပြည်ခိုင်ဖြိုးများ ဖြစ်နေတတ်ပါသည်။ ကျေးရွာ ရေပေးဝေရေး ဆိုလျှင်လည်း ၎င်းတို့ ပါဝင်နေပါသည်။ အခြားသော အချက်များရှိသော်လည်း ဘက်လိုက်သည့်ပုံစံမျိုး အထင်ရောက်နိုင်သဖြင့် မရေးသားလိုတော့ပါ။ ပြည်သူ့ စွမ်းအားရှင်အဖွဲ့နှင့်ပတ်သက်၍မူ ကျွန်တော် cypher သည် ယနေ့ အချိန်ထိ ယင်းအဖွဲ့ဝင်များအား မတွေ့မြင်ဖူးပါ။ မည်သို့သော ပုဂ္ဂိုလ် များအား ခေါ်ဝေါ်သည်ကိုလည်း မသိသဖြင့် မရှင်းလိုပါ။ မောင်လူအေး၏ "ငြိမ်းချမ်းရေးကို ငြိမ်းချမ်းစေနိုင်သည့် နည်းလမ်းများဖြင့်သာ ရယူရန်" ဆိုသည့်စကားကိုမူ သဘောကျ ထောက်ခံပါသည်။ ဆန္ဒပြသည်ဆိုကာ public property များအား ဖျက်ဆီးခြင်းသည် ငြိမ်းချမ်းရေးကို ထိခိုက်စေပါသည်။ မိမိနှင့် သဘောထားမတူသဖြင့် မိမိအား မထောက်ခံသူများအား အော်ဟစ် ဆဲဆို (၂၀၀၇ စက်တင်ဘာလ အတွင်းက ဘုန်းတော်ကြီးများအားပင် ထမီဝတ်ထား၊ သနပ်ခါးလိမ်းထား စသဖြင့် ထမီထုပ်များ၊ သနပ်ခါးတုံးများ ကျောင်းရှေ့လာချခြင်းပင် ရှိခဲ့) ကြခြင်းသည်လည်း ငြိမ်းချမ်းရေးနည်းလမ်း မဟုတ်ပါခင်ဗျား။
၁၃။ အခြေခံဥပဒေအား မည်ကဲ့သို့ အတည်ပြုမည်နည်း
ရှင်းပါသည်။ ပြည်သူ့ဆန္ဒဖြင့်သာ အတည်ပြုမည် ဖြစ်ပါသည်။ မောင်လူအေးအား ပြောလိုသည်မှာ အခြေခံဥပဒေတစ်ခု ခိုင်မာခြင်း မခိုင်မာခြင်းသည် ထောက်ခံသည့် ရာခိုင်နှုန်းနှင့် သတ်မှတ်၍မရပါ။ ယင်းအခြေခံဥပဒေတွင် ပါဝင်သည့် အချက်အလက်များဖြင့်သာ တိုင်းတာနိုင်ပါလိမ့်မည်။ ၁၉၇၄ ဖွဲ့စည်းပုံအား ဘာကြောင့် ဖျက်သိမ်းရပါသနည်းဟူမူ ပစ္စုပ္ပန်တွင် လက်တွေ့မကျတော့သောကြောင့် ဖြစ်ပါ၏။ တစ်ချိန်က မည်မျှပင် လူကြိုက်များခဲ့စေကာမူ အလုပ်မဖြစ်တော့သော အခြေအနေတွင် ယင်းကို ဖျက်သိမ်းရမည်သာ ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် လုံးဝ ပြီးပြည့်စုံသည့် အခြေခံဥပဒေဟူ၍ ယနေ့အချိန်ထိ မပေါ်ပေါက်ဖူးသေးပါ။
မောင်လူအေး၏ နောက်စကားလုံးတစ်ခုကို ထောက်ခံလိုပါသည်ခင်ဗျာ။ မိမိတစ်စု၊ တစ်ဖွဲ့တည်း သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် တည်း၏ အကျိုးစီးပွားကိုပဲ ကြည့်၍ မရနိုင်ပါ။ ဒီမိုကရေစီဟု ဆိုလာသည်နှင့် အများဆန္ဒအား ဦးစားပေးရမည်သာ ဖြစ်ပါသည်။ မိမိ တစ်ဦး၊ တစ်ပါတီတည်း မကြိုက်သည်နှင့် ကျန်အဖွဲ့အစည်းများမှ လက်ခံထားသော ညီလာခံကြီးနှင့် အခြေခံရမည့်မူများအား ဆန့်ကျင် ကန့်ကွက်ခြင်းသည် အတ္တစွဲ ကင်းရှင်းပါသည်ဟု ဒီ/ချုပ်မှ အာမခံနိုင်ပါ၏လော။ တွေ့ဆုံဆွေးနွေးရေးကို သွေဖီသည်ဆိုသည့်စကားကို နားမလည်နိုင်ပါ။ မည်သူနှင့် တွေ့ဆုံဆွေးနွေး ရပါမည်နည်း။ ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလိုပါသလော။ ဒီ/ချုပ်အား ဆိုလိုပါသလော။ မည်သူက မဆွေးနွေးဘဲ ကန့်လန့်တိုက်ခဲ့ပါသနည်း။ မေးခွန်းတွေ အများကြီး ပေါ်ထွက်လာနိုင်ပါသည်။
နိုင်ငံရေးဆိုသည်မှာ နိုင်ငံ့အရေးသာ ဖြစ်ပါသည်။ ပါတီအရေး မဟုတ်ပါ။ နိုင်ငံအတွင်းရှိ ပြည်သူများ၏ အကျိုးအတွက်သာ ဖြစ်စေလိုပါ သည်။ ဦးနုလက်ထက်ကကဲ့သို့ နိုင်ငံရေးသမားအချင်းချင်း မသင့်မြတ်သည်နှင့် ပြည်သူများအား မေ့ထားလိုက်ကြခြင်းမျိုး မဖြစ်စေလိုပါ။ အားလုံး၏အရေးဖြစ်သဖြင့် အလွန်အရေးကြီးပါသည်။ တစ်ယောက်အမှားကို တစ်ယောက်က ထောက်ပြနိုင်ရပါမည်။ မှားသူကလည်း မှားကြောင်း ၀န်ခံရဲရပါမည်။ ပြည်သူအတွက် အကျိုးရှိပါက မိမိအကျိုးအား ခေတ္တ မေ့ထားရန် လိုအပ်ပါသည်။ နိုင်ငံရေးသမားတစ်ဦး၏ အဓိကတာဝန်မှာ အာဏာရအောင် ကြိုးပမ်းခြင်း မဟုတ်ဘဲ ပြည်သူတို့အရေးအား စွမ်းစွမ်းတမံ ဆောင်ရွက်ပေးရန်သာ ဖြစ်သည်ကို နိုင်ငံရေးသမားကြီးများနှင့် နောင်ဖြစ်လာလတ္တံ့သော နိုင်ငံရေးသမား အလောင်းအလျာများ အထူးသတိချပ်ကြစေလိုပါသည်။
(Cypher လေ့လာနိုင်သလောက် လေ့လာပြီး ရေးသားထားခြင်းဖြစ်ပါတယ်။ မောင်လူအေးရဲ့ သုံးသပ်ချက်ကိုတော့ ဒီလင့်မှာသာ သွားဖတ်ကြပါတော့။ လုံးဝပြည့်စုံတယ်လို့တော့ မဆိုလိုပါ။ လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်။ ဒါပေမယ့် မမေ့စေချင်တာက "No Offence"။ အဲဒါတော့ လက်ခံမှာ မဟုတ်ပါဘူး။ သူတို့ကိုယ်သူတို့ နိုင်ငံရေးနားလည်တယ်လို့ ထင်တဲ့ တစ်ချို့ပုဂ္ဂိုလ်တွေက တစ်ဖက်လူပြောတာကို လုံးဝနားမထောင်ပဲ သူတို့ပြောချင်တာတွေကို စွတ်ပြော တတ်ကြလွန်းလို့ပါ။ ဒီလိုမျိုး negative ဆန်တဲ့ ပုံစံမျိုးကိုတော့ လက်ခံမည် မဟုတ်ပါကြောင်း…)
Technorati tags: nld, burma, myanmar, election, democracy | |
Wednesday, March 12, 2008
ရမ်ဘိုတွင် အကြောင်းသုံးပါး မရှိတော့ပြီလော
ရမ်ဘိုသည် အက်ရှင်ဇာတ်ကားများ၏ ထုံးစံအတိုင်း ကမ္ဘာပေါ်ရှိ ဖိနှိပ်ချုပ်ခြယ်သူများအပေါ် ကြည့်ရှုသူများ၏ နာကြည်းမှုများအား အရှိန်တင်ပေးကာ ထိုပုဂ္ဂိုလ်များအား အပြတ်အသတ် အနိုင်ကြဲခဲ့သည်ဟု ကြည့်ရှုသူများ ခံစားရအောင် ဖန်တီးထားခဲ့သည်။
ဆီလ်ဗက်စတာ စတားလုံး၏ သေမင်းတမန် လေးသည်တော်အဖြစ်သရုပ်ဆောင်သော စတုတ္ထကားဖြစ်သည့် ရုပ်ရှင်တွင် ကျွန်ုပ်တို့၏ စကားနည်းသော သူရဲကောင်းကြီးက လူသတ်၊ ကိုယ်လက်များဖြတ်၊ ပြကွက်တစ်ခုတွင် ခေါင်းပင်ဖြတ်ပြခဲ့သည့် အခန်းများ မရောက်ခင်အထိတော့ ပရိသတ်များအား မြန်မာတို့၏ စိတ်မချမ်းမြေ့ဖွယ် ဒုက္ခများအပေါ် သနားစာနာရန် (ခါတော်မီ) ဆော်ဩခဲ့သည်။ ယင်းရုပ်ရှင်ဇာတ်လမ်းတွင် ဂျွန်ရမ်ဘို၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုများအား လူမှုရေးအရ မမျှတမှုများအပေါ် တုံ့ပြန်ခြင်းအဖြစ် ဖော်ပြခဲ့သည်။ ဆေးလိပ်အလွန်သောက်သော နေကာမျက်မှန်တပ်ထားသည့် ရက်စက်မှုတွင် သာယာနေသူတစ်ဦး ခေါင်းဆောင်သော မြန်မာလူဆိုးများကိုမူ အမျိုးသမီးများအား မုဒိမ်းကျင့်၊ ကလေးငယ်များအား မီးရှို့၊ ဖမ်းဆီးခံများအား မိုင်းများချထားသည့် လယ်ကွင်းများအတွင်း ဖြတ်ပြေးခိုင်း စသည်ဖြင့် ရက်စက်မှုများ ပြုလုပ်သူများအဖြစ် ပုံဖော်ထားသည်။
ရမ်ဘိုကိုယ်တိုင် မြန်မာနိုင်ငံအတွင်းသို့ ပို့ဆောင်ပေးခဲ့သော အမေရိကန် အကူအညီပေးရေးလုပ်သားအဖွဲ့ တစ်စုအား အဆိုပါ နေကာမျက်မှန်ဆရာကြီးက ဖမ်းဆီးသွားသောအခါတွင်တော့ သူရဲကောင်းကြီးနှင့် သူ၏ပရိသတ်အတွက် လူကျင့်ဝတ်အရ လူသတ်နိုင်သည့်အခွင့်အရေးအားလုံး မီးစိမ်းပြလိုက်သည့်ပုံ ပေါ်ပေသည်။ ချစ်ခြင်းမေတ္တာကိုပြသော အခန်းတစ်ခန်းတော့ တွေ့ခဲ့ရပေသည်။ ယင်းမှာ ဖမ်းဆီးခံရသူများထဲတွင် ပါဝင်သည့် ရွှေအိုရောင် ဆံပင်ပိုင်ရှင်မလေး (မင်းသမီး ဂျူလီဘန့်ဇ်) သည် သူမတွင် ဘာသာရေးနှင့်ဆိုင်သော လုပ်ငန်းတာဝန်များရှိသော်လည်း ရမ်ဘိုထံမှ အကြည့်မလွှဲနိုင် ဖြစ်ခဲ့ရသည့် အခန်းပင် ဖြစ်သည်။ (တစ်ခုပြောလိုတာကတော့ ဒီဇာတ်ကားကို စတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ်၊ ပူးတွဲ ထုတ်လုပ်၊ တွဲဖက် ရေးသားခဲ့တယ် ဆိုတာပါပဲ။)
သို့သော်လည်း ရမ်ဘိုသည် သူရဲကောင်းတစ်ဦးသဖွယ် ပြုမူသရုပ်ဆောင်ရန် ၀န်လေးပုံရပေသည်။ ၎င်းဦးဆောင်၍ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်သည့်အခါမှာတော့ အထူးပြုလုပ်ချက်များသည် (အနည်းဆုံး ကျွန်ုပ်တို့အတွက်တော့) ထူးဆန်းစွာပင် ကြည့်ရတာမတန်သလို ခံစားရစေပါသည်။ ၎င်း၏ ဇာတ်လမ်း ကျောရိုးသည် ခံ့ညားမှုမရှိဘဲ စိတ္တဇဆန်လှပေသည်။ ထိုင်းနိုင်ငံတွင် ထုံတုံတုံ အတတနှင့် ခိုကိုးရာမဲ့နေသော ၎င်းသည် မှိုင်တွေ ငေးနေတတ်သူဖြစ်ပြီး မြွေအလမ္ပါယ်ပြစားရန် မြွေဟောက်များဖမ်းဆီးခြင်းဖြင့် အသက်မွေးပြီး သူ၏ မြစ်ကြောင်းသွားလှေပေါ်တွင် သုန်သုန်မှုန်မှုန်နှင့် နေထိုင်တတ်သူဖြစ်သည်။ (၎င်း၏ ဆံပင်နှင့် အသားအရေသည် အလွန်ပင် လိုက်ဖက်ညီလှပေသည်။) ဒေသခံများ လာရောက်ခေါ်ယူသည့် အခါတိုင်း တောခြောက်ပေးရန်အတွက် လေ့ကျင့်ထားခဲ့ပြီး သူ၏ မူမမှန်သော စိတ်ခံစားမှုအား အလိုလိုက်ရန် အကြောင်းပြကောင်းတစ်ခုကို စောင့်ဆိုင်းနေပုံရသည်။
ယင်းသည် ကလင်းအိစ်ဝုဒ်မှ ပရိသတ်၏ထောက်ခံမှုထက် ပြစ်တင်ဝေဖန်မှုများသာ ရရှိခဲ့သော ၁၉၉၂ ခုနှစ်က "Unforgiven" ဇာတ်ကားကဲ့သို့သော ပို့စ်မော်ဒန်အက်ရှင်ဇာတ်ကားများတွင် ပါဝင်ခဲ့သည့် အဆိုးမြင်ဝါဒအား အမွေဆက်ခံယူခဲ့ခြင်းပင် ဖြစ်သည်။ သို့သော်လည်း စစ်အေးခေတ်က ကျွန်ုပ်တို့စတင် သိရှိခဲ့ကြသော ရမ်ဘိုအား မည်သည့်နေရာတွင်မျှ မတွေ့မြင်ခဲ့ရပေ။ ယခု ပွစိပွစိ ပြောဆိုနေသော လှေသမားကြီးသည် သူ၏ ရှေးယခင်ကရှိခဲ့သော သူရသတ္တိရှိသော အပြုအမူများ ပျောက်ဆုံးနေပုံ ရပေသည်။ ရမ်ဘိုတွင် အကြောင်းတရားတစ်ခုအတွက် လူသတ်ခြင်းမျိုး မရှိတော့ဘဲ စိတ်လှုပ်ရှားမှုတစ်ခုအတွက်သာ လူများကို သတ်ဖြတ်ခဲ့တော့သည်။ ၎င်း၏ နိမိတ်ပုံဆန်သော ပေါက်ကရစကားများသည်လည်း ရမ်ဘို၏စံနှုန်းများဖြင့် ကြည့်လျှင်ပင် မလိုအပ်ဘဲ အလွန်ရယ်စရာကောင်းနေပေသည်။
၎င်းက ဘာသာရေးဝန်ထမ်းတစ်ဦးအား "ခင်ဗျားမှာ အကျပ်အတည်းဖြစ်လာပြီဆိုရင် လူသတ်ရတာ အသက်ရှုရသလောက်ကို လွယ်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ဒါ ဘယ်လိုလူပါလိမ့်။ Rimbaud?
ဇာတ်လမ်းအစတွင် စစ်သားများမှ အရပ်သားများအပေါ် အကြမ်းဖက်နေသည့် မှတ်တမ်းဓါတ်ပုံများ ထည့်သွင်းခြင်းဖြင့် ထိုနိုင်ငံအတွင်းရှိ ဒုက္ခများအား ပရိသတ်မှ အာရုံစိုက်မိစေလိုသည်ဆိုကာ ကွန်ပျူတာ အထူးပြုလုပ်ချက်များဖြင့် မြန်မာများ၏ ခေါင်းများနှင့် ခြေလက်များ လေထဲတွင် ကျွမ်းထိုးလွင့်ပျံသွားပုံများပါ ပြသခဲ့သည့် မိချောင်းမျက်ရည် ကဲ့သို့သော အစီအစဉ်သည်လည်း ရယ်စရာကောင်းလှပေသည်။ ကြည့်ရှုသူ ပရိသတ်အား ကမ္ဘာ၏ အာဏာရှင်ဆန်သော ဒေသများတွင် မတရားမှုများအား မှန်မှန်ကန်ကန်ဖြစ်အောင် ကြမ်းကြမ်းရမ်းရမ်းဖြေရှင်းသည်ဟု ခံစားစေရမည့်အစား ကျွန်ုပ်တို့ပရိသတ်ကတော့ သစ္စာဖောက်ခံခဲ့ရ သကဲ့သို့သာ ခံစားခဲ့ကြရသည်။
ပြသချိန် ၉၃ မိနစ်ရှိသော ရမ်ဘိုသည် အယုတ္တအနတ္တစကားများ၊ ကြမ်းရမ်းသော ပြကွက်များ၊ စက်ဆုပ်ရွံရှာဖွယ် ပုံရိပ်များနှင့် လိင်မှုဆိုင်ရာကျူးလွန်မှုများ ပါဝင်သဖြင့် R အဆင့် သတ်မှတ်ခံခဲ့ရသည်။
(၂၀၀၈ ဇန်န၀ါရီ ၂၅ ရက်စွဲဖြင့် Washington Post တွင် ဖော်ပြခဲ့သော Desson Thomson ၏ A 'Rambo' Without a Cause? အား ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။
Technorati tags: rambo, burma, myanmar | |
Friday, March 7, 2008
Cypher ၏ ဘလော့ဂ်ရှင်းလင်းပွဲ ၁/၂၀၀၈
လူရှိန်အောင် ခေါင်းစဉ်ကို ကြီးကြီးကျယ်ကျယ် တတ်ထားလိုက်တယ်။ စိတ်မပူပါနဲ့ဗျာ ခေါင်းစဉ်ကို အားနာလို့ အဆင့်ရှိရှိရေးမှာပါ။ တလောလေးက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး ရေးမိတော့ စာဖတ်သူ တစ်ယောက်က C Box မှာ လင့်တစ်ခု လာပေးသွား ပါတယ်။ ဒါနဲ့ သွားဖတ်မိတော့ မဇ္ဈိမက မောင်လူအေးဆိုသူရဲ့ အမျိုးသားညီလာခံနဲ့ အသေးစိတ်အခြေခံမူတွေကို လေ့လာထားတာ တွေ့ရပါတယ်။ သုံးသပ်ချက်လေးတွေက စိတ်ဝင်စားစရာကောင်းပေမယ့် အဆိုးဖက်ကို အရမ်းမြင်လွန်းတယ်လို့ ထင်ပါတယ်။ ဒါနဲ့ Cypher လည်း ဒါကို ပြန်ရှင်းချင်တာနဲ့ ဟိုဟိုဒီဒီ စာအုပ်စာတမ်းတွေ ရှာဖွေဖတ်ရှုလိုက်ရပါတော့တယ်။ ကျန်းမာရေးအခြေအနေကြောင့် ရုံးကနေ နှစ်ပတ်ခွင့်ယူလိုက်တော့ အိမ်မှာ စာဖတ်ချိန် ပိုရသွားတာပေါ့။ မောင်လူအေးရဲ့ သုံးသပ်ချက်ကိုတော့ ဒီလင့်မှာသာ သွားဖတ်ကြပါတော့။ ကဲ.. စရှင်းတော့မယ်နော။
ပထမဆုံးရှင်းချင်တဲ့အချက်က ဒီ/ချုပ်က ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရရဲ့သားနဲ့ အဲဒီအချိန်က အာဏာပိုင် န၀တ အစိုးရက ဘာကြောင့် အာဏာလွှဲမပေးဘဲ သူတို့ကိုယ်တိုင်ဦးစီးပြီး အမျိုးသားညီလာခံ ကျင်းပခဲ့ရသလဲဆိုတဲ့အချက်ပါပဲ။ အဲဒီအချိန်က အခြေအနေကို ပြောပြ ချင်ပါတယ်။ ၁၉၈၈ စက်တင်ဘာလ ၂၇ ရက်နေ့မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြဋ္ဌာန်းပြီး မှတ်ပုံတင်စေခဲ့ရာမှာ ပါတီ ပေါင်း ၂၃၅ ပါတီအထိ ကော်မရှင်မှာ မှတ်ပုံတင်ခဲ့ကြတာတွေ့ရပြီး ရွေးကောက်ပွဲမှာ အမှန်တကယ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာက ၉၃ ပါတီ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာ နိုင်ငံရဲ့ လူဦးရေဟာ ၄၂ သန်းလောက်ပဲ ရှိပါတယ်။ အဲဒီအထဲက အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးခွင့်ရှိတဲ့သူက ၂၀၁၈၁၃၁၃ ယောက် ရှိပါတယ်။ တစ်နိုင်ငံလုံး မဲဆန္ဒနယ် ၄၉၂ နယ် သတ်မှတ်ခဲ့ပြီး လုံခြုံရေးအရ ၄၈၅ နယ်မှာပဲ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာရောက်မဲပေးခဲ့တဲ့သူက ၁၅၁၁၂၅၂၄ ယောက်ပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၇၄.၈၈ ရာခိုင်နှုန်း ပဲ မဲပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီထဲက ဒီ/ချုပ်ကိုယ်စားလှယ်တွေဟာ မဲပေါင်း ၇၉၃၄၆၂၂ ရပြီး အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် မောင်လူအေးရေးသလို ဒီ/ချုပ်က ၈၄ ရာခိုင်နှုန်းကျော် မဲရတာမဟုတ်ဘဲ ၅၂.၅၀ ရာခိုင်နှုန်းသာ မဲရခဲ့တာဖြစ်ပါတယ်။ ကဲ.. ဒါတွေ ထားပါတော့။ ဒီ/ချုပ်က မဲအများဆုံးနဲ့ နိုင်ခဲ့တာကတော့ ဟုတ်ပါတယ်။
ရွေးကောက်ပွဲအပြီးမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ လိုအပ်လာပါတော့တယ်။ အဲဒီမှာလည်း ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်သုံးစွဲမယ်လို့ ကြေညာခဲ့တဲ့ နိုင်ငံရေးပါတီ ၇ ခုရှိခဲ့ပါတယ်။ အခြေခံဥပဒေသစ် ရေးဆွဲမယ်လို့ ကြေညာခဲ့တာက ၃၁ ပါတီရှိပြီး အဲဒီလိုပဲ ယူဆနိုင်တဲ့ပါတီက ၄၄ ပါတီရှိပါတယ်။ ၁၉၇၄ အခြေခံဥပဒေကို ပြင်ဆင်သုံးစွဲလိုတဲ့ နိုင်ငံရေးပါတီ မရှိခဲ့ပါဘူး။ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး သဘောထား လုံးဝ မဖော်ပြခဲ့တာက ၁၁ ပါတီ ရှိပါတယ်။ အဲဒီတော့ အခြေခံဥပဒေသစ်ရေးဆွဲလိုတဲ့ပါတီအရေအတွက်က အများဆုံးဆိုတာတွေ့ရပါတယ်။
အဲဒီအချိန်မှာပဲ တပ်မတော်အစိုးရက ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ ကြေညာချက်အမှတ် ၁/၉၀ ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်မှာ ပါတာတွေကတော့ "နိုင်ငံရေးပါတီတစ်ရပ်သည် ပြည်သူ့လွှတ်တော်တစ်ရပ် ပေါ်ပေါက်ရုံဖြင့် ဥပဒေပြုမှုအာဏာ၊ စီမံ ခန့်ခွဲမှုအာဏာနှင့် တရားစီရင်မှုအာဏာဟူသော အချုပ်အခြာအာဏာသုံးရပ်ကို အလိုအလျောက် မရရှိဘဲ အခြေခံဥပဒေတစ်ရပ်အပေါ် အခြေခံပြု၍သာ ရယူနိုင်ကြောင်း" "ပြည်သူများက ရွေးကောက် တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂါတ် ဒီမိုကရေစီ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသူများဖြစ်သည်" "ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ နိုးကြားလာသော တိုင်းရင်းသားလူမျိုးများ အများအပြားရှိရာ ၎င်းတို့၏ ဆန္ဒသဘောထားကို ညှိနှိုင်းရယူပြီး ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် အထူးလိုအပ်နေသည်" စသည်ဖြင့် ဖြစ်ပါတယ်။ အဲဒီအချိန်ကသာ ဒီ/ချုပ်က တိုင်းရင်းသားကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီး အမျိုးသားညီလာခံ ကျင်းပခဲ့ရင် အခုချိန်မှာ အခြေခံဥပဒေဆိုတာ အတည်ပြုပြီးလို့ အစိုးရအဖွဲ့သက်တမ်း ၃ ဆက်လောက် တော့ ရှိနေလောက်ပါပြီဗျာ။ ဒါပေမယ့် ဒီ/ချုပ်ကြီး ဘာလုပ်ခဲ့သလဲ ဆက်ကြည့်ကြရအောင်။
၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ဒီ/ချုပ်က ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ အစည်းအဝေး ပြုလုပ်ခဲ့ကြပြီး ဂန္ဒီခန်းမကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ကြပါတယ်။ အဲဒီစာတမ်းမှာ ဒီ/ချုပ်က ပြည်သူ့လွှတ်တော်ကို စက်တင်ဘာလအတွင်း ခေါ်ယူ ပေးဖို့၊ သူတို့ပါတီက ရေးဆွဲထားတဲ့ ၁၉၉၀ ပြည့်နှစ် ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ အာဏာလွှဲပြောင်းပေးဖို့၊ ပြည်သူ့ လွှတ်တော်မှာ အာဏာရရှိပြီးမှ အခြေခံဥပဒေသစ်ကို ပြည်သူ့လွှတ်တော်က ဆက်လက်ရေးဆွဲဖို့ စတဲ့အချက်တွေကို တောင်းဆိုထားခဲ့ ပါတယ်။ ဒီအချက်တွေကို ကြည့်တဲ့အခါ တိုင်းရင်းသားကိုယ်စားလှယ်တွေအပါအ၀င် ကိုယ်စားလှယ်ပေါင်း ၁၀၈၁ ယောက်အထိ တက်ရောက်ခဲ့တဲ့ အမျိုးသားညီလာခံကို အဖွဲ့အစည်းပေါင်းစုံမပါဝင်ဘူးလို့ စွပ်စွဲနေတဲ့ ဒီ/ချုပ်ဟာ ယာယီအခြေခံဥပဒေကို သူ့တစ်ပါတီ တည်းက ရေးဆွဲပြီး အခြေခံဥပဒေသစ်ကိုတော့ ပြည်သူ့လွှတ်တော်ကပဲ ရေးဆွဲဖို့ ကြိုးစားခဲ့ပြီး တိုင်းရင်းသား ပြည်သူလူထုကို မပါဝင် စေချင်ခဲ့ဘူးဆိုတာကို တွေ့ရပါတယ်။
အဲဒီ ၁၉၉၀ အတွင်းမှာပဲ ဒီ/ချုပ်ဟာ မန္တလေးမှာ လူစုလူဝေးနဲ့ အုံကြွအောင်လုပ်ပြီး စင်ပြိုင်အစိုးရထောင်ဖို့ အားထုတ်တာ၊ မအောင်မြင် တော့ အမျိုးသားဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစိန်ဝင်း (ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်ဝမ်းကွဲ) နဲ့ ဒီ/ချုပ်က ကိုယ်စားလှယ် ၈ ဦး၊ တစ်သီး ပုဂ္ဂလ ၂ ဦး စုစုပေါင်း ၁၁ ဦးဟာ KNU ရဲ့ မာနယ်ပလောစခန်းကို ထွက်ပြေးသွားခဲ့တာ၊ အဲဒီ ပြည်ပြေး ဦးစိန်ဝင်းက သူတို့ကို နယ်စပ်မှာ လွှတ်တော်အစည်းအဝေးခေါ်ယူပြီး အမျိုးသားညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ နိုင်ငံအတွင်းက ဒီ/ချုပ်ကိုယ်စားလှယ် ၂၅၀ က အာဏာပေး လွှဲအပ် လိုက်တယ်လို့ ကြေညာပြီး ၁၉၉၀ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ NCGUB ကိုဖွဲ့ကာ စင်ပြိုင်အစိုးရထောင်ခဲ့တာ စတာတွေကို ပြုလုပ်လာခဲ့ ပါတယ်။ အဲဒီလိုနဲ့ပဲ ဒီ/ချုပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးတာဝန် မယူခဲ့ပဲ လွှတ်တော်ခေါ်ယူရေးနဲ့ အာဏာလွှဲပေးရေးကိုသာ ကြိုးပမ်းနေခဲ့လို့ အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်ဟာ နှစ်နှစ်နီးပါး ဇာတ်မျောနေခဲ့ရပါတယ်။
ဒါနဲ့ အရေးကြီးတဲ့ စိတ်ဝင်စားစရာတစ်ခု ပြောစရာရှိပါသေးတယ်။ အဲဒါကတော့ ဒီ/ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃(ဃ) နဲ့ ငြိစွန်းမှု ရှိနေလို့ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်းကို ၁၉၉၀ မတ်လ ၂၆ ရက်နေ့မှာ တရားဝင်ကြေညာခဲ့တယ် ဆိုတာပါပဲ။ ဒါကြောင့် မေလ ၂၇ ရက် နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ရှင်ပြိုင်ခဲ့တဲ့ ဒီ/ချုပ်မှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး အန်တီစု မပါဘူးလို့ ဆိုနိုင်ပါတယ်။ ဒီလိုပဲ ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်ဦးကိုလည်း ပါတီက ထုတ်ပယ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင် တို့နဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
ဒီလိုနဲ့ ဒီ/ချုပ်က ဦးမဆောင်နိုင်တဲ့အတွက် တပ်မတော်အစိုးရကပဲ အခြေခံဥပဒေရေးဆွဲရေးအတွက် အမျိုးသားညီလာခံ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွေကို ၁၉၉၂ ခုနှစ် ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ ကျင်းပပေးခဲ့ပါတယ်။ ဒီ/ချုပ်အပါအ၀င် ရွေးချယ်ခံထားရတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ စုစုပေါင်း ၂၉ ဦး တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေး တွေမှာ ကိုယ်စားလှယ်အစုအဖွဲ့ ၈ ဖွဲ့ကို အမျိုးသားညီလာခံမှာ ဖိတ်ကြားဖို့ အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။
အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှာ စတင်ကျင်းပပါတယ်။ ဒီ/ချုပ်က ဥက္ကဋ္ဌ ဦးအောင်ရွှေအပါအ၀င် ကိုယ်စားလှယ် ၈၆ ယောက်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြတာ ညီလာခံရဲ့ဦးတည်ချက် ၆ ရပ်၊ ခေါင်းစဉ် ၁၅ ခု၊ အခြေခံရမယ့်မူ ၁၀၄ ချက်တို့ကို အများသဘောတူ ဆုံးဖြတ်နိုင်ခဲ့တဲ့ အထိ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှာ မရှိရမယ့် အချက် ၁၂ ချက်လည်းပါဝင်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို ၀င်ရောက်ယှဉ်ပြိုင်ရွေးကောက်ခံနိုင်သည့်အခွင့်အရေး ဆုံးရှုံးသွားစေတဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တင်ပြလို့ ၁၉၄၇ အခြေခံဥပဒေမှာကတည်းက ထည့်သွင်းထားခဲ့တဲ့ မူကြီး ၃ ရပ် ပါဝင်ခဲ့ပါတယ်။ အဲဒီအချက်တွေကို အဲဒီအချိန်က ညီလာခံ တက်ခဲ့တဲ့ ဦးအောင်ရွှေအပါအ၀င် ဒီ/ချုပ်ကိုယ်စားလှယ် ၈၆ ဦးကိုယ်တိုင် အခြားညီလာခံကိုယ်စားလှယ်တွေနဲ့အတူ အများသဘောတူ ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
တပ်မတော်အစိုးရဟာ သူတို့ချမှတ်ထားတဲ့မူတွေကိုပဲ ညီလာခံမှာချပြပြီး အတင်းအကြပ်ထောက်ခံခိုင်းခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောရရင် ညီလာခံစုံညီအစည်းအဝေးမှာ ဆွေးနွေးမည့်အကြောင်းအရာတွေကို အရင်ဆုံး သက်ဆိုင်ရာ အစုအဖွဲ့ ၈ ဖွဲ့ရဲ့ အစုအဖွဲ့ အစည်းအဝေးတွေမှာ ဆွေးနွေးပြီးမှာသာ အစုအဖွဲ့ကိုယ်စားလှယ်တစ်ဦးချင်းစီက စုံညီအစည်းအဝေးမှာ ပြန်လည်ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အစုအဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ သဘောထားမတူညီတာတွေကို အကြေအလည်ဆွေးနွေးခဲ့ကြပြီး ပြုပြင်ချမှတ်သင့်တာတွေကို ပြင်ဆင်ပေးခဲ့တယ်ဆိုတာ ညီလာခံလုပ်ငန်းစဉ်ကို သေသေချာချာ စောင့်ကြည့်လေ့လာခဲ့တဲ့သူဆိုရင် သာဓကတွေနဲ့ ကောင်းကောင်း တွေ့ရှိ နားလည်ပါလိမ့်မယ်။
(Cypher လေ့လာနိုင်သလောက် လေ့လာပြီး ရေးသားထားခြင်းဖြစ်ပါတယ်။ နောက်ထပ် ကျန်သေးတဲ့ မောင်လူအေးရဲ့ လေ့လာဆန်းစစ် ချက်တွေကိုလည်း ပြန်လည် ရှင်းလင်း ဆွေးနွေးနိုင်အောင် ကြိုးစားသွားမှာပါ။ လုံးဝပြည့်စုံတယ်လို့တော့ မဆိုလိုပါ။ လွတ်လပ်စွာ ဆွေးနွေးနိုင်ပါတယ်။ ဒါပေမယ့် မမေ့စေချင်တာက "No Offence"။ အဲဒါတော့ လက်ခံမှာ မဟုတ်ပါဘူး။ သူတို့ကိုယ်သူတို့ နိုင်ငံရေး နားလည်တယ်လို့ထင်တဲ့ တစ်ချို့ပုဂ္ဂိုလ်တွေက တစ်ဖက်လူပြောတာကို လုံးဝနားမထောင်ပဲ သူတို့ပြောချင်တာတွေကို စွတ်ပြောတတ် ကြလွန်းလို့ပါ။ ဒီလိုမျိုး negative ဆန်တဲ့ ပုံစံမျိုးကိုတော့ လက်ခံမည် မဟုတ်ပါကြောင်း…)
Technorati tags: nld, burma, myanmar, election, democracy | |
Tuesday, March 4, 2008
Myanmar political study group urges support of constitutional referendum
YANGON, March 2 (Xinhua) -- A political study group in Myanmar Sunday called on its members and the public to vote in favor of a constitution draft in the forthcoming nationwide referendum scheduled for May.
The Modern Scientific Political Economy Study Group (MSPEG) told a monthly regular meeting here that if cooperating with the military government, the transition to democracy system could be realized earlier and the process could also be possible in a peaceful manner.
The group objected foreign sanctions on Myanmar, saying that if a country is so imposed, it would only bring about increased poverty of the people and social unrest that could prolong the dictatorship.
With an aim of studying modern capitalism and socialism, the MSPEG was formed in October 1980 having over 10,000 members now, the group said, adding that it has held some 33 political activities across the country in 2007, and two in February this year in support of the forthcoming government-planned constitutional referendum in May and general election in 2010.
The ruling Myanmar military government, State Peace and Development Council (SPDC), enacted on Feb. 26 a 12-chapter 31-provision 2008 Republic of Union of Myanmar Referendum Law and setup a commission for a nationwide constitutional referendum following the completion of the constitution draft on Feb. 19.
The referendum is to pave way for a general election slated for2010 under the government's seven-step roadmap to transform the military administration into a civil one.
The new constitution had been drafted since Dec. 3 last year, based on the detailed basic principles laid down in the years-long national convention which started in 1993 and ended in September last year. That national convention was participated by over 1,000delegates coming from eight categories of delegate groups including national races and turned-in former anti-government ethnic armed groups.
(အခုမှ နေကောင်းလို့ ရုံးပြန်တက်တာ လုပ်စရာတွေကလည်း များနဲ့ ဘာသာမပြန်အားသေးလို့ ဘိုလိုပဲ တင်ပေးလိုက်တယ်ဗျာ။)
Technorati tags: MSPEG, referrendum, burma, myanmar | |
Monday, February 11, 2008
ပျော်မယ်ဆိုလာခဲ့ မပျော်ချင်ရင်နေခဲ့ သဘောပဲ
ဖေဖော်ဝါရီ ၉ ရက်နေ့က ည ၈ နာရီသတင်းမှာ နိုင်ငံတော်အစိုးရရဲ့ ကြေညာချက်နှစ်စောင် ထုတ်ပြန်တဲ့သတင်းကို နားထောင်လိုက်ရ ပါတယ်။ ကြေညာချက် ၁/၂၀၀၈ အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မရှင်က အခြေခံဥပဒေမူကြမ်းရေးဆွဲတာ ပြီးစီးတော့မှာဖြစ်ပြီး အခုနှစ် လာမည့်မေလအတွင်းမှာ အခြေခံဥပဒေမူကြမ်းကို ပြည်သူတွေလက်ထဲ ချပြပြီး တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ပြည်သူ့ဆန္ဒခံယူမည်လို့ သိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီးတစ်ရပ် ပြီးဆုံးတော့မှာဖြစ်လို့ Cypher တစ်ယောက် ၀မ်းသာလို့မှ မဆုံးသေးဘူး နောက်ထပ် ကြေညာချက် ၂/၂၀၀၈ တဲ့ ကြေညာပြန်ပါရော။ ဒီတစ်ခေါက် ကြေညာတာ ကတော့ အခုလက်ရှိအစိုးရဖြစ်တဲ့ အေးချမ်းဖြိုးကောင်စီက နိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အလုံးစုံ ပြီးမြောက်ပြီးလို့ မဆိုနိုင်ပေမယ့် အောင်မြင်သင့်သလောက်တော့ အောင်မြင်ခဲ့ပြီဖြစ်တဲ့အတွက် ဒီမိုကရေစီပြောင်းလဲရေးအတွက် အချိန် တန်ပြီလို့ ယူဆပါတယ်တဲ့။ ဒါကြောင့် လာမယ့် ၂၀၁၀ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကို ကျင်းပမယ်လို့ ကြေညာသွားပါတယ်။ ကဲ...။ ဘယ်လောက်ထူးခြားလိုက်တဲ့ သတင်းလဲဗျာ။
အခုဆိုရင် ပြည်သူအများတောင့်တခဲ့ကြတဲ့ ဒီမိုကရေစီနိုင်ငံသစ်ဟာ ရှေ့မှာလှမ်းမြင်နေရပါပြီ။ အားလုံးတောင့်တနေတာ ဒါပဲမဟုတ်လား ဗျာ။ မစ္စတာဂမ်ဘာရီ လာသွားစဉ်က အကြံပြုသွားတဲ့အထဲမှာ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် တိကျတဲ့ အချိန်ဇယား ချမှတ်ဆောင်ရွက်ဖို့ဆိုတဲ့အချက်ပါဝင်ပါတယ်။ အခုတော့ ဒီအချက်ကို ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် မစ္စတာဂမ်ဘာရီ လည်း ကျေနပ်ဝမ်းမြောက်မယ်လို့ ထင်ပါတယ်။ ဘာပဲပြောပြော လမ်းမအဆုံးမှာ ပန်းတိုင်ကို မြင်နေရပြီဆိုတော့ လျှောက်လှမ်းနေကြတဲ့ ခြေလှမ်းတွေလည်း ပိုမိုတက်ကြွ သွက်လက်နေကြမှာ မလွဲပါဘူး။
ကဲ..ပျော်နေရုံနဲ့တော့ မပြီးဘူး ကိုယ့်ဆရာတို့ရေ။ တောင်ထိပ်ကို လှမ်းမြင်လို့ ၀မ်းသာရပေမယ့် တောင်ဆိုတာမျိုးက ထိပ်ရောက်လေ တက်ရခက်လေဆိုတာ မမေ့ပါနဲ့ဗျာ။ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲလုပ်ပြီး အစိုးရရှာတာထက် အများကြီး ပိုပြီးအဓိပ္ပါယ်ရှိပါတယ်။ ဒီမိုကရေစီသာရသွားတယ် နိုင်ငံသားတွေကတော့ အရင်အတိုင်း ဒုံရင်းပဲဆိုရင်တော့ ဘာမှထူးခြားမှာ မဟုတ်ပါဘူး။ ဒီတော့ ပေါ်ပေါက် လာမယ့် စနစ်သစ်နဲ့ နိုင်ငံသစ်မှာ နိုင်ငံသားတွေ ကလည်း အသစ်ဖြစ်ဖို့လိုအပ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ခေါင်းထဲက စိတ်ဓါတ်တွေကို အသစ်အဖြစ် ပြောင်းလဲကြရပါလိမ့်မယ်။ ခင်ဗျားတို့ အရင်လိုပဲ စည်းကမ်းမဲ့နေကြဦးမှာလား။ ဒါဆိုရင်တော့ ခင်ဗျားတို့ ဟာ နိုင်ငံတော်သစ်ဆီကို ဒရွတ်တိုက်ဆွဲပြီး လိုက်ကြရတော့မှာပေါ့။
ကျွန်တော်ရေးခဲ့ဖူးတဲ့ ပို့စ်တစ်ခုမှာလို ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ပြန်မေးကြည့်ကြပြီးပြီလားဗျို့။ ကျွန်တော်ကတော့ မေးကြည့်ကြစေချင် တယ်ဗျာ။ ကိုယ်ဘာတွေ ပြုပြင်စရာရှိလဲဆိုတာရှာပြီး ပြုပြင်ထားကြစေချင်တယ်။ ဒီမိုကရေစီဆိုတာ အစိုးရက ပြောင်းပေးလို့ ရတာမျိုး မဟုတ်ပါဘူး။ ခင်ဗျားတို့ ပြည်သူတွေကိုယ်တိုင်က ပြုပြင်ပြောင်းလဲကြရမှာပါ။ ဥပမာအနေနဲ့ဆိုရင် ကင်ညာကိုကြည့်ပါ။ သူတို့ ဒီမိုကရေစီ နည်းနဲ့ပဲ အစိုးရကို ရွေးကောက်ခဲ့ကြတာပါပဲ။ ရွေးကောက်ပွဲ ပြီးသွားတော့ အဆင်ပြေရဲ့လား ကြည့်ကြပါ။ အဓိကက ပြည်သူတွေပါပဲ။ ပြည်သူတွေအနေနဲ့ နိုင်ငံရေးအမြင်ကျယ်ဖို့ လိုအပ်ပါတယ်။ အခုအချိန်ဇယားအရ ရွေးကောက်ပွဲလုပ်ဖို့ ၂ နှစ်အချိန်ရပါတယ်။ ဒီကြားထဲ မှာ ပြည်သူတွေကို နိုင်ငံရေးနဲ့ ဒီမိုကရေစီအကြောင်းတွေ ပညာပေးဖို့ လုပ်ငန်းစဉ်တွေ အများကြီးဆောင်ရွက်ရပါဦးမယ်။ ကျွန်တော်က တော့ အချိန်လောက်ပါ့မလားလို့တောင် စိုးရိမ်မိပါတယ်။
ဒီမိုကရေစီနိုင်ငံဆိုတာ တကယ်တော့ ယုံကြည်မှုနဲ့တည်ဆောက်ထားရတာပါ။ အစိုးရကို ပြည်သူက ယုံကြည်သလို ပြည်သူကိုလည်း အစိုးရက ယုံကြည်နိုင်ဖို့ လိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်နိုင်မှသာ အောင်မြင်တဲ့ ဒီမိုကရေစီစနစ် ဖြစ်လာနိုင်မှာပါ။ အဲဒီတော့ လူတိုင်းလူတိုင်းက ငါဟာ ယုံကြည်ထိုက်တဲ့ နိုင်ငံသားတစ်ယောက်ဖြစ်ပြီလားဆိုတာ ပြန်ဆန်းစစ်ရပါမယ်။ ခင်ဗျားသာ ယုံကြည်လောက်တဲ့ နိုင်ငံသားကောင်းတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် အစိုးရအနေနဲ့ ခင်ဗျားတို့ကို လွတ်လပ်ခွင့်ပေးထားရတာ တန်တာ ပေါ့ဗျာ။ အလကားနေရင်း ဆန့်ကျင်ဖို့ပဲစဉ်းစားနေတဲ့ပြည်သူတွေဆိုရင်တော့ ဘယ်အစိုးရမဆို ခင်ဗျားကို မျက်စိဒေါက်ထောက် ကြည့်နေ မှာပဲ။ ဒီအခါမှာ ခင်ဗျားကလည်း အစိုးရကို မယုံနိုင်တော့သလို အစိုးရကလည်း ခင်ဗျားကို ယုံမှာမဟုတ်တော့ပါဘူး။
နောက်တစ်ချက် ကျွန်တော်ပြောချင်တာကတော့ ပြည်ပအသံလွှင့်ဌာနတွေက ၀န်ထမ်းကြီးတွေနဲ့ ပြည်ပြေး ဆရာသမားတွေကိုပါ။ ခင်ဗျားတို့ ဘယ်အချိန်ထိ ဆက်ပြီး အဆိုးမြင် ကန့်လန့်တိုက်နေကြဦးမှာလဲဗျာ။ ခင်ဗျားတို့ရဲ့ အသံလွှင့်ဌာနကြီးတွေရဲ့ ပေါ်လစီက မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် မတည်မငြိမ်ဖြစ်နေအောင် သွေးထိုးဖို့ပါပဲ။ သူတို့ အခုချိန်မှာ အသားပေးပြောနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည် အာဏာရသွားခဲ့ရင်ရော ဒီအသံလွှင့်ဌာနကြီးတွေရဲ့ လုပ်ရပ်တွေ ရပ်သွားမယ်ထင်ပါသလား။ မထင်ပါနဲ့ဗျာ။ ဒီသတင်းဌာနတွေက နိုင်ငံငယ်တွေကို သူတို့ အင်အားကြီး နိုင်ငံတွေက ထိန်းထားနိုင်အောင် နိုင်ငံရေးမငြိမ်မသက်ဖြစ်ဖို့သက်သက် ရည်ရွယ်ကြတာပါ။ ခင်ဗျားတို့ BBC Chinese နဲ့ တခြားလိုင်းတွေကို နားထောင်ရင် ခင်ဗျားတို့သဘောပေါက်မှာပါ။ အပေါ်ယံ အဆင်ပြေ နေပေမယ့် နောက်ကွယ်ကနေ အမျိုးမျိုးသွေးထိုးနေကြတာပါ။
ဘာပဲပြောပြော မြန်မာနိုင်ငံကတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ဖြည်းဖြည်းနဲ့မှန်မှန် လျှောက်လှမ်းနေပါပြီ။ နိုင်ငံသစ်အတွက် ပြင်ဆင်သူတွေလည်း ပြင်ဆင်နေကြပါပြီ။ ပြည်သူတွေလည်း ပေါ်ပေါက်လာမည့် အခွင့်အရေးတွေအတွက် မျှော်လင့်ချက်တွေနဲ့ ပျော်နေကြပါပြီ။ ဒီမိုကရေစီနိုင်ငံသစ်ဆီသွားရာလမ်းမှာ အားလုံးကို ၀မ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုခေါ်ဆောင်သွားကြမှာပါ။ အားလုံး ပျော်ပျော်ပါးပါးပေါ့။ ဒီတော့ ကျွန်တော် သီချင်းလေး တစ်ပုဒ်ကို သတိတရနဲ့ ဆိုညည်းမိပါတယ်။ ပျော်မယ်ဆို လာခဲ့... မပျော်ချင်ရင် နေခဲ့... မင်း သဘောပဲ...။
Technorati tags: democracy, burma, myanmar | |
Thursday, February 7, 2008
လိုအပ်နေသော ယုံကြည်မှု
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ (စနေနေ့) က သူငယ်ချင်းတွေနဲ့အတူ ဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောပွဲတစ်ခုကို တက်ပြီး နားထောင်ဖြစ်ခဲ့ပါတယ်။ ဒေါက်တာအောင်ထွန်းသက်ဆိုတာကတော့ ပညာရေးလိုက်စားတဲ့အသိုင်းအ၀ိုင်းမှာတော့ မိတ်ဆက်ပေးဖို့မလိုတဲ့ ပညာရှင်တစ်ယောက်ပါ။ သူဟာ ကုလသမဂ္ဂ ၀န်ထမ်းများကောလိပ်မှ ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ နှစ်စဉ်အားလပ်ရက်တွေမှာ မြန်မာနိုင်ငံပြန်လာတတ်ပြီး သူ့ရဲ့အတွေ့အကြုံတွေနဲ့ ပညာတွေကို မျှဝေပေးလေ့ရှိတဲ့သူတစ်ယောက်ပါ။ ကျွန်တော်မှတ်မိသလောက်တော့ Change Management ဆိုတာကို မြန်မာနိုင်ငံကို ပထမဆုံးသယ်ဆောင်လာတဲ့သူတစ်ဦး ဖြစ်ပါတယ်။ အဲဒီစနေနေ့က အုတ်လမ်းနားက ယုဇနဟိုတယ်မှာလုပ်တဲ့ ဟောပြောပွဲမှာတော့ ယုံကြည်မှုတည်ဆောက်ခြင်းအကြောင်းကို ရှင်းလင်း ပြောကြားသွားပါတယ်။
အဲဒီနေ့က ဆရာကြီး ပထမဆုံးအသိပေးခဲ့တဲ့အချက်ကတော့ ယုံကြည်မှုဟာ အရာအားလုံးကို ပြောင်းလဲစေနိုင်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ သူက ဟောပြောပွဲကို ဂန္ဒီရဲ့နာမည်ကျော်စကားနှစ်ခွန်းနဲ့ စတင်ခဲ့ပါတယ်။ အဲဒီစကားနှစ်ခွန်းကတော့ မနက်ဖြန်သေတော့မယ့်လူတစ်ယောက်လို အသက်ရှင်ပါ (LIVE as if you were die tomorrow) ဆိုတဲ့စကားနဲ့ ဘယ်တော့မှမသေနိုင်တဲ့လူတစ်ယောက်လို သင်ယူလေ့လာပါ (LEARN as if you were live forever) ဆိုတဲ့စကားတို့ဖြစ်ပါတယ်။ အလွန်တန်ဖိုးရှိတဲ့ စကားနှစ်ခွန်းပါ။ ကျွန်တော် ရှင်းမပြလိုတော့ပါ။ ကိုယ်တိုင်စဉ်းစားပြီး အတွေးနယ်ချဲ့ကြပါကုန်။
ယုံကြည်မှုဆိုတာ ခေါင်းဆောင်ကောင်းတွေအတွက် အလွန်ကိုအရေးပါတဲ့ ခွန်အားတစ်ရပ်ဖြစ်ပါတယ်။ အများယုံကြည်မှုကို ခံယူရတဲ့သူ တစ်ဦးဟာ အခြားသူတွေထက် အမြဲတမ်းနှာတစ်ဖျားသာနေနိုင်ပါတယ်။ လူအတော်များများက ယုံကြည်မှုကို သူ့အလိုလိုဖြစ်လာတဲ့အရာလို့ မှတ်ထင်ကြပါတယ်။ တစ်ကယ်တော့ ယုံကြည်မှုကို တည်ဆောက်ယူလို့ရပါတယ်။ ယုံကြည်မှုကြီးမားလာအောင် လုပ်လို့ရသလို ယုံကြည်သူတွေ များလာအောင်လည်း တိုးချဲ့နိုင်ပါတယ်။ ပျက်စီးသွားတဲ့ ယုံကြည်မှုကိုလည်း ပြန်လည်အဖတ်ဆည်လို့ရပါတယ်။
အားကစားအသင်းတစ်ခုမှာဖြစ်ဖြစ်၊ ဌာနတစ်ခုမှာဖြစ်ဖြစ်၊ မိသားစုအတွင်းမှာပဲဖြစ်ဖြစ် ယုံကြည်မှုမရှိဘူးဆိုရင် အနည်းနဲ့အများဆိုသလို ပြဿနာတွေ ဖြစ်ပေါ်လာမှာပါပဲ။ ဒီနေ့ခေတ်ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့အခြေအနေတွေကိုကြည့်ရင် ယုံကြည်မှုမရှိလို့ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်ကြလို့ စစ်တွေ ဖြစ်ကြရပါတယ်။ ပြည်ထောင်စုနိုင်ငံကြီးတွေ ပြိုကွဲကြရပါတယ်။ ပြည်တွင်းစစ်တွေ ဖြစ်ကြရပါတယ်။ ဘယ်လို ဆက်ဆံရေးပုံစံမျိုးမဆိုဟာ ယုံကြည်မှုနဲ့တုပ်နှောင်ကြမှသာ ရေရှည်တည်မြဲနိုင်ပါတယ်။ ဘယ်လောက်ပဲ ကြာရှည်တဲ့ဆက်ဆံရေးမဆိုဟာလည်း ယုံကြည်မှုပျက်စီးတဲ့အခါ ပျက်သုဉ်းကြရပါတယ်။
ယုံကြည်မှုဆိုတာဘာလည်းဆိုရင် ခံစားသိမှုတစ်မျိုးပဲဖြစ်ပါတယ်။ ကြည့်လိုက်ယုံနဲ့ ကိုယ့်ရဲ့စိတ်မှာခံစားလာရတဲ့အရာ ဖြစ်ပါတယ်။ ပန်းချီကား စတဲ့ အနုပညာလက်ရာတွေ လှတယ်မလှဘူးဆိုတာကို စိတ်မှာခံစားသိရှိတဲ့ပုံစံမျိုးပဲလို့ ဆရာကြီးက ဥပမာပေးသွားပါတယ်။ ယုံကြည်မှုနဲ့ ပတ်သက်ပြီး သိနားလည်တဲ့သူ နည်းပါတယ်။ အဲဒီလို မသိနားမလည်ကြတဲ့အတွက် အများစုက လျစ်လျူရှုထားတတ်ကြပြီး ယုံကြည်မှုရဲ့ အစွမ်းကိုလည်း လျှော့တွက်ခဲ့ကြပါတယ်။
ဆရာကြီးက သူ့ရဲ့အတွေ့အကြုံအရ ကမ္ဘာပေါ်မှာ ယုံကြည်မှုတွေ တဖြည်းဖြည်နည်းပါးလာပြီလို့ဆိုပါတယ်။ အထုပ်အပိုးတွေထဲမှာ ပေါက်ကွဲနိုင်တဲ့အရာတွေများပါမလားလို့စစ်ဆေးကြရတဲ့အတွက် လေယာဉ်ကွင်းချိန်းချိန်တွေကို ပိုခွာပြီးချိန်းလာကြပါတယ်။ ယခင် တစ်နာရီလောက် ကြိုရောက်ရင် ရပေမယ့် ယခုအခါ နှစ်နာရီ သုံးနာရီလောက် ကြိုရောက်ရပါသတဲ့။
ဒီလိုအရေးကြီးတဲ့ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာကို ဆက်ပြောပါတယ်။ ဒီနေရာမှာ ယုံကြည်မှုအတွက် အရေးပါတဲ့ အချက်နှစ်ချက်ကို သိဖို့လိုပါလိမ့်မယ်။ အဲဒီနှစ်ချက်ကတော့ ကိုယ်ကျင့်တရား (character) နဲ့ ကျွမ်းကျင်မှု (competence) တို့ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားဆိုတာက ကိန်းသေတစ်ခုလို မွေးကတည်းကပါလာပြီး ပြုပြင်ရခက်ပါတယ်။ ကျွမ်းကျင်မှုကတော့ အခြေအနေကိုလိုက်ပြီး သင်ယူလို့ရနိုင်ပါတယ်။ လူတစ်ဦးကိုယုံကြည်ကြရာမှာ ကိုယ်ကျင့်တရားကို ယုံကြသလို ကျွမ်းကျင်မှုပညာကိုလည်း ယုံကြည်တတ်ကြပါတယ်။ ခေါင်းဆောင်ကောင်းတစ်ဦးဟာ အဲဒီနှစ်ခုကို မျှတအောင် ထိန်းနိုင်ရပါမယ်။ ကိုယ့်ရဲ့ဘ၀တန်ဖိုး (character) ကိုချည်း ဖက်တွယ်မနေဘဲ ရလာဒ်ကောင်းတွေဖြစ်ပေါ်လာအောင်လည်း (competence) ဆောင်ရွက်နိုင်ရပါမယ်။ နှိမ့်ချတတ်ယုံမျှဖြင့်မပြီးဘဲ ကြေးစားတစ်ယောက်ရဲ့ တက်ကြွမှုမျိုးလည်းလိုအပ်ပါတယ်။ အဲဒီလိုလူတစ်ယောက်ကိုမှ အများက ယုံကြည်လက်ခံနိုင်ကြပါလိမ့်မယ်။
ယုံကြည်မှုကို ခွဲခြမ်းကြည့်မယ်ဆိုရင် လေးပိုင်းခွဲလို့ရပါတယ်။ ယုံကြည်မှုနဲ့ စိစစ်မှုတို့ရဲ့မျှခြေအရ ကွဲပြားသွားခြင်း ဖြစ်ပါတယ်။ ယုံလည်းမယုံ စိစစ်မှုလည်းမရှိဘူးဆိုရင်တော့ ယုံတယ်မယုံဘူးဆိုတာ မရှိတော့ပါဘူး။ အဲဒီလို အခြေအနေမျိုးဟာ ချီတုံချတုံနဲ့ ဆုံးဖြတ်ရခက်ခဲတတ်ပါတယ်။ နောက်တစ်မျိုးကတော့ ယုံကြည်မှုမြင့်မားပြီး စိစစ်မှု အလွန်နည်းခြင်းပါပဲ။ အဲဒီလိုယုံနည်းမျိုးကိုတော့ မျက်စိမှိတ်ယုံခြင်းလို့ခေါ်ပါတယ်။ အဲဒီလိုယုံတတ်တဲ့လူတွေကတော့ မကြာခဏ အလိမ်ခံနေကြရတဲ့သူတွေလို့ ဆိုနိုင်ပါတယ်။ ယုံကြည်မှုနည်းပြီး အလွန်စိစစ်နေတယ်ဆိုရင်တော့ ယုံကြည်မှု ပျက်စီးနိုင်ပြီး သံသယတွေ အလွန်များနေလို့ ဖြစ်နိုင်ပါတယ်။ နောက်ဆုံးအချက်ကတော့ ယုံကြည်မှုလည်းရှိသလို စိစစ်မှုလည်း ရှိတဲ့အခြေအနေပါ။ ဒီလိုယုံကြည်မှုမျိုးဟာ အကောင်းဆုံးယုံကြည်မှုပဲဖြစ်ပါတယ်။ ယုံသင့်မယုံသင့်ကို စဉ်းစားဆုံးဖြတ်မှု ပြုလုပ်သင့်ပါတယ်။
ဆရာကြီးက အင်တာနက်ဥပမာတစ်ခုနဲ့ ရှင်းပြခဲ့ပါတယ်။ ယနေ့ခေတ်လူငယ် အတော်များများဟာ အင်တာနက်နဲ့ အတော်လေးရင်းနှီးနေကြပါပြီ။ အင်တာနက်ဆိုတာ အချက်အလက်အလွန်စုံတဲ့ မီဒီယာတစ်ခုဖြစ်ပါတယ်။ ဒီတော့ လူငယ်တွေအနေနဲ့ မသင့်တော်တဲ့ အညှီအဟောက်တွေ ကြည့်နိုင်ဖို့ အခွင့်အရေး ရနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို တွေးပြီး အင်တာနက်သုံးခွင့်ကိုပိတ်လိုက်ရင် အခြားအကျိုးရှိတာတွေကိုပါ ပိတ်ပင်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ လူငယ်ဆိုတာကတော့ မဟုတ်တာလုပ်တတ်တာ ထုံးစံလိုပါပဲတဲ့ခင်ဗျ။ အခုခေတ်လူကြီးတွေဟာလည်း တစ်ချိန် လူငယ်ဘ၀တုန်းက မဟုတ်တာလုပ်ခဲ့ကြတာပါပဲတဲ့။ ဒီတော့ လူငယ်တွေကို ယုံကြည်ပေးသင့်ပါသတဲ့။ Smart Trust အနေနဲ့ပေါ့။ မဟုတ်တာ ပေးလုပ်စေသင့်ပါသတဲ့။ ဒီအခါမှာ ဟောပြောပွဲလာတက်တဲ့ လူငယ်တွေ အားရပါးရကို သြဘာပေးခဲ့ကြပါတယ်။
တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတည်ဆောက်ကြမယ်ဆိုရင် ဘာတွေလုပ်ကြမလဲ။ သင့်အနေနဲ့ ယုံကြည်မှုတည်ဆောက်လိုတဲ့၊ သူများက ကိုယ့်ကို ယုံကြည်စေလိုတဲ့၊ ကိုယ်ကလည်း သူများကို ယုံကြည်လိုတဲ့စိတ်ပဲ လိုအပ်ပါသတဲ့။ သင့်အနေနဲ့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်အောက် ငယ်သားတွေကို သူတို့အပေါ် သင်ယုံကြည်တယ်ဆိုတာ သိအောင် ပြောပြဖို့ပါပဲတဲ့။ သူတို့ဟာ ယုံကြည်ခံလိုကြပါသတဲ့။ လူတစ်ယောက်ဟာ သူ့အပေါ်မယုံတဲ့သူကို မယုံကြည်တတ်ကြပါဘူး။ သူတို့အပေါ် ယုံကြည်သူကိုသာ တုံ့ပြန်ယုံကြည်ကြပါသတဲ့။
ယုံကြည်မှုကို အလွှာငါးထပ်နဲ့ ဖွဲ့စည်းထားပါတယ်။ အတွင်းကနေ အပြင်ကို အစဉ်အတိုင်းပြောမယ်ဆိုရင် မိမိကိုယ်ကို ယုံကြည်ခြင်း၊ ရင်းနှီး ဆက်ဆံမှုတွင် ယုံကြည်ခြင်း၊ အဖွဲ့အစည်းအားယုံကြည်ခြင်း၊ ဈေးကွက်တွင် ယုံကြည်ခြင်းနှင့် လူမှုအဖွဲ့အစည်းအား ယုံကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ယုံကြည်မှုတည်ဆောက်ရာမှာ အတွင်းဆုံးအလွှာက စတင်ရပါမယ်။ မိမိကိုယ်ကိုယုံကြည်မှုဟာ ယုံကြည်စိတ်ချခံနိုင်မှုပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှသာ တစ်ပါးသူက ကိုယ့်ကိုယုံကြည်ပါလိမ့်မယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုမှ မယုံကြည်သူဟာ သူတစ်ပါးကိုလည်း ယုံကြည်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် လူတိုင်းသည် ငါ့ကိုယ်ငါ ယုံကြည်မှုရှိရဲ့လားဆိုတာနဲ့ သူများက ငါ့ကိုယုံကြည်နိုင်လောက်ရဲ့လား ဆိုတဲ့မေးခွန်းနှစ်ခုကို အမြဲ မေးနေသင့်ပါသတဲ့။ ဒီမေးခွန်းနှစ်ခု အမြဲတမ်းဖြေနိုင်ဖို့အတွက်ဆိုရင် အချက်လေးချက်နဲ့ပြည့်စုံရပါလိမ့်မယ်။ ပထမ နှစ်ချက်ကတော့ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ သမာဓိရှိမှုနှင့် စူးရှတည်ကြည်မှုတို့ရှိဖို့လိုပါတယ်။ နောက်နှစ်ချက်ကတော့ ကျွမ်းကျင်မှုနှင့်ဆိုင်တဲ့ လုပ်နိုင်စွမ်းနှင့် ရလာဒ်ဖော်ဆောင်နိုင်မှုတို့ဖြစ်ပါတယ်။
လူအများယုံကြည်လေးစားရတဲ့ ခေါင်းဆောင်တွေရဲ့အကျင့်တစ်မျိုးကိုလည်း ဆရာကြီးက ပြောပြသွားပါသေးတယ်။ အဲဒီအကျင့်ကတော့ မှန်နဲ့ ပြတင်းပေါက်လို့ခေါ်တဲ့အကျင့်ပါ။ အမှားတွေ အပြစ်တွေလုပ်မိရင် မှန်ကိုကြည့်ပြီး ငါ့ကြောင့်လို့ ခံယူတတ်ရမတဲ့။ အောင်မြင်မှုတွေရရင်တော့ ပြတင်းပေါက်ကို ဖွင့်ပြီး ကြည့်လိုက်ပါတဲ့။ ငါနဲ့အတူ သူတို့တွေလည်း ပါဝင်ခဲ့လို့ အောင်မြင်တယ်လို့ခံယူပါတဲ့။ မှတ်သားဖွယ်ပါပဲ။
သူတစ်ပါးအပေါ် မျှမျှတတဆက်ဆံမယ်၊ သူတစ်ပါးက အားကိုးအားထားပြုလောက်မယ်၊ သူတစ်ပါးအပေါ် လေးစားတတ်မယ်၊ ပွင့်လင်းမယ်၊ ဇွဲသန်မယ်၊ တစ်ကိုယ်ကောင်းမဆန်ဘူး၊ စွမ်းဆောင်ရည်ရှိမယ်၊ အထောက်အကူ ပေးတတ်မယ်၊ မျှဝေစာနာတတ်မယ်၊ ကူညီရိုင်းပင်းတတ်မယ် ဆိုရင် သူတစ်ပါးရဲ့ယုံကြည်မှုကို ရရှိနိုင်ပါလိမ့်မယ်။ သို့သော်လည်း ယုံကြည်မှုကို ကိုယ်ကချည်းလိုချင်လို့မရဘဲ ကိုယ်ကလည်း ယုံကြည်ပေး တတ်ဖို့ လိုအပ်ပါတယ်။ ယုံကြည်မှုကို အင်္ကျီတစ်ထည်လို ၀တ်လိုက် ချွတ်လိုက်လုပ်လို့ မရပါဘူး။ ယုံကြည်မှုဟာ ကြာရှည် တည်ဆောက်ရတာ ဖြစ်ပေမယ့် အချိန်တိုအတွင်းမှာ ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ယုံကြည်မှုကို အမြဲတစေ ထိန်းသိမ်းစောင့်ရှောက်နေရပါမယ်။
ကမ္ဘာကြီးအပေါ်ထားတဲ့ ယုံကြည်မှုအပေါ်မူတည်ကာ တံတိုင်းကာသူများနှင့် တံတားဆောက်သူများလို့ နှစ်မျိုးနှစ်စား ကွဲပြားတယ်လို့ အိုင်းစတိုင်းက မှတ်ချက်ပြုခဲ့ဖူးပါတယ်။ လူတွေမှာ မယုံကြည်မှုတွေ သံသယတွေ များတဲ့အတွက် တံတိုင်းတွေသာများပြီး တံတားတွေကတော့ နည်းနည်းပဲရှိတယ်လို့ နယူတန်ကဆိုပါတယ်။ ဂန္ဒီကြီးကလည်း အားနည်းသူဟာ ခွင့်မလွှတ်တတ်ကြကြောင်း ခွင့်လွှတ်ခြင်းဟာ အားကြီးသူတို့ရဲ့ ဂုဏ်ပုဒ်ဖြစ်ကြောင်း မိန့်ဆိုခဲ့ပါသတဲ့။ ဆရာကြီးဟာ ဟောပြောပွဲကို ပါစကယ်ရဲ့အမှာစကားလေးတစ်ခွန်းနဲ့ ပိတ်သိမ်းခဲ့ပါတယ်။ ပါစကယ်ရဲ့ စကားလက်ဆောင်လေးခွန်းကတော့ "မင်းကိုယုံတယ်" (I believe in you) ဆိုတဲ့စကားပဲဖြစ်ပါတယ်။ အားလုံးပဲ ဒီနေ့ကစပြီး မင်းကိုယုံတယ်လို့ ပြောရင်း ယုံကြည်မှုတွေ တည်ဆောက်ကြရအောင်လားဗျာ။ ။
(ဒေါက်တာအောင်ထွန်းသက်ရဲ့ဟောပြောမှုကို နားလည်သလောက် ပြန်ရေးထားတာဖြစ်ပါတယ်။ သူ့ရဲ့ powerpoin file ကို ဒီနေရာမှာ ရယူနိုင်ပါတယ်။)
Technorati tags: trust, building | |
Tuesday, February 5, 2008
အာဇာနည် (၁၇) ဦး ဗိမာန်
မန္တလေးမှာ ကန်တော်ကြီးလမ်းခွဲအကျော် မန္တလေး-စစ်ကိုင်းလမ်းပေါ်မှာ အာဇာနည် (၁၇)ဦး ဗိမာန် ဆိုတာ ရှိပါတယ်။
လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြချိန်မှာ နယ်ချဲ့လက်ပါးစေ စစ်ပုလိပ်တို့ရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးသွားရတဲ့ မန္တလေးက ရဟန်းရှင်လူ (၁၇) ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ ဂူဗိမာန်အဖြစ် တည်ထားခဲ့တာပါ။
အရင်တုန်းကတော့ စိမ်းလန်းကျယ်ပြန့်တဲ့ ပရ၀ုဏ်၊ ဗိမာန်အဆောက်အဦး တည်ရှိရာ ကုန်းမြင့်ပေါ်ကို တဆင့်ပြီး တဆင့် တက်သွားရတဲ့ လှေကားထစ်များ၊ ဂန္ထ၀င်လက်ရာဟန် ကော်ရစ်သီယန်တိုင်လုံးများနဲ့ ဗိမာန် အဆောက်အဦး၊ မှတ်တမ်း ကျောက်စာချပ်ကြီးများ... စတာ စတာများနဲ့ ခန့်ညားဖွယ်ရှိခဲ့မှာ အသေအချာပါပဲ...
ဒါပေမယ့် ခုများကျတော့ တာဝန်ယူစောင့်ရှောက်မှုနှင့် ပြုပြင်ထိမ်းသိမ်းမှု အလျင်းမရှိတော့တဲ့အတွက် ခြုံနွယ်များ ထူထပ်ဖုံးလွှမ်းပြီး အနီးအနား ၀န်းကျင်ရပ်ကွက်များမှ တောထိုင်ရာ၊ ထင်းခွေရာ၊ ခြင်းခတ်ရာ... စတာတွေ ပြုလုပ်တဲ့နေရာတစ်ခုအဖြစ်သာ ကျန်ရှိခဲ့ပါတယ်။
ဒါ့အပြင် ခုအခါမှာ ရေနစ်ရာ ၀ါးကူထိုးသလို အတည်မပြုရသေးသော သတင်းများအရ ထိုဗိမာန် တည်ရှိရာနေရာကြီးကို ဖျက်သိမ်းပြီး မြေကွက်များ စိတ်ပိုင်း လေလံဆွဲမည်ဟု ကောလဟလတစ်ခု ထွက်ပေါ်နေပြန်ရော...
အမှန်သာဆိုလျှင် တကယ့်လွတ်လပ်ရေးတိုက်ပွဲဝင် သမိုင်းတန်ဖိုးတစ်ခု၊ တိုက်ပွဲဝင်ကျဆုံးခဲ့ရသော ရဟန်းသံဃာနှင့်ပြည်သူတို့အား ဂုဏ်ပြုရာ နေရာတစ်ခု... တန်ဖိုးမဲ့စွာ အပြီးသတ်ပျောက်ကွယ်သွားရမည့်အစား...
ဗိမာန်အ၀င် လှေကားထစ်များ
့
ဗိမာန်ဝင်း ၀င်ပေါက် မုခ်ဦး
့
အာဇာနည် ဗိမာန် အဆောက်အဦး
့
ဗိမာန်တွင်းမှ ကျဆုံးသူ အာဇာနည်များ၏ ကျောက်စာများ
့
ခြုံနွယ်များနှင့် ကော်ရစ်သီရန် တိုင်လုံး
့
သမိုင်းမှတ်တမ်းတင် ကျောက်စာများထားရာ
့
အာဇာနည်ဗိမာန် ရှေ့ဘက်မြင်ကွင်း
့
ပျက်စီးစ အဆောက်အဦး
့
ဗိမာန်၏ ရင်ပြင် ကွက်လပ်
(http://thakhingyi.com/ မှ ကူးယူပြီး ထပ်ဆင့်ဖော်ပြခြင်းဖြစ်ပါတယ်။ ဓါတ်ပုံတွေကလည်း ကိုကျော်သူရထွန်း ရိုက်ထားတဲ့ ပုံတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ကော်ပီရိုက်ဖြစ်တဲ့အတွက် သူ့ထံမှ ခွင့်တောင်းပြီးမှ အသုံးပြုကြပါခင်ဗျား။)
Technorati tags: matyr, mandalay, burma, myanmar | |