Monday, January 21, 2008

တကယ်ထိုက်တန်ပြီလား

ဘယ်နေရာ၊ ဘယ်ဒေသမှာမဆို အခွင့်အရေးတစ်ခုကိုလိုချင်ရင် အဲဒီအခွင့်အရေးနဲ့ ထိုက်တန်တဲ့ အရည်အချင်းမျိုး ကိုယ့်မှာရှိနေဖို့ အရင်ကြိုးစား ရပါလိမ့်မယ်။ ဒါဟာ ကမ္ဘာဦးကတည်းက ရှိခဲ့တဲ့ သဘာဝနိယာမတစ်ခု ဖြစ်ပါတယ်။ မြေဆီသြဇာကောင်းရှိတဲ့ဒေသမှာမှ သီးပင်စားပင်ကောင်းများ ပေါက်ရောက်တဲ့ သဘောပဲဖြစ်ပါတယ်။ မြေသြဇာမကောင်းပဲနဲ့တော့ အပင်က အသီးအပွင့်မလှိုင်တာကို ထိုင်ပြီး အပြစ်ပြောနေလဲ အပိုပါပဲ။ မြေသြဇာကောင်းအောင် မလုပ်ဘဲနဲ့တော့ ဘာမှထူးခြားလာစရာ မရှိပါဘူး။ ဘယ်လောက်ပဲ မျိုးကောင်းပါတယ်ဆိုတဲ့ အပင်ကိုစိုက်လဲ အတူတူပဲ နေမှာပါပဲ။


မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ အများစုက နိုင်ငံရေးသစ်ပင်ကြီးမှာ ဒီမိုကရေစီ အသီးအပွင့်တွေ လှိုင်လှိုင် ပွင့်သီးစေလိုကြပါတယ်။ ဒီတော့ နိုင်ငံရေးသစ်ပင်ကြီး အမြစ်တွယ်ရှင်သန်နေရတဲ့ ပြည်သူတို့ရဲ့အကြားမှာ ဒီမိုကရေစီအတွက်လိုအပ်တဲ့ အသိဥာဏ် မြေသြဇာတွေ ပြည့်စုံပြီလားကြည့်ရပါမယ်။ ကျွန်တော်ကတော့ မထင်ပါ။ ပြောရရင် သက်နုမြေလွှာအဆင့်ပဲ ရှိပါသေးတယ်။ မြေဆီ သြဇာပြည့်ဝအောင် အတော်လေး ပြုပြင်ယူရပါလိမ့်မယ်။

ဒီမိုကရေစီနိုင်ငံသားကောင်းဖြစ်ဖို့ ဘယ်အချက်တွေများ မရှိမဖြစ် လိုအပ်ပါလိမ့်။ ကျွန်တော့်ခေါင်းထဲ တန်းပြီးပေါ်လာတာကတော့ တာဝန်သိစိတ် (proactive) ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေမှာ အများကြီးအားနည်းနေသေးတဲ့ အချက်ပါ။ စင်္ကာပူနိုင်ငံကို ကျွန်တော်မရောက်ဖူးပါ။ ရောက်ဖူး သူများရဲ့အဆိုအရ စင်္ကာပူနိုင်ငံသားအများစုဟာ လမ်းမပေါ်မှာ ကိုယ့်ခွေးပါချသွားတဲ့ ချေးကိုတောင် မမေ့မလျော့ တာဝန်ယူ ရှင်းလင်းကြပါသတဲ့။ မြန်မာလူမျိုးတွေကတော့ လမ်းဘေးသေးပေါက်၊ လမ်းပေါ်ကွမ်းတံတွေးထွေးတဲ့အလုပ်တွေကို ပျော်ပျော်ကြီး လုပ်နေကြတုန်းပါပဲခင်ဗျာ။

နောက်တစ်ချက်ကတော့ စည်းကမ်းလိုက်နာမှုပါ။ မြန်မာတွေ စည်းကမ်းရှိကြပါသလား။ မရှိပါလို့ ဖြေရပါမည်။ ဆူးလေလမ်းဆုံက မျဉ်းကျားမှာ လူကူးမီးပွိုင့်ရှိပါတယ်။ မီးပွိုင့်ရဲ့အချက်ပြအတိုင်း လမ်းကူးတဲ့သူ ဘယ်နှစ်ယောက်ရှိမယ် ထင်ပါသလဲ။ မရှိသလောက်ကို နည်းပါတယ်။ အများစုက မီးပွိုင့်နီနီ၊ စိမ်းစိမ်း လျင်ရင်လျင်သလို ကားတွေကြားထဲ လှစ်ခနဲ၊ လှစ်ခနဲ။ တစ်လောလေးက ကိုရီးယားကားတစ်ကားကြည့်မိတော့ ထွက်ပြေးသွား တဲ့ မင်းသမီးလေးနောက်ကို အပြေးလိုက်တဲ့ မင်းသားဟာ လူကူးမျဉ်းကြားမှာ မီးပွိုင့်နီသွားတဲ့အတွက် ဆက်မလိုက်တော့ဘဲ ရပ်ပြီးကျန်ခဲ့ပါ ရောလားဗျာ။

နောက်တစ်ခါ စဉ်းစားဆင်ခြင်နိုင်ခြင်းပါ။ Cypher ကတော့ အဆဲခံရတာ ကြိုက်ပုံရတယ်လို့ တွေးကြမှာပဲ။ ဒါပေမယ့် ပြောပါရစေတော့။ မြန်မာတွေ စဉ်းစားဆင်ခြင်နိုင်စွမ်း သိပ်နည်းပါတယ်။ ကျန်ခဲ့တဲ့ စက်တင်ဘာလက ပခုက္ကူမှာ ဆန္ဒပြတဲ့ သံဃာနှစ်ပါးကို လုံထိန်းတွေက ကြိုးကွင်းပစ် ဖမ်းသတဲ့။ VOA က အော်သွားပုံများ။ ကျွန်တော်တွေးလိုက်မိတာက မီလာရှီကာ စိုင်းဗေဒါများ ပခုက္ကူမှာ ရှိနေသလားရယ်လို့ပါ။ အခုခေတ်မှာ သစ်တောကြိုးဝိုင်းထဲက ဆင်ဖမ်းတဲ့သူတွေတောင် အားလုံး ကြိုးကွင်းမပစ်တတ်ကြပါခင်ဗျား။

နောက်တောင်ဥက္ကလာမှာ ဖြစ်တဲ့နေ့က မျက်မြင်ကြုံခဲ့သူ သူငယ်ချင်းတစ်ယောက်က ပြောပြပါတယ်။ လုံထိန်းတွေက လူစုခွဲခိုင်းတာ မကွဲတော့ ရာဘာကျည်ဆံနဲ့ပစ်တာ ပြေးလိုက်ကြတာများ အလုအယက်တဲ့။ ဒါပေမယ့် ရာဘာကျည်ဆံမှန်းလည်းသိရော ပြန်လှည့်လာပြီး လုံထိန်းတွေဆီ ပြေးတက်ကြသတဲ့။ စဉ်းစားကြည့်ကြပါခင်ဗျာ။ လူစုခွဲဖို့ဟာ လုံထိန်းတွေရဲ့တာဝန်ပါ။ နောက်ဆုံး သတိပေးတဲ့အနေနဲ့ ရာဘာကျည်ဆံနဲ့တောင် ပစ်ပြီးပါပြီ။ အခု ပြန်တက်လာတဲ့လူတွေကို ကျည်အစစ်နဲ့မှမပစ်ရင် လက်နက်အပ်ပြီး ဒီလူတွေလုပ်သမျှ ခံရမယ့်ကိန်းပါ။ ဆူပူဆန္ဒပြသူတွေ လက်ထဲကို ဦးဏှောက်ရှိတဲ့ ဘယ်လုံခြုံရေးအရာရှိကမှ လက်နက်တွေ ထိုးအပ်မှာ မဟုတ်ပါဘူး။ ဒီတော့ ကျည်အစစ်နဲ့ ပစ်ဖို့ကိုပဲ ရွေးချယ်ရတော့ မှာပါပဲ။

နောက် VOA ရဲ့မေးမြန်းခန်းမှာ ပြည်ပရောက် မြန်မာကျောင်းသူတစ်ဦးက ပြောသွားပုံကလည်း နေပြည်တော်ကို အမေရိကန်ကမှ ဗုံးလာမကြဲရင် မြန်မာနိုင်ငံ ဒီမိုကရေစီ မရနိုင်ပါတဲ့။ တယ်လဲ ရွှေဥာဏ်တော် စူးရောက်တာကိုးဗျ။ နေပြည်တော်မှာ အရပ်သားနဲ့ ဝန်ထမ်းပေါင်း သန်းနဲ့ချီပြီး ရှိပါတယ်။ ဦးဏှောက်နဲ့ စဉ်းစားစေလိုပါတယ်။

ပြောနေရင် ဆုံးနိုင်မယ်မထင်ပါ။ ဒီလို ပြုပြင်သင့်တာလေးတွေကို ခုအချိန်ကတည်းက ပြုပြင်သွားမယ်ဆိုရင်တော့ မြန်မာတွေ နိုင်ငံကြီးသား ပီသ လာကြတဲ့အချိန်နဲ့ အခြေခံဥပဒေရေးဆွဲပြီးစီးလို့ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာတဲ့အချိန်ဟာ တိုင်း၍ရက်တဲ့ ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့် ဆိုသလို အလွန်မှပင် ကောင်းမွန်တဲ့ အနာဂါတ်ရှိမှာ မလွဲဧကန် ဖြစ်ပါကြောင်း။ ။

(အခုပို့စ်လေးဟာ မြန်မာတွေကို ချိုးနှိမ်လိုတဲ့သဘောနဲ့ ရေးသားခြင်းမဟုတ်ပါ။ အထက်မှာ ဖော်ပြထားတဲ့ အားနည်းချက်တွေမှာ ကျွန်တော်လည်း မြန်မာတစ်ဦးဖြစ်တဲ့အတွက် ကိုယ်တိုင်အကျုံးဝင်ပါကြောင်း)

Technorati Technorati tags: , , | |

ဖတ်ရှုသူတို့၏ မှတ်ချက်များ

Weblog Commenting and Trackback by HaloScan.com