Tuesday, March 4, 2008

Myanmar political study group urges support of constitutional referendum

YANGON, March 2 (Xinhua) -- A political study group in Myanmar Sunday called on its members and the public to vote in favor of a constitution draft in the forthcoming nationwide referendum scheduled for May.

The Modern Scientific Political Economy Study Group (MSPEG) told a monthly regular meeting here that if cooperating with the military government, the transition to democracy system could be realized earlier and the process could also be possible in a peaceful manner.

The group objected foreign sanctions on Myanmar, saying that if a country is so imposed, it would only bring about increased poverty of the people and social unrest that could prolong the dictatorship.

With an aim of studying modern capitalism and socialism, the MSPEG was formed in October 1980 having over 10,000 members now, the group said, adding that it has held some 33 political activities across the country in 2007, and two in February this year in support of the forthcoming government-planned constitutional referendum in May and general election in 2010.

The ruling Myanmar military government, State Peace and Development Council (SPDC), enacted on Feb. 26 a 12-chapter 31-provision 2008 Republic of Union of Myanmar Referendum Law and setup a commission for a nationwide constitutional referendum following the completion of the constitution draft on Feb. 19.

The referendum is to pave way for a general election slated for2010 under the government's seven-step roadmap to transform the military administration into a civil one.

The new constitution had been drafted since Dec. 3 last year, based on the detailed basic principles laid down in the years-long national convention which started in 1993 and ended in September last year. That national convention was participated by over 1,000delegates coming from eight categories of delegate groups including national races and turned-in former anti-government ethnic armed groups.

(အခုမှ နေကောင်းလို့ ရုံးပြန်တက်တာ လုပ်စရာတွေကလည်း များနဲ့ ဘာသာမပြန်အားသေးလို့ ဘိုလိုပဲ တင်ပေးလိုက်တယ်ဗျာ။)

Technorati Technorati tags: , , , | |

အပြည့်အစုံဖတ်ရန်

Monday, February 11, 2008

ပျော်မယ်ဆိုလာခဲ့ မပျော်ချင်ရင်နေခဲ့ သဘောပဲ

ဖေဖော်ဝါရီ ၉ ရက်နေ့က ည ၈ နာရီသတင်းမှာ နိုင်ငံတော်အစိုးရရဲ့ ကြေညာချက်နှစ်စောင် ထုတ်ပြန်တဲ့သတင်းကို နားထောင်လိုက်ရ ပါတယ်။ ကြေညာချက် ၁/၂၀၀၈ အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မရှင်က အခြေခံဥပဒေမူကြမ်းရေးဆွဲတာ ပြီးစီးတော့မှာဖြစ်ပြီး အခုနှစ် လာမည့်မေလအတွင်းမှာ အခြေခံဥပဒေမူကြမ်းကို ပြည်သူတွေလက်ထဲ ချပြပြီး တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ပြည်သူ့ဆန္ဒခံယူမည်လို့ သိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီးတစ်ရပ် ပြီးဆုံးတော့မှာဖြစ်လို့ Cypher တစ်ယောက် ၀မ်းသာလို့မှ မဆုံးသေးဘူး နောက်ထပ် ကြေညာချက် ၂/၂၀၀၈ တဲ့ ကြေညာပြန်ပါရော။ ဒီတစ်ခေါက် ကြေညာတာ ကတော့ အခုလက်ရှိအစိုးရဖြစ်တဲ့ အေးချမ်းဖြိုးကောင်စီက နိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အလုံးစုံ ပြီးမြောက်ပြီးလို့ မဆိုနိုင်ပေမယ့် အောင်မြင်သင့်သလောက်တော့ အောင်မြင်ခဲ့ပြီဖြစ်တဲ့အတွက် ဒီမိုကရေစီပြောင်းလဲရေးအတွက် အချိန် တန်ပြီလို့ ယူဆပါတယ်တဲ့။ ဒါကြောင့် လာမယ့် ၂၀၁၀ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကို ကျင်းပမယ်လို့ ကြေညာသွားပါတယ်။ ကဲ...။ ဘယ်လောက်ထူးခြားလိုက်တဲ့ သတင်းလဲဗျာ။

အခုဆိုရင် ပြည်သူအများတောင့်တခဲ့ကြတဲ့ ဒီမိုကရေစီနိုင်ငံသစ်ဟာ ရှေ့မှာလှမ်းမြင်နေရပါပြီ။ အားလုံးတောင့်တနေတာ ဒါပဲမဟုတ်လား ဗျာ။ မစ္စတာဂမ်ဘာရီ လာသွားစဉ်က အကြံပြုသွားတဲ့အထဲမှာ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် တိကျတဲ့ အချိန်ဇယား ချမှတ်ဆောင်ရွက်ဖို့ဆိုတဲ့အချက်ပါဝင်ပါတယ်။ အခုတော့ ဒီအချက်ကို ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် မစ္စတာဂမ်ဘာရီ လည်း ကျေနပ်ဝမ်းမြောက်မယ်လို့ ထင်ပါတယ်။ ဘာပဲပြောပြော လမ်းမအဆုံးမှာ ပန်းတိုင်ကို မြင်နေရပြီဆိုတော့ လျှောက်လှမ်းနေကြတဲ့ ခြေလှမ်းတွေလည်း ပိုမိုတက်ကြွ သွက်လက်နေကြမှာ မလွဲပါဘူး။

ကဲ..ပျော်နေရုံနဲ့တော့ မပြီးဘူး ကိုယ့်ဆရာတို့ရေ။ တောင်ထိပ်ကို လှမ်းမြင်လို့ ၀မ်းသာရပေမယ့် တောင်ဆိုတာမျိုးက ထိပ်ရောက်လေ တက်ရခက်လေဆိုတာ မမေ့ပါနဲ့ဗျာ။ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲလုပ်ပြီး အစိုးရရှာတာထက် အများကြီး ပိုပြီးအဓိပ္ပါယ်ရှိပါတယ်။ ဒီမိုကရေစီသာရသွားတယ် နိုင်ငံသားတွေကတော့ အရင်အတိုင်း ဒုံရင်းပဲဆိုရင်တော့ ဘာမှထူးခြားမှာ မဟုတ်ပါဘူး။ ဒီတော့ ပေါ်ပေါက် လာမယ့် စနစ်သစ်နဲ့ နိုင်ငံသစ်မှာ နိုင်ငံသားတွေ ကလည်း အသစ်ဖြစ်ဖို့လိုအပ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ခေါင်းထဲက စိတ်ဓါတ်တွေကို အသစ်အဖြစ် ပြောင်းလဲကြရပါလိမ့်မယ်။ ခင်ဗျားတို့ အရင်လိုပဲ စည်းကမ်းမဲ့နေကြဦးမှာလား။ ဒါဆိုရင်တော့ ခင်ဗျားတို့ ဟာ နိုင်ငံတော်သစ်ဆီကို ဒရွတ်တိုက်ဆွဲပြီး လိုက်ကြရတော့မှာပေါ့။

ကျွန်တော်ရေးခဲ့ဖူးတဲ့ ပို့စ်တစ်ခုမှာလို ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ပြန်မေးကြည့်ကြပြီးပြီလားဗျို့။ ကျွန်တော်ကတော့ မေးကြည့်ကြစေချင် တယ်ဗျာ။ ကိုယ်ဘာတွေ ပြုပြင်စရာရှိလဲဆိုတာရှာပြီး ပြုပြင်ထားကြစေချင်တယ်။ ဒီမိုကရေစီဆိုတာ အစိုးရက ပြောင်းပေးလို့ ရတာမျိုး မဟုတ်ပါဘူး။ ခင်ဗျားတို့ ပြည်သူတွေကိုယ်တိုင်က ပြုပြင်ပြောင်းလဲကြရမှာပါ။ ဥပမာအနေနဲ့ဆိုရင် ကင်ညာကိုကြည့်ပါ။ သူတို့ ဒီမိုကရေစီ နည်းနဲ့ပဲ အစိုးရကို ရွေးကောက်ခဲ့ကြတာပါပဲ။ ရွေးကောက်ပွဲ ပြီးသွားတော့ အဆင်ပြေရဲ့လား ကြည့်ကြပါ။ အဓိကက ပြည်သူတွေပါပဲ။ ပြည်သူတွေအနေနဲ့ နိုင်ငံရေးအမြင်ကျယ်ဖို့ လိုအပ်ပါတယ်။ အခုအချိန်ဇယားအရ ရွေးကောက်ပွဲလုပ်ဖို့ ၂ နှစ်အချိန်ရပါတယ်။ ဒီကြားထဲ မှာ ပြည်သူတွေကို နိုင်ငံရေးနဲ့ ဒီမိုကရေစီအကြောင်းတွေ ပညာပေးဖို့ လုပ်ငန်းစဉ်တွေ အများကြီးဆောင်ရွက်ရပါဦးမယ်။ ကျွန်တော်က တော့ အချိန်လောက်ပါ့မလားလို့တောင် စိုးရိမ်မိပါတယ်။

ဒီမိုကရေစီနိုင်ငံဆိုတာ တကယ်တော့ ယုံကြည်မှုနဲ့တည်ဆောက်ထားရတာပါ။ အစိုးရကို ပြည်သူက ယုံကြည်သလို ပြည်သူကိုလည်း အစိုးရက ယုံကြည်နိုင်ဖို့ လိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်နိုင်မှသာ အောင်မြင်တဲ့ ဒီမိုကရေစီစနစ် ဖြစ်လာနိုင်မှာပါ။ အဲဒီတော့ လူတိုင်းလူတိုင်းက ငါဟာ ယုံကြည်ထိုက်တဲ့ နိုင်ငံသားတစ်ယောက်ဖြစ်ပြီလားဆိုတာ ပြန်ဆန်းစစ်ရပါမယ်။ ခင်ဗျားသာ ယုံကြည်လောက်တဲ့ နိုင်ငံသားကောင်းတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် အစိုးရအနေနဲ့ ခင်ဗျားတို့ကို လွတ်လပ်ခွင့်ပေးထားရတာ တန်တာ ပေါ့ဗျာ။ အလကားနေရင်း ဆန့်ကျင်ဖို့ပဲစဉ်းစားနေတဲ့ပြည်သူတွေဆိုရင်တော့ ဘယ်အစိုးရမဆို ခင်ဗျားကို မျက်စိဒေါက်ထောက် ကြည့်နေ မှာပဲ။ ဒီအခါမှာ ခင်ဗျားကလည်း အစိုးရကို မယုံနိုင်တော့သလို အစိုးရကလည်း ခင်ဗျားကို ယုံမှာမဟုတ်တော့ပါဘူး။

နောက်တစ်ချက် ကျွန်တော်ပြောချင်တာကတော့ ပြည်ပအသံလွှင့်ဌာနတွေက ၀န်ထမ်းကြီးတွေနဲ့ ပြည်ပြေး ဆရာသမားတွေကိုပါ။ ခင်ဗျားတို့ ဘယ်အချိန်ထိ ဆက်ပြီး အဆိုးမြင် ကန့်လန့်တိုက်နေကြဦးမှာလဲဗျာ။ ခင်ဗျားတို့ရဲ့ အသံလွှင့်ဌာနကြီးတွေရဲ့ ပေါ်လစီက မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် မတည်မငြိမ်ဖြစ်နေအောင် သွေးထိုးဖို့ပါပဲ။ သူတို့ အခုချိန်မှာ အသားပေးပြောနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည် အာဏာရသွားခဲ့ရင်ရော ဒီအသံလွှင့်ဌာနကြီးတွေရဲ့ လုပ်ရပ်တွေ ရပ်သွားမယ်ထင်ပါသလား။ မထင်ပါနဲ့ဗျာ။ ဒီသတင်းဌာနတွေက နိုင်ငံငယ်တွေကို သူတို့ အင်အားကြီး နိုင်ငံတွေက ထိန်းထားနိုင်အောင် နိုင်ငံရေးမငြိမ်မသက်ဖြစ်ဖို့သက်သက် ရည်ရွယ်ကြတာပါ။ ခင်ဗျားတို့ BBC Chinese နဲ့ တခြားလိုင်းတွေကို နားထောင်ရင် ခင်ဗျားတို့သဘောပေါက်မှာပါ။ အပေါ်ယံ အဆင်ပြေ နေပေမယ့် နောက်ကွယ်ကနေ အမျိုးမျိုးသွေးထိုးနေကြတာပါ။

ဘာပဲပြောပြော မြန်မာနိုင်ငံကတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ဖြည်းဖြည်းနဲ့မှန်မှန် လျှောက်လှမ်းနေပါပြီ။ နိုင်ငံသစ်အတွက် ပြင်ဆင်သူတွေလည်း ပြင်ဆင်နေကြပါပြီ။ ပြည်သူတွေလည်း ပေါ်ပေါက်လာမည့် အခွင့်အရေးတွေအတွက် မျှော်လင့်ချက်တွေနဲ့ ပျော်နေကြပါပြီ။ ဒီမိုကရေစီနိုင်ငံသစ်ဆီသွားရာလမ်းမှာ အားလုံးကို ၀မ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုခေါ်ဆောင်သွားကြမှာပါ။ အားလုံး ပျော်ပျော်ပါးပါးပေါ့။ ဒီတော့ ကျွန်တော် သီချင်းလေး တစ်ပုဒ်ကို သတိတရနဲ့ ဆိုညည်းမိပါတယ်။ ပျော်မယ်ဆို လာခဲ့... မပျော်ချင်ရင် နေခဲ့... မင်း သဘောပဲ...။

Technorati Technorati tags: , , | |

အပြည့်အစုံဖတ်ရန်

Thursday, February 7, 2008

လိုအပ်နေသော ယုံကြည်မှု

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ (စနေနေ့) က သူငယ်ချင်းတွေနဲ့အတူ ဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောပွဲတစ်ခုကို တက်ပြီး နားထောင်ဖြစ်ခဲ့ပါတယ်။ ဒေါက်တာအောင်ထွန်းသက်ဆိုတာကတော့ ပညာရေးလိုက်စားတဲ့အသိုင်းအ၀ိုင်းမှာတော့ မိတ်ဆက်ပေးဖို့မလိုတဲ့ ပညာရှင်တစ်ယောက်ပါ။ သူဟာ ကုလသမဂ္ဂ ၀န်ထမ်းများကောလိပ်မှ ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ နှစ်စဉ်အားလပ်ရက်တွေမှာ မြန်မာနိုင်ငံပြန်လာတတ်ပြီး သူ့ရဲ့အတွေ့အကြုံတွေနဲ့ ပညာတွေကို မျှဝေပေးလေ့ရှိတဲ့သူတစ်ယောက်ပါ။ ကျွန်တော်မှတ်မိသလောက်တော့ Change Management ဆိုတာကို မြန်မာနိုင်ငံကို ပထမဆုံးသယ်ဆောင်လာတဲ့သူတစ်ဦး ဖြစ်ပါတယ်။ အဲဒီစနေနေ့က အုတ်လမ်းနားက ယုဇနဟိုတယ်မှာလုပ်တဲ့ ဟောပြောပွဲမှာတော့ ယုံကြည်မှုတည်ဆောက်ခြင်းအကြောင်းကို ရှင်းလင်း ပြောကြားသွားပါတယ်။

အဲဒီနေ့က ဆရာကြီး ပထမဆုံးအသိပေးခဲ့တဲ့အချက်ကတော့ ယုံကြည်မှုဟာ အရာအားလုံးကို ပြောင်းလဲစေနိုင်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ သူက ဟောပြောပွဲကို ဂန္ဒီရဲ့နာမည်ကျော်စကားနှစ်ခွန်းနဲ့ စတင်ခဲ့ပါတယ်။ အဲဒီစကားနှစ်ခွန်းကတော့ မနက်ဖြန်သေတော့မယ့်လူတစ်ယောက်လို အသက်ရှင်ပါ (LIVE as if you were die tomorrow) ဆိုတဲ့စကားနဲ့ ဘယ်တော့မှမသေနိုင်တဲ့လူတစ်ယောက်လို သင်ယူလေ့လာပါ (LEARN as if you were live forever) ဆိုတဲ့စကားတို့ဖြစ်ပါတယ်။ အလွန်တန်ဖိုးရှိတဲ့ စကားနှစ်ခွန်းပါ။ ကျွန်တော် ရှင်းမပြလိုတော့ပါ။ ကိုယ်တိုင်စဉ်းစားပြီး အတွေးနယ်ချဲ့ကြပါကုန်။

ယုံကြည်မှုဆိုတာ ခေါင်းဆောင်ကောင်းတွေအတွက် အလွန်ကိုအရေးပါတဲ့ ခွန်အားတစ်ရပ်ဖြစ်ပါတယ်။ အများယုံကြည်မှုကို ခံယူရတဲ့သူ တစ်ဦးဟာ အခြားသူတွေထက် အမြဲတမ်းနှာတစ်ဖျားသာနေနိုင်ပါတယ်။ လူအတော်များများက ယုံကြည်မှုကို သူ့အလိုလိုဖြစ်လာတဲ့အရာလို့ မှတ်ထင်ကြပါတယ်။ တစ်ကယ်တော့ ယုံကြည်မှုကို တည်ဆောက်ယူလို့ရပါတယ်။ ယုံကြည်မှုကြီးမားလာအောင် လုပ်လို့ရသလို ယုံကြည်သူတွေ များလာအောင်လည်း တိုးချဲ့နိုင်ပါတယ်။ ပျက်စီးသွားတဲ့ ယုံကြည်မှုကိုလည်း ပြန်လည်အဖတ်ဆည်လို့ရပါတယ်။

အားကစားအသင်းတစ်ခုမှာဖြစ်ဖြစ်၊ ဌာနတစ်ခုမှာဖြစ်ဖြစ်၊ မိသားစုအတွင်းမှာပဲဖြစ်ဖြစ် ယုံကြည်မှုမရှိဘူးဆိုရင် အနည်းနဲ့အများဆိုသလို ပြဿနာတွေ ဖြစ်ပေါ်လာမှာပါပဲ။ ဒီနေ့ခေတ်ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့အခြေအနေတွေကိုကြည့်ရင် ယုံကြည်မှုမရှိလို့ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်ကြလို့ စစ်တွေ ဖြစ်ကြရပါတယ်။ ပြည်ထောင်စုနိုင်ငံကြီးတွေ ပြိုကွဲကြရပါတယ်။ ပြည်တွင်းစစ်တွေ ဖြစ်ကြရပါတယ်။ ဘယ်လို ဆက်ဆံရေးပုံစံမျိုးမဆိုဟာ ယုံကြည်မှုနဲ့တုပ်နှောင်ကြမှသာ ရေရှည်တည်မြဲနိုင်ပါတယ်။ ဘယ်လောက်ပဲ ကြာရှည်တဲ့ဆက်ဆံရေးမဆိုဟာလည်း ယုံကြည်မှုပျက်စီးတဲ့အခါ ပျက်သုဉ်းကြရပါတယ်။

ယုံကြည်မှုဆိုတာဘာလည်းဆိုရင် ခံစားသိမှုတစ်မျိုးပဲဖြစ်ပါတယ်။ ကြည့်လိုက်ယုံနဲ့ ကိုယ့်ရဲ့စိတ်မှာခံစားလာရတဲ့အရာ ဖြစ်ပါတယ်။ ပန်းချီကား စတဲ့ အနုပညာလက်ရာတွေ လှတယ်မလှဘူးဆိုတာကို စိတ်မှာခံစားသိရှိတဲ့ပုံစံမျိုးပဲလို့ ဆရာကြီးက ဥပမာပေးသွားပါတယ်။ ယုံကြည်မှုနဲ့ ပတ်သက်ပြီး သိနားလည်တဲ့သူ နည်းပါတယ်။ အဲဒီလို မသိနားမလည်ကြတဲ့အတွက် အများစုက လျစ်လျူရှုထားတတ်ကြပြီး ယုံကြည်မှုရဲ့ အစွမ်းကိုလည်း လျှော့တွက်ခဲ့ကြပါတယ်။

ဆရာကြီးက သူ့ရဲ့အတွေ့အကြုံအရ ကမ္ဘာပေါ်မှာ ယုံကြည်မှုတွေ တဖြည်းဖြည်နည်းပါးလာပြီလို့ဆိုပါတယ်။ အထုပ်အပိုးတွေထဲမှာ ပေါက်ကွဲနိုင်တဲ့အရာတွေများပါမလားလို့စစ်ဆေးကြရတဲ့အတွက် လေယာဉ်ကွင်းချိန်းချိန်တွေကို ပိုခွာပြီးချိန်းလာကြပါတယ်။ ယခင် တစ်နာရီလောက် ကြိုရောက်ရင် ရပေမယ့် ယခုအခါ နှစ်နာရီ သုံးနာရီလောက် ကြိုရောက်ရပါသတဲ့။

ဒီလိုအရေးကြီးတဲ့ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာကို ဆက်ပြောပါတယ်။ ဒီနေရာမှာ ယုံကြည်မှုအတွက် အရေးပါတဲ့ အချက်နှစ်ချက်ကို သိဖို့လိုပါလိမ့်မယ်။ အဲဒီနှစ်ချက်ကတော့ ကိုယ်ကျင့်တရား (character) နဲ့ ကျွမ်းကျင်မှု (competence) တို့ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားဆိုတာက ကိန်းသေတစ်ခုလို မွေးကတည်းကပါလာပြီး ပြုပြင်ရခက်ပါတယ်။ ကျွမ်းကျင်မှုကတော့ အခြေအနေကိုလိုက်ပြီး သင်ယူလို့ရနိုင်ပါတယ်။ လူတစ်ဦးကိုယုံကြည်ကြရာမှာ ကိုယ်ကျင့်တရားကို ယုံကြသလို ကျွမ်းကျင်မှုပညာကိုလည်း ယုံကြည်တတ်ကြပါတယ်။ ခေါင်းဆောင်ကောင်းတစ်ဦးဟာ အဲဒီနှစ်ခုကို မျှတအောင် ထိန်းနိုင်ရပါမယ်။ ကိုယ့်ရဲ့ဘ၀တန်ဖိုး (character) ကိုချည်း ဖက်တွယ်မနေဘဲ ရလာဒ်ကောင်းတွေဖြစ်ပေါ်လာအောင်လည်း (competence) ဆောင်ရွက်နိုင်ရပါမယ်။ နှိမ့်ချတတ်ယုံမျှဖြင့်မပြီးဘဲ ကြေးစားတစ်ယောက်ရဲ့ တက်ကြွမှုမျိုးလည်းလိုအပ်ပါတယ်။ အဲဒီလိုလူတစ်ယောက်ကိုမှ အများက ယုံကြည်လက်ခံနိုင်ကြပါလိမ့်မယ်။

ယုံကြည်မှုကို ခွဲခြမ်းကြည့်မယ်ဆိုရင် လေးပိုင်းခွဲလို့ရပါတယ်။ ယုံကြည်မှုနဲ့ စိစစ်မှုတို့ရဲ့မျှခြေအရ ကွဲပြားသွားခြင်း ဖြစ်ပါတယ်။ ယုံလည်းမယုံ စိစစ်မှုလည်းမရှိဘူးဆိုရင်တော့ ယုံတယ်မယုံဘူးဆိုတာ မရှိတော့ပါဘူး။ အဲဒီလို အခြေအနေမျိုးဟာ ချီတုံချတုံနဲ့ ဆုံးဖြတ်ရခက်ခဲတတ်ပါတယ်။ နောက်တစ်မျိုးကတော့ ယုံကြည်မှုမြင့်မားပြီး စိစစ်မှု အလွန်နည်းခြင်းပါပဲ။ အဲဒီလိုယုံနည်းမျိုးကိုတော့ မျက်စိမှိတ်ယုံခြင်းလို့ခေါ်ပါတယ်။ အဲဒီလိုယုံတတ်တဲ့လူတွေကတော့ မကြာခဏ အလိမ်ခံနေကြရတဲ့သူတွေလို့ ဆိုနိုင်ပါတယ်။ ယုံကြည်မှုနည်းပြီး အလွန်စိစစ်နေတယ်ဆိုရင်တော့ ယုံကြည်မှု ပျက်စီးနိုင်ပြီး သံသယတွေ အလွန်များနေလို့ ဖြစ်နိုင်ပါတယ်။ နောက်ဆုံးအချက်ကတော့ ယုံကြည်မှုလည်းရှိသလို စိစစ်မှုလည်း ရှိတဲ့အခြေအနေပါ။ ဒီလိုယုံကြည်မှုမျိုးဟာ အကောင်းဆုံးယုံကြည်မှုပဲဖြစ်ပါတယ်။ ယုံသင့်မယုံသင့်ကို စဉ်းစားဆုံးဖြတ်မှု ပြုလုပ်သင့်ပါတယ်။

ဆရာကြီးက အင်တာနက်ဥပမာတစ်ခုနဲ့ ရှင်းပြခဲ့ပါတယ်။ ယနေ့ခေတ်လူငယ် အတော်များများဟာ အင်တာနက်နဲ့ အတော်လေးရင်းနှီးနေကြပါပြီ။ အင်တာနက်ဆိုတာ အချက်အလက်အလွန်စုံတဲ့ မီဒီယာတစ်ခုဖြစ်ပါတယ်။ ဒီတော့ လူငယ်တွေအနေနဲ့ မသင့်တော်တဲ့ အညှီအဟောက်တွေ ကြည့်နိုင်ဖို့ အခွင့်အရေး ရနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို တွေးပြီး အင်တာနက်သုံးခွင့်ကိုပိတ်လိုက်ရင် အခြားအကျိုးရှိတာတွေကိုပါ ပိတ်ပင်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ လူငယ်ဆိုတာကတော့ မဟုတ်တာလုပ်တတ်တာ ထုံးစံလိုပါပဲတဲ့ခင်ဗျ။ အခုခေတ်လူကြီးတွေဟာလည်း တစ်ချိန် လူငယ်ဘ၀တုန်းက မဟုတ်တာလုပ်ခဲ့ကြတာပါပဲတဲ့။ ဒီတော့ လူငယ်တွေကို ယုံကြည်ပေးသင့်ပါသတဲ့။ Smart Trust အနေနဲ့ပေါ့။ မဟုတ်တာ ပေးလုပ်စေသင့်ပါသတဲ့။ ဒီအခါမှာ ဟောပြောပွဲလာတက်တဲ့ လူငယ်တွေ အားရပါးရကို သြဘာပေးခဲ့ကြပါတယ်။

တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတည်ဆောက်ကြမယ်ဆိုရင် ဘာတွေလုပ်ကြမလဲ။ သင့်အနေနဲ့ ယုံကြည်မှုတည်ဆောက်လိုတဲ့၊ သူများက ကိုယ့်ကို ယုံကြည်စေလိုတဲ့၊ ကိုယ်ကလည်း သူများကို ယုံကြည်လိုတဲ့စိတ်ပဲ လိုအပ်ပါသတဲ့။ သင့်အနေနဲ့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်အောက် ငယ်သားတွေကို သူတို့အပေါ် သင်ယုံကြည်တယ်ဆိုတာ သိအောင် ပြောပြဖို့ပါပဲတဲ့။ သူတို့ဟာ ယုံကြည်ခံလိုကြပါသတဲ့။ လူတစ်ယောက်ဟာ သူ့အပေါ်မယုံတဲ့သူကို မယုံကြည်တတ်ကြပါဘူး။ သူတို့အပေါ် ယုံကြည်သူကိုသာ တုံ့ပြန်ယုံကြည်ကြပါသတဲ့။

ယုံကြည်မှုကို အလွှာငါးထပ်နဲ့ ဖွဲ့စည်းထားပါတယ်။ အတွင်းကနေ အပြင်ကို အစဉ်အတိုင်းပြောမယ်ဆိုရင် မိမိကိုယ်ကို ယုံကြည်ခြင်း၊ ရင်းနှီး ဆက်ဆံမှုတွင် ယုံကြည်ခြင်း၊ အဖွဲ့အစည်းအားယုံကြည်ခြင်း၊ ဈေးကွက်တွင် ယုံကြည်ခြင်းနှင့် လူမှုအဖွဲ့အစည်းအား ယုံကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ယုံကြည်မှုတည်ဆောက်ရာမှာ အတွင်းဆုံးအလွှာက စတင်ရပါမယ်။ မိမိကိုယ်ကိုယုံကြည်မှုဟာ ယုံကြည်စိတ်ချခံနိုင်မှုပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှသာ တစ်ပါးသူက ကိုယ့်ကိုယုံကြည်ပါလိမ့်မယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုမှ မယုံကြည်သူဟာ သူတစ်ပါးကိုလည်း ယုံကြည်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် လူတိုင်းသည် ငါ့ကိုယ်ငါ ယုံကြည်မှုရှိရဲ့လားဆိုတာနဲ့ သူများက ငါ့ကိုယုံကြည်နိုင်လောက်ရဲ့လား ဆိုတဲ့မေးခွန်းနှစ်ခုကို အမြဲ မေးနေသင့်ပါသတဲ့။ ဒီမေးခွန်းနှစ်ခု အမြဲတမ်းဖြေနိုင်ဖို့အတွက်ဆိုရင် အချက်လေးချက်နဲ့ပြည့်စုံရပါလိမ့်မယ်။ ပထမ နှစ်ချက်ကတော့ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ သမာဓိရှိမှုနှင့် စူးရှတည်ကြည်မှုတို့ရှိဖို့လိုပါတယ်။ နောက်နှစ်ချက်ကတော့ ကျွမ်းကျင်မှုနှင့်ဆိုင်တဲ့ လုပ်နိုင်စွမ်းနှင့် ရလာဒ်ဖော်ဆောင်နိုင်မှုတို့ဖြစ်ပါတယ်။

လူအများယုံကြည်လေးစားရတဲ့ ခေါင်းဆောင်တွေရဲ့အကျင့်တစ်မျိုးကိုလည်း ဆရာကြီးက ပြောပြသွားပါသေးတယ်။ အဲဒီအကျင့်ကတော့ မှန်နဲ့ ပြတင်းပေါက်လို့ခေါ်တဲ့အကျင့်ပါ။ အမှားတွေ အပြစ်တွေလုပ်မိရင် မှန်ကိုကြည့်ပြီး ငါ့ကြောင့်လို့ ခံယူတတ်ရမတဲ့။ အောင်မြင်မှုတွေရရင်တော့ ပြတင်းပေါက်ကို ဖွင့်ပြီး ကြည့်လိုက်ပါတဲ့။ ငါနဲ့အတူ သူတို့တွေလည်း ပါဝင်ခဲ့လို့ အောင်မြင်တယ်လို့ခံယူပါတဲ့။ မှတ်သားဖွယ်ပါပဲ။

သူတစ်ပါးအပေါ် မျှမျှတတဆက်ဆံမယ်၊ သူတစ်ပါးက အားကိုးအားထားပြုလောက်မယ်၊ သူတစ်ပါးအပေါ် လေးစားတတ်မယ်၊ ပွင့်လင်းမယ်၊ ဇွဲသန်မယ်၊ တစ်ကိုယ်ကောင်းမဆန်ဘူး၊ စွမ်းဆောင်ရည်ရှိမယ်၊ အထောက်အကူ ပေးတတ်မယ်၊ မျှဝေစာနာတတ်မယ်၊ ကူညီရိုင်းပင်းတတ်မယ် ဆိုရင် သူတစ်ပါးရဲ့ယုံကြည်မှုကို ရရှိနိုင်ပါလိမ့်မယ်။ သို့သော်လည်း ယုံကြည်မှုကို ကိုယ်ကချည်းလိုချင်လို့မရဘဲ ကိုယ်ကလည်း ယုံကြည်ပေး တတ်ဖို့ လိုအပ်ပါတယ်။ ယုံကြည်မှုကို အင်္ကျီတစ်ထည်လို ၀တ်လိုက် ချွတ်လိုက်လုပ်လို့ မရပါဘူး။ ယုံကြည်မှုဟာ ကြာရှည် တည်ဆောက်ရတာ ဖြစ်ပေမယ့် အချိန်တိုအတွင်းမှာ ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ယုံကြည်မှုကို အမြဲတစေ ထိန်းသိမ်းစောင့်ရှောက်နေရပါမယ်။

ကမ္ဘာကြီးအပေါ်ထားတဲ့ ယုံကြည်မှုအပေါ်မူတည်ကာ တံတိုင်းကာသူများနှင့် တံတားဆောက်သူများလို့ နှစ်မျိုးနှစ်စား ကွဲပြားတယ်လို့ အိုင်းစတိုင်းက မှတ်ချက်ပြုခဲ့ဖူးပါတယ်။ လူတွေမှာ မယုံကြည်မှုတွေ သံသယတွေ များတဲ့အတွက် တံတိုင်းတွေသာများပြီး တံတားတွေကတော့ နည်းနည်းပဲရှိတယ်လို့ နယူတန်ကဆိုပါတယ်။ ဂန္ဒီကြီးကလည်း အားနည်းသူဟာ ခွင့်မလွှတ်တတ်ကြကြောင်း ခွင့်လွှတ်ခြင်းဟာ အားကြီးသူတို့ရဲ့ ဂုဏ်ပုဒ်ဖြစ်ကြောင်း မိန့်ဆိုခဲ့ပါသတဲ့။ ဆရာကြီးဟာ ဟောပြောပွဲကို ပါစကယ်ရဲ့အမှာစကားလေးတစ်ခွန်းနဲ့ ပိတ်သိမ်းခဲ့ပါတယ်။ ပါစကယ်ရဲ့ စကားလက်ဆောင်လေးခွန်းကတော့ "မင်းကိုယုံတယ်" (I believe in you) ဆိုတဲ့စကားပဲဖြစ်ပါတယ်။ အားလုံးပဲ ဒီနေ့ကစပြီး မင်းကိုယုံတယ်လို့ ပြောရင်း ယုံကြည်မှုတွေ တည်ဆောက်ကြရအောင်လားဗျာ။ ။

(ဒေါက်တာအောင်ထွန်းသက်ရဲ့ဟောပြောမှုကို နားလည်သလောက် ပြန်ရေးထားတာဖြစ်ပါတယ်။ သူ့ရဲ့ powerpoin file ကို ဒီနေရာမှာ ရယူနိုင်ပါတယ်။)

Technorati Technorati tags: , | |

အပြည့်အစုံဖတ်ရန်

Tuesday, February 5, 2008

အာဇာနည် (၁၇) ဦး ဗိမာန်

မန္တလေးမှာ ကန်တော်ကြီးလမ်းခွဲအကျော် မန္တလေး-စစ်ကိုင်းလမ်းပေါ်မှာ အာဇာနည် (၁၇)ဦး ဗိမာန် ဆိုတာ ရှိပါတယ်။
လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြချိန်မှာ နယ်ချဲ့လက်ပါးစေ စစ်ပုလိပ်တို့ရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးသွားရတဲ့ မန္တလေးက ရဟန်းရှင်လူ (၁၇) ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ ဂူဗိမာန်အဖြစ် တည်ထားခဲ့တာပါ။

အရင်တုန်းကတော့ စိမ်းလန်းကျယ်ပြန့်တဲ့ ပရ၀ုဏ်၊ ဗိမာန်အဆောက်အဦး တည်ရှိရာ ကုန်းမြင့်ပေါ်ကို တဆင့်ပြီး တဆင့် တက်သွားရတဲ့ လှေကားထစ်များ၊ ဂန္ထ၀င်လက်ရာဟန် ကော်ရစ်သီယန်တိုင်လုံးများနဲ့ ဗိမာန် အဆောက်အဦး၊ မှတ်တမ်း ကျောက်စာချပ်ကြီးများ... စတာ စတာများနဲ့ ခန့်ညားဖွယ်ရှိခဲ့မှာ အသေအချာပါပဲ...

ဒါပေမယ့် ခုများကျတော့ တာဝန်ယူစောင့်ရှောက်မှုနှင့် ပြုပြင်ထိမ်းသိမ်းမှု အလျင်းမရှိတော့တဲ့အတွက် ခြုံနွယ်များ ထူထပ်ဖုံးလွှမ်းပြီး အနီးအနား ၀န်းကျင်ရပ်ကွက်များမှ တောထိုင်ရာ၊ ထင်းခွေရာ၊ ခြင်းခတ်ရာ... စတာတွေ ပြုလုပ်တဲ့နေရာတစ်ခုအဖြစ်သာ ကျန်ရှိခဲ့ပါတယ်။

ဒါ့အပြင် ခုအခါမှာ ရေနစ်ရာ ၀ါးကူထိုးသလို အတည်မပြုရသေးသော သတင်းများအရ ထိုဗိမာန် တည်ရှိရာနေရာကြီးကို ဖျက်သိမ်းပြီး မြေကွက်များ စိတ်ပိုင်း လေလံဆွဲမည်ဟု ကောလဟလတစ်ခု ထွက်ပေါ်နေပြန်ရော...

အမှန်သာဆိုလျှင် တကယ့်လွတ်လပ်ရေးတိုက်ပွဲဝင် သမိုင်းတန်ဖိုးတစ်ခု၊ တိုက်ပွဲဝင်ကျဆုံးခဲ့ရသော ရဟန်းသံဃာနှင့်ပြည်သူတို့အား ဂုဏ်ပြုရာ နေရာတစ်ခု... တန်ဖိုးမဲ့စွာ အပြီးသတ်ပျောက်ကွယ်သွားရမည့်အစား...


ဗိမာန်အ၀င် လှေကားထစ်များ


ဗိမာန်ဝင်း ၀င်ပေါက် မုခ်ဦး


အာဇာနည် ဗိမာန် အဆောက်အဦး


ဗိမာန်တွင်းမှ ကျဆုံးသူ အာဇာနည်များ၏ ကျောက်စာများ


ခြုံနွယ်များနှင့် ကော်ရစ်သီရန် တိုင်လုံး


သမိုင်းမှတ်တမ်းတင် ကျောက်စာများထားရာ


အာဇာနည်ဗိမာန် ရှေ့ဘက်မြင်ကွင်း


ပျက်စီးစ အဆောက်အဦး


ဗိမာန်၏ ရင်ပြင် ကွက်လပ်

(http://thakhingyi.com/ မှ ကူးယူပြီး ထပ်ဆင့်ဖော်ပြခြင်းဖြစ်ပါတယ်။ ဓါတ်ပုံတွေကလည်း ကိုကျော်သူရထွန်း ရိုက်ထားတဲ့ ပုံတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ကော်ပီရိုက်ဖြစ်တဲ့အတွက် သူ့ထံမှ ခွင့်တောင်းပြီးမှ အသုံးပြုကြပါခင်ဗျား။)

Technorati Technorati tags: , , , | |

အပြည့်အစုံဖတ်ရန်

Thursday, January 31, 2008

ပန်းခရေတစ်ယောက် သူ့မွေးနေ့မှာ ဘာမှမပေးလို့တဲ့ ဂျီလာကျနေတာနဲ့ မွေးနေ့လက်ဆောင် လိုက်ရှာဝယ်လိုက်ရတာ။ ဖတ်ဖတ်ကို မောလို့။ နောက်ဆုံးတော့ အီတလီရောက်တုန်းရောက်ခိုက်မှာ Gucci လွယ်အိတ်တစ်လုံးပဲ ၀ယ်လာခဲ့တော့တယ်။ မျက်စိထဲတွေ့တာ ၀ယ်လိုက်တော့ ဈေးများ နည်းနည်းပေါသွားလားမသိပါဘူး။ ပန်းခရေ ခေါ် စိန်မမရေ နောက်မှ ဒီထပ်ဈေးကြီးတဲ့ဟာ ၀ယ်လာပေးမယ်နော်။ အခုတော့ ဒီလွယ်အိတ်လေးနဲ့ပဲ ကျေနပ်တော့။ ဟွန်း။ အလုပ်ရှုပ်နေရတဲ့အထဲ သူကလည်း ဇွတ်။ :P


အပြည့်အစုံဖတ်ရန်

Tuesday, January 29, 2008

Cypher တစ်ယောက် အခုရက်ပိုင်းအတွင်း ကျောင်းစာများနှင့် နပန်းလုံးနေရပါသဖြင့် blog ရေးရန် အကြောင်းအရာများ စာအုပ်များထဲမှရော၊ ခေါင်းထဲကပါ ရှာဖွေဖော်ထုတ်မရဖြစ်နေပါသည်။ ထို့ကြောင့် အခုရက်ပိုင်းအတွင်း post မတင်နိုင်သဖြင့် စိတ်မကောင်းပါ။ Post အသစ်တွေ မတက်ခင်ရက်ပိုင်းမှာ လာဖတ်တဲ့သူတွေ မပျင်းရအောင် ကျွန်တော့်ရဲ့ နောက်ကလောင်အမည် တစ်ခုနဲ့ ရေးနေတဲ့ blog တစ်ခုကို မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ အခု blog နဲ့ ရည်ရွယ်ချက်ခြင်းမတူတဲ့အတွက် နာမည်အသစ် သုံးထားခြင်း ဖြစ်ပါတယ်။ အဲဒီ blog ကတော့ http://stanley.iblogger.org/ ဖြစ်ပါတယ်။ အဲဒီ blog မှာတော့ စိတ်ဝင်စားဖွယ်အကြောင်းအရာ များကို ဘာသာပြန် ရေးသားထားပါကြောင်း။

အပြည့်အစုံဖတ်ရန်

Wednesday, January 23, 2008

ဖြစ်ရာဘ၀မှာ အကောင်းဆုံးဖြစ်ပါစေ

တောင်ကုန်းထိပ်က ထင်းရှူးပင်ကလေး မင်းမဖြစ်နိုင်ရင်၊
တောင်ကြားထဲက ချုံပုတ်ကလေးဖြစ်လိုက်ပေါ့၊
ဒါပေမယ့် အကောင်းဆုံးချုံပုတ်ကလေးတော့ ဖြစ်ပါစေ။
သစ်ပင်တစ်ပင်မဖြစ်နိုင်လည်း ချုံနွယ်ကလေးတစ်ခုတော့ ဖြစ်သင့်ပါတယ်။

ချုံနွယ်မဖြစ်နိုင်လည်း မြက်ပင်ကလေးပေါ့၊
လမ်းမကို ပျော်စရာ အလှဆင်ရအောင်လေ။
အနံ့မွှေးတဲ့ ကတိုးကောင်ကလေး မဖြစ်လည်း ရေထဲက ငါးကလေးပေါ့၊
ဒါပေမယ့် ကန်ထဲမှာ အပျော်ဆုံးငါးကလေး ဖြစ်ပါစေ။

အားလုံးကတော့ ကပ္ပတိန်ဘယ်ဖြစ်နိုင်မလဲ၊
သင်္ဘောသားတော့လည်း ရှိဦးမှပေါ့၊
အလုပ်ကြီးကြီးလုပ်ဖို့လည်းရှိ၊ အလုပ်ငယ်ငယ်လုပ်ဖို့လည်းရှိ၊
တို့လုပ်ရမှာက ကိုယ်ကျရာ ကိုယ့်အနားကအလုပ်။

လမ်းမကြီး မင်းမဖြစ်နိုင်ရင်၊ လမ်းသွယ်ကလေး ဖြစ်လိုက်ပေါ့၊
နေမင်းကြီး မဖြစ်လည်း ငွေကြယ်ကလေးပေါ့၊
အောင်မြင်တယ် ဆုံးရှုံးတယ်ဆိုတာ အရွယ်အစားနဲ့မဆိုင်ပါဘူး၊
မင်းဘာပဲဖြစ်နေဖြစ်နေ အကောင်းဆုံးဖြစ်ဖို့ပဲ လိုတယ်လေ။ ။

စည်သူငြိမ်းအေး ဘာသာပြန်ထားတာပါ။

If you can't be a pine on the top of the hill,
Be a scrub in the valley but be
The best little scrub by the side of the hill;
Be a bush, if you can't be a tree
If you can't be a bush, be a bit of the grass,
And some highway happier make;
If you can't be a muskie, then just be a bass
But the liveliest bass in the lake!

We can't all be captains, we've got to be crew,
There's something for all of us here.
There's big work to do and there's lesser to do
And the task we must do is the near.

If you can't be a highway, then just be a trail,
If you can't be the sun, be a star;
It isn't by size that you win or you fail
Be the best of whatever you are!
Douglas Malloch


Technorati Technorati tags: , , | |

အပြည့်အစုံဖတ်ရန်

Monday, January 21, 2008

တကယ်ထိုက်တန်ပြီလား

ဘယ်နေရာ၊ ဘယ်ဒေသမှာမဆို အခွင့်အရေးတစ်ခုကိုလိုချင်ရင် အဲဒီအခွင့်အရေးနဲ့ ထိုက်တန်တဲ့ အရည်အချင်းမျိုး ကိုယ့်မှာရှိနေဖို့ အရင်ကြိုးစား ရပါလိမ့်မယ်။ ဒါဟာ ကမ္ဘာဦးကတည်းက ရှိခဲ့တဲ့ သဘာဝနိယာမတစ်ခု ဖြစ်ပါတယ်။ မြေဆီသြဇာကောင်းရှိတဲ့ဒေသမှာမှ သီးပင်စားပင်ကောင်းများ ပေါက်ရောက်တဲ့ သဘောပဲဖြစ်ပါတယ်။ မြေသြဇာမကောင်းပဲနဲ့တော့ အပင်က အသီးအပွင့်မလှိုင်တာကို ထိုင်ပြီး အပြစ်ပြောနေလဲ အပိုပါပဲ။ မြေသြဇာကောင်းအောင် မလုပ်ဘဲနဲ့တော့ ဘာမှထူးခြားလာစရာ မရှိပါဘူး။ ဘယ်လောက်ပဲ မျိုးကောင်းပါတယ်ဆိုတဲ့ အပင်ကိုစိုက်လဲ အတူတူပဲ နေမှာပါပဲ။


မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ အများစုက နိုင်ငံရေးသစ်ပင်ကြီးမှာ ဒီမိုကရေစီ အသီးအပွင့်တွေ လှိုင်လှိုင် ပွင့်သီးစေလိုကြပါတယ်။ ဒီတော့ နိုင်ငံရေးသစ်ပင်ကြီး အမြစ်တွယ်ရှင်သန်နေရတဲ့ ပြည်သူတို့ရဲ့အကြားမှာ ဒီမိုကရေစီအတွက်လိုအပ်တဲ့ အသိဥာဏ် မြေသြဇာတွေ ပြည့်စုံပြီလားကြည့်ရပါမယ်။ ကျွန်တော်ကတော့ မထင်ပါ။ ပြောရရင် သက်နုမြေလွှာအဆင့်ပဲ ရှိပါသေးတယ်။ မြေဆီ သြဇာပြည့်ဝအောင် အတော်လေး ပြုပြင်ယူရပါလိမ့်မယ်။

ဒီမိုကရေစီနိုင်ငံသားကောင်းဖြစ်ဖို့ ဘယ်အချက်တွေများ မရှိမဖြစ် လိုအပ်ပါလိမ့်။ ကျွန်တော့်ခေါင်းထဲ တန်းပြီးပေါ်လာတာကတော့ တာဝန်သိစိတ် (proactive) ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေမှာ အများကြီးအားနည်းနေသေးတဲ့ အချက်ပါ။ စင်္ကာပူနိုင်ငံကို ကျွန်တော်မရောက်ဖူးပါ။ ရောက်ဖူး သူများရဲ့အဆိုအရ စင်္ကာပူနိုင်ငံသားအများစုဟာ လမ်းမပေါ်မှာ ကိုယ့်ခွေးပါချသွားတဲ့ ချေးကိုတောင် မမေ့မလျော့ တာဝန်ယူ ရှင်းလင်းကြပါသတဲ့။ မြန်မာလူမျိုးတွေကတော့ လမ်းဘေးသေးပေါက်၊ လမ်းပေါ်ကွမ်းတံတွေးထွေးတဲ့အလုပ်တွေကို ပျော်ပျော်ကြီး လုပ်နေကြတုန်းပါပဲခင်ဗျာ။

နောက်တစ်ချက်ကတော့ စည်းကမ်းလိုက်နာမှုပါ။ မြန်မာတွေ စည်းကမ်းရှိကြပါသလား။ မရှိပါလို့ ဖြေရပါမည်။ ဆူးလေလမ်းဆုံက မျဉ်းကျားမှာ လူကူးမီးပွိုင့်ရှိပါတယ်။ မီးပွိုင့်ရဲ့အချက်ပြအတိုင်း လမ်းကူးတဲ့သူ ဘယ်နှစ်ယောက်ရှိမယ် ထင်ပါသလဲ။ မရှိသလောက်ကို နည်းပါတယ်။ အများစုက မီးပွိုင့်နီနီ၊ စိမ်းစိမ်း လျင်ရင်လျင်သလို ကားတွေကြားထဲ လှစ်ခနဲ၊ လှစ်ခနဲ။ တစ်လောလေးက ကိုရီးယားကားတစ်ကားကြည့်မိတော့ ထွက်ပြေးသွား တဲ့ မင်းသမီးလေးနောက်ကို အပြေးလိုက်တဲ့ မင်းသားဟာ လူကူးမျဉ်းကြားမှာ မီးပွိုင့်နီသွားတဲ့အတွက် ဆက်မလိုက်တော့ဘဲ ရပ်ပြီးကျန်ခဲ့ပါ ရောလားဗျာ။

နောက်တစ်ခါ စဉ်းစားဆင်ခြင်နိုင်ခြင်းပါ။ Cypher ကတော့ အဆဲခံရတာ ကြိုက်ပုံရတယ်လို့ တွေးကြမှာပဲ။ ဒါပေမယ့် ပြောပါရစေတော့။ မြန်မာတွေ စဉ်းစားဆင်ခြင်နိုင်စွမ်း သိပ်နည်းပါတယ်။ ကျန်ခဲ့တဲ့ စက်တင်ဘာလက ပခုက္ကူမှာ ဆန္ဒပြတဲ့ သံဃာနှစ်ပါးကို လုံထိန်းတွေက ကြိုးကွင်းပစ် ဖမ်းသတဲ့။ VOA က အော်သွားပုံများ။ ကျွန်တော်တွေးလိုက်မိတာက မီလာရှီကာ စိုင်းဗေဒါများ ပခုက္ကူမှာ ရှိနေသလားရယ်လို့ပါ။ အခုခေတ်မှာ သစ်တောကြိုးဝိုင်းထဲက ဆင်ဖမ်းတဲ့သူတွေတောင် အားလုံး ကြိုးကွင်းမပစ်တတ်ကြပါခင်ဗျား။

နောက်တောင်ဥက္ကလာမှာ ဖြစ်တဲ့နေ့က မျက်မြင်ကြုံခဲ့သူ သူငယ်ချင်းတစ်ယောက်က ပြောပြပါတယ်။ လုံထိန်းတွေက လူစုခွဲခိုင်းတာ မကွဲတော့ ရာဘာကျည်ဆံနဲ့ပစ်တာ ပြေးလိုက်ကြတာများ အလုအယက်တဲ့။ ဒါပေမယ့် ရာဘာကျည်ဆံမှန်းလည်းသိရော ပြန်လှည့်လာပြီး လုံထိန်းတွေဆီ ပြေးတက်ကြသတဲ့။ စဉ်းစားကြည့်ကြပါခင်ဗျာ။ လူစုခွဲဖို့ဟာ လုံထိန်းတွေရဲ့တာဝန်ပါ။ နောက်ဆုံး သတိပေးတဲ့အနေနဲ့ ရာဘာကျည်ဆံနဲ့တောင် ပစ်ပြီးပါပြီ။ အခု ပြန်တက်လာတဲ့လူတွေကို ကျည်အစစ်နဲ့မှမပစ်ရင် လက်နက်အပ်ပြီး ဒီလူတွေလုပ်သမျှ ခံရမယ့်ကိန်းပါ။ ဆူပူဆန္ဒပြသူတွေ လက်ထဲကို ဦးဏှောက်ရှိတဲ့ ဘယ်လုံခြုံရေးအရာရှိကမှ လက်နက်တွေ ထိုးအပ်မှာ မဟုတ်ပါဘူး။ ဒီတော့ ကျည်အစစ်နဲ့ ပစ်ဖို့ကိုပဲ ရွေးချယ်ရတော့ မှာပါပဲ။

နောက် VOA ရဲ့မေးမြန်းခန်းမှာ ပြည်ပရောက် မြန်မာကျောင်းသူတစ်ဦးက ပြောသွားပုံကလည်း နေပြည်တော်ကို အမေရိကန်ကမှ ဗုံးလာမကြဲရင် မြန်မာနိုင်ငံ ဒီမိုကရေစီ မရနိုင်ပါတဲ့။ တယ်လဲ ရွှေဥာဏ်တော် စူးရောက်တာကိုးဗျ။ နေပြည်တော်မှာ အရပ်သားနဲ့ ဝန်ထမ်းပေါင်း သန်းနဲ့ချီပြီး ရှိပါတယ်။ ဦးဏှောက်နဲ့ စဉ်းစားစေလိုပါတယ်။

ပြောနေရင် ဆုံးနိုင်မယ်မထင်ပါ။ ဒီလို ပြုပြင်သင့်တာလေးတွေကို ခုအချိန်ကတည်းက ပြုပြင်သွားမယ်ဆိုရင်တော့ မြန်မာတွေ နိုင်ငံကြီးသား ပီသ လာကြတဲ့အချိန်နဲ့ အခြေခံဥပဒေရေးဆွဲပြီးစီးလို့ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာတဲ့အချိန်ဟာ တိုင်း၍ရက်တဲ့ ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့် ဆိုသလို အလွန်မှပင် ကောင်းမွန်တဲ့ အနာဂါတ်ရှိမှာ မလွဲဧကန် ဖြစ်ပါကြောင်း။ ။

(အခုပို့စ်လေးဟာ မြန်မာတွေကို ချိုးနှိမ်လိုတဲ့သဘောနဲ့ ရေးသားခြင်းမဟုတ်ပါ။ အထက်မှာ ဖော်ပြထားတဲ့ အားနည်းချက်တွေမှာ ကျွန်တော်လည်း မြန်မာတစ်ဦးဖြစ်တဲ့အတွက် ကိုယ်တိုင်အကျုံးဝင်ပါကြောင်း)

Technorati Technorati tags: , , | |

အပြည့်အစုံဖတ်ရန်

Monday, January 14, 2008

အမျိုးသားပြန်လည်သင့်မြတ်ရေး

မြန်မာ့နိုင်ငံရေးလောကမှာ သိပ်ရေပန်းစားတဲ့ စကားလုံးတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က DVB က ထုတ်လွှင့်သွားတဲ့ အစီအစဉ် တစ်ခုကို စလောင်းကနေ ကြည့်ဖြစ်လိုက်ပါတယ်။ စလောင်းတွေ အပြိုင်အဆိုင် ခေါင်မိုးပေါ်က ဖြုတ်ချနေကြတဲ့အချိန်မှာ Cypher တစ်ယောက်ကတော့ ခပ်တည်တည်နဲ့ စလောင်းကြည့် မပျက်ပေါင်။ ဟဲ...ဟဲ...။ ဆရာကြီးတော့မဟုတ်ပါ။ သိပ်အထင်မကြီးကြပါနဲ့။ အခုတော့လည်း တစ်ချို့ပုဂ္ဂိုလ်တွေ စလောင်းပြန်တပ်နေကြပြီလို့ ကြားပါတယ်။ တစ်ချိန်က အခုပဲ အစိုးရက အိမ်ပေါ်တက်ပြီး ချလံပဲ ဖြတ်တော့မလို ကြေညာနေတဲ့ ပြည်ပမီဒီယာတွေကလည်း အခုတော့ လျှောချသွားကြပါပကော။ တရားဝင်သတင်း ဘာမှမထုတ်ပြန်သေး ခင် ဖြုတ်လိုက်ကြတဲ့သူတွေကတော့ ဖြုတ်ခနဲ့ ပြန်တပ်ခ ၁ဝဝဝဝ ကုန်သွားကြတာပေါ့။

အော်..လေရှည်နေတာနဲ့ ပြောမယ့်စကားတောင် ပျောက်ကုန်ပါပြီ။ အဲ..DVB က လွှင့်သွားတာက ဒီ/ချုပ်ရဲ့ လွတ်လပ်ရေးနေ့ အခမ်း အနားပါ။ အဝင်ဝမှာ ချိတ်ထားတာက ''၂ဝဝ၈ ခုနှစ်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး မုချပေါ်ပေါက်ရမည်'' တဲ့။ အဲဒါကို မြင်လိုက် တော့ Cypher တစ်ယောက် အတွေးနယ်ချဲ့မိပါတော့တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး။ သူတို့ ဘာကိုဆိုလိုပါလိမ့်။ ဘယ်အထိ များ ပြန်လည်သင့်မြတ်စေလိုပါလိမ့်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ လက်ရှိအစိုးရနဲ့ ဒီချုပ်အကြား သင့်မြတ်ရေးကို ဆိုလိုတာ များလား။ ဘာကြောင့်လဲဆိုတော့ Cypher ရဲ့အမြင်မှာ လက်ရှိ တိုင်းပြည်ရဲ့အခြေအနေက တစ်ကွဲတစ်ပြား ဝါးအစည်းပြေသလို ဖြစ်နေ တာမျိုး မဟုတ်တော့ပါဘူး။ လက်နက်ကိုင်အဖွဲ့အစည်း အတော်များများလည်း ဆွေးနွေးညှိနှိုင်းပြီးလို့ အစိုးရနဲ့ လက်တွဲနေကြပါပြီ။ အမျိုးသားညီလာခံကြီးလည်းပြီးလို့ အခြေခံဥပဒေမူကြမ်းတောင် စတင်ရေးဆွဲနေပါပြီ။ Cypher ရဲ့ အမြင်မှာတော့ ဒီ/ချုပ်ကြီးပဲ ကျန်ပါ တော့တယ်။ (အဲ..အဲ..နယ်စပ်က တစ်ချို့လက်နက်ကိုင်အဖွဲ့တွေရောပေါ့။ သူတို့ကတော့ ပြန်လည်သင့်မြတ်ဖို့ စိတ်ဝင်စားပုံ မရပါဘူး။ သူတို့ခေါင်းဆောင်ပိုင်းက ဟိုဘက်နိုင်ငံမှာ ပိုအဆင်ပြေတယ်လေ။)

တကယ်တော့ ဒီ/ချုပ်ဟာလည်း မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ လက်ရှိအစိုးရရဲ့ အကြီးဆုံးနဲ့ အဓိက အတိုက်အခံအဖွဲ့လည်း ဖြစ်ပါတယ်။ ပြိုင်ဘက်ရှိမှ တိုးတက်တယ်ဆိုတဲ့စကားလည်း ရှိနေတော့ ဒီ/ချုပ်ဟာ လက်ရှိအစိုးရ အတွက် အရေးပါတဲ့အဖွဲ့ဖြစ်တယ်လို့ Cypher ကတော့ မြင်ပါတယ်။ ဒါပေမယ့် ဒီ/ချုပ်ဘက်ကလည်း အတိုက်အခံကောင်းအဖြစ် ခံယူဖို့လိုအပ်ပါလိမ့်မယ်။ Cypher သိသလောက်တော့ လက်ရှိအစိုးရ အဖွဲ့ဝင်တွေက ဒီ/ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူ အဖြစ် မမြင်ကြပါဘူး။ ဒီ/ချုပ်ဘက်ကလည်း ဒီလိုအမြင်မျိုး ရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုဆိုရင်တော့ ကြော်ငြာတစ်ခုထဲက ဦးကျော်ဟိန်းရဲ့လေသံကိုယူပြီးပြောရရင် ''ကဲ..ဘာလိုသေးလဲ ဦးကြီးရယ်''။

အဲဒီတော့ လက်ရှိအစိုးရနဲ့ ဒီ/ချုပ်အစား၊ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆွေးနွေးညှိနှိုင်းကြဖို့ပဲ ရှိတော့တာပေါ့။ ဒီလို ဆွေးနွေးကြရာမှာ ဒီ/ချုပ်အနေနဲ့ ခံယူစေချင်တာက ညှိနှိုင်းမှုဆိုတာ သူ့ဘက်ကိုယ်ဘက် အပြန်အလှန် အလျှော့ပေးရတာမျိုး ဖြစ်တယ် ဆိုတာကိုပါပဲ။ ဒီ/ချုပ်တစ်ဖွဲ့တည်း (ကျန်အဖွဲ့တွေကတော့ နိုင်ငံရေးပါတီရယ်လို့ သတ်မှတ်လို့မရတဲ့အတွက် မပြောလိုပါ) မကြိုက်တာ နဲ့ပဲ အခြားတိုင်းရင်းသားအဖွဲ့အစည်း အများအပြားက လက်ခံသဘောတူထားပြီးဖြစ်တဲ့ အမျိုးသားညီလာခံနဲ့ လမ်းစဉ် (၇) ရပ်ကို အကျောက်အကန် ငြင်းနေတာမျိုးဟာ စေ့စပ်ညှိနှိုင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီ/ချုပ်အနေနဲ့ ခေါင်းအေးအေး ထားပြီး အမျိုးသားညီလာခံက ချမှတ်ထားတဲ့မူတွေ၊ အသေးစိတ်အခြေခံရမယ့်မူတွေကို ပြန်လည်သုံးသပ်စေချင်ပါတယ်။ ပြည်သူတွေ အတွက် အကျိုးယုတ်မယ့်အချက်တွေ လုံးဝမပါဝင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြုချင်တာကတော့ ကိုယ့်ကိုယ်ကို မြန်မာ့နိုင်ငံရေးရဲ့ အချက်အခြာ (Political Center) အဖြစ် မခံယူထားဖို့ပါ။ ဒါဟာ သူမအတွက် ဝန်လေးစေပါလိမ့်မယ်။ ပြည်တွင်း အဖွဲ့အစည်းတွေကလည်း သူမအပေါ် ဒီလိုမမြင်ဘူးဆိုတာ ဂမ်ဘာရီက သူမရဲ့ကြေညာချက်ကို စင်္ကာပူမှာ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း သူတို့ရဲ့ထုတ်ပြန်ချက်တွေကို ကြည့်ရင်သိနိုင်ပါလိမ့်မယ်။ ဒီလို ခံယူချက်လေးတွေရှိလာပြီဆိုရင်တော့ ဒီ/ချုပ်ရဲ့ ၂ဝဝ၈ ခုနှစ် မျှော်မှန်း ချက်ဟာ အမှန်တကယ်ဖြစ်လာနိုင်စရာ ရှိတယ်လို့ ထင်မြင်ယူဆမိပါကြောင်း။ ။

(Cypher တစ်ယောက်တော့ မနေနိုင်မထိုင်နိုင် လျှာရှည်လိုက်ပြန်ပါပြီ။ အဆဲခံရဖို့ကတော့ မြင်ယောင်နေပါသေးတယ်။)

Technorati Technorati tags: , , , | |

အပြည့်အစုံဖတ်ရန်

ဖတ်ရှုသူတို့၏ မှတ်ချက်များ

Weblog Commenting and Trackback by HaloScan.com