နိုင်ငံရေးတွင် စိတ်ဝင်စားဖွယ်ရာအချက်များစွာ ရှိပါသည်။ စနစ်တကျ လေ့လာလုပ်ဆောင်လျှင် တိုင်းပြည်အကျိုးရှိဖွယ်၊ နမူနာယူဖွယ် အချက်များစွာရှိပါသည်။ လူဦးရေမှာ ပထ၀ီနိုင်ငံရေး (Geo-Politics) ၏ ပထမအချက်ကြီးတစ်ရပ်ဖြစ်ပါသည်။ ယင်းက နိုင်ငံရေးကို အကြီးအကျယ် လွှမ်းမိုးမှုရှိပေသည်။ လူဦးရေအခြေအနေ (Demographic Situation) ကို ထည့်မတွက်ဘဲ နိုင်ငံရေးလုပ်ဆောင်လျှင် အကျိုးမရှိ ဖြစ်နိုင်သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံ လူဦးရေအခြေအနေနှင့် ပထ၀ီနိုင်ငံရေးကို လေ့လာလျှင် အလွန်ရင်လေးဖွယ် အချက်ကို တွေ့ရပေမည်။ မြန်မာနိုင်ငံမြောက်ဘက်တွင် လူဦးရေ သန်းပေါင်း ၁၀၀၀ ကျော်ရှိသည့် တရုတ်နိုင်ငံရှိပြီး၊ အနောက် ဘက်တွင် လူဦးရေ သန်းပေါင်း ၈၀၀ ကျော်ရှိ အိန္ဒိယနိုင်ငံရှိပေသည်။ အနောက်မြောက်မှ ဘင်္ဂလားဒေ့ရှ်သည်လည်း လူဦးရေ သန်းပေါင်း ၁၀၀ ကျော်နေပေပြီ။ ယင်းလူဦးရေထူထပ်လှသည့် နိုင်ငံကြီးသုံးနိုင်ငံကြားတွင် လူဦးရေ ၅၄ သန်း ကျော်မျှသာရှိသော မြန်မာနိုင်ငံအခြေအနေသည် မည်မျှရင်လေးဖွယ်ကောင်းပါသနည်း။
ထိုသို့သော လူဦးရေအခြေအနေတွင် မြန်မာလူမျိုးတို့၏ စရိုက်လက္ခဏာ (National Characteristic) ကို ထည့်တွက်လိုက်ပါက အခြေအနေမှာ အလွန်ဆိုးရွားလှသည်ကို တွေ့ကြရပေမည်။ မြန်မာလူမျိုးတို့သည် တစ်ဦးချင်း အလွန်လွတ်လွတ်လပ်လပ် နေလိုပြီး၊ မိမိသဘောအရသာ နေသွားလို၏ (Individualistic) )။ ထို့ကြောင့် ခိုင်မာ စွမ်းပကားရှိသည့် ခေါင်းဆောင်များ မရှိသည့်အခါ မြန်မာတို့သည် ညီညွတ်စည်းလုံးမှု လုံးဝမရှိဘဲ ၀ါးအစည်းပြေ သလို သူတစ်လူငါတစ်မင်းသာ နေထိုင်ခဲ့ကြသည်ကို တွေ့ရပါသည်။
ပုဂံခေတ်မှ ယခုအထိ တိုင်းပြည်စည်းလုံးညီညွတ်သည့် ကာလမှာ အလွန်နည်းပြီး ၀ါးအစည်းပြေသလို ဖြစ်ခဲ့သည်က များလေသည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗိုလ်ချုပ်အောင်ဆန်းတို့ကဲ့သို့ စွမ်းပကားရှိပြီး ခိုင်မာသည့် ခေါင်းဆောင်များ လက်ထက်တွင်သာ မြန်မာတို့ ရေပက်မ၀င်အောင် စည်းလုံးခဲ့လေသည်။ မြန်မာတို့ စည်းလုံးမိပြီ ဆိုလျှင်လည်း အရှေ့တောင်အာရှ ဖိန့်ဖိန့်တုန်ခဲ့သည်ချည်းဖြစ်၏။
သို့သော် ထိုသို့ စည်းလုံးခဲ့သည့်အချိန်မှာ အလွန်နည်းပါးလှပါဘိ။ အနော်ရထာ နန်းသက် (အေဒီ ၁၀၄၄-၁၀၇၇) ၃၃ နှစ်၊ ဘုရင့်နောင် နန်းသက် (အေဒီ ၁၅၅၀-၁၅၈၁) ၃၁ နှစ်၊ အလောင်းဘုရား နန်းသက် (အေဒီ ၁၇၅၂-၁၇၆၀) ၈ နှစ် နှင့် ဗိုလ်ချုပ်အောင်ဆန်း ၂ နှစ် (၁၉၄၅ ခုနှစ် စစ်ကြီးအပြီး ဗိုလ်ချုပ် နိုင်ငံရေးဦးဆောင်မှုပေးသည့် ကာလကိုသာ ရေတွက်ပါသည်။) စုစုပေါင်း ၇၄ နှစ်သာ မြန်မာတို့ စည်းစည်းလုံးလုံး ရှိခဲ့ကြလေသည်။ အနော်ရထာလက်ထက် ၁၀၄၄ မှစကာ ရေတွက်သော် ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသည်အထိ နှစ်ပေါင်း ၉၀၃ နှစ်တွင် ၇၄ နှစ်သာ မြန်မာတို့ စည်းစည်းလုံးလုံး ရှိခဲ့ကြလေသည်။ ၁၉၄၇ ခုနှစ်မှစကာ ယနေ့ထိ ကွဲခဲ့ပြဲခဲ့ကြသည်ကို ကိုယ်တွေ့ တွေ့ဖူး၊ ကြုံဖူးကြပြီး ဖြစ်ပေသည်။
ထို့ကြောင့် ယနေ့မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ ပထ၀ီနိုင်ငံရေးအခြေအနေအရ ကျွန်တော်တို့၏ အလိုအပ်ဆုံးအချက် မှာ စည်းလုံးညီညွတ်ရေးဖြစ်ပါသည်။ အစဉ်အလာအရ မြန်မာတို့ စည်းစည်းလုံးလုံး ရှိခဲ့ကြသည်မှာလည်း ခိုင်မာ စွမ်းပကားရှိသည့် ခေါင်းဆောင်များလက်ထက်တွင်သာ ဖြစ်ရကား ကျွန်တော်တို့ အလိုအပ်ဆုံးအချက်မှာ ခိုင်မာ စွမ်းပကားရှိသည့် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် ခေါင်းဆောင်မှုအောက်မှ တစ်မျိုးသားလုံး စည်းလုံးညီညွတ် မှုဟု ကောက်ချက်ချနိုင်မည် ဖြစ်ပေသည်။
နိုင်ငံကလည်းသေးငယ်၊ အချင်းချင်းလည်း မညီမညွတ်ဖြစ်နေလျှင်၊ ထို့ပြင် ယင်းနိုင်ငံငယ်နှင့် အိမ်နီးချင်းနိုင်ငံသည် နိုင်ငံကြီးတစ်ခုဖြစ်နေပါက ယင်းနိုင်ငံငယ် သေဖို့သာပြင်ပေတော့။ နိုင်ငံကြီးများအလယ်တွင် ကြားညှပ်နေသည့် မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီမှစကာ ယခုထိ အတောမသတ် အချင်းချင်း ကွဲပြဲတိုက်ခိုက်လာကြသည်ကို နှောင်းခေတ်သမိုင်းဆရာတို့က မည်သို့ သုံးသပ်ရေးသားကြမည် ထင်သနည်း။
ယင်းမှာ နိုင်ငံငယ်များအတွက် သမိုင်းက ပေးသည့် အရေးအကြီးဆုံး သင်ခန်းစာပင် ဖြစ်ပါသည်။
ပိုလန်ကိုကြည့်ပါ။ အချင်းချင်း သူတစ်လူ ငါတစ်မင်း မညီညွတ်ကြသောကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ရုရှား၊ ပရပ်ရှားနှင့် သြစတြီးယားတို့က ပိုလန်ကို သားတစ်သဖွယ် အပိုင်းပိုင်းလှီးဖြတ်ကာ ခွဲဝေယူခြင်း အကြိမ်ကြိမ် ခံခဲ့ရလေသည် (Partitions of Poland) ။ ဒုတိယကမ္ဘာစစ်အတွင်းကပင် ရုရှားနှင့် ဂျာမနီတို့က လက်ဝါးချင်းရိုက်ကာ ပိုလန်ကို တစ်ပိုင်းစီ ခွဲစိတ်ယူခဲ့ကြပါသေးသည်။
နိုင်ငံသေးငယ်တိုင်း သူများစော်ကားခံရသည်တော့မဟုတ်ပေ။ နိုင်ငံလေးများအတွက် သူများ အစော်ကားမခံရစေရန် မရှိမဖြစ် လိုအပ်ချက်မှာ စည်းလုံးညီညွတ်ရေးနှင့် စစ်ရေးပြင်ဆင်ပြီးဖြစ်မှုတို့ဖြစ်ပါသည်။ အစ္စရေးနှင့် ဆွစ်ဇာလန်တို့မှာ နိုင်ငံငယ်များအတွက် အကောင်းဆုံးသာဓကများ ဖြစ်ပေသည်။
အစ္စရေးလူဦးရေမှာ သုံးသန်းမျှသာဖြစ်၏။ ရန်သူအာရပ်နိုင်ငံအားလုံး လူဦးရေနှင့်နှိုင်းလျှင် ၂၀ ပုံ ၁ ပုံပင်မရှိချေ။ သို့သော် အစ္စရေးကို မည်သူကမျှ မစော်ကားရဲ။ အစ္စရေးစတင်တည်ထောင်ခဲ့သည့် ၁၉၄၈ ခုနှစ်မှ ယနေ့ထိ အာရပ်များနှင့် စစ်သုံးကြိမ်ဖြစ်ခဲ့ရာ စစ်ဖြစ်တိုင်း အစ္စရေးကသာ အနိုင်ရခဲ့သည်ချည်း ဖြစ်သည်။
ဆွစ်ဇာလန်နိုင်ငံသည် သေးငယ်လှသော်လည်း ဒီမိုကရေစီကို အလွန်မြတ်နိုးသည့်နိုင်ငံဖြစ်၏။ ဘက်မလိုက်သည်မှာ လည်း တကယ်ဒင်ဒင်မြည် ဘက်မလိုက်နိုင်ငံဖြစ်လေသည်။ မကြာသေးမီ အချိန်လေးအထိ ဆွစ်ဇာလန်သည် ကုလသမဂ္ဂကိုပင် အဖွဲ့ဝင်အဖြစ် မ၀င်ခဲ့ဘဲ သီးခြားရပ်တည်ခဲ့သည့်နိုင်ငံ ဖြစ်လေသည်။
နှစ်နိုင်ငံစလုံးသည် သေးငယ်စေကာမူ စစ်ရေးတွင် ဒင်ဒင်မြည် ထိပ်ထိပ်ကြဲများဖြစ်သောကြောင့် မည်သူ့ အစော်ကားမျှ မခံခဲ့ရခြင်းဖြစ်လေသည်။ သည်နှစ်နိုင်ငံလုံးနှင့် မြန်မာနိုင်ငံ နှိုင်းယှဉ်ကြည့်လျှင် သယံဇာတ ပေါကြွယ်ဝသည့်နေရာတွင် မြန်မာက ထိပ်တန်းကဖြစ်ပါသည်။ မြန်မာတို့သည်သာ စည်းလုံးညီညွတ်စွာဖြင့် သယံဇာတအရင်းအမြစ်များကို စီးပွားရေး တကယ်နားလည်သူများနှင့် စနစ်တကျ ထုတ်ယူသုံးစွဲလိုက်လျှင် မြန်မာတို့ အာရှတွင် နှစ်ပေါင်းသုံးဆယ် အတွင်း ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့၏ နိုင်ငံရေးခေါင်းဆောင်များ ပထ၀ီနိုင်ငံရေး (အထူးသဖြင့်) မြန်မာနိုင်ငံ၏ လူဦးရေအခြေအနေကို ရှေ့တန်းတင် စဉ်းစားကြပြီး ညီညွတ်ရေးတည်ဆောက်ရန် အချိန်တန်ပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
(သောင်းထိုက်၏ ပထ၀ီနိုင်ငံရေးစာအုပ်မှ ထုတ်နှုတ်ထားပါသည်။)
technorati tags: demographic, geopolitic, individualistic, national characteristic
0 comments:
Post a Comment