Thursday, December 20, 2007

လာဘ်ပေးလာဘ်ယူ တို့ရန်သူ

နိုင်ငံတစ်နိုင်ငံ၏ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ကိစ္စအရပ်ရပ်ကို ကမ္ဘာ့အလယ်တွင် မတင့်တယ်စရာဖြစ်အောင်၊ ဖြောင့်မတ် မှန်ကန်သော လမ်းကြောင်းကို တိမ်းစောင်းအောင် လုပ်ဆောင်နေမှုများတွင် လာဘ်ပေးလာဘ်ယူမှုလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ တံစိုးလက်ဆောင်နှင့် လာဘ်လာဘယူပြီး မိမိလုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို လွဲမှားစွာ ဆောင်ရွက်ပေးမှုကြောင့် တစ်ဖက် ကာယကံရှင်မှာ များစွာ နစ်နာရသလို နိုင်ငံတော်အုပ်ချုပ်သူ လူပုဂ္ဂိုလ်တို့အပေါ်တွင်လည်း အများပြည်သူ အထင်သေးစရာ၊ အပြစ် ပြောစရာများ ကြုံတွေ့ရတတ်ပါသည်။ ထို့ထက်ပိုဆိုးသည်မှာ လာဘ်ပေးလာဘ်ယူများပြားပြီး အမှန်က အမှားဖြစ်၊ အမှားက အမှန်ဖြစ်ရာ က တိုင်းပြည်၏ အုပ်ချုပ်ရေးယန္တရားမှာလည်း ကမောက်ကမဖြစ်သွားပြီး မတရားခံရသူတို့က နာကျည်းချက်ဖြင့် လက်တုံ့ပြန်ခြင်းလည်း ကြုံတွေ့ရတတ်ပါသည်။

နိုင်ငံတော်အုပ်ချုပ်သူများအနေဖြင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူကင်းရှင်းရေး၊ အဂတိလိုက်စားမှု ပပျောက်ရေး တို့အတွက် ဥပဒေများ သတ်မှတ်ပြဌာန်းပေးထားပါသည်။ ၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၈ ရက် နေ့စွဲဖြင့် 'အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေ' ကို ပြဌာန်းခဲ့သလို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၆၁ မှ ၁၆၅ အထိ တို့တွင်လည်း ပြည်သူ့ဝန်ထမ်းများကျူးလွန်သော သို့မဟုတ် သက်ဆိုင်သောပြစ်မှုများ (offenses by or relating to public servants) ကိုလည်း ပြဌာန်းထားရှိပါသည်။

သို့သော်လည်း အကျင့်ပျက်ဝန်ထမ်းအချို့သည် လာဘ်လာဘမရလျှင် ဘာမျှ လုပ်ချင်ကိုင်ချင်ပုံမရ၊ လာဘ်ကိုမျှော်ကိုးပြီး လာဘ်ရမှသာ လုပ်ငန်းဆောင်ရွက်ပေးတတ်သဖြင့် လာဘ်မပေးနိုင်ပါက လုပ်ငန်းများကို ဖင့်နှေးစေပြီး ကြန့်ကြာအောင် လုပ်တတ်ကြသည်။ ထိုအခါ ကာယကံရှင်များက လုပ်ဆောင်မပေးသော ဝန်ထမ်းကို ကျော်ပြီး အစိုးရကိုသာ အပြစ်တင်တတ်ကြသဖြင့် အစိုးရလည်း နာမည် ပျက်ကိန်း ကြုံရသလို လည်ပတ်နေသော အုပ်ချုပ်ရေးယန္တရားလည်း ယိုင်နဲ့သွားရတော့သည်။

လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကိစ္စကို ထိန်းချုပ်ရာတွင် လာဘ်ပေးသူရော၊ လာဘ်ယူသူပါ နှစ်ဦးစလုံးက မိမိတို့ အသိတရားရှိရှိဖြင့် ထိန်းချုပ်ရန်လိုပါသည်။ အကြောင်းမှာ အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေအရ လာဘ်ပေးသူ၊ လက်ယူသူ နှစ်ဦးစလုံးမှာ အပြစ် ရှိသောကြောင့်ဖြစ်ပါသည်။

ကာယကံရှင်အနေဖြင့်လည်း မိမိရပိုင်ခွင့်များကို ပြည်သူ့ဝန်ထမ်းထံမှ မှန်မှန်ကန်ကန် နည်းလမ်းတကျ ရယူဖို့လိုပါသည်။ ပြည်သူ့ ဝန်ထမ်းများ အနေဖြင့်လည်း နိုင်ငံတော်၏လစာကို ရရှိခံစားပြီးဖြစ်ရာ မိမိတာဝန်အရ လုပ်ဆောင်ပေးရမည့်ကိစ္စကို ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ သမာသမတ်ကျကျ လုပ်ဆောင်ပေးရမည် ဖြစ်ပါသည်။ မတော်လောဘနှင့်ယှဉ်ကာ ကိုယ်ကျင့်သိက္ခာ ဖောက်ဖျက်မှု များ ရှိလာလျှင် ဥပဒေ၏အပြစ်ပေးခြင်းကို ခံရနိုင်ပါသည်။

ဘာမှမဟုတ်သည့် လာဘ်ငွေလေးအတွက် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ ဘဝကြီးတစ်ခုလုံး ပျက်စီးသွားနိုင်သည်ကို သတိပြုသင့်ပါသည်။ ပို၍သတိပြုသင့်သည်မှာ လာဘ်ယူမှုကိစ္စကို တာဝန်ရှိသူ ပြည်သူ့ဝန်ထမ်း၏ ဇနီးသည်က ပြုလုပ်ခဲ့လျှင်လည်း ခင်ပွန်းဖြစ်သူ ဝန်ထမ်းတွင် အပြစ်ရှိပြီး ပြစ်ဒဏ်ခံရနိုင်ပါသည်။ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၆၂ တွင် ''မည်သူမဆို ပြည်သူ့ဝန်ထမ်းတစ်ဦးဦးအား ရာထူးဆိုင်ရာ ပြုလုပ်မှုတစ်ခုခုကို ပြုလုပ်စေရန်၊ ရှောင်ကြဉ်စေရန်၊ မျက်နှာလိုက်စေရန်၊ နှိမ်စေရန် သို့မဟုတ် လူတစ်ဦးတစ်ယောက်အတွက် ကောင်းကျိုးကိုသော်လည်းကောင်း၊ မကောင်းကျိုးကိုသော်လည်းကောင်း ပြုစေရန် ဥပဒေနှင့်မညီသောနည်းလမ်းဖြင့် သွေးဆောင်မှု ပြုလျှင် ပြည်သူ့ဝန်ထမ်းကို လာဘ်ပေးမှုကျူးလွန်ရာရောက်၍ ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ် နိုင်ကြောင်း'' ပြဌာန်းထားသည်။

အလားတူ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၆၃ တွင်လည်း ''ပြည်သူ့ဝန်ထမ်းအပေါ်တွင် မိမိ၏သြဇာကို အသုံးပြုသည့်အတွက် တံစိုးယူလျှင် ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း'' ပြဌာန်းထားသည်။ ပုဒ်မ ၁၆၄ တွင် ''ပြည်သူ့ ဝန်ထမ်းတစ်ဦးနှင့်စပ်လျင်း၍ တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မနှစ်ခုတွင် ဖော်ပြထားသည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်ရာတွင် ထို ပြည်သူ့ဝန်ထမ်းဖြစ်သူက ထိုပြစ်မှုကို အားပေးကူညီလျှင် ထိုပြည်သူ့ဝန်ထမ်းကို သုံးနှစ်ထိ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည်'' ဟု ပြဌာန်းထားသည်ကို တွေ့ရပါသည်။ ဥပမာ- ပြည်သူ့ဝန်ထမ်းခင်ပွန်းအား ဇနီးဖြစ်သူက ၎င်း၏ မိတ်ဆွေအား ရာထူးခန့်ပေးရန် ကာယကံရှင်ထံမှ လာဘ်ယူပြီး ခင်ပွန်းသည်ကိုပြောရာ ခင်ပွန်းသည်ကလည်း ဇနီးပြောသည့်အတိုင်း လုပ်ဆောင်ပေးခဲ့ရာတွင် ပြည်သူ့ဝန်ထမ်း ခင်ပွန်းသည်ရော ဇနီးသည်ပါ ပြစ်မှုပုဒ်မ ၁၆၂ နှင့် ၁၆၃ တို့ကို ကျူးလွန်ရာရောက်ပြီး ပုဒ်မ ၁၆၄ အရ နှစ်ဦးစလုံး ပြစ်ဒဏ်ခံရမည်ဖြစ်သည်။ ဤပြဌာန်းချက်များကိုကြည့်ပါက ဇနီးမယားများအနေဖြင့်လည်း ပြည်သူ့ဝန်ထမ်း ခင်ပွန်းသည်၏ တာဝန်ဝတ္တရားဆောင်ရွက်မှုများတွင် မမှန်ကန်သောနည်းလမ်းဖြင့် ဝင်ရောက်စွက်ဖက်ရန်မသင့်ကြောင်း သတိပြု သင့်ကြောင်း တွေ့နိုင်ပါသည်။

အချုပ်အားဖြင့်တင်ပြရလျှင် ယနေ့ မြန်မာနိုင်ငံတော်အား စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဖြစ်အောင် ကြိုးပမ်း တည်ဆောက်နေချိန်တွင် နိုင်ငံဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် သစ္စာ၊ သမာဓိ၊ သိက္ခာ၊ ကိုယ်ကျင့်တရားပြည့်ဝစွာဖြင့် နိုင်ငံ့ တာဝန်များကို မှန်မှန်ကန်ကန် စေတနာအပြည့်ထားကာ ဆောင်ရွက်သွားရန်နှင့် အဂတိလိုက်စားမှုကို အမြစ်ပါမကျန် တွန်းလှန် ဖြိုဖျက်သင့်လှကြောင်း စေတနာကောင်းဖြင့် ရေးသားလိုက်ရပါသည်။

(၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ထုတ် The Crime Journal ပါ မောင်မောင်လှဌေး (ဥပဒေ) ၏ ''ရှောင်ရှားသင့်သော လာဘ်ပေးလာဘ်ယူကိစ္စ'' ဆောင်းပါးမှ ထုတ်နှုတ်ယူထားခြင်းဖြစ်ပါသည်။)

Technorati Technorati tags: , , ,

3 comments:

Ottara said...

လာဘ်ပေးလာဘ်ယူမှုများသည်
ဦးနေ၀င်းလက်ထက်တွင် နအဖ လက်ထက်နှင့်ယှဉ်လျှင်နဲပါသည်။
မှတ်မှတ်ရရ မန္တလေးတွင် န၀တ
အဖွဲ့ ဝင်ဗိုလ်ချုတ်ကြီးထွန်းကြည်က
ကျောင်းဆရာဆရာမများကိုခေါ်၍
မိန့် ခွန်းပြောရာတွင် သံအပုံနားကယုန်များသည်
ကန်ဇွန်းရွက်အပုံနားကယုန်များ စားသောက်နေသည်
ကိုမနာလိုမရှိကြရန်သမိုင်းဝင်မိန့် ခွန်းချွေပါသည်။
ထိုမှစ၍ကျောင်းဆရာများ
ဝီခေါ်အောင်စားကြပါတော့သည်။
ဝန်ထမ်းများကိုမစားစားအောင် stupid idea များရှိသောအစိုးရ။
ဝန်ထမ်းများလခနှင
့်တင့်တင့်တယ်တယ်
စားနိုင်ဝတ်နိုင်အောင်လုပ်မပေးနိုင်သော
အစိုးရကိုမှအပြစ်မတင်လျှင်
ဘယ်ဝန်ထမ်းကိုအပြစ်တင်ရမည်နည်း။

Cypher said...

သြတ္တရခင်ဗျား။ ဦးနေ၀င်းလက်ထက်မှာ လာဘ်စားမှုနည်းတယ်လို့ ဆိုလိုတာပေါ့? ဒါကြောင့်များ မဆလလက်ထက်မှာ လူတွေ အခုခေတ်ထက် ချို့တဲ့ကြတာ ပါလားခင်ဗျာ။ ၀န်ထမ်းများ ပိုက်ဆံချို့တဲ့လို့ လာဘ်စား ရတယ်ဆိုရင် လခ ဒေါ်လာ သောင်းဂဏန်းရနေတဲ့ အမေရိကန်က အရာရှိကြီးတွေ ဘာလို့များ လာဘ်စားပါလိမ့်။ မောင်ဆိုက်ဖာက အသက်ကလည်း ငယ်သေး၊ အတွေ့အကြုံကလည်း နည်းသေးတော့ သိပ်မသိပါဘူးဗျာ။

Ottara said...

မှန်ပါသည်။ဦးနေ၀င်းခေတ်က၀န်ထမ်းများဒီခေတ်
လောက်မစားပါ။ကျနော် ၂ခေတ်ဘဲမှီလို့ နှိုင်းယှဉ်ပြောခြင်းဖြစ်ပါသည်။
ကျနော့်မူလတန်းကဆရာတယောက်ပင်စင်ယူုပြီးနောက် ဘူစီပေါင်းရောင်းခဲ့ရပါသည်။
အခုခေတ်ဘာလုပ်လုပ်နေရာတိုင်းငွေတောင်းပါ
သည်။လာဘ်စားတယ်လဲသူတို့ဟာသူတို့မထင်တော့ပါ။
အစိုးရမှာလဲတာဝန်ရှိတာကိုလွှဲချလို့ ထောက်ပြခြင်းဖြစ်ပါသည်။
အမေရိကန်တွင်လည်းလာဘ်စားမှုရှိနိုင်ပါသည်။
အများစုကအလုပ်လုပ်သလောက်လုံလောက်အောင်ပေးထား၍
စိတ်ဝင်စားမှုမရှိပါ။

ဖတ်ရှုသူတို့၏ မှတ်ချက်များ

Weblog Commenting and Trackback by HaloScan.com