Thursday, January 31, 2008

ပန်းခရေတစ်ယောက် သူ့မွေးနေ့မှာ ဘာမှမပေးလို့တဲ့ ဂျီလာကျနေတာနဲ့ မွေးနေ့လက်ဆောင် လိုက်ရှာဝယ်လိုက်ရတာ။ ဖတ်ဖတ်ကို မောလို့။ နောက်ဆုံးတော့ အီတလီရောက်တုန်းရောက်ခိုက်မှာ Gucci လွယ်အိတ်တစ်လုံးပဲ ၀ယ်လာခဲ့တော့တယ်။ မျက်စိထဲတွေ့တာ ၀ယ်လိုက်တော့ ဈေးများ နည်းနည်းပေါသွားလားမသိပါဘူး။ ပန်းခရေ ခေါ် စိန်မမရေ နောက်မှ ဒီထပ်ဈေးကြီးတဲ့ဟာ ၀ယ်လာပေးမယ်နော်။ အခုတော့ ဒီလွယ်အိတ်လေးနဲ့ပဲ ကျေနပ်တော့။ ဟွန်း။ အလုပ်ရှုပ်နေရတဲ့အထဲ သူကလည်း ဇွတ်။ :P


အပြည့်အစုံဖတ်ရန်

Tuesday, January 29, 2008

Cypher တစ်ယောက် အခုရက်ပိုင်းအတွင်း ကျောင်းစာများနှင့် နပန်းလုံးနေရပါသဖြင့် blog ရေးရန် အကြောင်းအရာများ စာအုပ်များထဲမှရော၊ ခေါင်းထဲကပါ ရှာဖွေဖော်ထုတ်မရဖြစ်နေပါသည်။ ထို့ကြောင့် အခုရက်ပိုင်းအတွင်း post မတင်နိုင်သဖြင့် စိတ်မကောင်းပါ။ Post အသစ်တွေ မတက်ခင်ရက်ပိုင်းမှာ လာဖတ်တဲ့သူတွေ မပျင်းရအောင် ကျွန်တော့်ရဲ့ နောက်ကလောင်အမည် တစ်ခုနဲ့ ရေးနေတဲ့ blog တစ်ခုကို မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ အခု blog နဲ့ ရည်ရွယ်ချက်ခြင်းမတူတဲ့အတွက် နာမည်အသစ် သုံးထားခြင်း ဖြစ်ပါတယ်။ အဲဒီ blog ကတော့ http://stanley.iblogger.org/ ဖြစ်ပါတယ်။ အဲဒီ blog မှာတော့ စိတ်ဝင်စားဖွယ်အကြောင်းအရာ များကို ဘာသာပြန် ရေးသားထားပါကြောင်း။

အပြည့်အစုံဖတ်ရန်

Wednesday, January 23, 2008

ဖြစ်ရာဘ၀မှာ အကောင်းဆုံးဖြစ်ပါစေ

တောင်ကုန်းထိပ်က ထင်းရှူးပင်ကလေး မင်းမဖြစ်နိုင်ရင်၊
တောင်ကြားထဲက ချုံပုတ်ကလေးဖြစ်လိုက်ပေါ့၊
ဒါပေမယ့် အကောင်းဆုံးချုံပုတ်ကလေးတော့ ဖြစ်ပါစေ။
သစ်ပင်တစ်ပင်မဖြစ်နိုင်လည်း ချုံနွယ်ကလေးတစ်ခုတော့ ဖြစ်သင့်ပါတယ်။

ချုံနွယ်မဖြစ်နိုင်လည်း မြက်ပင်ကလေးပေါ့၊
လမ်းမကို ပျော်စရာ အလှဆင်ရအောင်လေ။
အနံ့မွှေးတဲ့ ကတိုးကောင်ကလေး မဖြစ်လည်း ရေထဲက ငါးကလေးပေါ့၊
ဒါပေမယ့် ကန်ထဲမှာ အပျော်ဆုံးငါးကလေး ဖြစ်ပါစေ။

အားလုံးကတော့ ကပ္ပတိန်ဘယ်ဖြစ်နိုင်မလဲ၊
သင်္ဘောသားတော့လည်း ရှိဦးမှပေါ့၊
အလုပ်ကြီးကြီးလုပ်ဖို့လည်းရှိ၊ အလုပ်ငယ်ငယ်လုပ်ဖို့လည်းရှိ၊
တို့လုပ်ရမှာက ကိုယ်ကျရာ ကိုယ့်အနားကအလုပ်။

လမ်းမကြီး မင်းမဖြစ်နိုင်ရင်၊ လမ်းသွယ်ကလေး ဖြစ်လိုက်ပေါ့၊
နေမင်းကြီး မဖြစ်လည်း ငွေကြယ်ကလေးပေါ့၊
အောင်မြင်တယ် ဆုံးရှုံးတယ်ဆိုတာ အရွယ်အစားနဲ့မဆိုင်ပါဘူး၊
မင်းဘာပဲဖြစ်နေဖြစ်နေ အကောင်းဆုံးဖြစ်ဖို့ပဲ လိုတယ်လေ။ ။

စည်သူငြိမ်းအေး ဘာသာပြန်ထားတာပါ။

If you can't be a pine on the top of the hill,
Be a scrub in the valley but be
The best little scrub by the side of the hill;
Be a bush, if you can't be a tree
If you can't be a bush, be a bit of the grass,
And some highway happier make;
If you can't be a muskie, then just be a bass
But the liveliest bass in the lake!

We can't all be captains, we've got to be crew,
There's something for all of us here.
There's big work to do and there's lesser to do
And the task we must do is the near.

If you can't be a highway, then just be a trail,
If you can't be the sun, be a star;
It isn't by size that you win or you fail
Be the best of whatever you are!
Douglas Malloch


Technorati Technorati tags: , , | |

အပြည့်အစုံဖတ်ရန်

Monday, January 21, 2008

တကယ်ထိုက်တန်ပြီလား

ဘယ်နေရာ၊ ဘယ်ဒေသမှာမဆို အခွင့်အရေးတစ်ခုကိုလိုချင်ရင် အဲဒီအခွင့်အရေးနဲ့ ထိုက်တန်တဲ့ အရည်အချင်းမျိုး ကိုယ့်မှာရှိနေဖို့ အရင်ကြိုးစား ရပါလိမ့်မယ်။ ဒါဟာ ကမ္ဘာဦးကတည်းက ရှိခဲ့တဲ့ သဘာဝနိယာမတစ်ခု ဖြစ်ပါတယ်။ မြေဆီသြဇာကောင်းရှိတဲ့ဒေသမှာမှ သီးပင်စားပင်ကောင်းများ ပေါက်ရောက်တဲ့ သဘောပဲဖြစ်ပါတယ်။ မြေသြဇာမကောင်းပဲနဲ့တော့ အပင်က အသီးအပွင့်မလှိုင်တာကို ထိုင်ပြီး အပြစ်ပြောနေလဲ အပိုပါပဲ။ မြေသြဇာကောင်းအောင် မလုပ်ဘဲနဲ့တော့ ဘာမှထူးခြားလာစရာ မရှိပါဘူး။ ဘယ်လောက်ပဲ မျိုးကောင်းပါတယ်ဆိုတဲ့ အပင်ကိုစိုက်လဲ အတူတူပဲ နေမှာပါပဲ။


မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ အများစုက နိုင်ငံရေးသစ်ပင်ကြီးမှာ ဒီမိုကရေစီ အသီးအပွင့်တွေ လှိုင်လှိုင် ပွင့်သီးစေလိုကြပါတယ်။ ဒီတော့ နိုင်ငံရေးသစ်ပင်ကြီး အမြစ်တွယ်ရှင်သန်နေရတဲ့ ပြည်သူတို့ရဲ့အကြားမှာ ဒီမိုကရေစီအတွက်လိုအပ်တဲ့ အသိဥာဏ် မြေသြဇာတွေ ပြည့်စုံပြီလားကြည့်ရပါမယ်။ ကျွန်တော်ကတော့ မထင်ပါ။ ပြောရရင် သက်နုမြေလွှာအဆင့်ပဲ ရှိပါသေးတယ်။ မြေဆီ သြဇာပြည့်ဝအောင် အတော်လေး ပြုပြင်ယူရပါလိမ့်မယ်။

ဒီမိုကရေစီနိုင်ငံသားကောင်းဖြစ်ဖို့ ဘယ်အချက်တွေများ မရှိမဖြစ် လိုအပ်ပါလိမ့်။ ကျွန်တော့်ခေါင်းထဲ တန်းပြီးပေါ်လာတာကတော့ တာဝန်သိစိတ် (proactive) ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေမှာ အများကြီးအားနည်းနေသေးတဲ့ အချက်ပါ။ စင်္ကာပူနိုင်ငံကို ကျွန်တော်မရောက်ဖူးပါ။ ရောက်ဖူး သူများရဲ့အဆိုအရ စင်္ကာပူနိုင်ငံသားအများစုဟာ လမ်းမပေါ်မှာ ကိုယ့်ခွေးပါချသွားတဲ့ ချေးကိုတောင် မမေ့မလျော့ တာဝန်ယူ ရှင်းလင်းကြပါသတဲ့။ မြန်မာလူမျိုးတွေကတော့ လမ်းဘေးသေးပေါက်၊ လမ်းပေါ်ကွမ်းတံတွေးထွေးတဲ့အလုပ်တွေကို ပျော်ပျော်ကြီး လုပ်နေကြတုန်းပါပဲခင်ဗျာ။

နောက်တစ်ချက်ကတော့ စည်းကမ်းလိုက်နာမှုပါ။ မြန်မာတွေ စည်းကမ်းရှိကြပါသလား။ မရှိပါလို့ ဖြေရပါမည်။ ဆူးလေလမ်းဆုံက မျဉ်းကျားမှာ လူကူးမီးပွိုင့်ရှိပါတယ်။ မီးပွိုင့်ရဲ့အချက်ပြအတိုင်း လမ်းကူးတဲ့သူ ဘယ်နှစ်ယောက်ရှိမယ် ထင်ပါသလဲ။ မရှိသလောက်ကို နည်းပါတယ်။ အများစုက မီးပွိုင့်နီနီ၊ စိမ်းစိမ်း လျင်ရင်လျင်သလို ကားတွေကြားထဲ လှစ်ခနဲ၊ လှစ်ခနဲ။ တစ်လောလေးက ကိုရီးယားကားတစ်ကားကြည့်မိတော့ ထွက်ပြေးသွား တဲ့ မင်းသမီးလေးနောက်ကို အပြေးလိုက်တဲ့ မင်းသားဟာ လူကူးမျဉ်းကြားမှာ မီးပွိုင့်နီသွားတဲ့အတွက် ဆက်မလိုက်တော့ဘဲ ရပ်ပြီးကျန်ခဲ့ပါ ရောလားဗျာ။

နောက်တစ်ခါ စဉ်းစားဆင်ခြင်နိုင်ခြင်းပါ။ Cypher ကတော့ အဆဲခံရတာ ကြိုက်ပုံရတယ်လို့ တွေးကြမှာပဲ။ ဒါပေမယ့် ပြောပါရစေတော့။ မြန်မာတွေ စဉ်းစားဆင်ခြင်နိုင်စွမ်း သိပ်နည်းပါတယ်။ ကျန်ခဲ့တဲ့ စက်တင်ဘာလက ပခုက္ကူမှာ ဆန္ဒပြတဲ့ သံဃာနှစ်ပါးကို လုံထိန်းတွေက ကြိုးကွင်းပစ် ဖမ်းသတဲ့။ VOA က အော်သွားပုံများ။ ကျွန်တော်တွေးလိုက်မိတာက မီလာရှီကာ စိုင်းဗေဒါများ ပခုက္ကူမှာ ရှိနေသလားရယ်လို့ပါ။ အခုခေတ်မှာ သစ်တောကြိုးဝိုင်းထဲက ဆင်ဖမ်းတဲ့သူတွေတောင် အားလုံး ကြိုးကွင်းမပစ်တတ်ကြပါခင်ဗျား။

နောက်တောင်ဥက္ကလာမှာ ဖြစ်တဲ့နေ့က မျက်မြင်ကြုံခဲ့သူ သူငယ်ချင်းတစ်ယောက်က ပြောပြပါတယ်။ လုံထိန်းတွေက လူစုခွဲခိုင်းတာ မကွဲတော့ ရာဘာကျည်ဆံနဲ့ပစ်တာ ပြေးလိုက်ကြတာများ အလုအယက်တဲ့။ ဒါပေမယ့် ရာဘာကျည်ဆံမှန်းလည်းသိရော ပြန်လှည့်လာပြီး လုံထိန်းတွေဆီ ပြေးတက်ကြသတဲ့။ စဉ်းစားကြည့်ကြပါခင်ဗျာ။ လူစုခွဲဖို့ဟာ လုံထိန်းတွေရဲ့တာဝန်ပါ။ နောက်ဆုံး သတိပေးတဲ့အနေနဲ့ ရာဘာကျည်ဆံနဲ့တောင် ပစ်ပြီးပါပြီ။ အခု ပြန်တက်လာတဲ့လူတွေကို ကျည်အစစ်နဲ့မှမပစ်ရင် လက်နက်အပ်ပြီး ဒီလူတွေလုပ်သမျှ ခံရမယ့်ကိန်းပါ။ ဆူပူဆန္ဒပြသူတွေ လက်ထဲကို ဦးဏှောက်ရှိတဲ့ ဘယ်လုံခြုံရေးအရာရှိကမှ လက်နက်တွေ ထိုးအပ်မှာ မဟုတ်ပါဘူး။ ဒီတော့ ကျည်အစစ်နဲ့ ပစ်ဖို့ကိုပဲ ရွေးချယ်ရတော့ မှာပါပဲ။

နောက် VOA ရဲ့မေးမြန်းခန်းမှာ ပြည်ပရောက် မြန်မာကျောင်းသူတစ်ဦးက ပြောသွားပုံကလည်း နေပြည်တော်ကို အမေရိကန်ကမှ ဗုံးလာမကြဲရင် မြန်မာနိုင်ငံ ဒီမိုကရေစီ မရနိုင်ပါတဲ့။ တယ်လဲ ရွှေဥာဏ်တော် စူးရောက်တာကိုးဗျ။ နေပြည်တော်မှာ အရပ်သားနဲ့ ဝန်ထမ်းပေါင်း သန်းနဲ့ချီပြီး ရှိပါတယ်။ ဦးဏှောက်နဲ့ စဉ်းစားစေလိုပါတယ်။

ပြောနေရင် ဆုံးနိုင်မယ်မထင်ပါ။ ဒီလို ပြုပြင်သင့်တာလေးတွေကို ခုအချိန်ကတည်းက ပြုပြင်သွားမယ်ဆိုရင်တော့ မြန်မာတွေ နိုင်ငံကြီးသား ပီသ လာကြတဲ့အချိန်နဲ့ အခြေခံဥပဒေရေးဆွဲပြီးစီးလို့ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာတဲ့အချိန်ဟာ တိုင်း၍ရက်တဲ့ ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့် ဆိုသလို အလွန်မှပင် ကောင်းမွန်တဲ့ အနာဂါတ်ရှိမှာ မလွဲဧကန် ဖြစ်ပါကြောင်း။ ။

(အခုပို့စ်လေးဟာ မြန်မာတွေကို ချိုးနှိမ်လိုတဲ့သဘောနဲ့ ရေးသားခြင်းမဟုတ်ပါ။ အထက်မှာ ဖော်ပြထားတဲ့ အားနည်းချက်တွေမှာ ကျွန်တော်လည်း မြန်မာတစ်ဦးဖြစ်တဲ့အတွက် ကိုယ်တိုင်အကျုံးဝင်ပါကြောင်း)

Technorati Technorati tags: , , | |

အပြည့်အစုံဖတ်ရန်

Monday, January 14, 2008

အမျိုးသားပြန်လည်သင့်မြတ်ရေး

မြန်မာ့နိုင်ငံရေးလောကမှာ သိပ်ရေပန်းစားတဲ့ စကားလုံးတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က DVB က ထုတ်လွှင့်သွားတဲ့ အစီအစဉ် တစ်ခုကို စလောင်းကနေ ကြည့်ဖြစ်လိုက်ပါတယ်။ စလောင်းတွေ အပြိုင်အဆိုင် ခေါင်မိုးပေါ်က ဖြုတ်ချနေကြတဲ့အချိန်မှာ Cypher တစ်ယောက်ကတော့ ခပ်တည်တည်နဲ့ စလောင်းကြည့် မပျက်ပေါင်။ ဟဲ...ဟဲ...။ ဆရာကြီးတော့မဟုတ်ပါ။ သိပ်အထင်မကြီးကြပါနဲ့။ အခုတော့လည်း တစ်ချို့ပုဂ္ဂိုလ်တွေ စလောင်းပြန်တပ်နေကြပြီလို့ ကြားပါတယ်။ တစ်ချိန်က အခုပဲ အစိုးရက အိမ်ပေါ်တက်ပြီး ချလံပဲ ဖြတ်တော့မလို ကြေညာနေတဲ့ ပြည်ပမီဒီယာတွေကလည်း အခုတော့ လျှောချသွားကြပါပကော။ တရားဝင်သတင်း ဘာမှမထုတ်ပြန်သေး ခင် ဖြုတ်လိုက်ကြတဲ့သူတွေကတော့ ဖြုတ်ခနဲ့ ပြန်တပ်ခ ၁ဝဝဝဝ ကုန်သွားကြတာပေါ့။

အော်..လေရှည်နေတာနဲ့ ပြောမယ့်စကားတောင် ပျောက်ကုန်ပါပြီ။ အဲ..DVB က လွှင့်သွားတာက ဒီ/ချုပ်ရဲ့ လွတ်လပ်ရေးနေ့ အခမ်း အနားပါ။ အဝင်ဝမှာ ချိတ်ထားတာက ''၂ဝဝ၈ ခုနှစ်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး မုချပေါ်ပေါက်ရမည်'' တဲ့။ အဲဒါကို မြင်လိုက် တော့ Cypher တစ်ယောက် အတွေးနယ်ချဲ့မိပါတော့တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး။ သူတို့ ဘာကိုဆိုလိုပါလိမ့်။ ဘယ်အထိ များ ပြန်လည်သင့်မြတ်စေလိုပါလိမ့်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ လက်ရှိအစိုးရနဲ့ ဒီချုပ်အကြား သင့်မြတ်ရေးကို ဆိုလိုတာ များလား။ ဘာကြောင့်လဲဆိုတော့ Cypher ရဲ့အမြင်မှာ လက်ရှိ တိုင်းပြည်ရဲ့အခြေအနေက တစ်ကွဲတစ်ပြား ဝါးအစည်းပြေသလို ဖြစ်နေ တာမျိုး မဟုတ်တော့ပါဘူး။ လက်နက်ကိုင်အဖွဲ့အစည်း အတော်များများလည်း ဆွေးနွေးညှိနှိုင်းပြီးလို့ အစိုးရနဲ့ လက်တွဲနေကြပါပြီ။ အမျိုးသားညီလာခံကြီးလည်းပြီးလို့ အခြေခံဥပဒေမူကြမ်းတောင် စတင်ရေးဆွဲနေပါပြီ။ Cypher ရဲ့ အမြင်မှာတော့ ဒီ/ချုပ်ကြီးပဲ ကျန်ပါ တော့တယ်။ (အဲ..အဲ..နယ်စပ်က တစ်ချို့လက်နက်ကိုင်အဖွဲ့တွေရောပေါ့။ သူတို့ကတော့ ပြန်လည်သင့်မြတ်ဖို့ စိတ်ဝင်စားပုံ မရပါဘူး။ သူတို့ခေါင်းဆောင်ပိုင်းက ဟိုဘက်နိုင်ငံမှာ ပိုအဆင်ပြေတယ်လေ။)

တကယ်တော့ ဒီ/ချုပ်ဟာလည်း မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ လက်ရှိအစိုးရရဲ့ အကြီးဆုံးနဲ့ အဓိက အတိုက်အခံအဖွဲ့လည်း ဖြစ်ပါတယ်။ ပြိုင်ဘက်ရှိမှ တိုးတက်တယ်ဆိုတဲ့စကားလည်း ရှိနေတော့ ဒီ/ချုပ်ဟာ လက်ရှိအစိုးရ အတွက် အရေးပါတဲ့အဖွဲ့ဖြစ်တယ်လို့ Cypher ကတော့ မြင်ပါတယ်။ ဒါပေမယ့် ဒီ/ချုပ်ဘက်ကလည်း အတိုက်အခံကောင်းအဖြစ် ခံယူဖို့လိုအပ်ပါလိမ့်မယ်။ Cypher သိသလောက်တော့ လက်ရှိအစိုးရ အဖွဲ့ဝင်တွေက ဒီ/ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူ အဖြစ် မမြင်ကြပါဘူး။ ဒီ/ချုပ်ဘက်ကလည်း ဒီလိုအမြင်မျိုး ရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုဆိုရင်တော့ ကြော်ငြာတစ်ခုထဲက ဦးကျော်ဟိန်းရဲ့လေသံကိုယူပြီးပြောရရင် ''ကဲ..ဘာလိုသေးလဲ ဦးကြီးရယ်''။

အဲဒီတော့ လက်ရှိအစိုးရနဲ့ ဒီ/ချုပ်အစား၊ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆွေးနွေးညှိနှိုင်းကြဖို့ပဲ ရှိတော့တာပေါ့။ ဒီလို ဆွေးနွေးကြရာမှာ ဒီ/ချုပ်အနေနဲ့ ခံယူစေချင်တာက ညှိနှိုင်းမှုဆိုတာ သူ့ဘက်ကိုယ်ဘက် အပြန်အလှန် အလျှော့ပေးရတာမျိုး ဖြစ်တယ် ဆိုတာကိုပါပဲ။ ဒီ/ချုပ်တစ်ဖွဲ့တည်း (ကျန်အဖွဲ့တွေကတော့ နိုင်ငံရေးပါတီရယ်လို့ သတ်မှတ်လို့မရတဲ့အတွက် မပြောလိုပါ) မကြိုက်တာ နဲ့ပဲ အခြားတိုင်းရင်းသားအဖွဲ့အစည်း အများအပြားက လက်ခံသဘောတူထားပြီးဖြစ်တဲ့ အမျိုးသားညီလာခံနဲ့ လမ်းစဉ် (၇) ရပ်ကို အကျောက်အကန် ငြင်းနေတာမျိုးဟာ စေ့စပ်ညှိနှိုင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီ/ချုပ်အနေနဲ့ ခေါင်းအေးအေး ထားပြီး အမျိုးသားညီလာခံက ချမှတ်ထားတဲ့မူတွေ၊ အသေးစိတ်အခြေခံရမယ့်မူတွေကို ပြန်လည်သုံးသပ်စေချင်ပါတယ်။ ပြည်သူတွေ အတွက် အကျိုးယုတ်မယ့်အချက်တွေ လုံးဝမပါဝင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြုချင်တာကတော့ ကိုယ့်ကိုယ်ကို မြန်မာ့နိုင်ငံရေးရဲ့ အချက်အခြာ (Political Center) အဖြစ် မခံယူထားဖို့ပါ။ ဒါဟာ သူမအတွက် ဝန်လေးစေပါလိမ့်မယ်။ ပြည်တွင်း အဖွဲ့အစည်းတွေကလည်း သူမအပေါ် ဒီလိုမမြင်ဘူးဆိုတာ ဂမ်ဘာရီက သူမရဲ့ကြေညာချက်ကို စင်္ကာပူမှာ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း သူတို့ရဲ့ထုတ်ပြန်ချက်တွေကို ကြည့်ရင်သိနိုင်ပါလိမ့်မယ်။ ဒီလို ခံယူချက်လေးတွေရှိလာပြီဆိုရင်တော့ ဒီ/ချုပ်ရဲ့ ၂ဝဝ၈ ခုနှစ် မျှော်မှန်း ချက်ဟာ အမှန်တကယ်ဖြစ်လာနိုင်စရာ ရှိတယ်လို့ ထင်မြင်ယူဆမိပါကြောင်း။ ။

(Cypher တစ်ယောက်တော့ မနေနိုင်မထိုင်နိုင် လျှာရှည်လိုက်ပြန်ပါပြီ။ အဆဲခံရဖို့ကတော့ မြင်ယောင်နေပါသေးတယ်။)

Technorati Technorati tags: , , , | |

အပြည့်အစုံဖတ်ရန်

Wednesday, January 9, 2008

ဒီမိုပြီး ကရေစီကြရာဝယ် (၃)

အင်ဒိုနီးရှားနှင့် တောင်ကိုရီးယား၏ ဒီမိုကရေစီ ခရီးလမ်းဖြတ်သန်းခဲ့ကြပုံဟာ အလွန်စိတ်ဝင်စားဖို့ကောင်းကြောင်း၊ နှစ်နိုင်ငံစလုံးဟာ စစ်အာဏာအောက်မှ အရပ်ဘက်အာဏာကို ကူးပြောင်းပြီး ဒီမိုကရေစီ ပြန်လည်တည်ဆောက်ကြတာ ဖြစ်ကြောင်း၊ တောင်ကိုရီးယား တွင် ဗိုလ်ချုပ်ကြီး ချန်ဒူးဝမ်လက်ထက် ၁၉၈၆-၈၇ တွင် သမ္မတကို လူထုတိုက်ရိုက်မဲဖြင့် ရွေးကောက်တင်မြှောက်ရန် သဘောတူခဲ့ သည်မှစတင်ကာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများ ဖြစ်ပေါ်လာကြောင်း၊ ချန်ဒူးဝမ်မှ သူ့ကိုဆက်ခံသူအဖြစ်လျာထားသည့် ဗိုလ်ချုပ်ကြီး နိုတေဝူးကို အတိုက်အခံသမ္မတလောင်းနှစ်ဦးက ယှဉ်ပြိုင် အရွေးခံကြကြောင်း၊ အတိုက်အခံနှစ်ဦး မဲကွဲသားသဖြင့် နိုတေဝူးပင် အနိုင်ရခဲ့ကြောင်း၊ နိုတေဝူး သမ္မတဖြစ်နေချိန်တွင် အတိုက်အခံသမ္မတလောင်းတစ်ဦးဖြစ်သည့် ကင်ယန်းဆမ်က နိုတေဝူးနှင့်ပေါင်းလိုက်သဖြင့် နောက်ရွေးကောက်ပွဲတင် နိုတေဝူးက ကင်ယန်းဆမ်ကို သမ္မတလောင်းအဖြစ် ရွေးလိုက်ကာ ရွေးကောက် ပွဲတင် ကင်ယန်းဆမ်နိုင်ပြီး အတိုက်အခံ ကင်ဒေးဂျုံ ရှုံးနိမ့်သွားကြောင်း၊ နောက်ရွေးကောက်ပွဲတင်မှ ကင်ဒေးဂျုံနိုင်ပြီး သမ္မတဖြစ်လာ ကြောင်း၊ ယင်းသည် တောင်ကိုရီးယားဒီမိုကရေစီဖြစ်စဉ်တွင် အင်မတန်ကောင်းသည့် လှည့်ကွက်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားကမူ ဗိုလ်ချုပ်ကြီး ဆူဟာတိုက ဂိုလ်ကာပါတိ တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့ရာမှ ၁၉၉၈ တွင် တိုင်းပြည်စီးပွားရေးအကျပ်အတည်းမှစကာ လူထုအုံကြွမှုဖြစ်ပြီး အပြောင်းအလဲဖြစ်ခဲ့ကြောင်း၊ လွှတ်တော်ထဲတွင် စစ်တပ်မှ အချိုးကျပါဝင်သည့်ရာခိုင်နှုန်းကို နိုင်ငံရေးအင်အားစု များနှင့် စစ်တပ် ညှိနှိုင်းပြုပြင်ခဲ့ကြကြောင်း၊ နောက်မှ အရပ်သား သမ္မတ၊ အရပ်သားအစိုးရများ တက်လာကြောင်း၊ ယခုဆိုလျှင် ဒီမိုကရေစီ အခြေတကျဖြစ်နေပြီဖြစ်ကြောင်း၊ ယခုလက်ရှိသမ္မတ ယူဒိုယိုနိုသည် စစ်ဘက်မှ အငြိမ်းစားဗိုလ်ချုပ်ကြီးပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီအသားကျသွားလျှင် စစ်ဘက်၊ အရပ်ဘက်ဟု ခွဲခြား ကြည့်မနေကြတော့ကြောင်း၊ လူတော်လူကောင်းများအား ပြည်သူလူထု က ရွေးတင်သွားမည်သာဖြစ်ကြောင်း၊ အရည်အချင်းမရှိဘဲ ခေါင်းဆောင်လုပ်ချင်၍ မရနိုင်တော့ကြောင်း ဆရာမောင်ဝံသကပင် သုံးသပ် ပြောဆိုသွားသည်။

မြန်မာနိုင်ငံတွင် ပဒေသရာဇ်စနစ်မှ ကိုလိုနီစနစ်၊ ယင်းနောက် လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ ပါလီမန် ဒီမိုကရေစီစနစ်ကာလ ယင်းစနစ်အပေါ် လွတ်လပ်ရေးမော်ကွန်းဝင် သခင်သိန်းဖေကလည်း ဦးနုခေတ်က ပါလီမန်ဒီမိုကရေစီ အပြည့်ရခဲ့ပြီး လွတ်လပ်စွာ ဟောပြောခွင့်ရရှိခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း အင်္ဂလိပ်ဒီမိုကရေစီစနစ်ပုံစံကို ဦးနုအစိုးရက တစ်ခါတည်း ချသုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဂင်္လိပ် ဒီမိုကရေစီအတိုင်း ရွေးကောက်ပွဲကို လွတ်လပ်စွာ ဝင်နိုင်၊ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ကြောင်းဖြင့် ပါလီမန်ဒီမိုကရေစီကို တမ်းတပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေစီးကြောင်းကိုကြည့်လျှင် ရေကတော့စီးနေကြောင်း၊ သို့သော် အလျဉ်နှေးကွေးသည်ဟု ပြောစရာရှိကြောင်း၊ ၁၉၈၈ တွင် ပြည်သူလူထုက ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြောင်း၊ ထို့နောက် နိုင်ငံတော်အာဏာသုံးရပ်ကို ကိုင်တွယ်ထား သည့် တပ်မတော်မှ ၁၉၉ဝ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထေရွေးကောက်ပွဲ ကျင်းပပေးခဲ့ကြောင်း၊ ထို့နောက် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ်မှစကာ ကျင်းပခဲ့ပြီး လမ်းပြမြေပုံ ကြေညာပြီး လုပ်ငန်းစဉ်များ ဆက်လုပ်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ဒီမိုကရေစီနိုင်ငံရေးအင်အားစုများကလည်း ဒီမိုကရေစီပန်းတိုင် ကိုပဲ ရည်မှန်းထားပြီး သွားနေကြကြောင်း၊ ပန်းတိုင်ထားတာချင်း အတူတူပင်ဖြစ်ကြောင်း၊ မတူတာက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နှင့်ပတ်သက်သည့် ခံယူချက်အချို့တွင် ကွဲလဲတာလေးတွေရှိကြောင်း၊ ဒါတွေအားလုံးဟာ စားပွဲတင် မျက်နှာချင်းဆိုင်ထိုင်ကာ ဆွေးနွေး ဖြေရှင်းလို့ရတာတွေချည်းဟု မိမိယုံကြည်ကြောင်း၊ အခုလည်း ဆွေးနွေးနေကြကြောင်း၊ အောင်မြင်တဲ့အထိ ဆွေးနွေးသားကြမည်ဟု လည်း မိမိမျှော်လင့်ထားကြောင်း ဆရာမောင်ဝံသက ပြောဆိုခဲ့သည်။ဒီမိုကရေစီစနစ်သည် ယနေ့ကမ္ဘာတွင် အများလက်ခံကျင့်သုံးသော စနစ်ကြီးတစ်ရပ်ဖြစ်လာရုံမက ယင်းစနစ်တွင် ပါဝင်ရမည့် ပြည်သူများ၏ အခန်းကဏ္ဍ၊ အစိုးရ၏ အခန်းကဏ္ဍများပါဝင်နေပေရာ မိမိတို့ သည်လည်း ဒီမိုကရေစီစနစ်နှင့် ကိုက်ညီမည့် စိတ်ဓါတ်များကို မွေးမြူကျင့်ကြံကြရပေမည်။ အလားတူ ယင်းဒီမိုကရေစီစနစ်ကို အယောင်ပြပြီး အာဏာရယူမှုမျိုးကိုလည်း သတိပြုရမည်ဖြစ်ပေသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက ''ဒီမိုကရေစီတိုင်း ဒီမိုကရေစီ တာ မဟုတ်ဘူး။ ဒီမိုကရေစီခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီး သံဖမ်းပြောကြတာ အများကြီးပဲ။ ဒီလို အာဏာလုကြတဲ့အခါ ဒီမိုကရေစီဆိုပြီး ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားလို့ ကြွေးကြော်ပြီး ညာတဲ့စနစ်တွေလဲရှိတယ်။ လူထုကတင်မြှောက်ပြီး လူတွေရဲ့ အကျိုးကိုလုပ်တဲ့ လူထုရဲ့အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်တယ်'' ဟု ပြောဆိုသွားခဲ့ပေသည်။မြန်မာနိုင်ငံတွင်လည်း တစ်ချိန်က ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သော်လည်း ဒီမိုကရေစီစနစ်ကို ပီပြင်အောင်ဖော်ဆောင်နိုင်ခြင်းမရှိသည်ကို တွေ့မြင်ရပေသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစကာ ဒီမိုကရေစီဝေါဟာရသည် မြန်မာနိုင်ငံတွင် တစ်စတစ်စ ပြန်လည်ခေတ်စားပေါ်ထွန်းလာခဲ့ပြီး ယနေ့ နိုင်ငံတော်အစိုးရသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်သို့ ရောက်ရှိအောင်ဖော်ဆောင်နေသောကာလတစ်ခုအဖြစ် ရောက်ရှိခဲ့ပြီ ဖြစ်သည်။အချုပ်ဆိုရသော် ယနေ့ကမ္ဘာကြီးတွင် ရှေးယခင်က ကြီးစိုးခဲ့သော ပဒေသရာဇ်စနစ်များ မှေးမှိန်ပျောက်ကွယ်ခဲ့ရပြီး ပြည်သူ ကိုယ်တိုင် စီမံခန့်ခွဲအုပ်ချုပ်နိုင်သော ဒီမိုကရေစီစနစ်များ ထွန်းကားလာပြီ ဖြစ်ပါသည်။ ယင်းသို့ ဒီမိုကရေစီစနစ်များ နိုင်ငံတိုင်းတွင် ကျင့်သုံးလာမှုများပြားလာခြင်းနှင့်အတူ နိုင်ငံတိုင်း၏ ပထဝီအနေအထား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ စသည်တို့နှင့်ကိုက်ညီသည့် မိမိနိုင်ငံ နှင့်သင့်လျော်မည့် ဒီမိုကရေစီစနစ်များကို ရွေးချယ်ကျင့်သုံး ဖော်ဆောင်လာကြသော်လည်း ဒီမိုကရေစီ၏အနှစ်သာရမှာ ပျောက်ကွယ် သွားခြင်းမရှိသည်ကို တွေ့ရပါကြောင်း။ ။

(၂ဝဝ၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်ပါ D. မင်း၊ သန့်ကျော်ဇင်၊ ဇော်ကိုသက်နှင့် ငွေစန္ဒီတို့ စုစည်းရေးသား သည့် ပြည်သူအားလုံးလိုချင်သောဒီမိုကရေစီ၊ ဒီမိုကရေစီဆိုတာဘာလဲ ဆောင်းပါးမှ ထုတ်နှုတ်ထားပါသည်။)

Technorati Technorati tags: , , | |

အပြည့်အစုံဖတ်ရန်

Monday, January 7, 2008

ဒီမိုပြီး ကရေစီကြရာဝယ် (၂)

တက္ကသိုလ်ကျောင်းသားတစ်ဦးကလည်း ဒီမိုကရေစီကြောင့်ရလာမည့် အခွင့်အရေးများကိုတော့ အမိအရလက်ကိုင်ထားပြီး အသုံးချကာ ဒီမိုကရေစီစနစ်နှင့်အတူ အလိုလိုရှိလာမည့် နိုင်ငံသားတစ်ဦးချင်းစီ၏ အသီးသီးတာဝန်ယူမှုအပိုင်းကိုကျ မသိကျိုးကျွံပြုနေမယ် တာဝန် ယူမှု မရှိဘူးဆိုရင်တော့ ဒါဟာ ဒီမိုကရေစီကျင့်သုံးတယ်ဟု မဆိုနိုင်ကြောင်း၊ ဒီမိုကရေစီရပြီး ဒီမိုကရေစီစနစ်ကျင့်သုံးပြီဆိုသည်နှင့် မိမိနိုင်ငံဟာလည်း အခြားဒီမိုကရေစီကျင့်သုံးသည့် တိုးတက်သော နိုင်ငံကြီးများလို ဖြစ်လာမည်ဟု တွေးထင်ထား၍မရကြောင်း၊ ဒီမိုကရေစီစနစ်များတွင် အရင်းရှင်ဒီမိုကရေစီ၊ ဆိုရှယ်လစ်ဒီမိုကရေစီ၊ လမ်းညွှန်ဒီမိုကရေစီ၊ တိုက်ရိုက်ဒီမိုကရေစီ၊ ကိုယ်စားပြု ဒီမိုကရေစီ၊ ပါလီမန်ဒီမိုကရေစီ၊ ဒီမိုကရေစီသစ်၊ တက်စ်မင်တာဒီိမိုကရေစီ စသည်ဖြင့် ခေတ်ကိုလိုက်၍သော်လည်းကောင်း၊ လက်ခံ ကျင့်သုံးမည့်နိုင်ငံနှင့် လူမျိုးတို့၏ ဓလေ့စရိုက်၊ ယဉ်ကျေးမှုကိုလိုက်၍သော်လည်းကောင်း ပြောင်းလဲခဲ့ ပြောင်းလဲနေသည်ဟု မှတ်သား ဖူးကြောင်း၊ နိုင်ငံတကာမှ ဒီမိုကရေစီကျင့်သုံးသည့်နိုင်ငံများဟာ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များနှင့် ကိုက်ညီမည့် ဒီမိုကရေစီစနစ်သစ်များအား ဖန်တီးကျင့်သုံးခဲ့ရကြောင်း၊ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်တွင်ကျင့်သုံးသည့် ဒီမိုကရေစီကို ကျင့်သုံး၍မရကြောင်း၊ မြန်မာလူမျိုးသည် အမေရိကန်လူမျိုးမဟုတ်သဖြင့် အမေရိကန်သည် အမေရိကန်လူမျိုးတို့နှင့်ကိုက်ညီမည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသကဲ့သို့ မြန်မာနိုင်ငံသည်လည်း မြန်မာလူမျိုးတို့နှင့် အနီးစပ်ဆုံး တစ်သားတည်းကျနိုင်မည့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရန်လိုကြောင်း၊ ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ် ထွန်းကားပါသည်ဆိုသော အမေရိကန်၏ဒီမိုကရေစီသည် ပြည်တွင်းစံက တစ်မျိုး၊ ပြည်ပစံက တစ်မျိုးဖြစ်နေကြောင်း၊ အမေရိကန်မှ သတ်မှတ်ထားသည့် ပြည်ပစံ ဒီမိုကရေစီသည် သူ့ပြည်တွင်းတွင်ပင် မသုံးသည့်အတွက် ကိုယ်နိုင်ငံအတွက်တော့ တွေးကြည့်ရုံဖြင့်ပင် သုံးသင့် မသုံးသင့် သိနိုင်ကြောင်း၊ ယခုအချိန်သည် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီအတွက် လျှောက်လှမ်းရမည့် ခရီးတစ်ကွေ့သို့ ရောက်နေပြီဟု ဆိုနိုင်ကြောင်း၊ ယခုအချိန်တွင် နိုင်ငံတကာတွင် ကျင့်သုံး နေသည့် အမျိုးမျိုးသော ဒီမိုကရေစီစနစ်များ၏ မြန်မာနိုင်ငံ မြန်မာလူမျိုးတို့အတွက် ကိုက်ညီမည့် ကောင်းမွန်သောအချက်များအား နမူနာယူတတ်ရမည် ကျင့်သုံးသင့်လျှင် ကျင့်သုံးရမည်ဖြစ်ကာ လိုက်လျောညီထွေမှုမရှိ ကိုက်ညီမှုမရှိသည့်အချက်များကိုတော့ သူ့နိုင်ငံ အတွက် မည်မျှပင် ကောင်းကျိုးပြုပါစေ ကိုယ့်နိုင်ငံအတွက် မကိုက်ညီလျှင် ပယ်ဖျက်တတ်ရန်လိုကြောင်း၊ အဓိကကတော့ နိုင်ငံအုပ်ချုပ် သည့် အစိုးရသည် ပြည်သူတို့က သဘောတူညီစွာ ဆုံးဖြတ်ပေးခြင်းဖြစ်ကာ၊ ချမှတ်ပေးထားသည့် စနစ်များမှ ပြည်သူလူထု ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်မျိုးစလုံး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်လျှင် ဒီမိုကရေစီ ကျင့်သုံးသည်ဟု ခံယူကြောင်း ပြောကြားခဲ့သည်။

ဝါရင့်နိုင်ငံရေးသုံးသပ်သူတစ်ဦးကလည်း ဒီမိုကရေစီစနစ်သည် မိမိကိုယ်မိမိ တာဝန်ယူ၊ တာဝန်သိမှု၊ လူတစ်ဦးချင်းစီ၏ တာဝန်ယူမှုကို ထိန်းကျောင်းပေးခြင်းဖြစ်ပြီး စည်းလွတ်ဝါးလွတ် မဟုတ်ကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီတွင် စည်းကမ်းရှိပြီးသား ကျင့်စဉ်တစ်ခုသာ ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ အုပ်ချုပ်သည့်အစိုးရသည် ပြည်သူ၏ တာဝန်ပေးချက်အရ အုပ်ချုပ်ရသည်အတွက် ပြည်သူ ကသာ အစိုးရကို ပိုင်ဆိုင်ကြောင်း၊ အစိုးရသည် ပြည်သူ့ကိုယ်စား နိုင်ငံ့အရေးအရာများအား ဆောင်ရွက်ပေးခြင်းလည်း ဖြစ်ကြောင်း၊ ကိုယ်ကျိုးစီးပွားအနေဖြင့် ဒီမိုကရေစီကို အသုံးမချသင့်ကြောင်း၊ သန့်ရှင်းသည့် ဒီမိုကရေစီတွင် စည်းကမ်းပါဝင်ပြီးသားဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

ပါမောက္ခ ဦးကျော်ညွန့်ကလည်း အာရှနှင့် အနောက်နိုင်ငံများတွင် ဒီမိုကရေစီစကားပြောလျှင် အနောက်နိုင်ငံများတွင် လွတ်လပ်စွာ တွေးပါဟုဆိုသော်လည်း အာရှတွင်တော့ လွတ်လပ်စွာတွေးတော့တွေးပါ ဘာသာရေးအဆုံးအမနှင့် တွေးပါဟုရှိသဖြင့် အာရှနှင့် အနောက်မှာ ယဉ်ကျေးမှုတံတိုင်းကြီးခြားနေကြောင်း၊ ဒီမိုကရေစီဆိုသည်နှင့် အနောက် ဥရောပ၊ အမေရိကန်နိုင်ငံများ၏ လစ်ဘရယ် ဒီမိုကရေစီသို့ ကူးပြောင်းရန်မလွယ်ကြောင်း၊ အာရှ၏တန်ဖိုးကို ထိခိုက်လာနိုင်သည့်ဒီမိုကရေစီမျိုးကို လက်မခံနိုင်ကြောင်း၊ သို့သော် ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ထိုင်းနိုင်ငံများတွင်တော့ လက်ခံတာ တွေ့ရကြောင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ အိန္ဒိယ စသည့်နိုင်ငံများကတော့ လက်မခံနိုင်ဘဲ ထိန်းသိမ်းကြရတာ တွေ့ရကြောင်း၊ အနောက်နိုင်ငံ များ၏ ဒီမိုကရေစီကို ပုံတူကူးချလျှင် အကောင်းထက် အဆိုးဖြစ်ရန် ပိုများကြောင်း၊ အဓိကကတော့ ပြည်သူတို့၏ ကျန်းမာရေး၊ လုံခြုံရေး၊ စာရိတ္တထိန်းပေးမည့် လွတ်လပ်သော ဒီမိုကရေစီမျိုးက အာရှနှင့် ကိုက်ညီကြောင်း၊ မြန်မာနိုင်ငံအတွက် စစ်မှန်သည့် နိုင်ငံ၏ ယဉ်ကျေးမှု၊ လူမျိုးတို့နှင့်ကိုက်ညီသည့် ဒီမိုကရေစီမျိုးကိုသာ လိုအပ်တာဖြစ်ကြောင်း၊ လွတ်လပ်သည် ဆိုရာတွင်လည်း သူတစ်ပါးအား အနှောင့်အယှက်ဖြစ်ခြင်းမရှိသည့် လွတ်လပ်ခွင့်မျိုးပဲ ဖြစ်ပြီး လူရိုင်း လွတ်လပ်ခြင်းနှင့် လူလိမ္မာလွတ်လပ်ခြင်း မတူကြောင်း၊ လူလိမ္မာတို့ လွတ်လပ်ခြင်းမျိုးဖြစ်သည့် ဒီမိုကရေစီသာ လိုအပ်ကြောင်း၊ ဥပဒေကို အလေးထားသည့် စိတ်ဓါတ်အလေ့အကျင့် မဖွံ့ဖြိုးသေးဘဲ အနောက်မှ ကျင့်သုံးနေသည့် ဒီမိုကရေစီမျိုးယူလျှင် ပျက်စီးမည်သာဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာတိုင်းရင်းသားတို့နှင့်ကိုက်ညီသည့် ဒီမိုကရေစီကိုသာ ရွေးချယ်သွားကြရန်လိုကြောင်း ပြောဆိုသည်။

ဒီမိုကရေစီစနစ်ဟာ ကျင့်သုံးတဲ့ ပြည်သူလူထုရဲ့ရေချိန်တွင် အများကြီးတည်ကြောင်း၊ ပြည်သူလူထုဟာ ကိုယ်နဲ့တန်တဲ့ အစိုးရကို ရကြစမြဲပဲဆိုတာ ဒီမိုကရေစီကျင့်သုံးမှုရဲ့ ရလာဒ်ပိုင်းကို ပြောတာဖြစ်ကြောင်း၊ တိုင်းပြည်ကိုအုပ်ချုပ်မည့် လူပုဂ္ဂိုလ်များအား ပြည်သူ လူထုက ဆန္ဒမဲပေးပြီး ရွေးချယ်ကြရတာကြောင့်ဖြစ်ကြောင်း၊ လူတော်များအား မရွေးမိဘဲ လူညံ့များကိုသာရွေးမိလျှင် ရွေးမိသည့် ပြည်သူလူထုအနေဖြင့် မည်သူမပြု မိမိမှုသာဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ် ကျင့်သုံးတော့မည်ဆိုလျှင် လူတော်လူကောင်း များအား ရွေးနိုင်စွမ်းရှိသည်အထိ ပြည်သူလူထု၏ အတွေးအခေါ် မြင့်မားရေးကိုပါ အလေးပေးပြီး လုပ်ကြရကြောင်း၊ လတ်တလော ဥပမာပေးရလျှင် ပါလက်စတိုင်းတွင် ဟားမားစ်တို့အား ရွေးကောက်တင်မြှောက်လိုက်သဖြင့် အရှေ့အလယ်ပိုင်းပြဿနာ ဖြေရှင်းရေး လုပ်ငန်းစဉ်များပါ အကုန်ရပ်သွားခဲ့ကြောင်း ဆရာမောင်ဝံသမှ ပြောကြားခဲ့သည်။

နိုင်ငံတကာတွင် ဒီမိုကရေစီကျင့်သုံးမှုနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် ဗြိတိန်နိုင်ငံအား ပါလီမန်မိခင်နိုင်ငံကြီးဟုခေါ်ပြီး အိန္ဒိယအား ဒီမိုကရေစီမိခင်ကြီးဟု ခေါ်ကြောင်း၊ အင်မတန်ရှေးဦးကျသည့် ဒီမိုကရေစီစနစ်အား ဗုဒ္ဓမြတ်စွာဘုရား လက်ထက်ကတည်းက အိန္ဒိယ တွင် ကျင့်သုံးခဲ့ကြောင်း၊ ဝေသာလီသည် ဒီမိုကရေစီနိုင်ငံဖြစ်ကြောင်း၊ နောက် ဂျပန်နိုင်ငံ၏ ဒီမိုကရေစီကျင့်သုံးပုံသည် သဘောကျဖွယ် ဖြစ်ကြောင်း၊ ဗြိတိန်နှင့် ဂျပန်သည် ဘုရင်စနစ်နှင့် ဒီမိုကရေစီကို တွဲပြီးသုံးနေတာတွေ့ရကြောင်း၊ သို့သော်လည်း ဒီမိုကရေစီစနစ် ကောင်းကောင်းကြီး ရှင်သန်နေသည်မှာ စတုတ္ထမဏ္ဍိုင်အားကောင်းသဖြင့် ဖြစ်ကြောင်း၊ စတုတ္ထမဏ္ဍိုင်သည် ပြည်သူလူထုကို အမြဲ နိုးကြားအောင် စေ့ဆော်ပေးနေကြောင်း၊ အမေရိကန်တွင်လည်း ဝါးတားဂိတ်၊ အီရန်ကွန်ထရာအရေးအခင်း စသည်တို့မှာ အုပ်ချုပ်ရေး ပိုင်းမှလူများ မတော်မတရားလုပ်သည်ကို သတင်းစာများက ဖွင့်ချခဲ့သဖြင့် သမ္မတပင် နုတ်ထွက်သွားခဲ့ရကြောင်း၊ သို့သော်လည်း ၎င်းတို့နိုင်ငံတွင် ငွေများ တရားနိုင်မဟုတ်တောင် ငွေများ မဲနိုင်ဆိုတာမျိုးတွေတော့ ရှိသေးကြောင်း၊ ငွေမရှိလျှင် နိုင်ငံရေးမလုပ်နိုင်၊ ရွေးကောက်ပွဲမဝင်နိုင်ဆိုတာမျိုးတွေ ရှိကြောင်းလည်း ဆရာမောင်ဝံသက ပြောကြားသည်။

(၂ဝဝ၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်ပါ D. မင်း၊ သန့်ကျော်ဇင်၊ ဇော်ကိုသက်နှင့် ငွေစန္ဒီတို့ စုစည်းရေးသားသည့် ပြည်သူအားလုံးလိုချင်သောဒီမိုကရေစီ၊ ဒီမိုကရေစီဆိုတာဘာလဲ ဆောင်းပါးမှ ထုတ်နှုတ်ထားပါသည်။)

Technorati Technorati tags: , , | |

အပြည့်အစုံဖတ်ရန်

Thursday, January 3, 2008

ဒီမိုပြီး ကရေစီကြရာဝယ် (၁)

ဒီမိုကရေစီစနစ်သည် ဂရိနိုင်ငံမှ စတင်မွေးဖွားပေါ်ပေါက်လာပြီး ဂရိလို Demo Kratia ဟု ခေါ်ဆိုပြီး Demos သည် (People) ပြည်သူ၊ Kratos သည် (Rule or Power) စည်းမျဉ်းဥပဒေ သို့မဟုတ် အုပ်ချုပ်ရေးအာဏာဟု အဓိပ္ပါယ်သတ်မှတ်နိုင်ပြီး ပြည်သူက အုပ်ချုပ်ခြင်း၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့အစိုးရဟု ခေါ်ဆိုနိုင်သည်။ မည်သည့်ကိစ္စမဆို အများနှင့်သက်ဆိုင်သောကိစ္စဖြစ်သည်ကိုလည်းကောင်း၊ ယင်းကိစ္စမျိုးကို မည်သို့ဆောင်ရွက်ထိုက်သည်ကိုလည်းကောင်း အဆုံးအဖြတ်ပေးနိုင်သော လုပ်ပိုင်ခွင့်သည် ပြည်သူအားလုံးတွင် တည်ရှိနေသဖြင့် ပြည်သူလူထုကသာလျှင် ပြည်သူလူထုကိုအစိုးရသော အုပ်ချုပ်ရေးစနစ်ပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်သည် ရှေးဂရိ နိုင်ငံရေးနှင့် အတွေးအခေါ်ပညာရပ်မှ စတင်ပေါက်ဖွားလာခဲ့ခြင်းပင်ဖြစ်သည်။

'Democracy is the Government of the People, by the People and for the People'' ဒီမိုကရေစီသည် ပြည်သူက အုပ်ချုပ်ခြင်း ဖြစ်ပြီး ပြည်သူက ပြည်သူကို အုပ်ချုပ်ခြင်းဟု အေဗရာဟင် လင်ကွန်းက ဆိုခဲ့ကြောင်း၊ ကမ္ဘာတွင် ထင်ရှားပြီး ခေတ်ပေါ်သမိုင်းနဲ့လည်း ကိုက်ညီတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ကြောင်း ဆရာကြီး ဒဂုန်တာရာက ပြောကြားသည်။

ယင်းဒီမိုကရေစီစနစ်သည် ဘီစီ ၇၅ဝ လောက်က ဂရိနိုင်ငံတွင် အလွန်ခေတ်စားခဲ့ပေသည်။ ''ရှေးခေတ် ဂရိမြို့ပြနိုင်ငံများတွင် တိုင်းရေးပြည်ရေးကိစ္စရှိလျှင် မြို့လယ်ခေါင်ရှိ ကွက်လပ်ရင်ပြင်ကြီးတွင် မြို့သူမြို့သားများစုကာ ကိစ္စအရပ်ရပ်ကို တင်ပြကြကြောင်း၊ မြို့သူမြို့သားများထဲမှ အကြံကောင်းဥာဏ်ကောင်းပေးနိုင်သူများက ပါဝင်ဆွေးနွေးကြပြီး နောက်ဆုံး ဆုံးဖြတ်ချက်ချတော့မည် ဆိုလျှင်လည်း တက်ရောက်လာသော လူထု၏ဆန္ဒဖြင့် မဲခွဲဆုံးဖြတ်အတည်ပြုကြောင်း၊ ယင်းကို တိုက်ရိုက်ဒီမိုကရေစီဟုခေါ်ကြောင်း၊ နောက်ပိုင်း မြို့ပြနိုင်ငံအဆင့်မှ လူမျိုးစုံ စုပေါင်းနေထိုင်သည့် တိုင်းပြည်ကြီးများဖြစ်လာသည့်အခါ ထိုသို့ စုဝေးဆွေးနွေးဆုံးဖြတ်ရန် မဖြစ်နိုင်တော့ကြောင်း၊ ထိုအခါ လူထုမှ ကိုယ်စားလှယ်တင်မြှောက်စေလွှတ်သည့် သွယ်ဝိုက်ဒီမိုကရေစီ ဖြစ်ပေါ်လာကြောင်း၊ လူထုကိုယ်စားလှယ်မှားမှ ဥပဒေပြုကာ ထိုဥပဒေအား လွှတ်တော်မှယူကြောင်း၊ ထို့နောက် ယင်းဥပဒေအတိုင်း တိုင်းရေးပြည်ရေး စီမံခန့်ခွဲရန် အစိုးရကို လွှတ်တော်မှ ဖွဲ့ပေးကြောင်း၊ အချို့နိုင်ငံများတွင် လူထုမှ သမ္မတကို တိုက်ရိုက် မဲပေးကာ သမ္မတမှ အစိုးရအဖွဲ့ ဖွဲ့စည်းအုပ်ချုပ်သည်လည်းရှိကြောင်း၊ ထို့ပြင် လွတ်လပ်သည့် တရားရုံးများရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် လွှတ်တော်၊ အစိုးရနှင့် တရားရုံးဟု မဏ္ဍိုင်ကြီးသုံးခုသည် တစ်ခုနှင့်တစ်ခု သြဇာလွှမ်းမိုးခြင်းမရှိဘဲ တည်နေကြကြောင်း'' ဆရာမောင်ဝံသမှ ဒီမိုကရေစီ စတင်ကျင့်သုံးပုံနှင့် ဒီမိုကရေစီကျင့်သုံးမှုစနစ် ကွဲပြားလာမှုအပေါ် သုံးသပ်ပြောဆိုခဲ့သည်။

ဒီမိုကရေစီစနစ်သည် ဂရိနိုင်ငံမှ စတင်အခြေပြု ထင်ရှားလာခဲ့ပြီးနောက် ယနေ့ကမ္ဘာတွင် တစ်စတစ်စ ထင်ရှားကျော်ကြားလာသော စနစ်တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံတိုင်းသည်လည်း မိမိနိုင်ငံ၏ တည်နေရာ၊ ယဉ်ကျေးမှု စသည့် ကွဲပြားမှုများကြောင့် ဒီမိုကရေစီ စနစ်များသည်လည်း ပြောင်းလဲခဲ့သည်။ ယင်းနောက် ဒီမိုကရေစီ မူကွဲများ ပေါ်ပေါက်လာပြီး ပြည်သူများမှ ရွေးချယ်တင်မြှောက် လိုက်သော အစိုးရအဖွဲ့ဖြင့် ပြည်သူ့ကိုယ်စားအုပ်ချုပ်သည့် ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)၊ သီးခြားပါတီများ ထူထောင်ခွင့်ရှိပြီး ပါတီတိုင်း ကိုယ်ပိုင်ဝါဒ၊ ကိုယ်ပိုင်အတွေးအခေါ်များဖြင့် ဆောင်ရွက်သည့် ပါလီမန်ဒီမိုကရေစီ (Parliamentary Democracy)၊ ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်များဖြင့် လွတ်လပ်သော၊ တရားမျှတသော ရွေးချယ်တင်မြှောက်မှုများပြုလုပ်ကာ လူနည်းစုစိုးမိုးခြယ်လှယ်မှုမှ အကာအကွယ်ပေးထားသော လစ်ဘရယ် ဒီမိုကရေစီ (Liberal Democracy)၊ ပြည်သူမှ တိုက်ရိုက် အုပ်ချုပ်သော တိုက်ရိုက်ဒီမိုကရေစီ (Direct Democarcy)၊ ဒီမိုကရေစီအပေါ် ရှုထောင့်မျိုးစုံမှ လိုရာကျင့်သုံးသည့် ဆိုရှယ်လစ်ဒီမိုကရေစီ (Socialist Democracy)၊ မင်းမဲ့စရိုက် ဒီမိုကရေစီ (Anarchic Democracy)၊ အများဆန္ဒဒီမိုကရေစီ (Consensus Democracy) စသည့် ဒီမိုကရေစီမူကွဲများ ရှိနေပေသည်။

ဆရာဒဂုန်တာရာကလည်း ယနေ့ကျင့်သုံးနေသော နိုင်ငံအတော်များများသည် ဒီမိုကရေစီအစစ်ပင်ဖြစ်ကြောင်း၊ အစစ်နှင့် အတုဟု ယခုသုံးနှုန်းနေကြကြောင်း၊ အားလုံးဆောင်ရွက်ဆဲဖြစ်ပါက အစစ်ဟုပင်ခေါ်ရမည်ဖြစ်ပြီး တူချင်မှ တူမည်ဖြစ်ကြောင်း၊ မတူသည် မှာလည်း သဘာဝကျကြောင်း၊ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကပင် ဗဟုဝါဒဟု မိမိရေးပြီးကြောင်း၊ မည်သည့်တိုင်းပြည်တွင် အုပ်ချုပ်သည် ဖြစ်စေ မည်သည့်စနစ်ဖြင့် အုပ်ချုပ်သည်ဖြစ်စေ အများပြည်သူ၏ဆန္ဒအရ အုပ်စိုးခြင်းကတော့ အများလက်ခံနိုင်သည့်အုပ်စိုးခြင်း ဖြစ်ခဲ့ကြောင်း၊ ကိုယ်ရောက်နေသည့် ခေတ်ကို ကိုယ်သိကြကြောင်း၊ ထိုသို့သိခြင်းကို အခြေခံကာ မည်သည့်စနစ်သည် အကောင်းဆုံး ဖြစ်သည်ကို ကိုယ်တိုင် ရွေးကြရမည်ဖြစ်ကြောင်း၊ ခေတ်ကောင်းဖြစ်လာရန် ခေတ်လူငယ်များကသာ လုပ်ရမည်ဖြစ်ကြောင်း၊ အချို့ကိစ္စ များသည် စောင့်ကြည့်ရန်လိုကြောင်း၊ မသိသေးသည့် အကြောင်းအရာကို ပြောရန်ခက်ကြောင်း၊ ဒီမိုကရေစီသည် ပြည်သူက အုပ်စိုး သည့်စနစ်၊ အများဆန္ဒအရ အုပ်ချုပ်သည့်စနစ်မည်သော်လည်း ဒီမိုကရေစီချင်းကတော့ ထပ်တူထပ်မျှ မတူနိုင်ကြောင်း၊ ကိုယ့်အမျိုးသား အခြေအနေ၊ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုယ်ဖြစ်သဖြင့် တူရန်လည်း မလိုကြောင်း၊ အခြေခံအားဖြင့် အများဆန္ဒအရ ဖြစ်မည်သာဖြစ်ကြောင်း၊ အများဆန္ဒအရအုပ်ချုပ်လျှင် လွတ်လပ်မှုရှိပြီး မတည်ငြိမ်မှုများ အတော်ပင်နည်းသွားနိုင်ကြောင်း၊ ထိုကြောင့် ငြိမ်းချမ်းရေးစနစ်ဟု ဆိုနိုင်ကြောင်း၊ နိုင်ငံရေးလုပ်ခြင်းသည် ရန်သူကို မိတ်ဆွေဖြစ်အောင် ပြုခြင်းသာဖြစ်ကြောင်း၊ ယင်းသည် ငြိမ်းချမ်းရေးကိုမျှော်မှန်းသည့် ဒဿနဖြစ်ကြောင်း၊ ဒီမိုကရေစီ၏အဓိပ္ပါယ်ကို အကောင်းအထည်ဖော်ခြင်းသည် ငြိမ်းချမ်းရေးဟု မြင်ကြောင်း၊ ထို့ကြောင့် မိမိပြောသော အချက် သုံးချက်ကို လုပ်ကြရန်လိုကြောင်း ပြောဆိုခဲ့သည်။

(၂ဝဝ၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်ပါ D. မင်း၊ သန့်ကျော်ဇင်၊ ဇော်ကိုသက်နှင့် ငွေစန္ဒီတို့ စုစည်းရေးသားသည့် ပြည်သူအားလုံးလိုချင်သောဒီမိုကရေစီ၊ ဒီမိုကရေစီဆိုတာဘာလဲ ဆောင်းပါးမှ ထုတ်နှုတ်ထားပါသည်။)

Technorati Technorati tags: , , | |

အပြည့်အစုံဖတ်ရန်

Tuesday, January 1, 2008

နိုင်ငံရေးသမားဆိုသည်မှာ

Wikipaedia ၏ဖွင့်ဆိုချက်အရ နိုင်ငံရေးသမားဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းဆိုင်ရာအရေး ဖြစ်ပါတယ်။ ဘယ်သူကမှ သတ်မှတ်ပေးလို့ မရပါဘူး။ အစိုးရအဖွဲ့အစည်းတစ်ခုမှာ တက်ကြွစွာလှုပ်ရှားပါဝင်သူကို နိုင်ငံရေးသမားလို့ အချို့နိုင်ငံတွေမှာ ခေါ်ကြပါတယ်။ နိုင်ငံရေး သဘောတရား၊ အတွေးအခေါ်၊ လူတန်းစားအရေးနဲ့ အာဏာဆိုတာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်သူတွေကိုလည်း နိုင်ငံရေး သမားတွေလို့ ခေါ်ကြပါတယ်။ အစိုးရအပိုင်းမှာ ဆုံးဖြတ်ချက်ချပေးရလောက်အောင် အရေးပါသူတွေကိုလည်း နိုင်ငံရေးသမားတွေလို့ ခေါ်ကြပါသေးတယ်။ နိုင်ငံရပ်ခြားမှာက နိုင်ငံရေးသမားဆိုတာ လုပ်ခလစာတွေနဲ့ ကျကျနန လုပ်စားနေကြသူတွေဖြစ်ပါတယ်။ နိုင်ငံရေး သမားတစ်ယောက်ဖြစ်အောင် သတ်မှတ်ထားတဲ့ ဘွဲ့တွေ၊ ဒီဂရီတွေ အဆင့်ဆင့် ရယူကြိုးပမ်းခဲ့ကြရပါတယ်။ လက်သီးလက်မောင်း တန်းနိုင်တိုင်း နိုင်ငံရေးသမားဆိုပြီး လက်ခံလေ့မရှိကြပါဘူး။ ဘယ်လောက်ချမ်းသာသလဲ၊ ချမ်းသာတဲ့ နောက်ခံ ဘယ်လောက်ရှိသလဲ ဆိုတဲ့အပေါ် မူတည်ပြီး သတ်မှတ်ရွေးချယ်လေ့ရှိကြပါတယ်။ မူလကတည်းက ပညာလည်းမတတ်၊ ဥစ္စာလည်းပြတ်သူတွေ၊ နိုင်ငံအရေး မှာ ဦးဆောင်နိုင်သူတွေ မဟုတ်ခဲ့ရင်၊ နိုင်ငံရေးအခြေခံ၊ ကိုယ့်နိုင်ငံအပေါ် နားလည်သူတွေ မဟုတ်ခဲ့ရင်၊ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ မဟုတ်ခဲ့ရင် နိုင်ငံရေးလောကအနားကို သီခွင့်တောင် မပြုခဲ့ကြပါဘူး။ အခြေခံမွဲသူတွေဟာ နိုင်ငံရေးမှာ ဦးဆောင်ရမယ့်အခန်း ရောက်လာရင် ကိုယ်ကျိုးကြည့်ပြီး နိုင်ငံရေးနဲ့စီးပွားရှာကာ ကြီးပွားရာကြီးပွားကြောင်းတွေ လုပ်တတ်လို့ သူတို့ဆီမှာ နိုင်ငံရေးသမား ဆိုတာ တော်ရုံတန်ရုံ အရည်အချင်းနဲ့တော့ မဖြစ်နိုင်ပါဘူး။


ပါတီနိုင်ငံရေးမှာ ဝင်ရောက်လှုပ်ရှားသူတွေကိုလည်း နိုင်ငံရေးသမားတွေလို့ ခေါ်ကြပါတယ်။ နိုင်ငံအချို့မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးမှာ ပါဝင်လှုပ်ရှားသူတွေကို နိုင်ငံရေးသမားတွေလို့ သတ်မှတ်ကြပါသေးတယ်။ မြန်မာနိုင်ငံမှာကတော့ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ပတ်သက်နေသူတွေကို နိုင်ငံရေးသမားတွေလို့ မသတ်မှတ်ကြပါဘူး။ နိုင်ငံတော်ရဲ့ မူအရ ဝန်ထမ်းဟူက နိုင်ငံရေးကင်းရှင်းကြရမည်ဟု ဆိုထားသောကြောင့် အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ယူနေသူများကို နိုင်ငံရေးသမား တွေလို့ မခေါ်နိုင်ပါဘူး။

ပါတီတွေထောင်ပြီး ပါတီက ခွင့်ပြုလို့ ပါတီတွင်း ခေါင်းဆောင်မှုပေးနိုင်သူတွေကို ပါတီနိုင်ငံရေးသမားတွေလို့ ခေါ်ကြပါတယ်။ ပါတီဝင်တိုင်း နိုင်ငံရေးသမားလို့ မခေါ်ကြပါဘူး။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကလည်း နိုင်ငံ့ဝန်ထမ်းတိုင်းလိုလို ပါတီဝင်ကြရ ပေမယ့် နိုင်ငံရေးသမားတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ပါတီကတော့ ကေဒါတွေ၊ အမြုတေတွေ၊ အရန်၊ တင်းပြည့်ဆိုတာတွေသုံးပြီးတော့ ပါတီအဆင့်တွေကို သတ်မှတ်ပေးပေမယ့် လူတိုင်းကို နိုင်ငံရေးသမားတွေလို့ ပါတီတွင်း နေရာယူထားသူတွေကတောင် သုံးနှုန်းခဲ့ကြတာ မတွေ့ရပါဘူး။ အချို့နိုင်ငံတွေမှာ ဒေသဆိုင်ရာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးအတွက် တာဝန်ယူထားသူတွေကို နိုင်ငံရေးသမားတွေလို့ ခေါ်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့လည်း ဒေသဆိုင်ရာ ပြည်သူတွေက ထောက်ခံပြီး ရွေးချယ်တင်မြှောက်လိုက်မှ ဒီရာထူး ကို ရရှိလာနိုင်လို့ပါ။ ဒါကြောင့် မြို့တော်ဝန်တွေ၊ ရဲတွေကိုလည်း နိုင်ငံရေးသမားတွေအနေနဲ့ သတ်မှတ်ကြပါတယ်။ သူတို့ တိုင်းပြည်တွေ မှာ ကိုယ့်ဒေသ ကိုယ့်ရပ်ရွာကို ကြီးကြပ်ကာကွယ်ပေးရသူတွေဟာ လူကြိုက်လောက်အောင် ပေါ်ပြူလာဖြစ်မှ အရွေးခံကြရပါတယ်။

နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ ဝင်ရောက်လုပ်ကိုင်ပြီး လုပ်ခလစစားနေသူတွေကိုတော့ နိုင်ငံရေးသမားအနေနဲ့ မသတ်မှတ်ပါ ဘူး။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို အချိန်ပြည့်ထမ်းဆောင်နေကြရသူတွေကို နိုင်ငံရေးသမားတွေ လို့ မသတ်မှတ်ကြပါဘူး။ သူတို့ဟာ နိုင်ငံ့ဝန်ထမ်းတွေပဲ ဖြစ်ကြပါတယ်။ နိုင်ငံတော်မှာ အဆုံးအဖြတ်ပေးရသူတွေဖြစ်နေလို့ သူတို့ကို နိုင်ငံတော်ရဲ့ အရေးပါတဲ့တာဝန်တွေကို ထမ်းဆောင်နေသူတွေလို့သာ သတ်မှတ်ကြပြီး နိုင်ငံရေးသမားတွေလို့ မဆိုနိုင်ပါဘူး။

နိုင်ငံသူ နိုင်ငံသားတိုင်းက လွတ်လပ်စွာ ရွေးချယ်တင်မြှောက်လိုက်လို့ ထိပ်တန်းရောက်လာသူတိုင်းကိုလည်း နိုင်ငံရေးသမားလို့ မခေါ်နိုင်ပါဘူး။ ပါတီကအာဏာရလာလို့ ထိပ်တန်းတာဝန်တစ်ခုခု အပေးခံရပြီး ပါတီရဲ့တာဝန်ကို ထမ်းဆောင်နေပေမယ့် နိုင်ငံရေး သမားလို့ သူတို့ဆီမှာ မသတ်မှတ်ပါဘူး။ သူတို့သတ်မှတ်တဲ့ နိုင်ငံရေးသမားဆိုတဲ့စံမှာ ပြည်သူတွေကို အမှန်တကယ်ခေါင်းဆောင်မှု ပေးနိုင်သော၊ ပြည်သူတိုင်းက အမှန်တကယ် နားလည်လက်ခံသောဆိုတဲ့ စံတွေပါနေတာ တွေ့ရပါတယ်။ ပါတီခေါင်းဆောင်တစ်ယောက် အနေနဲ့ နိုင်ငံကိုခေါင်းဆောင်ဖို့ တာဝန်ပေးတယ်ဆိုတာ ပါတီရဲ့အဆုံးအဖြတ်ဖြစ်နိုင်သလို ပြည်သူတွေက ဒီလူကိုကြိုက်လို့ မဲပေးလိုက် တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီမိုကေရစီနိုင်ငံကြီးတွေမှာတောင်မှ မင်းတို့ကြိုက်တဲ့သူတက်၊ တိုင်းပြည်အတွက်လုပ်၊ မင်းတို့အတွက် မလုပ်ရင် ပြီးတာပဲဆိုပြီး လစ်လျူရှုကာ ကိုယ့်သဘောနဲ့နေကြသူတွေလည်း အများကြီးရှိပါတယ်။ ဒီမိုကရေစီနိုင်ငံကြီးတွေမှာလည်း နိုင်ငံ လုံးကျွတ်ထောက်ခံတဲ့ နိုင်ငံရေးသမားမရှိဘူးဆိုတာ တိုင်းပြည်မှာရှိတဲ့ လူဦးရေနဲ့ မဲပေးတဲ့အချိုးအဆကို နှိုင်းဆကြည့်ရင် သိနိုင်ပါတယ်။ ဆိုလိုချင်တာက နိုင်ငံရေးသမားလို့ ကြွေးကြော်ပြီး တက်လာသူတိုင်း နိုင်ငံရေးသမားတွေ မဟုတ်ကြဘူး၊ နိုင်ငံသူ နိုင်ငံသားအားလုံးကို ကိုယ်စားမပြုနိုင်ဘူးဆိုတာပါပဲ။

နိုင်ငံရေးပါတီတွေ အာဏာရလာရင် အစိုးရတွေ ဖွဲ့တတ်ကြပါတယ်။ သူတို့ကိုယ်သူတို့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးခေါင်းဆောင်တွေအဖြစ် သတ်မှတ်ပြီး ဂုဏ်ယူတတ်ကြပေမယ့် ဒီဘက်ခေတ်အပိုင်းမှာ နိုင်ငံရေးသမားဆိုတာတွေကို ပြည်သူတွေ အမြင်မကြည်ဖြစ်လာခဲ့ကြတာ ကြာခဲ့ပါပြီ။ နိုင်ငံရေးဆိုတာ လုပ်စားစရာလို့ သတ်မှတ်ပြီး လုပ်စားသွားကြတာများလွန်းလို့ ပြည်သူအပေါင်းလည်း စိတ်ရောကိုယ်ပါ ထောင်းလမောင်း ကြေနေကြပါပြီ။ နိုင်ငံရေးသမားတွေရဲ့ မြှုပ်ကွက်တွေ၊ မသမာမှုတွေ၊ ကိုယ်အာဏာမရမချင်း အဆိုးမြင်ဝါဒ လက်ကိုင် ထားမှုတွေကြောင့် တိုင်းပြည်ထဲမှာ လူမျိုးစုအချင်းချင်း စစ်ခင်းနေကြရတာတွေကို ပြည်သူတွေ ရွံ့မုန်းနေကြပါပြီ။ ငါ့ပါတီ အာဏာမရ မချင်း တက်သမျှအစိုးရ ဆန့်ကျင်မယ်ကွလို့ တစ်ဘက်သတ် တစ်ယူသန်စိတ်တွေနဲ့ လက်နက်ကိုင်ဆန့်ကျင်နေကြလို့ သွေးချောင်းစီး နေတဲ့ နိုင်ငံတွေလည်း မနည်းတော့ပါဘူး။

နိုင်ငံရေးသမားဆိုတာကို ''နိုင်ငံရေးလုပ်စားသူများ'' လို့ သတ်မှတ်ခံကြရတာကလည်း နိုင်ငံရေးကို နိုင်ငံတော် နိုင်ငံသားတွေအတွက် လုပ်ချင်လို့မဟုတ်ဘဲ နောက်ကွယ်က ကြိုးကိုင်သူတွေအတွက်ဖြစ်စေ၊ အကျိုးအမြတ်တစ်ခုခုအတွက်ဖြစ်စေ၊ နောက်တစ်ကြိမ် ပြန်အရွေး ခံရဖို့ မသေချာသူတွေဟာ ကိုယ်ကျိုးရှာပြီး လုပ်စားတတ်ကြပါတယ်။ နိုင်ငံရေးရာသီဥတု ပြင်းထန်နေချိန်မှာ ပွဲလန့်တုန်း ဖျာခင်းလိုက်ဦးမှ ဆိုတဲ့ နိုင်ငံရေးသမားတွေလည်း နိုင်ငံရေးဇာတ်ခုံပေါ်မှာ အများကြီးရှိတတ်ပါတယ်။ တစ်သက်လုံး နိုင်ငံရေးအကွက်ချောင်းပြီး ငါးပွက်ရာ ငါးစာချတတ်တဲ့သူတွေလည်း ဒီလောကမှာ တစ်ပုံကြီးရှိတတ်တာကြောင့် နိုင်ငံရေးသမားဆိုတာ သိပ်ပေါ်ပြူလာဖြစ်နိုင်တဲ့ ခေတ်တော့ မဟုတ်တော့ပါဘူး။

(၂ဝဝ၇ ဒီဇင်ဘာလထုတ် မျက်မှောက်ရေးရာမဂ္ဂဇင်းပါ တင်ညွန့်ရေးသားသော နိုင်ငံရေးနှင့် နိုင်ငံရေးသမားမှ ထုတ်နှုတ်ထားပါသည်။)

Technorati Technorati tags: , | |

အပြည့်အစုံဖတ်ရန်

ဖတ်ရှုသူတို့၏ မှတ်ချက်များ

Weblog Commenting and Trackback by HaloScan.com