ဒီမိုကရေစီစနစ်သည် ဂရိနိုင်ငံမှ စတင်မွေးဖွားပေါ်ပေါက်လာပြီး ဂရိလို Demo Kratia ဟု ခေါ်ဆိုပြီး Demos သည် (People) ပြည်သူ၊ Kratos သည် (Rule or Power) စည်းမျဉ်းဥပဒေ သို့မဟုတ် အုပ်ချုပ်ရေးအာဏာဟု အဓိပ္ပါယ်သတ်မှတ်နိုင်ပြီး ပြည်သူက အုပ်ချုပ်ခြင်း၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့အစိုးရဟု ခေါ်ဆိုနိုင်သည်။ မည်သည့်ကိစ္စမဆို အများနှင့်သက်ဆိုင်သောကိစ္စဖြစ်သည်ကိုလည်းကောင်း၊ ယင်းကိစ္စမျိုးကို မည်သို့ဆောင်ရွက်ထိုက်သည်ကိုလည်းကောင်း အဆုံးအဖြတ်ပေးနိုင်သော လုပ်ပိုင်ခွင့်သည် ပြည်သူအားလုံးတွင် တည်ရှိနေသဖြင့် ပြည်သူလူထုကသာလျှင် ပြည်သူလူထုကိုအစိုးရသော အုပ်ချုပ်ရေးစနစ်ပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်သည် ရှေးဂရိ နိုင်ငံရေးနှင့် အတွေးအခေါ်ပညာရပ်မှ စတင်ပေါက်ဖွားလာခဲ့ခြင်းပင်ဖြစ်သည်။
'Democracy is the Government of the People, by the People and for the People'' ဒီမိုကရေစီသည် ပြည်သူက အုပ်ချုပ်ခြင်း ဖြစ်ပြီး ပြည်သူက ပြည်သူကို အုပ်ချုပ်ခြင်းဟု အေဗရာဟင် လင်ကွန်းက ဆိုခဲ့ကြောင်း၊ ကမ္ဘာတွင် ထင်ရှားပြီး ခေတ်ပေါ်သမိုင်းနဲ့လည်း ကိုက်ညီတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ကြောင်း ဆရာကြီး ဒဂုန်တာရာက ပြောကြားသည်။
ယင်းဒီမိုကရေစီစနစ်သည် ဘီစီ ၇၅ဝ လောက်က ဂရိနိုင်ငံတွင် အလွန်ခေတ်စားခဲ့ပေသည်။ ''ရှေးခေတ် ဂရိမြို့ပြနိုင်ငံများတွင် တိုင်းရေးပြည်ရေးကိစ္စရှိလျှင် မြို့လယ်ခေါင်ရှိ ကွက်လပ်ရင်ပြင်ကြီးတွင် မြို့သူမြို့သားများစုကာ ကိစ္စအရပ်ရပ်ကို တင်ပြကြကြောင်း၊ မြို့သူမြို့သားများထဲမှ အကြံကောင်းဥာဏ်ကောင်းပေးနိုင်သူများက ပါဝင်ဆွေးနွေးကြပြီး နောက်ဆုံး ဆုံးဖြတ်ချက်ချတော့မည် ဆိုလျှင်လည်း တက်ရောက်လာသော လူထု၏ဆန္ဒဖြင့် မဲခွဲဆုံးဖြတ်အတည်ပြုကြောင်း၊ ယင်းကို တိုက်ရိုက်ဒီမိုကရေစီဟုခေါ်ကြောင်း၊ နောက်ပိုင်း မြို့ပြနိုင်ငံအဆင့်မှ လူမျိုးစုံ စုပေါင်းနေထိုင်သည့် တိုင်းပြည်ကြီးများဖြစ်လာသည့်အခါ ထိုသို့ စုဝေးဆွေးနွေးဆုံးဖြတ်ရန် မဖြစ်နိုင်တော့ကြောင်း၊ ထိုအခါ လူထုမှ ကိုယ်စားလှယ်တင်မြှောက်စေလွှတ်သည့် သွယ်ဝိုက်ဒီမိုကရေစီ ဖြစ်ပေါ်လာကြောင်း၊ လူထုကိုယ်စားလှယ်မှားမှ ဥပဒေပြုကာ ထိုဥပဒေအား လွှတ်တော်မှယူကြောင်း၊ ထို့နောက် ယင်းဥပဒေအတိုင်း တိုင်းရေးပြည်ရေး စီမံခန့်ခွဲရန် အစိုးရကို လွှတ်တော်မှ ဖွဲ့ပေးကြောင်း၊ အချို့နိုင်ငံများတွင် လူထုမှ သမ္မတကို တိုက်ရိုက် မဲပေးကာ သမ္မတမှ အစိုးရအဖွဲ့ ဖွဲ့စည်းအုပ်ချုပ်သည်လည်းရှိကြောင်း၊ ထို့ပြင် လွတ်လပ်သည့် တရားရုံးများရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် လွှတ်တော်၊ အစိုးရနှင့် တရားရုံးဟု မဏ္ဍိုင်ကြီးသုံးခုသည် တစ်ခုနှင့်တစ်ခု သြဇာလွှမ်းမိုးခြင်းမရှိဘဲ တည်နေကြကြောင်း'' ဆရာမောင်ဝံသမှ ဒီမိုကရေစီ စတင်ကျင့်သုံးပုံနှင့် ဒီမိုကရေစီကျင့်သုံးမှုစနစ် ကွဲပြားလာမှုအပေါ် သုံးသပ်ပြောဆိုခဲ့သည်။
ဒီမိုကရေစီစနစ်သည် ဂရိနိုင်ငံမှ စတင်အခြေပြု ထင်ရှားလာခဲ့ပြီးနောက် ယနေ့ကမ္ဘာတွင် တစ်စတစ်စ ထင်ရှားကျော်ကြားလာသော စနစ်တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံတိုင်းသည်လည်း မိမိနိုင်ငံ၏ တည်နေရာ၊ ယဉ်ကျေးမှု စသည့် ကွဲပြားမှုများကြောင့် ဒီမိုကရေစီ စနစ်များသည်လည်း ပြောင်းလဲခဲ့သည်။ ယင်းနောက် ဒီမိုကရေစီ မူကွဲများ ပေါ်ပေါက်လာပြီး ပြည်သူများမှ ရွေးချယ်တင်မြှောက် လိုက်သော အစိုးရအဖွဲ့ဖြင့် ပြည်သူ့ကိုယ်စားအုပ်ချုပ်သည့် ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)၊ သီးခြားပါတီများ ထူထောင်ခွင့်ရှိပြီး ပါတီတိုင်း ကိုယ်ပိုင်ဝါဒ၊ ကိုယ်ပိုင်အတွေးအခေါ်များဖြင့် ဆောင်ရွက်သည့် ပါလီမန်ဒီမိုကရေစီ (Parliamentary Democracy)၊ ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်များဖြင့် လွတ်လပ်သော၊ တရားမျှတသော ရွေးချယ်တင်မြှောက်မှုများပြုလုပ်ကာ လူနည်းစုစိုးမိုးခြယ်လှယ်မှုမှ အကာအကွယ်ပေးထားသော လစ်ဘရယ် ဒီမိုကရေစီ (Liberal Democracy)၊ ပြည်သူမှ တိုက်ရိုက် အုပ်ချုပ်သော တိုက်ရိုက်ဒီမိုကရေစီ (Direct Democarcy)၊ ဒီမိုကရေစီအပေါ် ရှုထောင့်မျိုးစုံမှ လိုရာကျင့်သုံးသည့် ဆိုရှယ်လစ်ဒီမိုကရေစီ (Socialist Democracy)၊ မင်းမဲ့စရိုက် ဒီမိုကရေစီ (Anarchic Democracy)၊ အများဆန္ဒဒီမိုကရေစီ (Consensus Democracy) စသည့် ဒီမိုကရေစီမူကွဲများ ရှိနေပေသည်။
ဆရာဒဂုန်တာရာကလည်း ယနေ့ကျင့်သုံးနေသော နိုင်ငံအတော်များများသည် ဒီမိုကရေစီအစစ်ပင်ဖြစ်ကြောင်း၊ အစစ်နှင့် အတုဟု ယခုသုံးနှုန်းနေကြကြောင်း၊ အားလုံးဆောင်ရွက်ဆဲဖြစ်ပါက အစစ်ဟုပင်ခေါ်ရမည်ဖြစ်ပြီး တူချင်မှ တူမည်ဖြစ်ကြောင်း၊ မတူသည် မှာလည်း သဘာဝကျကြောင်း၊ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကပင် ဗဟုဝါဒဟု မိမိရေးပြီးကြောင်း၊ မည်သည့်တိုင်းပြည်တွင် အုပ်ချုပ်သည် ဖြစ်စေ မည်သည့်စနစ်ဖြင့် အုပ်ချုပ်သည်ဖြစ်စေ အများပြည်သူ၏ဆန္ဒအရ အုပ်စိုးခြင်းကတော့ အများလက်ခံနိုင်သည့်အုပ်စိုးခြင်း ဖြစ်ခဲ့ကြောင်း၊ ကိုယ်ရောက်နေသည့် ခေတ်ကို ကိုယ်သိကြကြောင်း၊ ထိုသို့သိခြင်းကို အခြေခံကာ မည်သည့်စနစ်သည် အကောင်းဆုံး ဖြစ်သည်ကို ကိုယ်တိုင် ရွေးကြရမည်ဖြစ်ကြောင်း၊ ခေတ်ကောင်းဖြစ်လာရန် ခေတ်လူငယ်များကသာ လုပ်ရမည်ဖြစ်ကြောင်း၊ အချို့ကိစ္စ များသည် စောင့်ကြည့်ရန်လိုကြောင်း၊ မသိသေးသည့် အကြောင်းအရာကို ပြောရန်ခက်ကြောင်း၊ ဒီမိုကရေစီသည် ပြည်သူက အုပ်စိုး သည့်စနစ်၊ အများဆန္ဒအရ အုပ်ချုပ်သည့်စနစ်မည်သော်လည်း ဒီမိုကရေစီချင်းကတော့ ထပ်တူထပ်မျှ မတူနိုင်ကြောင်း၊ ကိုယ့်အမျိုးသား အခြေအနေ၊ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုယ်ဖြစ်သဖြင့် တူရန်လည်း မလိုကြောင်း၊ အခြေခံအားဖြင့် အများဆန္ဒအရ ဖြစ်မည်သာဖြစ်ကြောင်း၊ အများဆန္ဒအရအုပ်ချုပ်လျှင် လွတ်လပ်မှုရှိပြီး မတည်ငြိမ်မှုများ အတော်ပင်နည်းသွားနိုင်ကြောင်း၊ ထိုကြောင့် ငြိမ်းချမ်းရေးစနစ်ဟု ဆိုနိုင်ကြောင်း၊ နိုင်ငံရေးလုပ်ခြင်းသည် ရန်သူကို မိတ်ဆွေဖြစ်အောင် ပြုခြင်းသာဖြစ်ကြောင်း၊ ယင်းသည် ငြိမ်းချမ်းရေးကိုမျှော်မှန်းသည့် ဒဿနဖြစ်ကြောင်း၊ ဒီမိုကရေစီ၏အဓိပ္ပါယ်ကို အကောင်းအထည်ဖော်ခြင်းသည် ငြိမ်းချမ်းရေးဟု မြင်ကြောင်း၊ ထို့ကြောင့် မိမိပြောသော အချက် သုံးချက်ကို လုပ်ကြရန်လိုကြောင်း ပြောဆိုခဲ့သည်။
(၂ဝဝ၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်ပါ D. မင်း၊ သန့်ကျော်ဇင်၊ ဇော်ကိုသက်နှင့် ငွေစန္ဒီတို့ စုစည်းရေးသားသည့် ပြည်သူအားလုံးလိုချင်သောဒီမိုကရေစီ၊ ဒီမိုကရေစီဆိုတာဘာလဲ ဆောင်းပါးမှ ထုတ်နှုတ်ထားပါသည်။)
Thursday, January 3, 2008
ဒီမိုပြီး ကရေစီကြရာဝယ် (၁)
Subscribe to:
Post Comments (Atom)
1 comments:
စိုးရိမ်ပါသည်။
အများကသူတို့ ဆန္ဒပြောဆိုရာတွင်တထပ်တည်းမကျနိုင်ပါ။
တခါတရံအတွေးအခေါ်များ
ဆန့် ကျင်ဖက်ဖြစ်နေတတ်ပါသည်။
ပြည့် ဝကြဖို့ လိုပါသည်။
ကြက်ဆူပင်စိုက်ဖို့  project တင်လျှင်
ဘာကြောင့် လုပ်ချင်ရလဲ။
အကျိုးအမြတ်ဘယ်လိုရှိမလဲ။
ဘယ်သူတွေကစိုက်မှာလဲ။ဘာစက်တွေနဲ့ ထုတ်မှာလဲ။ဈေးကွက်ကဘယ်လိုရှိလဲ။
ဘာ chemical တွေလိုသလဲ။ CO2 ထွက်နှုံးတကယ်ကျလား။ မြန်မာနိုင်ငံထဲမှာ
research လုပ်ပြီးသားရှိလား။ pilot study လုပ်ဖို့ လိုလား။စသည်ဖြင့် အခြေအတင်၂ ဖက်ဆွေးနွေး(ငြင်းခုံဟုမသုံးချင်ပါ) ရပါမည်။
မှန်ပါသည်။ နိုင်ငံေ၇းလုပ်ခြင်းသည် တိုင်းပြည်
ငြိမ်းချမ်းရေးတိုးတက်ရေးအတွက်ဖြစ်ပါသည်။
သို့ သော် မလွှဲမရှောင်သာ
ဆန့်ကျင်ပြောရလုပ်ရသောအခါများရှိပါလိမ့်မည်။
မိမိမှန်ကမှန်ကြောင်းပြန်ပြောရန်ဖြစ်ပါသည်။
စာနယ်ဇင်းများကလည်းအမှန်ကိုအထောက်အထား
များဖြင့်တင်ပြပါအုံးမည်။
အပြောခံနိုင်ရည်ရှိဖို့ လိုပါသည်။
ဗိုလ်ချုတ်ကြီးမို့ လို့မပြောဘူးမရှိရပါ။စစ်တပ်ကသဘောထားကြီးပါ့မလား
စိုးရိမ်ပါသည်။
စာနယ်ဇင်းများကလည်းယခုအချိန်ထိထောက်ပြနိုင်ခြင်း
မရှိသေးပါ။ဥပမာဘယ်စာစောင်ကမျှ ကြက်ဆူပင်မအောင်မြင်ကြောင်းရမ်းလုပ်ကြောင်းမရေးရဲသေးပါ။
Post a Comment