Thursday, December 27, 2007

ရေနံဈေးဘာကြောင့်ကြီး

ရေနံဈေးနှုန်း ကြီးမြင့်ခြင်းသည် အားနည်းသောဒေါ်လာနှင့် ဈေးကစားသူများကဲ့သို့ ပြင်ပအချက်များကြောင့်ဖြစ်ကြောင်း ရေနံထုတ်လုပ် ရောင်းချသည့်နိုင်ငံများအဖွဲ့ (OPEC) မှ ပြောကြားခဲ့သည်မှာ နှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။ ယင်းအကြောင်းပြချက်များသည် အိုပက်၏ ရေနံတိုးမထုတ်သောလောဘကို ဖုံးကွယ်ရန် အကြောင်းပြချက်များဟုဆိုကာ မယုံကြည်သူများက ပယ်ချခဲ့သည်မှာလည်း နှစ်များစွာ ကြာပြီဖြစ်သည်။

သို့သော် ရေနံဈေးကွက်တွင် အိုပက်မဟုတ်သော အင်အားစုများ၏ ဈေးနှုန်းမြင့်တက်စေသော အင်အားသည် အိုပက်ကြိုးပမ်းခဲ့သော အရာများကို ပျက်စီးသွားစေနိုင်ကြောင်း ယင်းအဖွဲ့ကို မယုံကြည်သူများကပင် မကြာသေးမီက အသိအမှတ်ပြုလာခဲ့ကြသည်။ အထင်ရှားဆုံး အချင်းအရာမှာ တအိအိဈေးကျနေသော ဒေါ်လာဖြစ်သည်။ ရေနံကို ဒေါ်လာနှင့် ဈေးနှုန်းသတ်မှတ်သောကြောင့် ၂၀၀၂ ခုနှစ်နောက်ပိုင်းမှစကာ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ငွေကြေးနှင့်နှိုင်းယှဉ်ပါက ဒေါ်လာတန်ဖိုး သုံးပုံတစ်ပုံနီးပါး ကျဆင်းခဲ့သောကြောင့် အမေရိကန်တို့သည် ရေနံတစ်စည်အတွက် ဒေါ်လာ ၂၀ ကျော် ပိုသုံးနေရသည်။ ထို့ပြင် ဈေးကစားသူများကြောင့်လည်း ရေနံဈေး မြင့်တက်ကောင်းမြင့်တက်နိုင်သည်။ ကုန်စည်အားလုံးကို ဈေးကစား ကြိုးကိုင်ခြယ်လှယ်နိုင်သော်လည်း ရေနံကတော့ အထိမခံသည့်အမျိုးဖြစ်သည်။

ပထမအချက်။ ။ ရေနံသည် ထောက်ပံ့မှုအလျဉ်ပြတ်တတ်သော ကုန်စည်ဖြစ်သည်။ ဟာရီကိန်း သို့မဟုတ် နယ်စပ်စစ်ပွဲများကြောင့် ရေနံထုတ်လုပ်မှု ထိခိုက်တတ်သည်။

ဒုတိယအချက်။ ။ ကမ္ဘာလုံးဆိုင်ရာ ရေနံစနစ်ကလည်း နားလည်ရန် အလွန်ခက်ခဲသည်။ ထုတ်လုပ်သူများ၊ ချက်လုပ်သန့်စင်သူများ၊ သယ်ယူပို့ဆောင်သူများနှင့် ဖြန့်ဖြူးသူများ အဆင့်ဆင့်ရှိနေသည်။ မည်သည့်နေရာတွင် မည်သည့်အချိန်၌ ရေနံမည်မျှလိုမည်ကိုမူ မည်သူမျှ အတိအကျမသိပေ။ ရေနံထုတ်လုပ်ရောင်းချသည့်စနစ်တွင် စာရင်းမည်မျှ ပိုနေသည်ကို ခန့်မှန်းရန်နှင့် ရေနံအလျဉ်ပြတ်မှုကို ကာကွယ်ရန် မည်သည့်ပမာဏမျှ သိုလှောင်ထားရမည်ကို ဆုံးဖြတ်ရန်ခက်ခဲသည်။ ဥပမာအားဖြင့် အမေရိကန်စွမ်းအင်ဌာနက အမေရိကန်တွင် ရေနံသိုလှောင်ထားမှု ကျဆင်းနေကြောင်း ကြေညာပါက ရေနံဈေးကွက်က ဈေးနှုန်းမြင့်တက်ခြင်းဖြင့် တုံ့ပြန်သည်။

ရေနံသည် မတည်ငြိမ်သော ကုန်စည်ဖြစ်သည်။ ထို့ကြောင့် နေ့စဉ် စွန့်စားခြင်းဖြင့် အမြတ်ရနေသော ကုန်သည်များကို ဆွဲဆောင်သည်။ ဈေးနှုန်းကလည်း နာရီနှင့်အမျှ အပြောင်းအလဲရှိသည်။ ဈေးနှုန်းကို အလောင်းအစားပြု စွန့်စားခြင်းသည် ရာဇ၀တ်မှုမဟုတ်သောကြောင့် ယင်းအလောင်းအစားများက ဈေးနှုန်းကို လွှမ်းမိုးလာသောအခါ ပြဿနာဖြစ်သည်။

အစဉ်အလာအားဖြင့် ရေနံဈေးနှုန်းသည် ရေနံတစ်စည် ထုတ်လုပ်သည့်စရိတ်နှင့် သုံးဆခန့်ကွာဟတတ်ကြောင်း နယူးယောက်ရှိ Oppenheimer & Co. မှ ရေနံအကြောင်းလေ့လာသူ Fadel Gheit က ပြောကြားခဲ့သည်။ ရေနံထုတ်လုပ်မှုစရိတ်သည် ကမ္ဘာတစ်ဝှမ်းတွင် တစ်စည်လျှင် ၁၅ ဒေါ်လာမှ ၁၉ ဒေါ်လာကြား ကုန်ကျသည်။ အမှန်တကယ် ရေနံဈေးနှုန်းသည် ၄၅ ဒေါ်လာနှင့် ၅၇ ဒေါ်လာဖြင့် မည်သည့်နေရာတွင်မဆို ၀ယ်ယူရသင့်သည်။ ရေနံတစ်စည် ၄၅ ဒေါ်လာသည် သင့်တင့်သောဈေးနှုန်းဖြစ်ကြောင်း အိုပက်က ၂၀၀၅ ခုနှစ်တွင် ပြောကြားခဲ့ဖူးသည်။

ထို့ပြင် မလူးသာမလွန့်သာသော ဈေးကွက်များသည် နိုင်ငံရေးအဖြစ်အပျက်များ၊ ဟာရီကိန်း (သို့မဟုတ်) ဈေးကစားသူများ၏ အလောင်းအစားများကြောင့် ဖြစ်ပေါ်လာသော အနှောင့်အယှက်များ ဖြစ်သည်။

ဈေးကစားမှု အာမခံ (Speculator Premium) ကို မည်ကဲ့သို့ ထိန်းချုပ်နိုင်ပါမည်နည်း။

ဈေးနှုန်းမြင့်တက်မှုတိုင်းသည် ရေနံတင်ပို့ရောင်းချသူများအတွက် ဧရာမ ဆုလာဘ်တစ်ခုဖြစ်သည်။ ဈေးကစားမှု အာမခံကြောင့် အီရန်သည် တစ်လဒေါ်လာ ၅.၅ ဘီလျံခန့် အမြတ်ထွက်နေသည်။ ထိုငွေများကို အန္တရာယ်ပေးနိုင်သော လုပ်ငန်းများတွင် အသုံးပြုနိုင်သည်။ ထို့ပြင် တီဟီရန်အား စီးပွားရေးပိတ်ဆို့မှုများကို ထေမိနိုင်သည်။

(International Herald Tribune တွင်ပါရှိသည့် Paul Roberts ရေးသားသော Why oil prices so hight? ဖြစ်ပါသည်။)

Technorati Technorati tags: , ,

အပြည့်အစုံဖတ်ရန်

Thursday, December 20, 2007

လာဘ်ပေးလာဘ်ယူ တို့ရန်သူ

နိုင်ငံတစ်နိုင်ငံ၏ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ကိစ္စအရပ်ရပ်ကို ကမ္ဘာ့အလယ်တွင် မတင့်တယ်စရာဖြစ်အောင်၊ ဖြောင့်မတ် မှန်ကန်သော လမ်းကြောင်းကို တိမ်းစောင်းအောင် လုပ်ဆောင်နေမှုများတွင် လာဘ်ပေးလာဘ်ယူမှုလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ တံစိုးလက်ဆောင်နှင့် လာဘ်လာဘယူပြီး မိမိလုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို လွဲမှားစွာ ဆောင်ရွက်ပေးမှုကြောင့် တစ်ဖက် ကာယကံရှင်မှာ များစွာ နစ်နာရသလို နိုင်ငံတော်အုပ်ချုပ်သူ လူပုဂ္ဂိုလ်တို့အပေါ်တွင်လည်း အများပြည်သူ အထင်သေးစရာ၊ အပြစ် ပြောစရာများ ကြုံတွေ့ရတတ်ပါသည်။ ထို့ထက်ပိုဆိုးသည်မှာ လာဘ်ပေးလာဘ်ယူများပြားပြီး အမှန်က အမှားဖြစ်၊ အမှားက အမှန်ဖြစ်ရာ က တိုင်းပြည်၏ အုပ်ချုပ်ရေးယန္တရားမှာလည်း ကမောက်ကမဖြစ်သွားပြီး မတရားခံရသူတို့က နာကျည်းချက်ဖြင့် လက်တုံ့ပြန်ခြင်းလည်း ကြုံတွေ့ရတတ်ပါသည်။

နိုင်ငံတော်အုပ်ချုပ်သူများအနေဖြင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူကင်းရှင်းရေး၊ အဂတိလိုက်စားမှု ပပျောက်ရေး တို့အတွက် ဥပဒေများ သတ်မှတ်ပြဌာန်းပေးထားပါသည်။ ၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၈ ရက် နေ့စွဲဖြင့် 'အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေ' ကို ပြဌာန်းခဲ့သလို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၆၁ မှ ၁၆၅ အထိ တို့တွင်လည်း ပြည်သူ့ဝန်ထမ်းများကျူးလွန်သော သို့မဟုတ် သက်ဆိုင်သောပြစ်မှုများ (offenses by or relating to public servants) ကိုလည်း ပြဌာန်းထားရှိပါသည်။

သို့သော်လည်း အကျင့်ပျက်ဝန်ထမ်းအချို့သည် လာဘ်လာဘမရလျှင် ဘာမျှ လုပ်ချင်ကိုင်ချင်ပုံမရ၊ လာဘ်ကိုမျှော်ကိုးပြီး လာဘ်ရမှသာ လုပ်ငန်းဆောင်ရွက်ပေးတတ်သဖြင့် လာဘ်မပေးနိုင်ပါက လုပ်ငန်းများကို ဖင့်နှေးစေပြီး ကြန့်ကြာအောင် လုပ်တတ်ကြသည်။ ထိုအခါ ကာယကံရှင်များက လုပ်ဆောင်မပေးသော ဝန်ထမ်းကို ကျော်ပြီး အစိုးရကိုသာ အပြစ်တင်တတ်ကြသဖြင့် အစိုးရလည်း နာမည် ပျက်ကိန်း ကြုံရသလို လည်ပတ်နေသော အုပ်ချုပ်ရေးယန္တရားလည်း ယိုင်နဲ့သွားရတော့သည်။

လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကိစ္စကို ထိန်းချုပ်ရာတွင် လာဘ်ပေးသူရော၊ လာဘ်ယူသူပါ နှစ်ဦးစလုံးက မိမိတို့ အသိတရားရှိရှိဖြင့် ထိန်းချုပ်ရန်လိုပါသည်။ အကြောင်းမှာ အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေအရ လာဘ်ပေးသူ၊ လက်ယူသူ နှစ်ဦးစလုံးမှာ အပြစ် ရှိသောကြောင့်ဖြစ်ပါသည်။

ကာယကံရှင်အနေဖြင့်လည်း မိမိရပိုင်ခွင့်များကို ပြည်သူ့ဝန်ထမ်းထံမှ မှန်မှန်ကန်ကန် နည်းလမ်းတကျ ရယူဖို့လိုပါသည်။ ပြည်သူ့ ဝန်ထမ်းများ အနေဖြင့်လည်း နိုင်ငံတော်၏လစာကို ရရှိခံစားပြီးဖြစ်ရာ မိမိတာဝန်အရ လုပ်ဆောင်ပေးရမည့်ကိစ္စကို ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ သမာသမတ်ကျကျ လုပ်ဆောင်ပေးရမည် ဖြစ်ပါသည်။ မတော်လောဘနှင့်ယှဉ်ကာ ကိုယ်ကျင့်သိက္ခာ ဖောက်ဖျက်မှု များ ရှိလာလျှင် ဥပဒေ၏အပြစ်ပေးခြင်းကို ခံရနိုင်ပါသည်။

ဘာမှမဟုတ်သည့် လာဘ်ငွေလေးအတွက် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ ဘဝကြီးတစ်ခုလုံး ပျက်စီးသွားနိုင်သည်ကို သတိပြုသင့်ပါသည်။ ပို၍သတိပြုသင့်သည်မှာ လာဘ်ယူမှုကိစ္စကို တာဝန်ရှိသူ ပြည်သူ့ဝန်ထမ်း၏ ဇနီးသည်က ပြုလုပ်ခဲ့လျှင်လည်း ခင်ပွန်းဖြစ်သူ ဝန်ထမ်းတွင် အပြစ်ရှိပြီး ပြစ်ဒဏ်ခံရနိုင်ပါသည်။ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၆၂ တွင် ''မည်သူမဆို ပြည်သူ့ဝန်ထမ်းတစ်ဦးဦးအား ရာထူးဆိုင်ရာ ပြုလုပ်မှုတစ်ခုခုကို ပြုလုပ်စေရန်၊ ရှောင်ကြဉ်စေရန်၊ မျက်နှာလိုက်စေရန်၊ နှိမ်စေရန် သို့မဟုတ် လူတစ်ဦးတစ်ယောက်အတွက် ကောင်းကျိုးကိုသော်လည်းကောင်း၊ မကောင်းကျိုးကိုသော်လည်းကောင်း ပြုစေရန် ဥပဒေနှင့်မညီသောနည်းလမ်းဖြင့် သွေးဆောင်မှု ပြုလျှင် ပြည်သူ့ဝန်ထမ်းကို လာဘ်ပေးမှုကျူးလွန်ရာရောက်၍ ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ် နိုင်ကြောင်း'' ပြဌာန်းထားသည်။

အလားတူ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၆၃ တွင်လည်း ''ပြည်သူ့ဝန်ထမ်းအပေါ်တွင် မိမိ၏သြဇာကို အသုံးပြုသည့်အတွက် တံစိုးယူလျှင် ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း'' ပြဌာန်းထားသည်။ ပုဒ်မ ၁၆၄ တွင် ''ပြည်သူ့ ဝန်ထမ်းတစ်ဦးနှင့်စပ်လျင်း၍ တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မနှစ်ခုတွင် ဖော်ပြထားသည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်ရာတွင် ထို ပြည်သူ့ဝန်ထမ်းဖြစ်သူက ထိုပြစ်မှုကို အားပေးကူညီလျှင် ထိုပြည်သူ့ဝန်ထမ်းကို သုံးနှစ်ထိ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည်'' ဟု ပြဌာန်းထားသည်ကို တွေ့ရပါသည်။ ဥပမာ- ပြည်သူ့ဝန်ထမ်းခင်ပွန်းအား ဇနီးဖြစ်သူက ၎င်း၏ မိတ်ဆွေအား ရာထူးခန့်ပေးရန် ကာယကံရှင်ထံမှ လာဘ်ယူပြီး ခင်ပွန်းသည်ကိုပြောရာ ခင်ပွန်းသည်ကလည်း ဇနီးပြောသည့်အတိုင်း လုပ်ဆောင်ပေးခဲ့ရာတွင် ပြည်သူ့ဝန်ထမ်း ခင်ပွန်းသည်ရော ဇနီးသည်ပါ ပြစ်မှုပုဒ်မ ၁၆၂ နှင့် ၁၆၃ တို့ကို ကျူးလွန်ရာရောက်ပြီး ပုဒ်မ ၁၆၄ အရ နှစ်ဦးစလုံး ပြစ်ဒဏ်ခံရမည်ဖြစ်သည်။ ဤပြဌာန်းချက်များကိုကြည့်ပါက ဇနီးမယားများအနေဖြင့်လည်း ပြည်သူ့ဝန်ထမ်း ခင်ပွန်းသည်၏ တာဝန်ဝတ္တရားဆောင်ရွက်မှုများတွင် မမှန်ကန်သောနည်းလမ်းဖြင့် ဝင်ရောက်စွက်ဖက်ရန်မသင့်ကြောင်း သတိပြု သင့်ကြောင်း တွေ့နိုင်ပါသည်။

အချုပ်အားဖြင့်တင်ပြရလျှင် ယနေ့ မြန်မာနိုင်ငံတော်အား စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဖြစ်အောင် ကြိုးပမ်း တည်ဆောက်နေချိန်တွင် နိုင်ငံဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် သစ္စာ၊ သမာဓိ၊ သိက္ခာ၊ ကိုယ်ကျင့်တရားပြည့်ဝစွာဖြင့် နိုင်ငံ့ တာဝန်များကို မှန်မှန်ကန်ကန် စေတနာအပြည့်ထားကာ ဆောင်ရွက်သွားရန်နှင့် အဂတိလိုက်စားမှုကို အမြစ်ပါမကျန် တွန်းလှန် ဖြိုဖျက်သင့်လှကြောင်း စေတနာကောင်းဖြင့် ရေးသားလိုက်ရပါသည်။

(၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ထုတ် The Crime Journal ပါ မောင်မောင်လှဌေး (ဥပဒေ) ၏ ''ရှောင်ရှားသင့်သော လာဘ်ပေးလာဘ်ယူကိစ္စ'' ဆောင်းပါးမှ ထုတ်နှုတ်ယူထားခြင်းဖြစ်ပါသည်။)

Technorati Technorati tags: , , ,

အပြည့်အစုံဖတ်ရန်

Friday, December 14, 2007

ငြိမ်းချမ်းမှုကို ဖျက်ဆီးသူများ

အမေရိကန်နိုင်ငံ ကိုလိုရာဒိုပြည်နယ်မှာ အလွန်ကြီးမားတဲ့ ၀က်သစ်ချပင်ကြီးတစ်ပင် ရှိပါတယ်။ အဲဒီအပင်ရဲ့ သက်တမ်းဟာ နှစ် ၄၀၀ ကျော်နေပါပြီ။ တစ်နေ့မှာတော့ အဲဒီအပင်ကြီးဟာ အလိုအလျောက် လဲကျသွားခဲ့ပါတယ်။ အဲဒီအပင်ဟာ အနှစ် ၄၀၀ အတွင်း မိုးကြိုး ၁၄ ကြိမ် အပစ်ခံခဲ့ရပေမယ့် မဖြုံခဲ့။ ပြင်းထန်းတဲ့ လေမုန်တိုင်း ဒဏ်ပေါင်းများစွာ ခံခဲ့ရပါတယ်။ မြေငလျင်တွေ လှုပ်ပေမယ့်လည်း လဲမကျ။ ဒါပေမယ့် ဘာကြောင့်များ လဲကျသွားရသလဲ ပညာရှင်တွေ ဆန်းစစ်လိုက်တော့ လား...လား...ပင်စည်ထဲမှာ အလွန်သေးငယ်တဲ့ ပိုးကောင်ကလေးတွေ ၀င်ရောက်စားသောက်နေခဲ့ကြတဲ့အတွက် လဲကျသွားခဲ့ကြောင်း တွေ့ခဲ့ရပါရောလား။
မြန်မာ့ဆိုရိုးစကားမှာလည်း "အသားထဲက လောက်ထွက်" "လူယုံသတ်လို့ သေတယ်" ဆိုတာမျိုးတွေ ရှိပါတယ်။ ပြင်ပက ရန်သူထက် အတွင်းရန်က ပိုပြီးကြောက်ဖို့ကောင်းတယ်ဆိုတဲ့သဘောပါ။ ဒီအချက်ကို ကိုလိုရာဒိုက ၀က်သစ်ချပင်ကြီးက သက်သေထူနေပါပြီ။ လူဘ၀ရဲ့ ငြိမ်းချမ်းသာယာနေမှုကိုလည်း အပြင်လောကထက် အတွင်း စိတ်သဏ္ဍာန်က ပိုမိုဖျက်ဆီးနိုင်စွမ်းရှိတာကို ဆင်ခြင်ကြည့်ရင် တွေ့နိုင်ပါလိမ့်မယ်။ ဒါကြောင့် အဲဒီ အတွင်းစိတ်တွေကို ပိုးကောင်လေးတွေနဲ့ ခိုင်းနှိုင်းချင်ပါတယ်။ ကျွန်တော်တို့ လူ့ကိုယ်ခန္ဓာထဲမှာ အဲဒီလိုပိုးမျိုးများစွာရှိတဲ့အထဲမှာ အဆိုးဆုံး ပိုး ၅ မျိုးရှိပါတယ်။ အဲဒီပိုးလေးတွေ အကြောင်းကို ပြောပြချင်လို့ပါ။

လောဘ
။ ။ ဒီပိုးကောင်လေးကတော့ ထူးချွန်အောင်မြင်လိုသူတွေအတွက်တော့ မရှိမဖြစ်တဲ့ အကျိုးပြု ပိုးကောင်လေးလည်းဖြစ်ပါတယ်။ အောင်မြင်ထင်ရှားတဲ့သူတိုင်းဟာ သူတို့ရဲ့အလုပ်ကို လောဘနဲ့ လုပ်ကိုင်ခဲ့တဲ့သူတွေပါ။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အလွန်အကျွံဆိုရင်တော့ ဘေးဖြစ်နိုင်ပါတယ်။ အတိုင်းအတာတစ်ခုထက် ကျော်လွန်လာရင်တော့ ကိုယ့်ကို ပြန်ကိုက်မယ့် ပိုးကောင်တစ်မျိုးပါပဲ။ လောဘကြီးလွန်တဲ့အခါ ကိုယ့်မှာတကယ်တမ်းမလိုအပ်တာတွေကိုလည်း လိုအပ်တယ်ထင်ပြီး လိုချင်တပ်မက်စိတ် ဖြစ်လာတတ်ပါတယ်။ ဘ၀ဆိုတာကလည်း လိုချင်တိုင်း၊ တောင့်တတိုင်း ရနိုင်တာမျိုးက မဟုတ်ပြန်ပါဘူး။ ဒါကြောင့် လောဘကြီးသူတွေဟာ လိုချင်တာမရတဲ့အတွက် စိတ်ပျက်ရ၊ စိတ်ညစ်ရနဲ့ အရမ်းကို ပင်ပန်းကြရပါတော့တယ်။ ဒီစိတ်နဲ့စား၊ ဒီစိတ်နဲ့သွားပြီး ဒီစိတ်နဲ့ပဲ အသက်ဆက်လာတဲ့အခါ ရှိပြီးသားအရာတွေကိုပါ လက်လွတ်ဆုံးရှုံးရတော့တာပါပဲ။ ဒါကြောင့် လောဘလွန်ကဲတဲ့သူဟာ အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေရပြီး ငြိမ်းချမ်းမှုတွေနဲ့ အလှမ်းဝေးနေရတော့တာပေါ့။ ဒါကြောင့် 'လောဘ' ဆိုတာ လူကိုဖျက်တဲ့ ပိုးတစ်မျိုးလို ဆိုနိုင်ပါတယ်။

ရည်မှန်းချက်။ ။ ဒါကိုပြောရင် အများစုက ကျွန်တော့်ကို ငြင်းကြလိမ့်မယ်ထင်ပါတယ်။ မှန်ပါတယ်။ ဘ၀ တိုးတက်ဖို့ဆိုတာ ရည်မှန်းချက်ရှိမှာ ဖြစ်နိုင်တာပါ။ ရည်မှန်းချက်မရှိသူဟာ ပဲ့မပါတဲ့လှေ၊ စတီယာရင်မပါတဲ့ကား၊ ရေဒါမပါတဲ့ လေယာဉ်လို ဦးတည်ရာရှာမရဘဲ စမ်းတ၀ါးဝါးနဲ့ ခရီးဆက်ရမှာပါ။ ဒါပေမယ့် ရည်မှန်းချက် အထားမလွန်ဖို့တော့ အရေးကြီးပါတယ်။ မဖြစ်နိုင်တာကို ဖြစ်ရမယ်လို့ ရည်မှန်းချက်ထားလို့ မရပါဘူး။ ဥပမာအားဖြင့် ယောက်ျားကိုအလျှော့မပေးချင်စိတ်နဲ့ အပြိုင်ဆုတောင်းခဲ့လို့ နတ်ပြည်မှာ နတ်သားတစ်ဖက် ငါးရာရဲ့ ၀ိုင်းပြီး ပျော်ပါးခြင်းကိုခံရတဲ့ နတ်သမီးတစ်ယောက်အကြောင်း ဟာသပုံပြင်လေးကို နမူနာယူသင့်ပါတယ်။ ကိုယ့်ခွန်အားနဲ့မမျှတဲ့ ရည်မှန်းချက်တွေ မချမိဖို့ အလွန်ကို အရေးကြီးပါတယ်။ မတော်လောဘနဲ့ယှဉ်တဲ့ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်တွေ့ကြောင့် ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်စေတတ်ပြီး နောက်ဆုံး ထိုသူကိုယ်တိုင် အဲဒီရည်မှန်းချက်ရဲ့ သားကောင်အဖြစ် ပျက်စီးဘ၀ဆုံးသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုရည်မှန်းချက်မျိုးတွေ ရှိနေပြီဆိုရင်တော့ မြန်မြန်မောင်းထုတ်ပစ်မှသာ ကျွန်တော်တို့ ပိုးကိုက်ခြင်းဘေးမှ ကင်းဝေးမှာပါ။

မနာလိုခြင်း။ ။ မနာလိုစိတ်ဆိုတာ မမှန်ကန်သော ယှဉ်ပြိုင်မှုကြောင့် ဖြစ်လာတာမျိုးပါ။ လူအများစုက သူ့အကြောင်းနဲ့သူ ဖြစ်တဲ့ကိစ္စကို ကိုယ့်အကြောင်းနဲ့ကိုယ် မဖြစ်တဲ့ကိစ္စနဲ့ ယှဉ်ကြည့်တတ်ကြပါတယ်။ သူများက ကျားကုတ်ကျားခဲ ကြိုးစားနေချိန်တုန်းကတော့ ကိုယ်က ပေါ့ပေါ့နေ ပေါ့ပေါ့စားခဲ့ပြီး၊ သူအောင်မြင်သွားတော့မှ မနာလိုဖြစ်တာဟာ မှန်ကန်တဲ့ ယှဉ်ပြိုင်မှု မဟုတ်ပါဘူး။ ကိုယ်ကမှ ကြိုးစားချင်စိတ် မရှိဘဲ နေ့မအိပ်ညမအိပ် ကြိုးစားပြီး အောင်မြင်သွားတဲ့သူတစ်ယောက်ကို မတရားစီးပွားရှာသူလို့ အမနာပပြောတာဟာ မှန်ကန်တဲ့ လုပ်ရပ်မဖြစ်နိုင်ပါဘူး။ အဲဒီလိုလူမျိုးဟာ သူ့ရဲ့ မူမမှန်စိတ်၊ မနာလိုစိတ်တွေက သူတို့ကို အမြဲချောက်လှန့်ခြင်းကို ခံကြရတတ်ပါတယ်။

ဒေါသ။။ ဒေါသဆိုတာမျိုးဟာ လူတိုင်းနဲ့မကင်းနိုင်ပေမယ့်လည်း အလွန်ဆိုးရွားတဲ့ ပိုးတစ်ကောင် ဖြစ်လို့နေပါတယ်။ ဒေါသဟာ ပူလောင် ပါတယ်။ ဒေါသထွက်နေသူတစ်ယောက်ဟာ အသက်ရှုမြန်လာပါတယ်။ နှလုံးခုန်နှုံးလည်း မြန်လာပါတယ်။ အသက်ရှုမ၀တော့ဘဲ အဆုတ်ကို အလွန်အားစိုက်ကာ ရှုရှိုက်ရပါတယ်။ တစ်ချို့ အလွန်ဒေါသကြီးသူတွေဆိုရင် တက်သွားတာမျိုး၊ သတိလစ်သွားတာမျိုးပင် ဖြစ်တတ်ပါတယ်။ ဆေးပညာရှင်များက နှလုံးရောဂါဖြစ်ရခြင်း၏ အကြောင်းအရင်းခံတစ်ရပ်မှာ ဒေါသကြီးခြင်းပင်ဖြစ်သည်ဟု သတ်မှတ်ကြပါတယ်။ ဒေါသစိတ် မွှန်နေချိန်မှာ ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာလည်း အမှားများတတ်ပါတယ်။ ဒေါသဟာ ပျော်ရွှင်မှုရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အတွက် လူတွေကို အမြဲတမ်း အရှုံးပေါ်စေပါတယ်။

မာန။ ။ ကျွန်တော်တို့ကိုယ်ထဲက နောက်ဆုံးပိုးတစ်ကောင်ကတော့ မာနပဲဖြစ်ပါတယ်။ မာနဆိုတာကတော့ စိတ်ကြီးဝင်ခြင်း၊ ဘ၀င်မြင့်ခြင်း၊ ထောင်လွှားခြင်းလို့ ဖွင့်ဆိုနိုင်ပါတယ်။ မာနထောင်လွှားသူဟာ ကိုယ့်ရဲ့ အရှိအတိုင်းထက် ပိုပြီး ရှုမြင်တတ်တဲ့အတွက် ဘ၀င်မြင့်သူပါပဲ။ ဒါကြောင့် သူတစ်ပါးရဲ့ မျက်မုန်းကျိုးခြင်းကို ခံရတတ်ပါတယ်။ မာနကြီးသူဟာ နေရာတကာမှာ မာနကိုသာ အလေးထားပြီး မာနကို ထိခိုက်ခံရ ရင် အလွန်ကို စိတ်ဆင်းရဲကြရပါတယ်။ လူတွေကို မတူသလို မတန်သလို ဆက်ဆံတတ်တဲ့အတွက်လည်း အထီးကျန်တတ်ပါတယ်။ ဒါကြောင့် မာနဟာလည်း လူကိုဖျက်ဆီးတဲ့ပိုးတစ်မျိုးအဖြစ် သတ်မှတ်လို့ရတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

အနှစ် ၄၀၀ လုံးလုံး ပြင်ပကို ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ၀က်သစ်ချပင်ကြီး နောက်ဆုံးမှာ လက်တစ်ဖျစ်စာသာရှိတဲ့ ပိုးကောင်လေးတွေရဲ့ လှိုက်စားမှုကြောင့် အလိုအလျောက်ပြိုလဲကျခဲ့ရတာကို ဆင်ခြင်သုံးသပ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။

(ဆရာဖေမြင့် ဘာသာပြန်ရေးသားထားတဲ့ မူမှန်စိတ်၊ မူမှန်အတွေး၊ မူမှန်အကျင့်အကြံ (၂) စာအုပ်မှ ငြိမ်းချမ်းမှုကို ဖျက်ဆီးသူများအား မှီငြမ်းထားပါသည်။)

Technorati Technorati tags: , , , , Powered by ScribeFire.

အပြည့်အစုံဖတ်ရန်

Wednesday, December 12, 2007

အူမနှင့် သီလ

အတ္တသမံ ပေမံနတ္ထိ - ကိုယ့်ကိုယ်ကိုချစ်သောအချစ်နှင့် တန်းတူရည်တူ ဒီဂရီပါဝါတူသော အချစ်မည်သည မရှိလို့ ဆိုစကားရှိပါတယ်။ သက်ရှိသတ္တ၀ါတိုင်းဟာ ကိုယ့်အသက်ကို အခင်တွယ်ဆုံး၊ အချစ်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် အသက်ရှင်လိုကြပါတယ်။ အသက်ရှင်လို၊ အသက်ရှည်လိုတဲ့အတွက် အသက်မွေးကြရပါတယ်။ အသက်ရှိသော သတ္တ၀ါတိုင်း အသက်မွေးဖို့အတွက် အစာရှာကြရပါတယ်။ စားနပ်ရိက္ခာဆိုသည့်အတိုင်း အစားအစာဟူသမျှကို ရိက္ခာလို့ ခေါ်ပါတယ်။ တိရစ္ဆာန်တွေမှာလည်း ၀မ်းကရှိနေတဲ့အတွက် ၀မ်းစာရိက္ခာလိုပြီး၊ လူတွေမှာလည်း သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက် ၀မ်းစာရိက္ခာလိုပါတယ်။ ဒီနေရာမှာ လူနဲ့ တိရစ္ဆာန် မတူတာက တိရစ္ဆာန်တွေမှာ ရိက္ခာသာလိုပြီး သိက္ခာမလိုပါဘူး။ လူတွေမှာတော့ ရိက္ခာတစ်ခုတည်းနဲ့ မလုံလောက်သေးဘဲ သိက္ခာရှိဖို့ပါလိုပါတယ်။ ရိက္ခာသာ အလေးထားပြီး သိက္ခာကို အလေးမထားရင် လူနဲ့ တိရစ္ဆာန် ဘာမျှထူးခြားတော့မည် မဟုတ်ပေ။

အာဌာဝကဘီလူးက "အရှင်ဘုရား - ဘယ်ပုံဘယ်နည်း အသက်မွေးခြင်းဟာ အကောင်းဆုံးပါလဲ" လို့ ဘုရားကို မေးလျှောက်တော့ ဘုရားက "ပညာနဲ့အသက်မွေးတာ အကောင်းဆုံး" လို့ ဖြေတော်မူခဲ့ပါတယ်။ အဌကထာဆရာက ပညာနှင့် အသက်မွေးခြင်းဟူသည် နှစ်ဖက်မြင်ပုဂ္ဂိုလ်တို့၏ အသက်မွေးခြင်းလို့ ဖွင့်ဆိုပါတယ်။ နှစ်ဖက်ဟူသည် လက်ရှိပစ္စုပ္ပန်ဘ၀နဲ့ နောင်တမလွန်ဘ၀ကို ဆိုလိုတာပါ။ နောက်တစ်နည်းအနေနဲ့ သူ့ဘက်၊ ကိုယ့်ဘက်၊ သူ့ဖို့၊ ကိုယ့်ဖို့ ကိုလည်း ဆိုလိုပါတယ်။ သူသူကိုယ်ကိုယ် အသက်မွေးကြ၊ ၀မ်းကျောင်းကြရမှာ ပစ္စုပ္ပန်အရေးနဲ့ တမလွန်အရေးဆိုပြီး နှစ်ဖက်မျှတွေးဖို့လိုပါတယ်။ နှစ်ဖက်မျှမြင်ရမယ်။ သူ့ဖို့ကိုယ့်ဖို့ နှစ်ဖက်မျှတွေးရပါမယ်။

လူဆိုတာ တစ်ယောက်တည်းနေတော့ တစ်ဝမ်းတစ်ခါးသာ ရှိပါတယ်။ နှစ်ယောက်ပေါင်းမိတော့ နှစ်ဝမ်းနှစ်ခါး။ ဒီလိုနဲ့ ၀မ်းတွေခါးတွေက တိုးပွားများပြားလာမယ်။ ၀မ်းတွေရှိတော့ ၀မ်းစာရှာကြရပါရော။ ဒီလို ၀မ်းစာရှာကြရာမှာ တချို့က ၀မ်းသာဝတယ်၊ ကုသိုလ်က မရ။ တချို့ကျ ကုသိုလ်သာရတယ်၊ ၀မ်းက မ၀။ ပီတိစားပြီး အားရှိနေကြရတယ်။ တချို့က ကုသိုလ်လည်းမရ၊ ၀မ်းလည်းမ၀။ တချို့များ ကျတော့ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝကျပါတယ်။ ပညာနဲ့ အသက်မွေး ၀မ်းကျောင်းသူဟာ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝတဲ့အမျိုးပါပဲ။

ဒီနေရာမှာ ပညာဆိုတာ အသိပညာ၊ အသိစိတ်ဓါတ်၊ အသိတရား ဖြစ်ပါတယ်။ အသိစိတ်ဓါတ်ရှိသူဟာ ကောင်းတဲ့အပြုအမူ၊ ကောင်းတဲ့ အလေ့အထရှိတယ်။ ကောင်းတဲ့အပြုအမူ၊ ကောင်းတဲ့အလေ့အထဟာ သီလသိက္ခာ ပါပဲ။ အသိစိတ်ဓါတ်ရှိသူဟာ ကောင်းတဲ့စိတ်ထား ရှိတယ်။ စိတ်ထားကောင်းတယ်ပေါ့။ ကောင်းတဲ့စိတ်ထားရှိလို့ စိတ်ထားကောင်းတာဟာ သမာဓိသိက္ခာဖြစ်ပါတယ်။ သမာဓိမျာ 'သံ' က ကောင်းခြင်းလို့ အဓိပ္ပါယ်ထွက်ပြီး 'အဓိ' က စိတ်ထားလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် သမာဓိဆိုတာ စိတ်ထားကောင်းခြင်းပဲ ဖြစ်ပါ တယ်။ အသိစိတ်ဓါတ်၊ အသိတရား၊ အသိပညာကိုယ်တိုင်ဟာ ပညာသိက္ခာ ဖြစ်ပါတယ်။

အဲဒီတော့ အသိစိတ်ဓါတ်၊ အသိတရားရှိသူမှာ ရိက္ခာနဲ့ သိက္ခာက တစ်သားတည်းကျနေပါတယ်။ အူမနဲ့ သီလ ထပ်တူမျှနေပါတယ်။ ဘုရားရှင်မိန့်တော်မူတဲ့ ပညာနဲ့အသက်မွေးတာ အကောင်းဆုံးဆိုတာက ဒီလို ရိက္ခာနဲ့ သိက္ခာ တစ်ထပ်တည်းကျတဲ့ အသက်မွေးခြင်း၊ အူမနဲ့သီလ ထပ်တူမျှနေတဲ့ အသက်မွေးခြင်းကို ဆိုလိုပါတယ်။ ဒီလို အသက်မွေးနိုင်သူဟာ တော်လည်းတော်၊ ကောင်းလည်းကောင်းတဲ့ အတွက် သူတော်ကောင်း မည်ပါတယ်။

အူမနဲ့သီလကို တစ်သီးတစ်ခြားခွဲထားလို့မရ၊ တစ်ဖက်ဖက် အစွန်းထွက်လို့မရ၊ မျှနေမှသာ သဘာဝကျပါတယ်။ လူတိုင်းမှာ အူမရှိပြီး အူမတိုင်းလည်း တောင့်ဖို့လိုပါတယ်။ အူမတောင့်ခြင်းဟာ သီလစောင့်ခြင်းကို ကျေးဇူးပြုနိုင်သလို သီလစောင့်ခြင်းကလည်း အူမတောင့်ဖို့အတွက် ကျေးဇူးပြုနိုင်ပါလိမ့်မယ်။ သီလဆိုတာ ကောင်းသောအလေ့အထ၊ ကောင်းသောအပြုအမူဖြစ်တဲ့အတွက် ကောင်းသောအလေ့အထတွေရှိရင် ကောင်းတဲ့အပြုအမူတွေပြုမူကြရင် အူမတွေ တောင့်လာကြမှာ မလွဲပါပဲ။

(၁၂ ရက် ၁၂ လ ၂၀၀၇ ခုနှစ်ထုတ် Weekly Eleven News တွင်ပါရှိသော အရှင်သံဝရာလင်္ကာရ (ဓမ္မပိရဆရာတော်) ၏ အူမနှင့် သီလ ဆောင်းပါးမှ ထုတ်နှုတ်ထားပါသည်။)

Technorati Technorati tags: , ,

အပြည့်အစုံဖတ်ရန်

Monday, December 10, 2007

နိုင်ငံတော်နှင့် အစိုးရ

နိုင်ငံရေးအကြောင်းပြောရင် နိုင်ငံတော်နဲ့ အစိုးရအပိုင်းကို ထည့်မပြောလို့မရပါဘူး။ နောက်ပြီး နိုင်ငံရေးမှာ စနစ် system ဆိုတာ ရှိရပါတယ်။ စနစ်တစ်ခုဟာ နိုင်ငံတော်ရဲ့ဆုံးဖြတ်ချက်ကို လွှမ်းမိုးတတ်ပါတယ်။ ဆုံးဖြတ်ချက်ချမှတ်ရသူတွေဟာ တစ်ဦး တစ်ယောက်ချင်းဖြစ်နိုင်သလို အဖွဲ့အစည်းနဲ့လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် စနစ်တစ်ခုရဲ့လွှမ်းမိုးမှုကို ခံရမှာပဲ ဖြစ်ပါတယ်။ နောက်ပြီး ပြည်သူဆိုတာရှိတယ်။ ပြည်သူ့အသံဆိုတာ ရှိတယ်။ မီဒီယာရှိတယ်။ အတိုက်အခံဆိုတာလည်း ရှိတယ်။ လက်ရှိ အနေအထားတွေကို ဖိအားတွေအမျိုးမျိုးပေးပြီး နောက်ကွယ်က တွန်းအားပေးနေတတ်တာ နိုင်ငံရေးရဲ့ ၀ိသေသတွေဖြစ်လို့ သိပ်ပြီးထူးခြားတယ်လို့တော့ မဆိုနိုင်ပါဘူး။ နိုင်ငံရေးစနစ်ကို ရုပ်ပိုင်းဆိုင်ရာတွေနဲ့ တိုင်းတာလို့မရပါဘူး။ ပုံသေ သတ်မှတ် လို့လည်း မရပါဘူး။ လူ့ဘောင်အဖွဲ့အစည်းတစ်ခုဟာ ဘယ်လောက်ထိ တိုးတက်ကျယ်ပျံ့မှုရှိတယ်၊ ဘယ်လောက် အတိုင်းအတာ အထိ ဖော်ဆောင်နိုင်စွမ်းရှိတယ်၊ ဘယ်လောက် လွှမ်းမိုးသက်ရောက်မှုရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးဟာ အမျိုးမျိုး ကွဲပြားခြားနားနိုင်ပါတယ်။

နိုင်ငံတော်လို့ဆိုလိုက်ရင် ခိုင်မြဲသောသဘောဆောင်သွားပါတယ်။ နိုင်ငံတော်မှာ အစိုးရအဖွဲ့ဆိုတာ ရှိရပါတယ်။ အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေးအတွက် တရားရုံး၊ အေးချမ်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဆိုတာတွေ ထားရပါတယ်။ ဒါတွေကိုထားဖို့လိုတယ်ဆိုတာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တစ်ခုဖြစ်သလို၊ မရှိမဖြစ်အနေနဲ့ အားလုံးက လက်ခံထားကြရတဲ့ သတ်မှတ်ချက်လည်းဖြစ်ပါတယ်။ နိုင်ငံတော်ဆိုတဲ့ သတ်မှတ်ချက်အောက်မှာ ဥပဒေချမှတ်ဖို့၊ ချမှတ်ထားတဲ့ဥပဒေကို လိုက်နာဖို့ဆိုတာတွေကလည်း ဖွဲ့စည်းသတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ မလွဲမသွေ လုပ်ဆောင်ကြရမယ့် တာဝန်တွေ ဖြစ်ပါတယ်။ နိုင်ငံတော်ဆိုတာ ပထ၀ီအနေအထားအရ သတ်မှတ်ထားတဲ့ဘောင်အတွင်းမှာ "တိုင်းပြည်" လည်းဖြစ်နိုင်သလို "လူမျိုး" လည်း ဖြစ်နိုင်ပါတယ်။

"အစိုးရ" ဆိုတာကတော့ ဥပဒေပြုခြင်း၊ ဥပဒေကို အကောင်အထည်ဖော်ခြင်း၊ ဥပဒေကို လိုက်နာစေခြင်းဆိုတဲ့ သဘောသက်ရောက်ပါတယ်။ အစိုးရဆိုတာကို ကျဉ်းမြောင်းတဲ့အမြင်နဲ့ကြည့်လိုက်ရင် နိုင်ငံတော်ရဲ့အာဏာကို ချုပ်ကိုင်ထားတဲ့ အဖွဲ့လို့မြင်ကြပါလိမ့်မယ်။ ဒီလိုပြောရတာကလည်း အစိုးရဖွဲ့ကြဟေ့လို့ အခွင့်ရလိုက်တာနဲ့ ရလိုက်တဲ့ အုပ်စုတစ်စု သို့မဟုတ် ပါတီတစ်ပါတီက နိုင်ငံတော်ကြီးတစ်ခုလုံးကို သူစွဲကိုင်ထားတဲ့ နိုင်ငံရေးဆိုင်ရာ မူဝါဒသဘောတရားတွေ၊ စနစ်တွေနဲ့ အကောင်အထည်ဖော်ပြီး တည်ဆောက်ကြရပါတော့တယ်။

အစိုးရဆိုတာ သူတို့အဖွဲ့ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ဥပဒေတွေအတိုင်း ပြည်သူပြည်သားတွေ လိုက်နာနိုင်အောင် လုံခြုံမှုပေးနိုင်ရပါတယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးလို့ လွယ်လွယ်နဲ့သုံးလိုက်ရင် သဘောပေါက်လိမ့်မယ် ထင်ပါတယ်။ အစိုးရအနေနဲ့ သူဖန်တီးချင်တဲ့ မူဝါဒသဘောတရားတွေ၊ စနစ်တွေအောင်မြင်ဖို့ အပိုင်းနှစ်ပိုင်းနဲ့ လုပ်ဆောင်ကြရပါတယ်။ ပထမတစ်ပိုင်းက "အာဏာ" ဖြစ်ပါတယ်။ အာဏာဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တာကို မဖြစ်မနေလိုက်နာကြရအောင် မရှိမဖြစ်လိုအပ်ပါတယ်။ ကိုယ့်ကို မုန်းနေတဲ့သူကို ပြုံးပြပြီး သွားခိုင်းနေလို့ အောင်မြင်ချင်မှာပေါ့။ အာဏာကိုတည်မြဲစေဖို့ အမိန့်ဆိုတာကို သုံးသင့်ရင်သုံးရပါတယ်။ ငါတို့ ဒါတွေ ဆုံးဖြတ်ထားတယ်။ လိုက်ကိုလိုက်နာရမယ်။ သူလိုက်နာပြီး ငါမလိုက်နာဘူးဆိုတာမျိုး မရှိစေရပါဘူး။ မလိုက်နာရင် အရေးယူမယ်ဆိုတာမျိုးတွေကိုလည်း ပြဌာန်းပေးကြရပါတယ်။ ချမှတ်ထားတဲ့ မူဝါဒတွေ၊ သဘောတရားတွေကို အောင်မြင်ချင်ရင် အာဏာကို ကျင့်သုံးရတာဟာ နိုင်ငံရေးမှာ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

အာဏာကိုလက်ကိုင်ထားပြီး သုံးခွင့်ရှိတဲ့ အစိုးရအနေနဲ့ ဥပဒေကို မလေးစားမလိုက်နာသူတွေ ကြောက်လောက်တဲ့ အနေအထား၊ အရှိန်အ၀ါလည်း ရှိနေရပါလိမ့်မယ်။ ဘိန်းစားကနေ ကံကောင်းလို့ ဘုရင်တက်ဖြစ်တဲ့ခေတ် မဟုတ်ပါဘူး။ ဖုတ်သွင်းရထားဆိုက်လာလို့ ဘုရင်လုပ်မယ်ဆိုတာမျိုးလည်း မရှိတော့ပါဘူး။ ပညာမတတ်၊ အရည်အချင်းမရှိသူတွေက တိုင်းပြည်အာဏာလိုချင်ပါတယ်လို့ အော်နေတိုင်းလည်း ပြည်သူအများရဲ့အကျိုးအတွက် ၀ကွက်အပ်လို့ မရပါဘူး။ အာဏာကို အစိုးရသာ သုံးခွင့်ရှိတယ်ဆိုတော့ အရည်အချင်းပြည့်ဝတဲ့ အစိုးရဆိုတာ ဘယ်ကနေလာသလဲဆိုတာ သေချာစွာသုံးသပ်သင့်တဲ့ နိုင်ငံရေးကိစ္စဖြစ်လာရပါတော့တယ်။

ဒုတိယအနေနဲ့ အစိုးရမှာ အာဏာဆိုတာရှိသလို လုပ်ပိုင်ခွင့်လည်း ရှိတယ်လို့သိထားရပါမယ်။ အစိုးရဆိုတာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး ပြည်သူကို ထိန်းသိမ်းအုပ်ချုပ်နိုင်တဲ့ အဖွဲ့အစည်းဖြစ်ဖို့ လိုပါတယ်။ လုပ်ပိုင်ခွင့်နဲ့ အာဏာကို အသုံးပြုခွင့်တွေဟာ ကိုယ်ကျင့်တရားနဲ့လည်း ဆိုင်ပါတယ်။ လူတစ်ဦးချင်းဖြစ်စေ အဖွဲ့အစည်းမှာဖြစ်စေ အပြန်အလှန် လေးစားလိုက်နာခြင်းဆိုတာ ရှိရပါတယ်။ လူရယ်လို့ဖြစ်လာကတည်းက ငါ သူပုန်ထဖို့ လူဖြစ်လာတာမဟုတ်ဘူးလို့ သဘောပေါက်ထားရပါမယ်။ လူ့ဘောင်အဖွဲ့အစည်းနဲ့နေသူတွေဖြစ်လို့ လူ့ဘောင်က သတ်မှတ်ချက်တွေကို လိုက်နာကြရပါလိမ့်မယ်။ လူသားရယ်လို့ဖြစ်လာကတည်းက အခြေခံလိုက်နာရမယ့်စံတွေကို သတ်မှတ်ပြီးသားဖြစ်နေလို့ ဘောင်ထဲကထွက်ချင်လို့လည်း မရပါဘူး။ ဘောင်ထဲကနေ ကိုယ်သန်ရာ ကိုယ်ပြောပြီး ငါတကောကောနေလည်း မောရုံပဲရှိပါလိမ့်မယ်။ နိုင်ငံသားဆိုတာ အစိုးရအုပ်ချုပ်ခြင်းကို လေးစားလိုက်နာရပါလိမ့်မယ်။ ကိုယ်လူဖြစ်နေရတဲ့လောကမှာ ကိုယ်က ဘာမှမဟုတ်ရင် အုပ်ချုပ်မှုကိုခံရတာ သဘာဝပါပဲ။

လွတ်လပ်သော ဒီမိုကရေစီစနစ်မှာ အာဏာဆိုတာ လုပ်ပိုင်ခွင့်နဲ့ အတူယှဉ်တွဲပြီး ပေါ်ပေါက်လာရပါတယ်။ အစိုးရဆိုတာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို လိုက်နာစောင့်ထိန်းကြရတဲ့သူတွေ ဖြစ်ပါတယ်။ အုပ်ချုပ်ခွင့်အာဏာဆိုတာ ပြည်သူက ပေးအပ်ထားလို့ပဲဖြစ်ပါတယ်။ ဒီတော့ တရားဥပဒေနဲ့ အာဏာသက်ရောက်စေဖို့ တရားရုံးတွေ ပေါ်လာရတယ်။ ပြဌာန်းထားတဲ့ ဥပဒေကို မလိုက်နာရင် အရေးယူကြရပါတယ်။ ဖောက်ဖျက်ကျူးလွန်သူတွေကို ရဲတွေက ဖမ်းဆီး အရေးယူပေးကြရပါတယ်။ အာဏာနဲ့ လုပ်ပိုင်ခွင့် ကင်းကွာသွားချိန်ဟာ နိုင်ငံရေးမတည်ငြိမ်ချိန်နဲ့ အကြမ်းဖက်လိုမှုတွေ ပြင်းထန်နေချိန်မှာ ဖြစ်ပေါ်လာတတ်ပါတယ်။ ဆန့်ကျင်ပုန်ကန်မှုတွေ ဖြစ်ပေါ်လာရင်၊ လက်ရှိ အစိုးရကို ခြိမ်းခြောက်လိုမှုတွေဖြစ်လာရင်၊ ဥပဒေကို မလိုက်နာရင် အချုပ်အခြာအာဏာကို ထိပါးခြင်းလို့လည်း သတ်မှတ်နိုင်ပါတယ်။

(၂၀၀၇ ဒီဇင်ဘာလထုတ် မျက်မှောက်ရေးရာမဂ္ဂဇင်းတွင် ပါရှိသည့် တင်ညွန့်ရေးသားသော နိုင်ငံရေးနှင့် နိုင်ငံရေးသမား ဆောင်းပါးမှ ကောက်နုတ်ထားပါသည်။)

Technorati Technorati tags: , , Powered by ScribeFire.

အပြည့်အစုံဖတ်ရန်

Thursday, December 6, 2007

နိုင်ငံရေးဆိုသည်မှာ

နိုင်ငံရေးဆိုတဲ့စကားလုံးနဲ့ လူတိုင်းလောက်နီးနီး ရင်းနှီးကြပါတယ်။ နိုင်ငံရေးဆိုရင် ပါတီထောင်ကြတာလို့လည်း လူသိများပါတယ်။ နိုင်ငံရေးဆိုတာ ပြည်သူ့အရေးလို့ သိသူကတော့ နည်းပါတယ်။ လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံမှုဆိုတာ မဖြစ်မနေအရေးပါတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ လူဆိုတာ အထီးတည်း နေလို့မရပါဘူး။ အသိုင်းအ၀ိုင်းနဲ့ နေကြရပါတယ်။ ကိုယ်နေတဲ့ဝန်းကျင်က သေးတော့ မိသားစု၊ ကြီးတော့ နိုင်ငံဖြစ်လာပါတယ်။ နိုင်ငံရေးဆိုတာ အုပ်စုကြီးတစ်ခုအတွင်းမှာရှိတဲ့ သီးခြား တစ်ဦးချင်းစီရဲ့ အပြုအမူ၊ အနေအထိုင်၊ လုပ်ဆောင်မှုတွေကို လေ့လာခြင်းလို့လည်း ဆိုနိုင်ပါတယ်။ အဖွဲ့အစည်းတစ်ခုအတွင်း အချင်းချင်းဆက်ဆံရေး၊ စီမံခန့်ခွဲရေး၊ ဆုံးဖြတ်ချက်များချမှတ်ရေး၊ ချမှတ်ထားတဲ့ အဆုံးအဖြတ်တွေကို ပြီးမြောက်အောင်ဆောင်ရွက်ရေး၊ သတ်မှတ်ချက်များ ပြဌာန်းရေးဆိုတာတွေ လုပ်ဆောင်လာကြရတယ်။ ဒါကို နိုင်ငံရေးလို့လည်း ပြောနိုင်ပါတယ်။

နိုင်ငံရေးလို့ပြောရင် အာဏာဆိုတာလည်း မဖြစ်မနေ ထည့်ပြောရပါတယ်။ နိုင်ငံရေးဆိုသည်မှာ အုပ်ချုပ်မှုဆိုင်ရာ သိပ္ပံပညာဖြစ်သကဲ့သို့ ၀ိဇ္ဇာပညာလည်းဖြစ်သည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံအသွင်သဏ္ဍာန်၊ အုပ်ချုပ်မှုအပိုင်းတို့သည် သိပ္ပံနည်းကျ စီမံရသောကြောင့် သိပ္ပံပညာဖြစ်ပြီး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပေါင်းကူးဆက်ဆံရမှုများတွင် စောင့်ထိန်းအပ်သော တရားများကို လိုက်နာကြရခြင်းကြောင့် ၀ိဇ္ဇာပညာလည်းဖြစ်ပါသည်ဟု Oxford အင်္ဂလိပ် အဘိဓါန်မှာ ဖော်ပြထားပါတယ်။ Harold Lasswell (1936) ကလည်း နိုင်ငံရေးဆိုတာ ဘာကို၊ ဘယ်အချိန်မှာ၊ ဘယ်လို ရအောင်လုပ်ရမယ်ဆိုတာကို သိခြင်းလို့ ဆိုပါတယ်။ Bertrand de Jouvenal (1963) ကတော့ နိုင်ငံရေးဆိုတာ လူကို လူက မောင်းနှင်တဲ့စွမ်းအားတဲ့။ David Easton (1979) က နိုင်ငံရေးဆိုတာ အာဏာရှိသူက ခွဲဝေပိုင်းဖြတ်ပေးရသော တန်ဖို့ လို့ ဆိုထားပါတယ်။ ယေဘုယျအားဖြင့် နိုင်ငံရေးဆိုသည်မှာ နိုင်ငံတော် သို့မဟုတ် အခြားနိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများကို လမ်းညွှန်ပေးခြင်း၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ ၀ိဇ္ဇာ သို့မဟုတ် သိပ္ပံပညာ ဖြစ်သည်လို့ Oxford Concise Dictionary of Politics မှာ ဖော်ပြထားပါတယ်။ လူမှုရေးဆိုင်ရာသဘောအရတော့ နိုင်ငံရေးဆိုတာ တစ်ဦးတစ်ယောက်ကနေ စီမံအုပ်ချုပ်ရတာမျိုးလို့ဆိုရင် သဘောကျချင်မှ ကျကြပါလိမ့်မယ်။ ဒါပေမယ့် လိုအပ်ချက်အရကတော့ ဒီလိုလုပ်ဆောင်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။

လူဆိုတာက စဉ်းစားမှု ရင့်သန်သူတွေဖြစ်လေတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး အတွေးအမြင်တွေ အတော်လေးကွဲပြား ကြပါတယ်။ အတိုက်အခံတွေလုပ်ကြတယ်။ သဘောထားတွေကွဲကြတယ်။ နိုင်ငံတော်ရဲ့ ပင်ကိုယ်သဘာဝကိုက မတူညီများ၊ ၀ိရောဓိများနှင့် မကင်းနိုင်တာကြောင့် နိုင်ငံအချင်းချင်း၊ လူမျိုးအချင်းချင်းလည်း စစ်ပွဲတွေ ဖြစ်နိုင်ပါတယ်။ ပိုင်ဆိုင်မှုတွေ မတူညီတာ၊ အလိုလောဘတွေကြောင့်လည်း စစ်တွေဖြစ်နိုင်ပါတယ်။ နိုင်ငံရေးလို့ ပြောလိုက်တာနဲ့ ကိုယ်မဟုတ်တာလုပ်တာကိုလည်း လူ့အခွင့်အရေးလို့ ကိုင်ပေါက်လိုက်ကြတော့တယ်။ လူတွေမှာကလည်း ချမှတ်ထားတဲ့ စည်းကမ်းဥပဒေတွေကို လိုက်နာချင်သူရှိသလို အမြဲဆန့်ကျင်နေတဲ့သူတွေလည်း ရှိတတ်ပါတယ်။ မိမိအကျိုးစီးပွားကို မထိခိုက်သရွေ့ အကောင်းမြင်တတ်ပြီး အကျိုးစီးပွားကိုထိခိုက်တာနဲ့ အခွင့်အရေးဆုံးရှုံးတယ်ဆိုပြီး ဖြစ်ကြပြန်တော့ နိုင်ငံရေးဆိုတာ လူ့အရေး၊ လူတိုင်းရဲ့အလိုဆန္ဒအရေးတို့ကို မဖြည့်ပေးနိုင်သေးသမျှ ပေးကားပေး၏ မရ၊ ကျွေးကားကျွေး၏ မ၀ဆိုသလို ဖြစ်နေမှာပါပဲ။

(၂၀၀၇ ဒီဇင်ဘာလထုတ် မျက်မှောက်ရေးရာမဂ္ဂဇင်းတွင် ပါရှိသည့် တင်ညွန့်ရေးသားသော နိုင်ငံရေးနှင့် နိုင်ငံရေးသမား ဆောင်းပါးမှ ကောက်နုတ်ထားပါသည်။ နိုင်ငံတော်နှင့် အစိုးရ အကြောင်းကိုလည်း ဆက်လက်ရေးသားပါဦးမည်။)

Technorati Technorati tags: , Powered by ScribeFire.

အပြည့်အစုံဖတ်ရန်

Friday, November 30, 2007

မာဖီးယားဂိုဏ်းရဲ့ စည်းကမ်းချက်ဆယ်ပါး

ဖမ်းမိထားတဲ့ စစ္စလီမာဖီးယားဂိုဏ်းရဲ့ ခေါင်းဆောင်သစ်လို့ နာမည်ကြီးတဲ့ ဆယ်လ်ဗာတိုရေးလိုပီကိုလို ပုန်းအောင်းနေခဲ့တဲ့ ပါလာမိုအနီးက အိမ်တစ်အိမ်မှာ မာဖီးယားဂိုဏ်းသားတွေ လိုက်နာကျင့်ကြံနေထိုင်ရမယ့် စည်းကမ်းချက်ဆယ်ပါးကို အီတလီရဲတွေက ဖော်ထုတ်တွေ့ရှိခဲ့တာပါ။ အဲဒီအချက်တွေကတော့-
၁။ မိတ်ဆွေတွေကို တိုက်ရိုက်မတွေ့ရ။ ကြားလူထားပြီး တွေ့ရမယ်။
၂။ မိတ်ဆွေတွေရဲ့ဇနီးသည်နဲ့ မတွေ့ဆုံရဘူး။
၃။ ရဲတွေနဲ့အတူ မတွေ့စေရဘူး။
၎။ ညကလပ်တွေ၊ အရက်ဆိုင်တွေ မသွားရဘူး။
၅။ ဂိုဏ်းအတွက် အမြဲ အဆင်သင့်ရှိနေရမယ်။
၆။ ချိန်းဆိုထားချက်တွေ အားလုံးကို လုံးဝလေးစားရမယ်။
၇။ ဇနီးတွေကို လေးစားစွာ ပြုမူဆက်ဆံရမယ်။
၈။ သတင်းတစ်ခုအတွက် မေးလိုက်တိုင်း အဖြေဟာ အမှန်အတိုင်းဖြစ်ရမယ်။
၉။ အခြားမိသားစုတွေ သို့မဟုတ် အခြားလူတွေ ပိုင်ဆိုင်တာဖြစ်ရင် ငွေကြေးတွေကို ယူပြီးမသုံးရ။
၁၀။ ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်ထဲကဖြစ်စေ ရဲနဲ့ပတ်သက်သူရှိရင် အဖွဲ့ဝင်မဖြစ်နိုင်ဘူး စတာတွေဖြစ်ပါတယ်။

BBC သတင်းတစ်ပုဒ်မှာတွေ့လို့ ကူးယူဖော်ပြတာပါ။ မာဖီးယားဂိုဏ်းက ဒုစရိုက်ဂိုဏ်းတစ်ခုဖြစ်ပေမယ့် စည်းကမ်းရှိတာ၊ သစ္စရှိတာတွေကြောင့် ကျွန်တော် အရမ်းသဘောကျတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ အခုတွေ့ရတဲ့အချက်တွေကို ကြည့်ရင် မာဖီးယားဂိုဏ်းဝင်တစ်ယောက်ဖြစ်ဖို့က လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဗျ။ ဇနီးမယားတွေကို အလေးထားဖို့ ပြောထားတာလည်း တွေ့ရပါတယ်။ သူတို့ စစ္စလီကျွန်းသားတွေရဲ့ အလေ့အထပဲလားတော့ မသိပါ။ ကျွန်တော်ကတော့ ကောင်းတဲ့အချက်လေးတွေ နမူနာယူကျင့်သုံးသင့်တယ်လို့ထင်ပါတယ်။ ဥပမာ- ချိန်းဆိုထားချက်တွေကို လေးစားဖို့တို့၊ သူများပိုင်တဲ့ငွေကို မယူဖို့တို့ပေါ့ဗျာ။

Technorati Technorati tags: , , Powered by ScribeFire.

အပြည့်အစုံဖတ်ရန်

Wednesday, November 28, 2007

ကမ္ဘာ့နိုင်ငံရေးနှင့် ရေနံပါဝါ (၂)

တရုတ်ခေါင်းဆောင်များနှင့် ဂျပန်ခေါင်းဆောင်များက ကမ္ဘာ့ရေနံတင်ပို့ရောင်းချမှုသည် ထင်မှတ်ထားသည်ထက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေကြောင်း သတိပြုမိကြသည်။ တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုထံမှ ရေနံနှင့် သဘာဝဓါတ်ငွေ့များ ၀ယ်ယူနေရသည်။ ရေနံစိမ်းနှင့် ရေနံများ ဈေးကြီးလာမှုသည် ၀ယ်လိုအားကို ထိခိုက်စေ နေကြောင်း အမေရိကန်က သဘောပေါက်ထားသလို ရေနံလိုအပ်ချက်များစွာရှိနေသည့် တရုတ်နိုင်ငံကလည်း ဈေးချိုချိုနှင့်ရနိုင်သည့် နိုင်ငံများဘက် ခြေဦးလှည့်ရတော့မည်။ ကမ္ဘာ့ ရေနံလိုအပ်ချက် သို့မဟုတ် ၀ယ်ယူသုံးစွဲမှု ပမာဏမှာ တစ်နေ့လျှင် စည်ပေါင်း ၈၃ သန်းဖြစ်ပြီး ပြီးခဲ့သည့်ဆယ်နှစ်က ၇၁ သန်းမျှသာ ရှိသည်။ အနာဂါတ်တွင် ထို့ထက်ပိုပြီး သုံးစွဲကြမည့်အခြေအနေရှိသည်။

နိုင်ငံပိုင် ရေနံကုမ္ပဏီများသည် ကမ္ဘာ့ရေနံမြေ၊ ရေနံသိုက်ကြီးများ၏ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြသည်။ အနောက်နိုင်ငံရှိ နိုင်ငံပေါင်းစုံမှ ရေနံကုမ္ပဏီကြီးများ၏ ပိုင်ဆိုင်မှုကတော့ ခြောက်ရာခိုင်နှုန်းမျှသာရှိသည်။ အစိုးရပိုင် ရေနံကုမ္ပဏီကြီးများထဲမှ မလေးရှားနိုင်ငံ အစိုးရပိုင် မလေးရှားပီထရိုနာ့စ်ကုမ္ပဏီဆိုလျှင် ကမ္ဘာ့အဆင့်မီ ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ သို့သော် အခြားအစိုးရပိုင် ကုမ္ပဏီများကတော့ ရေနံထုတ်လုပ်မှုတွင် ဗျူရိုကရေစီစနစ် ကျင့်သုံးလုပ်ဆောင်လျှက်ရှိကြသည်။ ယနေ့ ကမ္ဘာ့ရေနံဈေးနှုန်း စံချိန်တင်မြင့်တက်နေမှုသည် ထိရောက်မှုမရှိသော အုပ်ချုပ်မှုစနစ်ကျင့်သုံးနေသည့် အစိုးရပိုင် ကုမ္ပဏီများအဖို့ကတော့ ၀မ်းသာအားရဖြစ်စေမည့် အနေအထားရောက်နေသည်။ သဘောကတော့ နိုင်ငံရေးသမားများအတွက် ရေနံမှ အမြတ်အစွန်းငွေများ ရှာဖွေပေးနိုင်သည်။ ထုတ်လုပ်မှု တိုးမြှင့်အတွက် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေ ဘာမှ ပြုလုပ်ရန်လည်းမလို။ အုပ်ချုပ်မှုစနစ် ညံ့ဖျင်းနေသည့်တိုင် နိုင်ငံအုပ်ချုပ်သူများအတွက် ငွေကြေးအမြောက်အများ ရှာဖွေပေးနိုင်သည့် အနေအထားမှာရှိနေသည်။ အီရန်နိုင်ငံနှင့် ဗင်နီဇွဲလားနိုင်ငံဆိုလျှင် ရေနံဈေးနှုန်း မြင့်တက်နေမှုက ရေနံထုတ်လုပ်မှု ကျဆင်းနေမှု၊ ရေတိုနိုင်ငံရေးဖြေရှင်းနေမှုနှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုများ မစွမ်းဆောင်နိုင်မှုများကို ကုသပေးလျှက် ရှိသည်။ အီရန်နိုင်ငံဆိုလျှင် ရေနံနှင့် သဘာဝဓါတ်ငွေ့သိုက် အကြီးစားရှိသည့် နိုင်ငံအဖြစ် နံပါတ်နှစ်နေရာတွင် ရှိသည်။ သဘာဝဓါတ်ငွေ့များ ပြည်ပသို့ရောင်းချနေသည့် နိုင်ငံလည်းဖြစ်သည်။ သို့သော် မကြာမီကာလအတွင်း ရေနံထွက်ထုတ်ကုန်များ ပြည်ပမှ မှာယူတင်သွင်းရမည့်အခြေအနေ ဆိုက်ရောက်တော့မည်။

ဘူမိဗေဒဆိုင်ရာ တွက်ချက်လေ့လာမှုများအရ ကမ္ဘာပေါ်တွင် ရေနံခန်းခြောက်မှုများနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း သုံးသပ်သူတွေက သုံးသပ်လျှက်ရှိကြသည်။ တစ်ခုတော့ သေသေချာချာပြောနိုင်သည်။ လက်ရှိ ရေနံထုတ်လုပ်မှု နည်းပညာများကြောင့်လည်းကောင်း၊ နိုင်ငံရေးအခြေအနေများကြောင့်လည်းကောင်း ရေနံထုတ်လုပ်မှုပမာဏများ လျော့နည်းသွားမည်ကတော့ သေချလှသည်။ ဒါကလည်း အကြောင်းရှိသည်။ နိုင်ငံပိုင်ကုမ္ပဏီကြီးများသည် သဘာဝအရ ထုတ်လုပ်မှုလျော့နည်းနေမှုကို ပြုပြင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ကြ။ ထုတ်လုပ်နိုင်စွမ်းပမာဏနှင့် ထုတ်လုပ်မှုပမာဏ အချိုးအစားမမျှ။ ၀ယ်လိုအားသည် ရောင်းလိုအားထက် များနေသည့် သဘောဖြစ်သည်။ အဓိက စွမ်းအင်ထိန်းသိမ်းမှုစွမ်းဆောင်ချက်များ မပြုလုပ်ခဲ့ပါက ဖြစ်လာနိုင်သည့်အန္တရာယ် အကျိုးဆက်က ကြီးမားမည်သာဖြစ်ပါ၏။ ရေနံဈေးနှုန်းများ တက်နေမည်ဆိုပါက စီးပွားရေး ကမောက်ကမဖြစ်ခြင်းနှင့် ပြတ်တောက်ခြင်းများ ဖြစ်ပေါ်လာတော့မည်။ အစိုးရများအနေဖြင့် ရေနံတင်ပို့ရောင်းချမှုတွေ စိစစ်ခြင်း၊ လုံခြုံမှု ပေးခြင်းများ ပြုလုပ်ရတော့မည်။ သို့မှသာ ပထ၀ီနိုင်ငံရေးအရ ကြီးမားကျယ်ပြန့်သော ဆိုးကျိုးများ၊ ပျက်သုဉ်းမှုများကို ဟန့်တားနိုင်မည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများကတော့ ရေနံနှင့် သဘာဝဓါတ်ငွေ့ဆိုင်ရာ စွမ်းအင်များ တားဆီးကန့်သတ်မှုသည် ဂလိုဘယ် ရာသီဥတုပြောင်းလဲမှုအတွက် ပြဿနာဖြစ်ပေါ်စေမည့် နိုင်ငံရေးပညာတစ်ရပ်၊ ဆန္ဒ သဘောထားတစ်ရပ် ဖြစ်ပေါ်လာစေလိမ့်မည်ဟု ပြောကြားကြမည်ဖြစ်သည်။ ရေရှည် အငြင်းပွားနေသည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနေရာတွင် လက်တလောပေါ်ပေါက်လာမည့် စွမ်းအင်အကျပ်အတည်း ပြဿနာကို နိုင်ငံရေးသမားများက အလေးအနက်ထား ဆွေးနွေးကြမည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဦးစားမပေးတော့မည်ကို စိုးရိမ်လာကြခြင်းဖြစ်သည်။

ကမ္ဘာကြီးသည် တည်ငြိမ်မှုမရှိသည့်နယ်ပယ်တွင် သက်ဆင်းနေပြီဆိုသည့်အချက်ကတော့ မေးခွန်းထုတ်ရန်မလို။ ငြင်းပယ်ရန် အကြောင်းလည်းမရှိ။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် သရုပ်ဆောင်သစ်တွေ တက်ရောက်ကပြ အသုံးတော် ခံနေကြသည်။ သူတို့တွေလက်ထဲမှာ ဒေါ်လာငွေတွေကို ကိုင်ထားကြသည်။ ပြီးတော့ ရည်မှန်းချက်ကလည်း ကြီးပေစွ။ သူတို့တွေသည် အရေးပါသည့်နေရာမှာ ပါလိုကြသည်။

စွမ်းအင်လုံခြုံရေးအတွက် အဓိကလိုအပ်သည်က မှီခိုအားထားရသည့် ၀ယ်ယူသူကဲ့သို့ သင့်တင့်မျှတသော ဈေးနှုန်းရောင်းချရေးဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်နိုင်။ သို့သော် ဤဖြစ်စဉ်မျိုးက ယနေ့ကမ္ဘာတွင်မဖြစ်ပေါ်၊ မတွေ့ရှိနိုင်တော့ပြီ။ အမေရိကန်ပြည်ထောင်စုအပါအ၀င် ပါဝါနိုင်ငံဟောင်းများက ယနေ့ကမ္ဘာကြီးကို ချဉ်းကပ်မှုသစ်ဖြင့် လုပ်ဆောင်ဖို့ အချိန်တန်နေပြီ။ ရေနံရှာဖွေနည်းပညာများကို ရှာဖွေထုတ်လုပ်ရတော့မည်။ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရမည်။ ရေနံထုတ်လုပ်သည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တီထွင်ဖော်ဆောင် လုပ်ကိုင်ရမည်။ နိုင်ငံရေးအရလည်း အဆင့်မြင့် သံတမန်နည်းလမ်းများ အသုံးပြုရတော့မည်။ သို့မှသာလျှင် စွမ်းအင်ပြည့်စုံမှုများကို ဖန်တီးဖော်ဆောင် လုပ်ကိုင်နိုင်မည်။

ဤသို့ လုပ်ဆောင်နိုင်ခြင်းမရှိပါက ကမ္ဘာကြီး၏ လုံခြုံရေးအပါအ၀င် စွမ်းအင်ကဏ္ဍများသည် စိန်ခေါ်မှု၊ ခြိမ်းချောက်မှုများနှင့် မလွဲမသွေ ရင်ဆိုင်ရတော့မည်။ လူသားတစ်ယောက်ချင်း၏ ဘ၀ဖြစ်တည်မှု၊ လွတ်လပ်မှု၊ လူနေမှုဘ၀ခက်ခဲမှုများအား ရေနံနှင့် စွမ်းအင်ကို လက်နက်တစ်ခုအဖြစ် လုပ်ဆောင်နေသူများ၏ဘေးမှ လွတ်မြောက်ရန်အတွက် ၀ိုင်းဝန်းလုပ်ဆောင်ရတော့မည်ဖြစ်သည်။
(Robinson West ၏ The Power of Petroleum အား မြတ်သစ်မှ ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။)

Technorati Technorati tags: , , Powered by ScribeFire.

အပြည့်အစုံဖတ်ရန်

Monday, November 26, 2007

ကမ္ဘာ့နိုင်ငံရေးနှင့် ရေနံပါဝါ (၁)

စံချိန်တင် မြင့်တက်လာသော ရေနံဈေးနှုန်းများက ဂလိုဘယ်ပါဝါကို သိသိသာသာ ပြောင်းလဲလိုက်သည်ကို တွေ့ရသည်။ ရေနံစိမ်းတစ်စည်ကို ၉၈ ဒေါ်လာခန့်ထိ ဖြစ်သွားသည့်တိုင် ရေနံသည် အဓိကစွမ်းအင်လိုအပ်ချက် တစ်ခုအဖြစ် ရပ်တည်နေဆဲ။ ကုန်စည်တင်ပို့ရောင်းချရာတွင် မဟာဗျူဟာမြောက် ရောင်းကုန်ပစ္စည်းတစ်ခုအဖြစ် အရေးပါသည့် အခန်းကဏ္ဍမှ ရှိနေဆဲ။

အောက်တိုဘာလတွင် ကမ္ဘာ့ရေနံစိမ်းဈေးကွက်တွင် တစ်စည် ဒေါ်လာ ၃၀ ခန့် မြင့်တက်သွားချိန်တွင် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပတိုက်များ၏ နေ့စဉ် ရေနံတင်သွင်းမှု ကုန်ကျစရိတ်မှာ ဒေါ်လာ သန်း ၃၀၀ မျှ ရှိနေခဲ့သည်။ အရှေ့အလယ်ပိုင်းရှိ ရေနံ ထုတ်လုပ်ရောင်းချသည့် နိုင်ငံများကတော့ နေ့စဉ် အသားတင် ဒေါ်လာ သန်း ၅၀၀ မျှ ရရှိနေသည်။ ထိုမျှ ငွေအလုံးအရင်းပမာဏသည် နိုင်ငံရေးဆိုင်ရာ သြဇာသက်ရောက်မှုများကို ဖြစ်ပေါ်စေလျှက်ရှိသည်။

ရေနံဈေး ကမောက်ကမဖြစ်မှုသည် ရေနံထုတ်လုပ်ရောင်းချသည့် နိုင်ငံများကိုလည်းကောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးကို လည်းကောင်း ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံသည် ရေနံရောင်းချရသည့် ဘဏ္ဍာအခွန်မှာ ဒေါ်လာ ၁၅၂ ဘီလီယံ ရှိခဲ့သည်။ ၂၀၀၀ ပြည့်နှစ်ကဆိုလျှင် ဒေါ်လာ ဘီလီယံ ၆၀ သာရှိခဲ့ရာ ခေါက်ချိုးမက တိုးတက်သွားခဲ့သည်။ ရုရှနိုင်ငံသည် ၁၉၉၈ ခုနှစ်တုန်းက စီးပွားရေးချွတ်ခြုံကျနေခဲ့ရာ ဒေ၀ါလီခံရမည့်ကိန်း ဆိုက်နေခဲ့သည်။ နိုင်ငံခြား တိုင်းပြည်များသို့ ပေးဆပ်ရန် ကြွေးမြီများရှိနေခဲ့သည်။ ထိုငွေတွေ ပြန်ဆပ်နိုင်ဖို့ နိုင်ငံတွင်းရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းအတွက် ရင်းနှီးငွေ ဒေါ်လာ ၄၃၄ ဘီလီယံ မြှုပ်နှံခဲ့သည်။ ဤသို့ဖြင့် ၂၀၀၇ ခုနှစ်သို့ ရောက်ရှိသောအခါတွင် ဆော်ဒီအာရေဗျနိုင်ငံသည်လည်းကောင်း၊ ရုရှနိုင်ငံသည် လည်း ကောင်း ရေနံပြည့်ပြည့်၀၀ရရှိနေရုံမျှမက ပိုလျှံနေချေပြီ။ အာဖရိကတိုက်ရှိ နိုင်ငံအချို့နှင့် ကက်ဆပီယံပင်လယ်နိုင်ငံ အချို့သည်လည်းရေနံမှ ဒေါ်လာသန်းပေါင်းများစွာ ရရှိရေးအတွက် ရန်ပုံငွေများ သီးသန့်ထားရှိလာကြသည်။

ဂလိုဘယ်စီးပွားရေးဖြစ်စဉ် သို့မဟုတ် ဂလိုဘယ်အရင်းရှင်စနစ်၏ဘီးများ လည်ပတ်စေရန်အတွက် ရေနံသည် ချေဆီ ဖြစ်လာခဲ့သည်မှာ မှန်သော်လည်း ရေနံသည် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်ရေးနှင့် ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် အနှောင့်အယှက် အတားအဆီးဖြစ်လာ၏။ ရေနံမှ အကျိုးအမြတ်များစွာရရှိနေသည့် အစိုးရများနှင့် အုပ်ချုပ်သူများသည် သြဇာ၊ အာဏာ၊ ပါဝါအတွက် စိုးရိမ်ပူပန်စရာ သိပ်မရှိတော့။ သဘောကတော့ ရေနံမှရသည့် ဒေါ်လာငွေများဖြင့် မိတ်ဆွေသင်္ဂဟတွေ ရှာဖွေနိုင်သည်။ ဆုလာဘ်တွေ ပေးနိုင်သည်။ ဆန့်ကျင်ဘက် အဖွဲ့အစည်းနှင့် ပါတီတွေကို မိမိဘက်ပါလာအောင် ၀ယ်ယူနိုင်သည်။ သို့မဟုတ် နှိပ်ကွပ်နိုင်သည်။ ထိုနိုင်ငံတွေမှာ လွတ်လပ်သော ဈေးကွက်များပေါ်ထွန်းရေးကို အားမပေးကြ။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ဦးစားပေး လုပ်ဆောင် ကြသည်။ ဥပမာ နိုင်ဂျီးရီးယားနှင့် အဇာဘိုင်ဂျန်ဆိုလျှင် ရေနံလုပ်ငန်းမှ ရရှိသည့်ငွေဖြင့် နိုင်ငံရေးစနစ်ကို တိုးတက်အောင် မလုပ်ဆောင်ဘဲ နိုင်ငံရေးသမားများကို အကျင့်ပျက်ခြစားမှုဖြစ်အောင် ပြုလုပ်လျှက်ရှိသည်။ ဗျူရိုကရေစီစနစ် ရှင်သန်အောင် ပြုလုပ်လျှက်ရှိသည်။

ယနေ့ခေတ်တွင် ရေနံထုတ်လုပ်တင်ပို့ရောင်းချနေသောနိုင်ငံများသည် ရေနံလက်နက်အပေါ်မှာ ပိုပြီး စိတ်ချယုံကြည် ကိုးစားလာကြသည်။ အစဉ်အလာပါဝါများအပေါ်တွင် မှီခိုအားထားမှုတွေ သိပ်မပြုကြတော့။ ၂၀၀၆ ခုနှစ် နွေဦးပိုင်းတွင် တရုတ်သမ္မတ ဟူကျင်တောင် ၀ါရှင်တန်သို့ အလည်အပတ်ခရီး သွားရောက်ခဲ့သည်။ သူသွားမည့်ခရီးမှာ နိုက်ဂျီးရီးယား နိုင်ငံ။ ၀ါရှင်တန်ကား ခရီးတစ်ထောက်နားရာ အရပ်ဒေသမျှသာဖြစ်သည်။ ဟူကျင်တောင်နည်းတူ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည်လည်း အမေရိကန်သို့ ခရီးထွက်ခဲ့သည်။ သူလည်း အမေရိကန်မှအပြန်တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ခဲ့သည်။ လမ်းမအားလုံးသည် ရေနံထုတ်လုပ်တင်ပို့ရောင်းချသည့်နိုင်ငံများဆီသို့ ဦးတည်နေပြီ။

Technorati Technorati tags: ,

Powered by ScribeFire.

အပြည့်အစုံဖတ်ရန်

Wednesday, November 21, 2007

ဗုဒ္ဓကို စော်ကားနေခြင်း

ဗုဒ္ဓဘားဆိုတာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာရှိပြီး ဗုဒ္ဓဆင်းတုတွေ၊ ပုံတော်တွေနဲ့ တန်ဆာဆင်ထားတဲ့ ဈေးကြီးတဲ့ အထူးသီးသန့် အာရှအစားအစာစားသောက်ဆိုင်ပါ။ ဗုဒ္ဓဘားကို စတင်တည်ထောင်သူက Raymond Visan ဖြစ်ပြီး နောက်ပိုင်းမှာ Gerard Guez နဲ့ ပူးပေါင်းပါတယ်။ ဗုဒ္ဓဘားကို Sharm El-Sheikh, Hurghada, Beirut, Dubai, Amman, New York City, Las Vegas, Stockholm, and Lisbon စတဲ့ မြို့တွေမှာလည်း ဆိုင်ခွဲတွေ ဖွင့်ထား ပါတယ်။ Cairo မြို့က Sofitel El Gezirah မှာလည်း ပါရီမြို့က ဘားပုံစံအတိုင်း ၂၀၀၇ သြဂုတ် ၁ ရက်နေ့ မှာ ဆိုင်သစ်တစ်ခု ဖွင့်ခဲ့ပါတယ်။ စပိန် ဘာစီလိုနားမှာလည်း ဗုဒ္ဓဘားတစ်ခုဖွင့်ထားပါတယ်။ နယူးယောက်က ဘားရဲ့ နေရာတော့ မြေပုံတစ်ခုရလို့ ဖော်ပြလိုက်ပါတယ်။
Image Hosted by ImageShack.us

ဂေါတမ ဗုဒ္ဓဟာ ဗုဒ္ဓဘာသာလို့ လူသိများလာတဲ့ ဘာသာယုံကြည်ကိုးကွယ်မှုကို တည်ထောင်ခဲ့သူ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးဖြစ်တယ်။ "ဗုဒ္ဓ" ဆိုတဲ့အမည်က အရိယာသစ္စာသိပြီး သဗ္ဗညုဥာဏ်တော်ကိုရပြီး ဘုရားဖြစ်မှ ခေါ်ကြတာ။ ဗုဒ္ဓရဲ့ အဓိပ္ပါယ်က နိုးထခြင်း၊ အလုံးစုံကို သိမြင်တော်မူသော သဗ္ဗညု မြတ်စွာဘုရား ဆိုတဲ့ အဓိပ္ပါယ်ပါ။ လူ့သမိုင်းတလျှောက် တိရစ္ဆာန်တွေကို သတ်ဖြတ်ပြီး ယဇ်ပူဇော်ခြင်းကို ဆန့်ကျင်တဲ့ အဆုံးအမတွေကို ဟောကြားတော်မူတဲ့ ဘာသာရေးခေါင်းဆောင်တွေထဲမှာ မြတ်ဗုဒ္ဓက ပထမဆုံးပါ။ ဗုဒ္ဓမြတ်စွာဟာ မဟာလူသားတစ်ပါးပါ။ သူ့ရဲ့သက်တမ်းတော်တစ်လျှောက်လုံးမှာ လူသားတွေအပေါ် ထူးထူးခြားခြား ဘုန်းတန်ခိုး သြဇာကြီးမားစွာ လွှမ်းမိုးခဲ့တယ်။ မရပ်မနား လှုပ်ရှားသွားလာပြီး တရားဓမ္မတွေကို သင်ကြားပေးခဲ့တဲ့ အာစရိယ ဆရာဘ၀တစ်လျှောက်လုံးမှာ ဗုဒ္ဓကိုယ်တော်မြတ်ကြီးဟာ သူ့တရားကို နာယူသူ လူပေါင်းများစွာကို မဂ်ဥာဏ်ဖိုလ်ဥာဏ်ကို ရရှိစေခဲ့တယ်။ ဒီလို မြင့်မြတ်တဲ့ အထွဋ်အမြတ် ပုဂ္ဂိုလ်ရဲ့အမည်ကို လူတွေ သောက်စားမူးယစ်ရာ ပျော်ပါးကြရာ ဘားခန်းတစ်ခုရဲ့နာမည်အဖြစ် သုံးတာဟာ ဗုဒ္ဓမြတ်စွာကို ကိုးကွယ်စည်းကပ်သူ ဗုဒ္ဓဘာသာဝင်တွေကို စော်ကားခြင်းပါပဲ။ ဒါပေမယ့် ဘယ်သူမှ တားဆီးခြင်း၊ ကန့်ကွက်ခြင်း မရှိဘဲ လွတ်လွတ်လပ်လပ် လုပ်ကိုင်နေလိုက်တာများ ဆိုင်ခွဲပေါင်းကို မနည်းဘူးဗျာ။ ၂၀၀၄ ခုနှစ်ကတည်းက စလာလိုက်တာ အခုဆို ဆိုင်ခွဲပေါင်း ရှိနေပြီလေ။ ဟိုနိုလူလူမှာရှိတဲ့ ဘားတစ်ခုပဲ ပိတ်သိမ်းအောင် လက်မှတ်ထိုး ကန့်ကွက်နိုင်ခဲ့တယ်။ ဒီလို ကိစ္စမျိုးကျတော့ ဗုဒ္ဓဘာသာကို တန်ဖိုးထားပါတယ်ဆိုတဲ့လူတွေ ဘယ်များရောက်နေပါလိမ့်။ ဟိုတလောက သံဃာတော်တွေ သွေးမြေကျပါပြီ၊ ဗုဒ္ဓဘာသာကို ထိပါးနေပါတယ်နဲ့ အော်ခဲ့ကြတဲ့လူတွေ ဒီ ဗုဒ္ဓဘားတွေ ဖွင့်ခဲ့တုန်းကတော့ ဘယ်နားမှာ သွားအိပ်နေကြပါလိမ့်။ မခံချင်လွန်းလို့ ရေးနေတာပါ။ တကယ်တမ်း စော်ကားနေတာကျတော့ ငြိမ်ခံနေကြတယ်။ အင်အားကြီးနိုင်ငံတွေကိုတောင် သွားပြီး lobby လုပ်နိုင်တဲ့ အစွမ်းတွေ ရှိနေကြတာပဲဗျာ။ ဒီလူတွေ ဒါမျိုးကျတော့ lobby လုပ်ဖို့ မစဉ်းစားမိဘူးလား။ ကျွန်တော် နိုင်ငံရေးသမား မဟုတ်ပါဘူး။ လက်ရှိအစိုးရဘက်လိုက်ပြီး ဆန့်ကျင်ဘက်အုပ်စုကို ကျိန်ဆဲနေတာလဲမဟုတ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်လာတော့မှာ ဘာသာရေးတို့၊ သာသနာရေးတို့ ထအော်နေတဲ့ နိုင်ငံရေးသမားဆိုတဲ့ လူထူးလူဆန်းကြီးတွေကို မြင်ပြင်းကပ်လွန်းလို့ ပြောနေတာပါ။

Technorati technorati tags: , Powered by ScribeFire.

အပြည့်အစုံဖတ်ရန်

Tuesday, November 20, 2007

လောင်စာဆီဈေးနှုန်းနှင့် မလေးရှား

မလေးရှားအာဏာရပါတီက နိုင်ငံမှာ လောင်စာဆီဈေးနှုန်း မြှင့်တင်ရန် အခုလ ရှစ်ရက်နေ့က စီစဉ်ခဲ့ကြပါတယ်။ မလေးရှားနိုင်ငံဟာ ဓါတ်ဆီနဲ့ ဒီဇယ် လက်လီ ဈေးနှုန်းတွေကို ဈေးနှုန်းလျှော့ပါးစေဖို့ တစ်နှစ်ကို ရင်းဂစ် ၁၅ ဘီလျံ လောက် (ဒေါ်လာ ၄.၅ ဘီလျံ) အရှုံးခံပါတယ်။ မလေးရှားဟာ လောင်စာဆီ အသားတင် တင်ပို့တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ပေမယ့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ မြင့်တက်လာမှုကြောင့် မလေးရှားအစိုးရကို ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လောင်စာဆီထောက်ပံ့ကြေးတွေ လျှော့ချပစ်ဖို့ ဖိအားဖြစ်စေခဲ့ပါတယ်။

မလေးရှား အဓိကနိုင်ငံရေးပါတီဖြစ်တဲ့ ယူနိုက်တက်မလေး အမျိုးသားအဖွဲ့အစည်းမှ တာဝန်ရှိသူတွေက နိုင်ငံ ထောက်ပံ့ကြေးတွေကို အမှန်တကယ် ငွေကြေးအကူအညီ လိုအပ်နေတဲ့ ဆင်းရဲသားပြည်သူတွေဆီ ရောက်ရှိနိုင်စေအောင် ထောက်ပံ့ကြေး အစီအစဉ်တွေကို ပြန်လည်သုံးသပ်ဖို့ နှိုးဆော်လိုက်ပါတယ်။ "ပိုက်ဆံရှိတဲ့သူတွေဟာ ဓါတ်ဆီကို ဈေးကွက်ပေါက်ဈေး ဒါမှမဟုတ် ပေါက်ဈေးအောက် မသိမသာ လျော့နည်းတဲ့နှုန်းထားနဲ့ ပေးဝယ်နိုင်ကြမယ်လို့ ကျွန်တော်တို့ယုံတယ်" လို့ အဲဒီ ပါတီရဲ့ လူငယ်အဖွဲ့ လက်ထောက်အကြီးအကဲ ခါရီဂျမာလူဒင်က ပါတီ နှစ်ပတ်လည် ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

ဓါတ်ဆီ၊ ဒီဇယ်ဆီနဲ့ သဘာဝဓါတ်ငွေ့ရည်တွေရဲ့ လက်လီဈေးနှုန်းတွေကို ၂၀၀၆ ဖေဖော်ဝါရီလက ၂၃ ရာခိုင်နှုန်းထိ မြှင့်တင်ခဲ့လို့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခဲ့ပြီး နောက် အတိုက်အခံအဖွဲ့တွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတစ်ချို့ ပေါ်ပေါက်စေခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့လောင်စာဆီ လက်လီအရောင်းဈေးတွေဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ အနိမ့်ဆုံးနှုန်းထားတွေထဲမှာ ရှိနေဆဲဖြစ်ပေမယ့် နောက်ထပ် ဈေးနှုန်း တိုးမြှင့်မှုလုပ်ရင် လာမယ့်အထွေထွေရွေးကောက်ပွဲတွေမှာ အတိုက်အခံတွေအတွက် နိုင်ငံရေးထိုးနှက်စရာ လက်နက်တစ်ခု ဖြစ်လာနိုင်တယ်လို့ အာဏာပိုင်တွေက စိုးရိမ် နေကြပါတယ်။

အစိုးရဟာ ရေနဲ့ စိုက်ပျိုးရေးပစ္စည်းတွေအပါအ၀င် ထောက်ပံ့ဖို့လိုအပ်တဲ့အရာ အမြောက်အမြားကို ထောက်ပံ့ပေးနေတယ်လို့လည်း ခါရီက ဆိုပါတယ်။ "ထောက်ပံ့ကြေးလျှော့လိုက်ရင် လူတွေက အစိုးရကို ကျိန်ဆဲကြမယ်။ ဒါပေမယ့် ကျွန်တော်တို့က ထောက်ပံ့ကြေး ဆက်ပေးထားမယ်ဆိုရင်လည်း အစိုးရကို ကျေးဇူးတင်ပါတယ်ဆိုတဲ့စကား ဘယ်တော့မှ မကြားရဘူး" လို့ ခါရီက ဆိုပါတယ်။

ထောက်ပံ့ကြေးတွေကို ရုပ်သိမ်းပစ်ဖို့တော့ ဖြစ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် သည်စနစ်ကို အားကောင်းအောင် လုပ်ရမယ်။ ဒါမှ ဆင်းရဲသားတွေအနေနဲ့ လိုအပ်တဲ့အရာတွေကို ဈေးချိုချိုနဲ့ ဆက်လက်ဝယ်ယူနိုင်ကြမယ်။ တစ်ဖက်ကလည်း တတ်နိုင်တဲ့သူတွေက ငွေပိုပေးပြီး ၀ယ်ကြရမယ်လို့ ခါရီက ပြောကြားပါတယ်။
"လက်ရှိစနစ်က အလေအလွင့်များတယ်။ ဘာကြောင့်လဲဆိုတော့ လောင်ဆာဈေးနှုန်းတွေ သိပ်နိမ့်နေပြီး လောင်စာဆီတွေ အလေအလွင့်ဖြစ်စေတယ်" လို့ သူက သုံးသပ်ပြောဆိုပါတယ်။

(အေပီသတင်းတစ်ပုဒ်ကို ဗဟုသုတနဲ့ အသုံးဝင်တာကို အတုယူနိုင်အောင် ဖော်ပြ လိုက်ပါတယ်။)

Technorati technorati tags: , ,

အပြည့်အစုံဖတ်ရန်

Monday, November 19, 2007

Nine Factors That Really Matter For Success: Former Gillette CEO's Advice for Leaders

1. Growth. It's healthy to have a "continuous dissatisfaction with the status quo," Kilts says.
2. Relationships. Don't underestimate the value of mentors, Kilts says.
3. Loyalty. Colleagues with respect, and you gain credibility and trust, he says.
4. Small moments. Small actions on your part stay with subordinates, Kilts says.
5. Timely decisions. Don't delay action when a team member doesn't fit, he advises.
6. Do what you enjoy. The more you like your work, the more you'll excel, Kilts says
7. Life's early lessons. Do the right thing, he says.
8. The right team. Find good colleagues and keep them around you, Kilts says.
9. Confront reality. Sometimes the best manager can't fix a situation, he says.
Source: www.CIO.com

Technorati technorati tags: , ,

အပြည့်အစုံဖတ်ရန်

Monday, November 12, 2007

လက်တွဲကြိုးပမ်းကြပါ

ဆိုလိုတာကတော့ "စုပေါင်းစွမ်းအင် ဖန်တီးခြင်း" (Synergize) ပါပဲ။ "စုပေါင်းစွမ်းအင်" ဆိုသည်မှာ နှစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ထက် ပိုတဲ့လူတွေ၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ပူးပေါင်းလုပ်ကိုင်လို့ ရလာတဲ့ စုပေါင်းအာနိသင်ကို ခေါ်တာပါ။ ဒီအာနိသင်၊ ဒီအစွမ်းဟာ ကိုယ့်ဟာ မဟုတ်သလို သူ့ဟာလည်း မဟုတ်ပါဘူး။ အားလုံးထက်ပိုကောင်းတဲ့ အားလုံးနဲ့ဆိုင်တဲ့ အားလုံးပိုင်တဲ့ စွမ်းအင်ပါ။

တကယ်တော့ "စုပေါင်းစွမ်းအင်" ဆိုတာ ထူးဆန်းအံ့သြဖွယ်ရာတော့လည်း မဟုတ်ပါဘူး။ သဘာဝကြီးရဲ့ ထောင့်တိုင်း နေရာတိုင်းမှာ အလွယ်နဲ့ တွေ့နိုင်တာမျိုးပါ။ လူ့ဘ၀ လူ့လောကမှာတော့ "စုပေါင်းစွမ်းအင်" ဆိုတာ မတွေ့ချင်မမြင်ချင်အဆုံး။ ဝေးဝေးရှာစရာမလိုပါ။ ကိုယ်နဲ့နီးတဲ့ တီးဝိုင်း တစ်ခုခုကိုပဲ နားသောတဆင်ကြည့်လိုက်။ ဂစ်တာသံတော့ပါတယ်။ ဒါပေမယ့် ဂစ်တာသံသက်သက် မဟုတ်ဘူး။ အော်ဂင်တော့ဟုတ်တယ်။ ဒါပေမယ့် အော်ဂင်သံသက်သက်လည်း မဟုတ်ပြန်ဘူး။ ကောင်မလေး သီချင်းဆိုနေတယ်။ ဒါပေမယ့် သူ့အသံ သက်သက်လည်း မဟုတ်ပြန်ဘူး။ တကယ်တော့ တူရိယာပေါင်းစုံက စုစည်းပေးလိုက်တဲ့ 'ဂီတသံ' သာ ဖြစ်ပါတယ်။ အဲဒါ "စုပေါင်းစွမ်းအင်" ပါပဲ။

"စုပေါင်းစွမ်းအင်" ဆိုတာ သူ့အလိုလိုရလာတာမျိုးတော့လည်း မဟုတ်ပါဘူး။ တမင်ဖန်တီးယူရတဲ့ဖြစ်စဉ်ပါ။ ဒီလို ဖန်တီးနိုင်ဖို့ ပထမဆုံး နှလုံးသွင်းရမှာက 'လူတိုင်းလူတိုင်း သူ့အဆင်း၊ သူ့အလင်းနဲ့ ရှိပါကလား' ဆိုတာကိုပါ။ 'မတူခြားနားမှု' (Diversity) ကို အသိအမှတ်ပြုနိုင်ကြဖို့ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ လူတွေဟာ 'မတူခြားနားမှု' နဲ့ပတ်သက်ရင် သုံးမျိုးသုံးစား တုံ့ပြန်တတ်ကြပါတယ်။ တချို့က မကြိုက်ဘူး ရှောင်တယ် (Shun Diversity)။ တချို့က ဘာသိဘာသာနေတယ် (Tolerate Diversity)။ တချို့ကျတော့ လေးစားတန်ဖိုးထားတတ်တယ် (Celebrate Diversity)။

ရှောင်ကြဉ်ရေးသမားက ကိုယ်နဲ့ အသားအရောင်၊ ကိုးကွယ်တဲ့ဘာသာ၊ လူမျိုး၊ ဒါမှမဟုတ် အတွေးအခေါ် အယူအဆမတူရင် အထင်သေးချင် ရှုတ်ချချင်ကြတယ်။ တစ်ခါတစ်လေ ရန်လုပ်ချင်တဲ့သဘောတောင် ရှိတတ်တယ်။ ကိုယ်နဲ့ သွေးတူမွေးတူချင်းမှ အဖက်လုပ်ချင်တဲ့သဘောပါ။ ဒီလိုလူမျိုးအတွက် "စုပေါင်းစွမ်းအင်" ဆိုတာ ဝေးမှဝေး...။

ဘာသိဘာသာသမားကတော့တစ်မျိုး။ သူ့ဆောင်ပုဒ်က "မင်းသဘောနဲ့ မင်းနေပါ။ ငါ့သဘောနဲ့ ငါနေမယ်။ မင်းလုပ်ချင်ရာလုပ်။ ငါလုပ်ချင်ရာ လုပ်မယ်။ မင်းကို ငါ မနှောင့်ယှက်ဘူး။ ငါ့ကိုလည်း လာမနှောင့်ယှက်နဲ့"။ ရှောင်ကြဉ်ရေးသမားလောက် မပြင်းထန်ပေမယ့် သူလည်း "စုပေါင်းစွမ်းအင်" နဲ့ မနီးလှပါဘူး။

လေးစားတန်ဖိုးထားတတ်သူကတော့ "တစ်ထပ်တည်း တွေးတတ်တဲ့ လူနှစ်ယောက်ထက်၊ တစ်မျိုးစီ စဉ်းစားတတ်တဲ့ လူနှစ်ယောက်က အောင်မြင်မှု ပိုရနိုင်တယ်" လို့ ယုံကြည်တယ်။ အဲဒီတော့ သူ့အတွေးက "မတူခြားနားမှု = တီထွင်မှုရဲ့လမ်းစ = အခွင့်အလမ်း"။ ဒီလိုလူမျိုးမှ "စုပေါင်းစွမ်းအင်" ကို ရနိုင်စရာ ရှိပါတယ်။

မတူခြားနားမှုတွေ၊ အသွင်ကွဲ အဆင်ကွဲတွေ စုပေါင်းလိုက်ရုံနဲ့ "စုပေါင်းစွမ်းအင်" ရတာမျိုးတော့လည်း မဟုတ်ပါဘူး။ ပေါင်းတဲ့နည်းကလည်း အရေးကြီးပါတယ်။ တစ်ခုက 'စေ့စပ်ညှိနှိုင်းပေါင်းစပ်ခြင်း' (compromise)လို့ခေါ်ပါတယ်။ ရည်ရွယ်ချက်က ]ကြားအဖြေ} တစ်ခု ရဖို့ပါ။ ၁ + ၁ = ၁ ၁/၂ လို့ ညီမျှခြင်း ထုတ်နိုင်ပါတယ်။ မူလ အခြေအနေထက်တော့ ပိုကောင်းလာပါတယ်။ အကောင်းဆုံးတော့ မဟုတ်သေးပါဘူး။

နောက်တစ်ခုက 'ပူးပေါင်းဆောင်ရွက်ခြင်း' (cooperation) ဖြစ်ပါတယ်။ ရည်ရွယ်ချက်က စုစုပေါင်းစွမ်းအင် ရိုးရိုးကို ရဖို့လောက်သာ ဖြစ်တယ်။ အဆတိုးပြီး စွမ်းအင်သစ်ရလာတာမျိုး မဟုတ်ပါဘူး။ ၁ + ၁ = ၂ ပေါ့။ ဒါလည်း အကောင်းဆုံးလို့ မပြောနိုင်သေးပါဘူး။

လိုချင်တာက ၁ + ၁ = ၃ ဆိုတာမျိုးပါ။ မူလပါဝင်တဲ့ စွမ်းအင်တွေ စုစုပေါင်းထက် ပိုလာတဲ့ ပေါင်းစပ်မှုမျိုးပါ။ ရည်ရွယ်ချက်က တီထွင်ဖန်တီးမှုအသစ် (စွမ်းအင်သစ်) ရဖို့ပါ။ ဒါမျိုးကိုမှ "စုပေါင်းစွမ်းအင်" (synergy) လို့ ခေါ်နိုင်ပါလိမ့်မယ်။ ပြောရရင် 'အမြင့်ဆုံးလမ်း' (high way) ပေါ့။ အဲဒီ 'အမြင့်ဆုံးလမ်း' ကိုရောက်အောင် အဆင့်ငါးဆင့်ကို ဖြတ်သန်းဖို့လိုပါတယ်။

၁။ Define the problem။ ။ ပြဿနာကို ဖွင့်ဆိုရပါမယ်။ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုဖြစ်တယ် စသဖြင့်ပေါ့။
၂။ Their way။ ။ သူများရဲ့အိုင်ဒီယာကို နားလည်ဖို့ အရင်ကြိုးစားရပါမယ်။
၃။ My way။ ။ ကိုယ့်အိုင်ဒီယာကို သူများနားလည်အောင် မျှဝေပြရပါမယ်။
၎။ Brainstorm။ ။ အိုင်ဒီယာမျိုးစုံ၊ လမ်းကြောင်းမျိုးစုံကို နှိုင်းယှဉ်ဆက်စပ်ပြီး ရွေးစရာလမ်းကြောင်းသစ်တွေ၊ အိုင်ဒီယာသစ်တွေ ဖန်တီးကြရပါမယ်။
၅။ High way။ ။ အကောင်းဆုံးလမ်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

"စုပေါင်းစွမ်းအင်" ရဖို့ ကြိုးစားရတဲ့လမ်းမှာ တောင်ကြီးသုံးလုံး ကာနေတတ်တာ ကိုတော့ အထူးသတိပြုဖို့ လိုပါတယ်။ ဒီတောင်တွေကို မကျော်နိုင်ရင် "စုပေါင်း စွမ်းအင်" ကို ဘယ်လိုမှ ဆုပ်ကိုင်နိုင်မှာ မဟုတ်ပါဘူး။ ပထမဆုံးတောင်ကြီးကတော့ 'မာန' ဆိုတဲ့ တောင်ကြီးပေါ့။ မတူခြားနားမှုကို အထင်အမြင်သေးရာက ကိုယ့်ကိုယ်ကို သူများထက် ခေါင်းတစ်လုံးမြင့်သူလို့ အထင်ရောက်လာတဲ့ 'ဘ၀င်' စိတ်ပါ။ အဲဒီဘ၀င်က ခံနေတော့ သူများရဲ့ခံစားမှုကို မစာနာတတ်သလို သူများရဲ့ အိုင်ဒီယာ ကိုလည်း စိတ်မ၀င်စားတတ်တော့ဘူး။ 'အမှန်တရားအားလုံး ငါ့မှာရှိနေပြီ' ဆိုပြီး ကိုယ့်အသိစိတ်ကို ကိုယ့်ဘာသာ တံခါးပိတ်နေတော့တယ်။

ဒုတိယတောင်ကြီးကတော့ 'ဂိုဏ်းဂဏစိတ်' ဆိုတဲ့ တောင်ကြီးပါ။ ကိုယ်နဲ့ အမြင်တူ၊ အတွေးတူ၊ ယုံကြည်ချက်တူသူချင်းသာ အဖက်လုပ်ပြီး လောကကြီးနဲ့ အဆက် ပြတ်နေတာ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ ကိုယ့်အစုအဝေးကိုသာ တစ်ကမ္ဘာ ထင်နေတတ်ပေမယ့် တကယ်တော့ စိတ်ကူးယဉ်ဂိုဏ်းလေးတစ်ခုထက် မပိုပါဘူး။ အုပ်စုစွဲ၊ ဂိုဏ်းဂဏစွဲက ခံနေတော့ သူများအမြင်၊ သူများအိုင်ဒီယာကို ဘယ်မှာ လက်ခံစဉ်းစားနိုင်တော့မှာလဲ။ 'ငါနဲ့မတူ ငါ့ရန်သူ' ဆိုတဲ့ အစွဲနဲ့ ပုတ်ခတ်စော်ကားတဲ့ တုံ့ပြန်နည်းကလွဲလို့ သူတို့ဘာမှ မလုပ်တတ်ကြတော့ဘူး။

နောက်ဆုံးတောင်ကြီးကတော့ 'အာဃာတ' ဆိုတဲ့ တောင်ကြီးပါ။ အခုအခံ အစွဲအလမ်းတွေကို မွေးထုတ်လိုက်တဲ့ အမုန်းမီးပွားတွေ ဖြစ်ပါတယ်။ ဒီလိုလူမျိုး တွေဟာ အတိတ်ရဲ့အကျဉ်းသားတွေ ဖြစ်တတ်သလို၊ အမုန်းနဲ့ လောင်မြိုက်ခံ နေရ ရှာသူတွေလည်း ဖြစ်ပါတယ်။ ဒီတောင်ကြီးသုံးခုကိုလည်း ကျော်နိုင်ပြီဆိုရင်တော့ "စုပေါင်းစွမ်းအင်" နဲ့ လက်တကမ်းကို ရောက်လာပြီဖြစ်ပါတော့တယ်။

(Sean Covey ၏ The 7 Habits of Highly Effective Teens အား ကျော်ဝင်း၏ ဘာသာပြန်မှုများမှ ကောက်နှုတ်ထားပါသည်။)

Technorati technorati tags: , , ,

အပြည့်အစုံဖတ်ရန်

Friday, November 9, 2007

လွတ်လပ်မှုကို အလွဲသုံးစား မလုပ်ပါနဲ့

လွတ်လပ်မှုကို အလွဲသုံးစားမလုပ်ဖို့ သိပ်အရေးကြီးပါတယ်။ လွတ်လပ်မှုကို အလွဲသုံးစားလုပ်တဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်ဘူး။ ကိုယ့်လွတ်လပ်မှုကို တန်ဖိုးထားရင် သူတစ်ပါးရဲ့ လွတ်လပ်မှုကိုလည်း တန်ဖိုးထားမှ ဖြစ်မယ်။ ကိုယ့်အကျိုးရှိဖို့ သူတစ်ပါးအကျိုး ထိခိုက်တဲ့အလုပ်တွေကို စည်းမဲ့ကမ်းမဲ့လုပ်တာဟာ လွတ်လပ်မှုမဟုတ်ဘူး။ လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးအတွက် အကျိုးရှိတာကိုသိပြီး လုပ်နိုင်တဲ့သူဟာ လွတ်လပ်မှုရှိတဲ့သူ ဖြစ်တယ်။ တစ်ကိုယ်ကောင်းဆန်တဲ့သူဟာ လွတ်လပ်မှုမရှိတဲ့သူ လွတ်လပ်မှုနဲ့ မတန်တဲ့သူ ဖြစ်တယ်။

ဥပဒေဆိုတာ လွတ်လပ်မှုကို တားဆီးနေတဲ့အရာလို့ ဆိုနိုင်ပေမဲ့ ဥပဒေမရှိဘဲ လွတ်လပ်မှု မရှိနိုင်ဘူး။ စည်းကမ်းနဲ့ လွတ်လပ်မှု၊ တာဝန်နဲ့ လွတ်လပ်မှုတို့ဟာ တွဲနေတယ်။ ဥပဒေမရှိ စည်းကမ်းမရှိတဲ့ အသိုင်းအ၀ိုင်းမှာ လုံခြုံမှု မရှိဘူး။ လုံခြုံမှုမရှိရင်လည်း လွတ်လပ်မှု မရှိတော့ဘူး။ ကိုယ့်အိမ်ထဲကို ကိုယ်ခွင့်မပြုဘဲ ဘယ်သူမဆို ၀င်လာလို့ရရင် လုံခြုံမှု ရှိသေးသလား။ လွတ်လပ်မှု ရှိသေးသလား။

လွတ်လပ်မှုရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို နားလည်ဖို့ သိပ်အရေးကြီးပါတယ်။ အတ္တစိတ်ကလိုချင်တဲ့ လွတ်လပ်မှုက တစ်မျိုး၊ သတိနဲ့ဥာဏ်ပါတဲ့ အတ္တစွဲကင်းတဲ့စိတ်က လိုချင်တဲ့ လွတ်လပ်မှုက နောက်တစ်မျိုး။ အတ္တစွဲကင်းတဲ့လူက လိုချင်တဲ့ လွတ်လပ်မှုဟာ သူ့တစ်ယောက်တည်းအတွက် လိုချင်တဲ့ လွတ်လပ်မှု မဟုတ်ဘူး။ လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးအတွက် လိုချင်တဲ့ လွတ်လပ်မှုဖြစ်တယ်။

အတ္တစွဲကင်းတဲ့လူဟာ ကိုယ်ထင်ရာမလုပ်ဘူး။ နောက်ဖြစ်လာမယ့် အကျိုးဆက်တွေကို ထည့်စဉ်းစားတယ်။ အမြော်အမြင်ကြီးတဲ့အတွက် နိုင်ငံတစ်နိုင်ငံလုံးအတွက်ကော နောက်လာမယ့် ခေတ်အဆက်ဆက်အတွက်ကော ထည့်စဉ်းစားပြီး လုပ်သင့်တာကိုပဲ လုပ်မယ်။ သူတွေးတာက ငါတို့ဟာ လူ့အသိုင်းအ၀ိုင်းကြီးတစ်ခုလုံးရဲ့ အစိတ်အပိုင်း တစ်ခုပဲဖြစ်တယ်။

We exist as part of a community. We cannot afford to ignore those who went before, and those who will come after.

ငါတို့ဟာ အသိုင်းအ၀ိုင်းကြီးတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တို့ရှေ့က သွားတဲ့သူတွေနဲ့ တို့နောက်က လာမယ့်သူတွေကို အလေးမထားဘဲ နေလို့မဖြစ်ဘူး။

(ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ၏ အသက်ရှင်နေလျက် ဘ၀သေနေသူ စာအုပ်မှ ထုတ်နှုတ်ထားပါသည်။)

အပြည့်အစုံဖတ်ရန်

Wednesday, October 31, 2007

ညီစေ

တကောင်းအဆက် ဗဟိုမဟာအနွယ်တွေမို့
ဇောင်းထက်သလို ကဗျာသွယ်စေတော့
ဒေါင်းငှက်ဆို မြန်မာရယ်လို့
ကမ္ဘာအလယ်က သိကြပြီ။

ဒေါင်းခွပ်လျှင်နာ
ဒေါင်းတွန်ရင် သာပါလိမ့်
ပြည်မြန်မာ သည်နိမိတ်
ရှေးအတိတ်ဆီ။

သည်ရွှေပြည် အလှဆောင်းမယ်လို့
မြန်မာ့ဒေါင်း ညီလာခံတော့
သီတာရံ အနောက်တောဆီက
သဘောမတည် ငှက်တမန်တို့
မရှက်ပြန် အဖျက်ရန်အကြံမိုက်တွေနဲ့
အသိုက်ပြောင်း ဒေါင်းအသွင်ကြံဆောင်ကြသော်လည်း
ဟန်ဆောင်ဘ၀ တာမရှည်
(မာယာအလီလီနဲ့)
တစာစာမြည်လို့ လှည့်စားတုန်း။

အိုးဝေ ... အိုးဝေ ... ရယ်လို့
မျိုးအဆွေ တွန်သံနှောလေခိုက်
တောတစ်ဝိုက် သိမ့်တုန်ခါရော့
ညာတဲ့သူ အသံပြာနဲ့
တအာအာ ဘာသာစကားကိုက
မြန်မာနားမှာ မချိုစရာမို့
ဘယ်လိုလာ အရေခြုံနေလည်း
မြေတုန်အောင် အခါခါရှာလို့
မညှာတာ အပြီးတိုက်စို့ရဲ့
(ဟဲ့-)
ကျီးမိုက် ပြန်ဦး ။ ။

(၁၉၉၉ ခုနှစ်၊ စာပေဗိမာန် စာမူဆု၊ ကဗျာပေါင်းချုပ်၊ ပထမဆုရ ပြင်စည်အောင် (ခရာတော) ၏ သရပါအ၀င် ကဗျာများ စာအုပ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံဖတ်ရန်

Tuesday, October 30, 2007

Why God never received a PhD?

1. He had only one major publication.
2. It was in Hebrew.
3. It had no references.
4. It wasn't published in a refereed journal.
5. Some even doubt he wrote it by himself.
6. It may be true that he created the world, but what has he done since then?
7. His cooperative efforts have been quite limited.
8. The scientific community has had a hard time replicating his results.
9. He never applied to the ethics board for permission to use human subjects.
10. When one experiment went awry he tried to cover it by drowning his subjects.
11. When subjects didn't behave as predicted, he deleted them from the sample.
12. He rarely came to class, just told students to read the book.
13. Some say he had his son teach the class.
14. He expelled his first two students for learning.
15. Although there were only 10 requirements, most of his students failed his tests.
16. His office hours were infrequent and usually held on a mountain top.
17. No record of working well with colleagues.

Honor to thehappypersons.googlegroups.com

အပြည့်အစုံဖတ်ရန်

လူဦးရေပြဿနာ

နိုင်ငံရေးတွင် စိတ်ဝင်စားဖွယ်ရာအချက်များစွာ ရှိပါသည်။ စနစ်တကျ လေ့လာလုပ်ဆောင်လျှင် တိုင်းပြည်အကျိုးရှိဖွယ်၊ နမူနာယူဖွယ် အချက်များစွာရှိပါသည်။ လူဦးရေမှာ ပထ၀ီနိုင်ငံရေး (Geo-Politics) ၏ ပထမအချက်ကြီးတစ်ရပ်ဖြစ်ပါသည်။ ယင်းက နိုင်ငံရေးကို အကြီးအကျယ် လွှမ်းမိုးမှုရှိပေသည်။ လူဦးရေအခြေအနေ (Demographic Situation) ကို ထည့်မတွက်ဘဲ နိုင်ငံရေးလုပ်ဆောင်လျှင် အကျိုးမရှိ ဖြစ်နိုင်သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ လူဦးရေအခြေအနေနှင့် ပထ၀ီနိုင်ငံရေးကို လေ့လာလျှင် အလွန်ရင်လေးဖွယ် အချက်ကို တွေ့ရပေမည်။ မြန်မာနိုင်ငံမြောက်ဘက်တွင် လူဦးရေ သန်းပေါင်း ၁၀၀၀ ကျော်ရှိသည့် တရုတ်နိုင်ငံရှိပြီး၊ အနောက် ဘက်တွင် လူဦးရေ သန်းပေါင်း ၈၀၀ ကျော်ရှိ အိန္ဒိယနိုင်ငံရှိပေသည်။ အနောက်မြောက်မှ ဘင်္ဂလားဒေ့ရှ်သည်လည်း လူဦးရေ သန်းပေါင်း ၁၀၀ ကျော်နေပေပြီ။ ယင်းလူဦးရေထူထပ်လှသည့် နိုင်ငံကြီးသုံးနိုင်ငံကြားတွင် လူဦးရေ ၅၄ သန်း ကျော်မျှသာရှိသော မြန်မာနိုင်ငံအခြေအနေသည် မည်မျှရင်လေးဖွယ်ကောင်းပါသနည်း။

ထိုသို့သော လူဦးရေအခြေအနေတွင် မြန်မာလူမျိုးတို့၏ စရိုက်လက္ခဏာ (National Characteristic) ကို ထည့်တွက်လိုက်ပါက အခြေအနေမှာ အလွန်ဆိုးရွားလှသည်ကို တွေ့ကြရပေမည်။ မြန်မာလူမျိုးတို့သည် တစ်ဦးချင်း အလွန်လွတ်လွတ်လပ်လပ် နေလိုပြီး၊ မိမိသဘောအရသာ နေသွားလို၏ (Individualistic) )။ ထို့ကြောင့် ခိုင်မာ စွမ်းပကားရှိသည့် ခေါင်းဆောင်များ မရှိသည့်အခါ မြန်မာတို့သည် ညီညွတ်စည်းလုံးမှု လုံးဝမရှိဘဲ ၀ါးအစည်းပြေ သလို သူတစ်လူငါတစ်မင်းသာ နေထိုင်ခဲ့ကြသည်ကို တွေ့ရပါသည်။
ပုဂံခေတ်မှ ယခုအထိ တိုင်းပြည်စည်းလုံးညီညွတ်သည့် ကာလမှာ အလွန်နည်းပြီး ၀ါးအစည်းပြေသလို ဖြစ်ခဲ့သည်က များလေသည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗိုလ်ချုပ်အောင်ဆန်းတို့ကဲ့သို့ စွမ်းပကားရှိပြီး ခိုင်မာသည့် ခေါင်းဆောင်များ လက်ထက်တွင်သာ မြန်မာတို့ ရေပက်မ၀င်အောင် စည်းလုံးခဲ့လေသည်။ မြန်မာတို့ စည်းလုံးမိပြီ ဆိုလျှင်လည်း အရှေ့တောင်အာရှ ဖိန့်ဖိန့်တုန်ခဲ့သည်ချည်းဖြစ်၏။

သို့သော် ထိုသို့ စည်းလုံးခဲ့သည့်အချိန်မှာ အလွန်နည်းပါးလှပါဘိ။ အနော်ရထာ နန်းသက် (အေဒီ ၁၀၄၄-၁၀၇၇) ၃၃ နှစ်၊ ဘုရင့်နောင် နန်းသက် (အေဒီ ၁၅၅၀-၁၅၈၁) ၃၁ နှစ်၊ အလောင်းဘုရား နန်းသက် (အေဒီ ၁၇၅၂-၁၇၆၀) ၈ နှစ် နှင့် ဗိုလ်ချုပ်အောင်ဆန်း ၂ နှစ် (၁၉၄၅ ခုနှစ် စစ်ကြီးအပြီး ဗိုလ်ချုပ် နိုင်ငံရေးဦးဆောင်မှုပေးသည့် ကာလကိုသာ ရေတွက်ပါသည်။) စုစုပေါင်း ၇၄ နှစ်သာ မြန်မာတို့ စည်းစည်းလုံးလုံး ရှိခဲ့ကြလေသည်။ အနော်ရထာလက်ထက် ၁၀၄၄ မှစကာ ရေတွက်သော် ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသည်အထိ နှစ်ပေါင်း ၉၀၃ နှစ်တွင် ၇၄ နှစ်သာ မြန်မာတို့ စည်းစည်းလုံးလုံး ရှိခဲ့ကြလေသည်။ ၁၉၄၇ ခုနှစ်မှစကာ ယနေ့ထိ ကွဲခဲ့ပြဲခဲ့ကြသည်ကို ကိုယ်တွေ့ တွေ့ဖူး၊ ကြုံဖူးကြပြီး ဖြစ်ပေသည်။

ထို့ကြောင့် ယနေ့မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ ပထ၀ီနိုင်ငံရေးအခြေအနေအရ ကျွန်တော်တို့၏ အလိုအပ်ဆုံးအချက် မှာ စည်းလုံးညီညွတ်ရေးဖြစ်ပါသည်။ အစဉ်အလာအရ မြန်မာတို့ စည်းစည်းလုံးလုံး ရှိခဲ့ကြသည်မှာလည်း ခိုင်မာ စွမ်းပကားရှိသည့် ခေါင်းဆောင်များလက်ထက်တွင်သာ ဖြစ်ရကား ကျွန်တော်တို့ အလိုအပ်ဆုံးအချက်မှာ ခိုင်မာ စွမ်းပကားရှိသည့် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် ခေါင်းဆောင်မှုအောက်မှ တစ်မျိုးသားလုံး စည်းလုံးညီညွတ် မှုဟု ကောက်ချက်ချနိုင်မည် ဖြစ်ပေသည်။
နိုင်ငံကလည်းသေးငယ်၊ အချင်းချင်းလည်း မညီမညွတ်ဖြစ်နေလျှင်၊ ထို့ပြင် ယင်းနိုင်ငံငယ်နှင့် အိမ်နီးချင်းနိုင်ငံသည် နိုင်ငံကြီးတစ်ခုဖြစ်နေပါက ယင်းနိုင်ငံငယ် သေဖို့သာပြင်ပေတော့။ နိုင်ငံကြီးများအလယ်တွင် ကြားညှပ်နေသည့် မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီမှစကာ ယခုထိ အတောမသတ် အချင်းချင်း ကွဲပြဲတိုက်ခိုက်လာကြသည်ကို နှောင်းခေတ်သမိုင်းဆရာတို့က မည်သို့ သုံးသပ်ရေးသားကြမည် ထင်သနည်း။

ယင်းမှာ နိုင်ငံငယ်များအတွက် သမိုင်းက ပေးသည့် အရေးအကြီးဆုံး သင်ခန်းစာပင် ဖြစ်ပါသည်။

ပိုလန်ကိုကြည့်ပါ။ အချင်းချင်း သူတစ်လူ ငါတစ်မင်း မညီညွတ်ကြသောကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ရုရှား၊ ပရပ်ရှားနှင့် သြစတြီးယားတို့က ပိုလန်ကို သားတစ်သဖွယ် အပိုင်းပိုင်းလှီးဖြတ်ကာ ခွဲဝေယူခြင်း အကြိမ်ကြိမ် ခံခဲ့ရလေသည် (Partitions of Poland) ။ ဒုတိယကမ္ဘာစစ်အတွင်းကပင် ရုရှားနှင့် ဂျာမနီတို့က လက်ဝါးချင်းရိုက်ကာ ပိုလန်ကို တစ်ပိုင်းစီ ခွဲစိတ်ယူခဲ့ကြပါသေးသည်။
နိုင်ငံသေးငယ်တိုင်း သူများစော်ကားခံရသည်တော့မဟုတ်ပေ။ နိုင်ငံလေးများအတွက် သူများ အစော်ကားမခံရစေရန် မရှိမဖြစ် လိုအပ်ချက်မှာ စည်းလုံးညီညွတ်ရေးနှင့် စစ်ရေးပြင်ဆင်ပြီးဖြစ်မှုတို့ဖြစ်ပါသည်။ အစ္စရေးနှင့် ဆွစ်ဇာလန်တို့မှာ နိုင်ငံငယ်များအတွက် အကောင်းဆုံးသာဓကများ ဖြစ်ပေသည်။

အစ္စရေးလူဦးရေမှာ သုံးသန်းမျှသာဖြစ်၏။ ရန်သူအာရပ်နိုင်ငံအားလုံး လူဦးရေနှင့်နှိုင်းလျှင် ၂၀ ပုံ ၁ ပုံပင်မရှိချေ။ သို့သော် အစ္စရေးကို မည်သူကမျှ မစော်ကားရဲ။ အစ္စရေးစတင်တည်ထောင်ခဲ့သည့် ၁၉၄၈ ခုနှစ်မှ ယနေ့ထိ အာရပ်များနှင့် စစ်သုံးကြိမ်ဖြစ်ခဲ့ရာ စစ်ဖြစ်တိုင်း အစ္စရေးကသာ အနိုင်ရခဲ့သည်ချည်း ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံသည် သေးငယ်လှသော်လည်း ဒီမိုကရေစီကို အလွန်မြတ်နိုးသည့်နိုင်ငံဖြစ်၏။ ဘက်မလိုက်သည်မှာ လည်း တကယ်ဒင်ဒင်မြည် ဘက်မလိုက်နိုင်ငံဖြစ်လေသည်။ မကြာသေးမီ အချိန်လေးအထိ ဆွစ်ဇာလန်သည် ကုလသမဂ္ဂကိုပင် အဖွဲ့ဝင်အဖြစ် မ၀င်ခဲ့ဘဲ သီးခြားရပ်တည်ခဲ့သည့်နိုင်ငံ ဖြစ်လေသည်။

နှစ်နိုင်ငံစလုံးသည် သေးငယ်စေကာမူ စစ်ရေးတွင် ဒင်ဒင်မြည် ထိပ်ထိပ်ကြဲများဖြစ်သောကြောင့် မည်သူ့ အစော်ကားမျှ မခံခဲ့ရခြင်းဖြစ်လေသည်။ သည်နှစ်နိုင်ငံလုံးနှင့် မြန်မာနိုင်ငံ နှိုင်းယှဉ်ကြည့်လျှင် သယံဇာတ ပေါကြွယ်ဝသည့်နေရာတွင် မြန်မာက ထိပ်တန်းကဖြစ်ပါသည်။ မြန်မာတို့သည်သာ စည်းလုံးညီညွတ်စွာဖြင့် သယံဇာတအရင်းအမြစ်များကို စီးပွားရေး တကယ်နားလည်သူများနှင့် စနစ်တကျ ထုတ်ယူသုံးစွဲလိုက်လျှင် မြန်မာတို့ အာရှတွင် နှစ်ပေါင်းသုံးဆယ် အတွင်း ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့၏ နိုင်ငံရေးခေါင်းဆောင်များ ပထ၀ီနိုင်ငံရေး (အထူးသဖြင့်) မြန်မာနိုင်ငံ၏ လူဦးရေအခြေအနေကို ရှေ့တန်းတင် စဉ်းစားကြပြီး ညီညွတ်ရေးတည်ဆောက်ရန် အချိန်တန်ပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

(သောင်းထိုက်၏ ပထ၀ီနိုင်ငံရေးစာအုပ်မှ ထုတ်နှုတ်ထားပါသည်။)

Technorati technorati tags: , , ,

အပြည့်အစုံဖတ်ရန်

Monday, October 29, 2007

ကိုယ်ချင်းစာတတ်ကြပါ


ဒီသတင်းလေးကို အောက်တိုဘာ ၂၆ ရက်ထုတ် လျှပ်တစ်ပြက်ဂျာနယ်မှာ တွေ့လိုက်ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီမင်းသမီးတွေဟာလည်း မြန်မာမိန်းကလေးတွေပါပဲ။ ဗုဒ္ဓဘာသာဝင် တွေပါပဲ။ ကိုယ့်ရဲ့နှမသားချင်း အရွယ်တွေလည်း ဖြစ်ပါတယ်။ ကိုယ်ချင်းစာပြီး စောင့်ရှောက်ပေးသင့်ပါတယ်။ အခုဖြစ်ပုံက စိတ်မကောင်းစရာလည်း ကောင်းပါတယ်။ အခုနှစ်ပိုင်းအတွင်းမှာ ဒီလိုအဖြစ်အပျက်တွေ တော်တော်တွေ့နေ၊ မြင်နေ၊ ကြားနေရပါတယ်။ နည်းပညာတွေ တိုးတက် လာတာ မိန်းကလေးတွေအတွက် ထိတ်လန့်စရာလိုဖြစ်နေပါတယ်။ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးမြင့်သိန်းဖေကလည်း ဒီခေတ် နည်းပညာတွေက ကြောက်ဖို့ကောင်းကြောင်း၊ ဘယ်သူမှ သိပ်မလုံခြုံတော့သလိုဖြစ်နေကြောင်း အင်တာဗျူး တစ်ခုမှာ ပြောထားတာတွေ့ရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၃၊ ၄ နှစ်လောက်ကတည်းကစပြီး မသမာသူတွေက လုပ်နေကြ တာပါ။ ဥက္ကဌအနေနဲ့ ကိုယ့်သားသမီး၊ ကိုယ့်မောင်နှမလို ကိုယ်ချင်းစာပေးသင့်ကြောင်း၊ အခုလိုလုပ်ခြင်းဖြင့် လုပ်သူ အတွက်လည်း အကျိုးမရှိကြောင်း၊ ခံလိုက်ရတဲ့ သူတွေအတွက် ထည့်ပြီးစဉ်းစားရင်ပဲဖြစ်ဖြစ် မြန်မာဆိုတဲ့စိတ်ဓါတ်နဲ့ စဉ်းစားရင်ပဲဖြစ်ဖြစ် အင်မတန်ဆိုးရွားတဲ့ဆောင်ရွက်မှုတွေဖြစ်ကြောင်း၊ နည်းပညာကို အသုံးချပြီး ကိုယ်နဲ့တည့်လို့ဖြစ် စေ၊ မတည့်လို့ဖြစ်စေ၊ လက်တည့်စမ်းတာပဲဖြစ်စေ မလုပ်သင့်ကြောင်း ပြောထားတာတွေ့ရပါတယ်။

ကျွန်တော့်အနေနဲ့လည်း အခုလိုလုပ်ရပ်တွေကို စိတ်မကောင်းပါဘူး။ ဒီကိစ္စတွေဟာ အမှန်တကယ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပုဂ္ဂိုလ်ရေးကိုထိပါးတဲ့အတွက် မလုပ်သင့်တဲ့ဟာပါ။ ဥပဒေကြောင်းအရလည်း အသရေဖျက်မှုနဲ့ တရားစွဲလို့ရနိုင်ပါတယ်။ ဗုဒ္ဓဘာသာအမြင်နဲ့ဘဲ ကြည့်ကြရအောင်။ ဗုဒ္ဓဘာသာဝင်တွေ ရှောင်ကြဉ်အပ်တဲ့ ဒုစရိုက် ဆယ်ပါးရှိပါတယ်။ အဲဒီအထဲက ကာယဒုစရိုက် ၃ ပါးထဲမှာ သူတစ်ပါးသားမယားကို ပြစ်မှားခြင်းဆိုတဲ့ ကာမေသု မိစ္ဆာစာရကံဆိုတာ ပါ}ပါတယ်။ သူတစ်ပါးသားမယားကို ပြစ်မှားတယ်ဆိုတာ ကိုယ်ထိလက်ရောက်၊ ကိုယ်ဖိရင်ဖိ ပြစ်မှားကျူးလွန်တာကိုပဲဆိုလိုတာ မဟုတ်ပါဘူး။ ကာယကံ၊ ၀စီကံ၊ မနောကံ ဘာနဲ့မှ မပြစ်မှားအပ်ဘူးလို့ ဆိုလိုတာ ပါ။ အခုလုပ်ရပ်က ကာယကံမြောက်မထိပါးပေမယ့် ဒီလူတွေကို အထင်မှားစေဆိုတဲ့ မနောကံနဲ့ ဒီလူ ဒီလူတွေပေါ့လို့ ပြောဆိုတဲ့ ၀စီကံ နှစ်ခုမြောက်ပါတယ်။ ကာမေသုမိစ္ဆာစာရကံရဲ့ အကျိုးပေးပုံက ဘေးရန်အန္တရာယ် များပြားခြင်း၊ လူမုန်းများခြင်း၊ နှစ်သက်ဖွယ်မရှိတဲ့ လင် သို့မဟုတ် မယားနဲ့ ဆက်ဆံပေါင်းသင်းရခြင်းတို့ဖြစ်ပါတယ်။ ဒါကြောင့် ပြုလုပ်တဲ့သူတွေအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်သင့်ပါတယ်။ မိန်းကလေးဖက်က သဘောတူကြည်ဖြူရင်တော့ တစ်မျိုးပေါ့လေ။ အဲဒီလိုမိန်းကလေးလည်း ရှိမယ်တော့မထင်ပါဘူး။ ငွေကြေးနဲ့ တခြားတစ်စုံတစ်ရာအတွက် လုပ်တဲ့သူ တွေ ရှိရင်လည်းရှိလိမ့်မပေါ့။ ကာယကံရှင် သဘောတူကြည်ဖြူမှုမရှိဘဲ၊ ဟုတ်မှန်တာလည်းမဟုတ်ဘဲ အခုလိုလုပ်တဲ့ လုပ်ရပ်ကတော့ လူမှုရေး၊ ဘာသာရေးနဲ့ ဥပဒေရေး ဘယ်ဘက်ကမှ လက်ခံနိုင်စရာမရှိပါဘူး။ ကျွန်တော်ကတော့ ကန့်ကွက်ချင်ပါတယ်။

အပြည့်အစုံဖတ်ရန်

Thursday, October 18, 2007

အမျိုးသားစုစည်းမှု

ယနေ့ ဖွံ့ဖြိုးဆဲနိုင်ငံအများစုကြီး၏ ဆင်းရဲမွဲတေမှုသည် မရှိ၍ ဆင်းရဲသည်ထက် မသိ၍ ဆင်းရဲရသည်ဟု ဆိုပါက ပို၍ မှန်ကန်ပေလိမ့်မည်။ နိုင်ငံများတွင် ရုပ်ဝတ္ထုအရင်းအမြစ်များနှင့် လူသားအရင်းအမြစ်များ မရှိမဟုတ်ဘဲ ရှိနေသည်များကို မည်သို့ ထိရောက်စွာ အသုံးပြုရမည်ကိုမသိ ဆင်းရဲနေရခြင်းဖြစ်ပေသည်။ ထို့ကြောင့်လည်း လက်တင်အမေရိက နိုင်ငံတစ်နိုင်ငံမှ စီးပွားရေးပညာရှင်တစ်ဦးက ကျွန်ုပ်တို့သည် အလားအလာကောင်းသော ရွှေတွင်းကြီးပေါ်တွင် ထိုင်ပြီး ငတ်နေကြသူများဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပေသည်။
နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာအကြောင်းအရာများကို လေ့လာသူများမှာ အများအားဖြင့် စီးပွားရေးပညာရှင်များ အထူးသဖြင့် ဖွံ့ဖြိုးရေး ဘောဂဗေဒပညာရှင်များ (Development Economists)ဖြစ်ကြသော်လည်း ယင်းတို့ သည် လေ့လာရင်းဖြင့်ပင် မိမိတို့ ပညာရပ်နယ်ပယ် သတ်မှတ်ချက်ဘောင်တွင် အကျုံးမ၀င်သော အကြောင်းအရာများ နှင့်ပါ ထိပ်တိုက်တိုးမိခဲ့ကြသည်။
ယနေ့ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အခွင့်အလမ်းမသာဖွယ်ရာအခြေအနေမှာ ယင်းနိုင်ငံများ၏ ပကတိအခြေအနေ အရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်တားဆီးထားသည့် အကြောင်းတရားများအနက် စီးပွားရေးနှင့်တိုက်ရိုက် မသက်ဆိုင်သော အကြောင်းတရားများက စီးပွားရေးနှင့် တိုက်ရိုက်သက်ဆိုင်သော အကြောင်းတရားများထက် ပိုမို အရေးပါ ပိုမိုလည်း ကျော်လွှားရန်ခက်ခဲသော အကြောင်းတရားများအဖြစ် တည်ရှိနေခြင်းပင်ဖြစ်သည်။
အမျိုးသားစည်းလုံးညီညွတ်မှု (National Unity) နှင့် အမျိုးသားစုစည်းမှု (National Integratoin) ဟူသော ဝေါဟာရနှစ်ရပ်၏ အဓိပ္ပါယ်သည် များစွာ ကွာခြားပေသည်။ အမျိုးသားစုစည်းမှုသည် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် စီးပွားရေးနှင့် တိုက်ရိုက်မသက်ဆိုင်သော အကြောင်းတရားများအနက် တစ်ခုအပါအ၀င်ဖြစ်သည်။ ခေါင်းဆောင်မှုအတွင်း၊ ခေါင်းဆောင်နှင့် ပြည်သူလူထုအတွင်း နှင့် ပြည်သူလူထုအချင်းချင်းအတွင်း အပြန်အလှန် နားလည်လက်ခံမှုနှင့် အသိအမှတ်ပြုမှုတို့ အားနည်းခြင်းနှင့် ပြည်သူ တို့၏ လူမှုရေးစည်းကမ်းထိန်းသိမ်းမှု အားနည်းခြင်းတို့သည်လည်း အမျိုးသားစုစည်းမှုအားနည်းခြင်း၏ သဘော လက္ခဏာများအဖြစ်ရှိနေပေသည်။ ယင်းသို့ အမျိုးသားစုစည်းမှုအားနည်းခြင်းသည် ယင်းနိုင်ငံများကို မဖွံ့ဖြိုးမတိုးတက် အောင် တားဆီးထားသည့် အဓိကအကြောင်းတစ်ရပ်ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ဖော်ပြခဲ့သည်။
အမျိုးသားစုစည်းမှုသည် ရုပ်ပိုင်းဆိုင်ရာအခြေအနေထက် စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် ပိုမိုသက်ဆိုင်ပေသည်။ နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်နေခြင်းသည် တိုင်းရင်းသားအားလုံး၏ သဘောထား အယူအဆနှင့် အတွေးအမြင်များ ညီညွတ်နေခြင်းကို ဖော်ပြသည့်အခြင်းအရာပင်ဖြစ်သည်။ ထို့အတူ ခေါင်းဆောင်မှု အတွင်း ညီညွတ်မှု၊ ခေါင်းဆောင်နှင့် ပြည်သူအကြားညီညွတ်မှုနှင့် ပြည်သူအချင်းချင်းတို့၏ ညီညွတ်မှုများသည်လည်း အပြန်အလှန် နားလည်မှုနှင့် အသိအမှတ်ပြုမှုဟူသော စိတ်ပိုင်းဆိုင်ရာ အခြင်းအရာများပင်ဖြစ်ပေသည်။ ပြည်သူတို့၏ တရားဥပဒေကို ရိုသေလေးစားမှုနှင့် လူမှုရေး စည်းကမ်းထိန်းသိမ်းမှုတို့မှာလည်း လူတို့၏ သဘောထားပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများပင်ဖြစ်သည်။ သို့ဖြစ်၍ အချို့ပညာရှင်များက အမျိုးသားစုစည်းမှုကို စိတ်ပိုင်းဆိုင်ရာ စုစည်းမှု (
Emotional Integration) ဟု အမည်ပေးခဲ့ခြင်းဖြစ်ပေသည်။
အမျိုးသားစုစည်းမှုဟုဆိုရာတွင် လူ့အဖွဲ့အစည်းတစ်ရပ်၊ နိုင်ငံတစ်နိုင်ငံတွင်အကွဲကွဲအပြားပြားဖြစ်နေသော အခြေအနေများကို တစ်လုံးတစ်စည်းတည်းသဘောဖြစ်အောင် စုစည်းခြင်း၊ တစ်နည်းအားဖြင့် သေးငယ်သော လူ့အဖွဲ့ အစည်းများကို ခေတ်မီနိုင်ငံတစ်ခု၏ ဥပဓိရုပ်ပေါ်လွင်သော အနေအထားမျိုးသို့ရောက်အောင် စုစည်းတည်ဆောက်ခြင်း ပင်ဖြစ်သည်။
နိုင်ငံ၏အချုပ်အချာအာဏာသည် တစ်နိုင်ငံလုံးသို့ လွှမ်းခြုံပျံ့နှံ့မှုအားနည်းပါက အစိုးရ၏အာဏာသည် ထိရောက် ထက်မြက်မည်မဟုတ်ပေ။ ထိုအခါ ပြည်သူလူထုအတွင်း တရားဥပဒေစိုးမိုးရေးမှာလည်း အားနည်းလာမည် ဖြစ်ပေသည်။ ထိုသို့သော အခြေအနေရှိလာပါက ပြည်သူတစ်ဦးချင်း၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် တရားဥပဒေ ဘောင်အတွင်းမှ လုပ်ကိုင်ဆောင်ရွက်နေသည်ထက် တစ်ဦးချင်း၏စိတ်ဆန္ဒနှင့် အကျိုးစီးပွားပေါ်တွင်သာ အခြေခံ လှုပ်ရှားနေခြင်း ဖြစ်ပေလိမ့်မည်။ ထို့အတူ ခေါင်းဆောင်သူအချင်းချင်း၊ ခေါင်းဆောင်နှင့် ပြည်သူလူထု၊ ပြည်သူ လူထုအချင်းချင်း စသူတို့ အပြန်အလှန်နားလည်မှုနှင့် လက်ခံအသိအမှတ်ပြုမှုများ အားနည်းပါက အချင်းချင်း ပြဿနာ များကို ဖြေရှင်းရင်းဖြင့် အချိန်ကုန်ပြီး မည်သည့်အမျိုးသားရေးလုပ်ငန်းတာဝန်ကိုမျှ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။
အမျိုးသားစုစည်းမှုအားကောင်းသော နိုင်ငံတစ်ခုသည် သိပ်သည်းကျစ်လျစ်ပြီး တစ်လုံးတစ်စည်းတည်းသဘော ကို ဆောင်ယူနေသဖြင့် တည်ငြိမ်ခန့်ညားသော ဥပဓိရုပ် ပေါ်လွင်ထင်ရှားနေတတ်ပေသည်။ သိပ်သည်းခြင်းသည် ကျစ်လျစ်မှုကိုဖြစ်စေပြီး ကျစ်လျစ်မှုက ခိုင်မာအားကောင်းမှုကို ဖြစ်စေပြန်ရာ ယင်းသို့သော နိုင်ငံများ၏ အတွင်းအား များသည် ပြည့်ဖြိုးနေတတ်သည်ဟုဆိုပေသည်။ အတွင်းအားများ ပြည့်ဖြိုးနေသည့် နိုင်ငံတစ်ခုသည် မည်သည့် အခက်အခဲကိုမဆို ကျော်လွှားနိုင်ပြီး မည်သည့်အမျိုးသားရေးတာဝန်ကိုမဆို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက် နိုင်ပေသည်။ သို့ဖြစ်ရာ ယင်းနိုင်ငံမျိုးသည် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းသည့်နိုင်ငံမျိုးပင်ဖြစ်ပေသည်။

(စိုးတင်ဝင်း(ဘဏ်)ရေးသားသော နိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနည်းလမ်းများစာအုပ်၏ အမျိုးသားစုစည်း မှုအခန်းမှ ကောက်နှုတ်ရေးသားထားပါသည်။)

Technorati technorati tags: , ,

အပြည့်အစုံဖတ်ရန်

Tuesday, October 16, 2007

လူ့အဖွဲ့အစည်းတစ်ရပ်အတွက် အိုင်ဒီယာ (၁၀) ခု

ပထ၀ီဒေသတစ်ခုကို အတူမျှဝေနေထိုင်တဲ့လူတွေဟာ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ကိုဖြစ်လာ ရမယ်။ မဖြစ်ခဲ့ရင်တော့ ဒါဟာ အပိုင်းပိုင်းအမွှာမွှာ ပြိုကွဲခြင်းဆီ ဦးတည်နေမှာပါပဲ။ ကျွန်တော်တို့ ဟာ ပထ၀ီဒေသတစ်ခုထဲမှာ မျှဝေနေထိုင်တဲ့အခါ ဘာသာစကားလည်း မျှဝေရမယ်၊ ယဉ်ကျေးမှု လည်း မျှဝေရမယ်။ စံနှုန်းတွေ တန်ဖိုးတွေလည်း မျှဝေရပါလိမ့်မယ်။ နားလည်ထားဖို့က ကျွန်တော် တို့အားလုံးဟာ ကံကြမ္မာကိုပါ မျှဝေခံစားနေရတယ်ဆိုတာပါပဲ။ ကျွန်တော်ရဲ့ကြမ္မာဟာ ခင်ဗျားရဲ့ ကြမ္မာနဲ့ ပူးတွဲချည်နှောင်ထားပြီးသားပါ။ ပြောရရင်တော့ တစ်လှေတည်းစီး ခရီးသည်တွေမို့ "ခင်ဗျား ဘက်ကလှေတော့ နစ်တော့မယ်..." လို့ ပြောလို့မရသလိုပါပဲ။ ဒါကြောင့် ခင်ဗျားတို့ကိုဝေမျှချင်တာက ကိုယ်ကိုယ်တိုင်ရဲ့ လူမှုပတ်ဝန်းကျင်တစ်ခု အသစ်ပြင်ဆင်ဖို့ တိုးချဲ့ဖို့ လိုအပ်တဲ့ ဆောက်လုပ်ရေး အုတ်မြစ် (၁၀) ခု အကြောင်းပါပဲ။ အရည်အချင်းရှိတဲ့ လူမှုပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတစ်ခု အတွက် အိုင်ဒီယာ (၁၀) ခုဆိုပါစို့။

အိုင်ဒီယာ အမှတ် (၁)
လူ့အဖွဲ့အစည်းကို လွှဲပြောင်းပစ္စည်းတစ်ခုအဖြစ် မယူဆပါနဲ့။ လူ့အဖွဲ့အစည်းကို ထာဝရ ပြန်လည်တည်ဆောက်ပြီး ပြန်လည်ဆန်းသစ်နေရမှာဖြစ်ပါတယ်။ အောင်မြင်တဲ့ နိုင်ငံတွေ၊ လူ့အဖွဲ့ အစည်းတွေဟာ ဒီအတိုင်းဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ သီးသန့်အာရုံစူးစိုက်မှုတွေ၊ အနစ်နာခံမှုတွေ၊ အလုပ်ကြိုးစားမှုတွေနဲ့ တည်ဆောက်ခဲ့ရတာပါ။ တစ်ယောက်ကိုတစ်ယောက် ကူညီစောင့်ရှောက်မှုတွေ အတူတွဲဖက်လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ တည်ဆောက်ခဲ့ရတာပါ။
ကျွန်တော်တို့ ဘော့စနီးယားမှာလို အပိုင်းပိုင်းအစစတွေ ဖန်တီးကြမလား၊ ဒါမှမဟုတ် လူ့အဖွဲ့ အစည်းတစ်ရပ် ဖန်တီးကြမလားဆိုတာ ကျွန်တော်တို့အပေါ်မှာဘဲ မူတည်နေပါတယ်။

အိုင်ဒီယာ အမှတ် (၂)
ကြီးမြတ်တဲ့လူ့အဖွဲ့အစည်းဟာ ကြီးမြတ်တဲ့ ခေါင်းဆောင်တွေလိုတာ မှန်ပါတယ်။ ဒါပေမယ့် ကြီးမြတ်တဲ့ ပြည်သူတွေလည်းလိုပါတယ်။ အရည်အသွေးရှိတဲ့ လူ့အဖွဲ့အစည်းဟာ ခေါင်းဆောင် လမ်းပြထက် အရည်အသွေးရှိတဲ့ ပြည်သူပြည်သားတွေပိုလိုပါတယ်။ လူ့အဖွဲ့အစည်းတည်ဆောက်ဖို့ ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့အိမ်နီးချင်းကို ချစ်ခင်ဖို့မလိုပါဘူး။ ဒါပေမယ့် အိမ်နီးချင်းတွေကို ကြောက်ရွံ့မနေရဖို့တော့လိုပါတယ်။ အဓိပ္ပါယ်ကတော့ လူ့အဖွဲ့အစည်းတစ်ခုမှာ အတိုင်းအတာတစ်ခု အထိ ယုံကြည်စိတ်ချဖို့လိုပါတယ်။

အိုင်ဒီယာ အမှတ် (၃)
လူ့အဖွဲ့အစည်းတစ်ခုဟာ ခံနိုင်ရည်သတ္တိကို မွေးရမယ်။ လွတ်လပ်ခွင့်နဲ့ လူမှုရေး အစီအမံတွေ ဟန်ချက်ညီဖို့၊ ရပိုင်ခွင့်တွေနဲ့ တာဝန်သိမှုတွေ ဟန်ချက်ညီဖို့၊ အလိုအလျောက်ဖြစ်မှုနဲ့ ဖွဲ့စည်းတည် ဆောက်မှုတွေ လိုအပ်ပါတယ်။
ခင်ဗျား သမ္မာကျမ်းစာကို ဖတ်ခွင့်ရှိတယ်။ ကိုရမ်ကျမ်းစာကို ဖတ်ခွင့်ရှိတယ်။ ဒါပေမယ့် တခြားလူတွေကို အတင်းအကျပ်ဖတ်ခိုင်းခွင့်မရှိပါဘူး။ ကျွန်တော်တို့ဟာ ဘယ်သူ့စိတ်ကူးစိတ်သန်း ကိုမဆို သည်းခံနိုင်ကြပါတယ်။ လူမှုအဖွဲ့အစည်းဟာ ငြင်းခုံလျှောက်လဲမှုတွေနဲ့ ရှင်သန်နေရမှာပေါ့။ ဒါပေမယ့် အဲဒီစိတ်ကူးစိတ်သန်းတွေကို အများပြည်သူတွေကို အတင်းအကြပ် ယုံကြည်မခိုင်းသင့်ပါ။
ဘာသာအယူအရ ကိုယ့်ကိုယ်ထဲကို သွေးသွင်းခံဖို့ ငြင်းပယ်ခွင့်ရှိပါတယ်။ ဆေးဝါးကုသမှု ကိုတောင် ငြင်းပယ်ခွင့်ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့သားသမီးတွေအတွက် သွေးသွင်းခံခွင့်၊ ဆေးဝါး ကုသခံခွင့်ကို သူတို့က ငြင်းပယ်မှာကိုတော့ ကျွန်တော်တို့သည်းမခံသင့်ပါဘူး။

အိုင်ဒီယာ အမှတ် (၄)
လူ့အဖွဲ့အစည်းဆိုတာ ဂျိုးဇက်ရဲ့ကုတ်အင်္ကျီလို အရောင်အသွေး အယူဝါဒ အမျိုးစုံရှိနေနိုင် ပါတယ်။ ဒါပေမယ့် မတူခြားနားမှုတွေကနည်းပြီး တူညီတဲ့အရာတွေကသာ ပိုများသင့်တယ်။ လူမျိုး ကွဲပြားစုံလင်မှုဟာ အားရကြည်နူးစရာပါ။ ဒါပေမယ့် ပေါင်းစည်းညီညွတ်မှုက ပိုပြီး စိတ်တက်ကြွ ကျေနပ်ဖို့ကောင်းပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ လူတွေကို ခြားနားထားတဲ့အရာတွေထက် အသွေးတူ အဆင်တူ တူညီနေမှုကို ပိုလိုအပ်ပါတယ်။
လူ့အဖွဲ့အစည်းတစ်ခုဖြစ်အောင်ကပ်ပေးဖို့ ကော် (Social Glue) ကို မှန်မှန်ကန်ကန်ရွေးပြီး အသုံးမပြုနိုင်ခဲ့ရင် ကျွန်တော်တို့အားလုံး ဖရိုဖရဲပြန့်ကျဲနေရပါလိမ့်မယ်။ ကျွန်တော်တို့တည်ဆောက် ထားတဲ့ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံရဲ့ လူ့အဖွဲ့အစည်းစမ်းသက်ချက် အောင်မြင်ခဲ့တာဟာ သည်းခံနိုင်မှုစွမ်းရည်ကြောင့်မဟုတ်ပါဘူး။ စိုးမိုးဦးဆောင်နိုင်မှုစွမ်းရည်ကြောင့်ပါ။

အိုင်ဒီယာ အမှတ် (၅)
အရည်အသွေးရှိတဲ့ လူ့အဖွဲ့အစည်းဆိုတာ သူ့ပြည်သူပြည်သားတွေအတွက် အလှအပ၊ စိတ်အပန်းဖြေမှုနဲ့ ကျယ်လွင့်ငြိမ်းအေးမှု၊ စိတ်ညွတ်ပြောင်းမှုကို ပေးစွမ်းနိုင်ရပါမယ်။ ဒါမှ အဲဒီကနေ ခွန်အားတွေ ရလာမှာပါ။

အိုင်ဒီယာ အမှတ် (၆)
လူမှုအဖွဲ့အစည်းဆိုတာ နောင်လာနောက်သားကို အလေးထားရတယ်။ အရှေ့အလယ်ပိုင်းက စကားပုံတစ်ခုရှိပါတယ်။ လူတစ်ယောက် အသိဥာဏ်ကြွယ်ဝပညာရှိမှုဟာ သူဘယ်တော့မှ အဲဒီ အရိပ်အောက်မှာ ထိုင်ရမှာမဟုတ်မှန်းသိရက်နဲ့ သစ်ပင်တစ်ပင်ကို စိုက်ပျိုးတဲ့အခါမှာ စတာပါပဲ...တဲ့။ ဘုရားရေ...ကျွန်တော်တို့မျိုးဆက်ကတော့ ကျွန်တော်တို့အမွေဆက်ခံရရှိတဲ့ အရိပ်ရသစ်ပင်တွေကို ဖြတ်တောက် ခုတ်လှဲနေကြပါပြီ။

အိုင်ဒီယာ အမှတ်(၇)
လူ့အဖွဲ့အစည်းဟာ လူမှုဆိုင်ရာမြို့တော်ကြီးဖြစ်နေရပါမယ်။ အဲဒီမှာ လူတွေဟာ အလုပ်အတူ လုပ်ရုံမျှမက ပြဿနာတွေကို အတူဖြေရှင်းရမယ်။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်စိတ်ချတဲ့ အလေ့အထရှိရမယ်။

အိုင်ဒီယာ အမှတ်(၈)
လူ့အဖွဲ့အစည်းတစ်ခုဟာ ယဉ်ကျေးမှုကို အတူမျှဝေရမယ်။ ဘာသာစကားကို အတူမျှဝေ ရမယ်။ ပိုင်ဆိုင်မှုအသိ၊ အာရုံစူးစိုက်မှုအသိ၊ တာဝန်ယူမှုအသိတွေဟာ လူ့အဖွဲ့အစည်းဝင် လူသား တွေဟာ ပန်းတိုင်တွေ၊ တန်ဖိုးတွေ၊ ရည်ရွယ်ချက်တွေ တူညီရပါလိမ့်မယ်။

အိုင်ဒီယာ အမှတ်(၉)
ခင်ဗျားအနေနဲ့ လူ့အဖွဲ့အစည်းက ခင်ဗျားကို ဘာလုပ်ပေးရမယ်လို့ မတောင်းဆိုအပ်ပါဘူး။ လူ့အဖွဲ့ အစည်းအပေါ် ခင်ဗျား ဘာလုပ်ပေးနိုင်သလဲ... လို့ပဲ ကိုယ့်ကိုယ်ကိုတောင်းဆိုရမယ်။
ဆောဘဲလိုးက ပြောပါတယ်။ အမေရိကားကို 'လွတ်လပ်ခွင့်တွေပိုလျှံလွန်းမှု' က ခြိမ်းခြောက် နေတာ၊ ရုရှကိုတော့ လွတ်လပ်ခွင့်ဆိတ်သုဉ်းမှုက ခြိမ်းခြောက်နေတာ...တဲ့။

အိုင်ဒီယာ အမှတ်(၁၀)
ဆယ်ခုမြောက်အိုင်ဒီယာကိုတော့ ကျွန်တော်မပြောတော့ပါဘူး။ ခင်ဗျားကိုယ်တိုင် အိုင်ဒီယာ တစ်ခု တည်ထောင်ယူရမှာပါ။
ကျွန်တော်တို့လူ့အဖွဲ့အစည်းဖြစ်ဖို့ ဘာတွေလိုအပ်သေးသလဲ။ ကျွန်တော်တို့အားလုံးရဲ့ တွေးခေါ်မှုတွေ လိုအပ်တယ်ဆိုတာ အရေးတကြီးထင်ရှားနေပါတယ်။
လူ့အဖွဲ့အစည်းတစ်ရပ်ဟာ စီးပွားရေးအခြေခိုင်ဖို့လိုတယ်ဆိုတာ အသေအချာပေါ့။ အရင်းရှင် စနစ်ကိုရော ဒီမိုကရေစီကိုရော ကျွန်တော်ယုံကြည်ပါတယ်။ ဒီစနစ်တွေအောက်မှာ တည်ဆောက်ဖို့ ပိုလွယ်မယ်ထင်ပါတယ်။ ဒါပေမယ့် ချမ်းသာခြင်းတစ်ခုတည်းနဲ့တော့ လူမှုပတ်ဝန်းကျင်ကို တည် ဆောက်နိုင်မှာမဟုတ်ပါ။ တစ်ယောက်နဲ့တစ်ယောက် အစေးမကပ် မပေါင်းစပ်တဲ့ တစ်သီးတစ်သန့် လူချမ်းသာတွေနဲ့တော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဆက်ပြီး တွေးခေါ် ဆင်ခြင်ရလိမ့်မယ်။
အခြေအနေသစ်တွေဟာ တာဝန်အသစ်တွေအကြောင်း သင်ကြားပေးတယ်...တဲ့။

(Eleven News Vol: 1/N0:41, 1-10-2002 တွင်ဖော်ပြခဲ့သော ဂျူး၏ လူ့အဖွဲ့အစည်းအတွက် အိုင်ဒီယာ (၁၀) ခုမှ ကောက်နှုတ်ဖော်ပြပါသည်။)

Technorati technorati tags: , ,

အပြည့်အစုံဖတ်ရန်

Tuesday, October 9, 2007

အပိုချဲ့ကားသိမ်းသွင်းမှုများ

အပိုချဲ့ကားသိမ်းသွင်းစကားသည် လူသေစေနိုင်၏။ လူမှုဝန်းကျင်ကို ဖျက်ဆီးနိုင်၏။ အပိုချဲ့ကား သိမ်းသွင်းစကားသည် နိုင်ငံရေးကို မွန်းကျပ်အသက်ငင်စေ၏။ စီးပွားရေးကို ပျက်ပြုန်းစေ၏။ အပိုချဲ့ ကား သိမ်းသွင်း ကြော်ငြာနည်းသည် မထိုက်မတန် လူတစ်စုအား ချမ်းသာစေလျက် အများ၏ ဘ၀ကို ဖျက်ဆီး၏။ အပိုချဲ့ကားသိမ်းသွင်းခြင်းသည် လူ့အဆောက်အဦ ဖောင်ဒေးရှင်းကို မလိုတမာ စွာကျယ်သော မုသားများ တည်ဆောက်ပေးလိုက်သည်။စစ်အတွင်းမှာဆိုလျှင် အပိုချဲ့ကား သိမ်းသွင်းစကား၏အန္တရာယ်သည် ပို၍ သိသာထင်ရှားလေ့ ရှိသည်။ သို့သော် ချဲ့ကားဝါဒဖြန့်စကားသည် စစ်ကာလအတွင်းသာ ဖြစ်ပေါ်လာသည့် ဒုက္ခမဟုတ်။ လူ့ယဉ်ကျေးမှု အဆောက်အဦ၏ အတွင်းလွှာများတွင်ပါ ၀င်ရောက် သန္ဓေတည်နေခဲ့ပြီ ဖြစ်သည်။ ဈေးကွက်စီးပွားရေးသည် အပိုချဲ့ကားဝါဒဖြန့်ခြင်းပေါ်တွင် မူတည်၍ ပြုပြင်ဆောင်ရွက်နေခြင်း ဖြစ် သည်။ ချဲ့ကားဝါဒဖြန့်စကားသည် ဖျော်ဖြေရေးလုပ်ငန်း အဆောက်အဦများတွင် အလုံးအရင်းနှင့် ၀င် ရောက်လာသော ကုန်သွယ်မှုတစ်ခုဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတစ်ခုသည် ကြေကွဲသနားဖွယ်ရာ ကောင်း လေ ချဲ့ကားသိမ်းသွင်း စည်းရုံးမှုက များလေဖြစ်သည်။ချဲ့ကားဝါဒဖြန့်စကားက ပထမဆုံးသတ်လိုက်သောအရာမှာ စိတ် ဖြစ်သည်။ချဲ့ကားသိမ်းသွင်းဝါဒဖြန့်ခြင်း Hype ၏ ဘန်းစကားအဓိပ္ပါယ်တစ်ခုမှာ ဆေးထိုး>ပန်နှင့် အပ် ဖြစ်သည်။ တကယ်လည်း Hype သည် ဆေးအဖြစ် (အထူးသဖြင့်) မူးယစ်ဆေးအဖြစ် ဆောင်ရွက် လှုပ်ရှားပါသည်။ လူအများကို သက်ဝင်ယုံကြည်အောင် သြဇာလွှမ်းမိုးခြင်းအားဖြင့် ထိုးသွင်းပေး လိုက်သော ၀ါဒဖြန့်ဆေးကို ပထမဆုံး ထင်ရှားစွာ အသုံးပြုခဲ့သူများမှာ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီ ဂျာမန်များဖြစ်သည်။ ယခု အိုစမာဘင်လာဒင်နှင့် အစွန်းရောက် အကြမ်းဖက်သမားများကိစ္စသည်လည်း သဘောတရား အတူတူပင် ဖြစ်သည်။ Hype ၏ အောင်မြင်မှုတစ်ခုဖြစ်ပါသည်။ချဲ့ကားသိမ်းသွင်းနည်းပညာသည် သူလိုချင်သောပန်းတိုင်သို့ ဂိုဏ်းသားစိတ်ဓါတ်သွင်းပေးပြီး ရယူတတ်သည်။ ထိုနည်းဖြင့် ချဲ့ကားဝါဒဖြန့်နည်းက နောက်ထပ်အရေးကြီးသော အရာတစ်ခုကို သတ် လိုက်သည်။ Hype က ဒုတိယ သတ်လိုက်သောအရာမှာ အစစ်အမှန် အမှန်တရားပင်ဖြစ်သည်။ချဲ့ကားဝါဒဖြန့်ခြင်းက အစစ်အမှန်ကို သတ်လိုက်သော ဥပမာတစ်ခုမှာ Blair Witch Project ရုပ်ရှင်ဖြစ်၏။ အင်တာနက်နည်းပညာ၏ ချဲ့ကားဝါဒဖြန့်မှု Hype ကို ပထမဆုံး ထိရောက်စွာ အသုံးချ အမြတ်ထုတ်လိုက်သော အဖြစ်ပါပဲ။ ရုပ်ရှင်သည် တကယ့်အဖြစ်အပျက်ကို အခြေခံ၍ ရိုက်ကူးထားခြင်း ဟု လူငယ်များအား ယုံကြည်သက်ဝင်စေသည်။ထိုအဖြစ်အပျက်အားလုံးသည် အစစ်အမှန်နှင့် ထင်ယောင်ထင်မှား ကိစ္စတို့အား မခွဲခြားနိုင်သော တစ်မျိုးတည်းသောရောဂါဖြင့် ဂိုဏ်းစိတ်သွင်းခံရခြင်းဖြစ်သည်။ အကယ်၍ ကျွန်တော်တို့သည် စိတ်ကူး ယဉ်နှင့် တကယ့်အစစ်အမှန်ကို မခွဲခြားနိုင်လျှင် ကျွန်တော်တို့သည် အကောင်းနှင့် အဆိုးကိုလည်း ခွဲခြားနိုင်ဖို့ ခက်ယဉ်းပါလိမ့်မည်။ ကောင်းကျိုးနှင့် ဆိုးကျိုးကို ခွဲခြားသိနိုင်ဖို့ ပို၍ပင်ခက်ခဲပါလိမ့်မည်။ချဲ့ကားဝါဒဖြန့်ခြင်းက တတိယ သတ်လိုက်သော အရာမှာ အရည်အသွေး ပင်ဖြစ်သည်။ချဲ့ကားသိမ်းသွင်းစည်းရုံးခြင်း နည်းပညာဖြင့် သာမန်လူ၊ သာမန်ပစ္စည်းကို ရှေ့တန်းတင် အမွှမ်း တင်လိုက်သောအခါထိုအရာသည် အကြီးကြီးဖြစ်သွား၏။အချို့ သီအိုရီပညာရှင်များက ပြော၏။ မော်ဒန်လူငယ်များသည် ချဲ့ကားဝါဒဖြန့်ခြင်းကို ခံနိုင်ရည် ရှိသည်...တဲ့။ လုံးဝမဟုတ်ပါ။ မော်ဒန်လူငယ်များသည် ဘာမဆို အရူးအမူးစိတ်ရှိသည်။ သူတို့သည် Hype ကို ခံနိုင်ရည်ရှိဖို့ တော်တော် ကိုယ်ခံအားကောင်းမှ ဖြစ်ပါမည်။ချဲ့ကားဝါဒဖြန့်ခံရသော လူငယ်များအနေဖြင့် ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲဖို့ တကယ့် ရုန်းကန် လှုပ်ရှားမှုဖြစ်သော နိုင်ငံရေးအတွက် အချိန်နည်းနည်းမျှမရှိပါ။ နိုင်ငံရေးသည် ချဲ့ကားဝါဒဖြန့်ခြင်းက သတ်ဖြတ်ခံရသော စတုတ္ထသားကောင် ဖြစ်ပါသည်။ နောက်တစ်ခုက ၀ါဒမဖြန့်သလိုလို၊ ရှောင်တခင် အပြုအမူလိုလို ဟန်ဆောင်လိမ်ညာပြီး ၀ါဖြန့်ခြင်းဖြစ်သည်။ ထိုမုသားသည် ပို၍ပင် ထိရောက်သေး သည်။ လူအများ၏စိတ်နှလုံးကို ပို၍ပင် သိမ်းကြုံးဆွဲငင်နိုင်သည်။နောက်ဆုံးအားဖြင့် ချဲ့ကားဝါဒဖြန့်နည်းပညာသည် ယုံကြည်မှုကို သတ်ဖြတ်ပါသည်။ တစ်ဆက် တည်းပင် ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုသတ်သည်။ ထို့နောက် မျှော်လင့်ချက်ကိုသတ်သည်။ ဤနည်းဖြင့် လူ့အဖွဲ့အစည်းကို အသက်ရှူပေါက်ပိတ်ကာ မွန်းကြပ်စေပါသည်။အလွန်အကျွံ ချဲ့ကားဝါဒဖြန့်ခြင်း၏ နောက်ကွယ်မှာ ဘာမှမရှိ။ အလွန်အကျွံအမွှမ်းတင် သိမ်း သွင်းခြင်းဖြင့် ပြုပြင်စီရင်ထားသော ကျွန်တော်တို့ လူ့အဖွဲ့အစည်းသည် ဗလာအမှောင်ခန်းတစ်ခုထက် အနည်းငယ်သာ ပိုပါလိမ့်မည်။

(Eleven News Vol: 1/No: 11, 20-1-2002
တွင် ပါရှိသော ဂျူး၏ အလွန်အကျွံခေတ်ကြီးထဲမှာ ဆောင်းပါးမှ ထုတ်နှုတ်ထားပါသည်။)

Technorati technorati tags: , , ,

အပြည့်အစုံဖတ်ရန်

Monday, September 24, 2007

ဘာကြောင့် ကမ္ဘာကြီးမငြိမ်းချမ်းတာလဲ

လူတွေက သူတို့မှာ နှလုံးသားရှိတာကို မေ့နေကြတယ်။ သူက လောကအပေါ် အကြင်နာတရားနဲ့ ပြုမူလို့ရှိရင် လောကကလည်း သူ့ကို အကြင်နာတရားနဲ့ တုံ့ပြန်လာမှာပဲဆိုတာကိုလည်း သူက မေ့ထားတယ်။
ကျွန်တော်တို့ဟာ တကယ့်ကို အံ့အားသင့်လောက်အောင် ပဋိပက္ခတွေနဲ့ရှုပ်ထွေးနေတဲ့ လောက ကြီးထဲမှာ အသက်ရှင်နေကြရတာပါ။ တစ်ဖက်မှာတော့ လူတွေက စစ်ကို ထိတ်လန့်ကြောက်ရွံ့ နေကြပါတယ်။ တခြားတစ်ဖက်မှာကျတော့ ဒီလူသားတွေကပဲ စစ်ကို အမျက်ဒေါသ ခြောင်းခြောင်း ထပြီး ပြင်ဆင်နေကြပြန်ပါတယ်။
ယခုအခါ မဟာကရုဏာရှင် ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ တပည့်သားတော်များ၏တာဝန်မှာ လောကတွင် ငြိမ်းချမ်းရေး ဖြစ်ပေါ်လာရေး မိမိတို့၏ဆရာသခင် ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း နမူနာပြ လိုက်နာခြင်းအားဖြင့်လည်းကောင်း၊ လူသားအချင်းချင်းအပေါ်မှာရော ပတ်ဝန်းကျင် လောကအပေါ်မှာပါ သည်းခံစိတ်နှင့် ဆက်ဆံနိုင်ဖို့ လေ့ကျင်သင်ကြားရမှာပါ။
ငြိမ်းချမ်းရေးကို အမြဲရနိုင်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးရအောင်လုပ်ရာမှာတော့ ဆုတောင်း နေလို့မရပါဘူး။ ပူဇော်ပသနေလို့ မပြီးပါဘူး။ ငြိမ်းချမ်းရေးဆိုတာက လူသားအချင်းချင်း သင့်မြတ် တဲ့အခါ ဖြစ်ပေါ်လာတဲ့တရားပါ။ လူတွေဟာ ကိုယ့်အချင်းချင်း သင့်မြတ်ကြရင်ဖြစ်ဖြစ်၊ ပတ်ဝန်း ကျင် လောကနဲ့ အဆင်ပြေပြေနေနုင်ရင်ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးကိုရနိုင်ပါတယ်။ တစ်ကိုယ်ကောင်း လောဘနှင့် ကမ္ဘာကြီးအခြေအနေကြားမှာ ပဋိပက္ခမဖြစ်ဘဲ ကြားလပ်နေတဲ့အချိန်ဟာ ငြိမ်းချမ်းတဲ့ အချိန်ပါ။
သည်းခံစိတ် ဖြစ်ပေါ်လာအောင် မလေ့ကျင့်ဘဲနဲ့တော့ ဒီကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေး တည်ရှိ လာနိုင်မှာ မဟုတ်ပါဘူး။ သည်းခံနိုင်စွမ်းရှိဖို့ကျတော့ ကျွန်တော်တို့အနေနဲ့ မိမိရဲ့စိတ်ထဲမှာ ဒေါသနဲ့ ဣဿမနာလိုစိတ်တွေ ဖြစ်မလာအောင် ထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဗုဒ္ဓရှင်တော် မြတ်ဘုရားက မကောင်းသဖြင့်ထားအပ်သော စိတ်သည်ကား ထိုစိတ်ရှိသူကို ရန်သူထက်ပင် ပို၍ ယုတ်ညံ့ အောင်ပြုနိုင်၏ ဟု ဓမ္မပဒ ၄၂ တွင် ဟောကြားခဲ့သည်။
ဗုဒ္ဓဘာသာသည် သည်းခံခြင်းတရားကို ကျင့်သုံးသောဘာသာတရား ဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒီဘာသာက ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ဖို့ကို ဟောကြားလို့ပဲဖြစ်ပါတယ်။ လောကအပေါ် မိမိက အကြင်နာထားပြီး ပြုမူဆက်ဆံလို့ရှိရင် မှန်ထဲမှာလိုပဲ လောကကလည်း ကိုယ့်အပေါ်ကို အကြင်နာထားပြီး ပြုမူဆက်ဆံလာတာကို မြင်တွေ့ရမှာသေချာပါတယ်။ ကိုယ်က လောကအပေါ် ငြိမ်းချမ်းစွာဆက်ဆံရင် လောကကလည်း ကိုယ့်အပေါ်ကို ငြိမ်းချမ်းစွာဆက်ဆံမှာဖြစ်ပါတယ်။
လူ့စိတ်ဆိုတာက မိမိရဲ့အားနည်းချက်ကို ၀န်မခံချင်တဲ့ ကိုယ့်ကိုယ်ကို လှည့်စားလိမ်ညာ ချင်တဲ့စိတ် ဖြစ်ပါတယ်။ သူက သူလုပ်တဲ့အပြစ်ကို လွှဲချဖို့ သူ ဒီလိုလုပ်ခဲ့ရတာ မှန်ကန်ကြောင်း တရားကြောင်းပြောဖို့ တစ်ခုခုကို အကြောင်းပြတတ်တယ်။ ပြီးတော့ သူ့မှာ အပြစ်ကင်းကြောင်းကို ဖန်တီးပြောတတ်ပါတယ်။ လူတစ်ယောက်ဟာ တကယ်တမ်း လွတ်လပ်ချင်တယ်ဆိုရင် သူ့မှာ ကိုယ့် အပြစ်ကိုကိုယ် ရဲရဲဝံ့ဝံ့ ၀န်ခံရဲတဲ့သတ္တိရှိရမယ်။ ဒါကို ဗုဒ္ဓရှင်တော်မြတ်ဘုရားက သူများအပြစ်ကိုတော့ မြင်လွယ်တယ်။ ကိုယ့်အပြစ်ကို ကိုယ်မြင်ဖို့တော့ ခက်တယ်လို့မိန့်တော်မူခဲ့တယ်။
လူတွေရော၊ နိုင်ငံတွေကပါ မိမိတို့ရဲ့ တစ်ကိုယ်ကောင်း လောဘစိတ်၊ လူမျိုးရေး မာန်စောင်မှု တွေ အာဏာတပ်မက်တဲ့ အတ္တစိတ်တွေကို သုတ်သင်နိုင်ကြပါမှ ဒီလောကမှာ ငြိမ်းချမ်းရေးဆိုတာ ဖြစ်ပေါ်လာနိုင်မှာပါ။ လူ့နှလုံးသားကိုထိထိရောက်ရောက် ပြောင်းလဲသွားအောင် လုပ်နိုင်တာက ဘာသာရေးတစ်ခုပဲရှိပါတယ်။ ကံမကောင်းလှစွာ အချို့သူများဟာ ဘာသာရေးကို ခုတုံး လုပ်ပြီး သူတို့ပဋိပက္ခထဲကို ဘာသာရေးအလံတံခွန်တွေ ထူပြီးလာကြတာလည်း ရှိပါတယ်။ သူတို့ဟာ ဘာသာရေးရဲ့ ကောင်းမြတ်လှတဲ့ နာမည်ဂုဏ်သတင်းကို အသရေပျက်အောင် လုပ်နေကြတယ်ဆိုတာကို သူတို့ မသိကြပါဘူး။
လွန်ခဲ့သော အနှစ် ၂၅၀၀ ကျော်ကာလအတွင်း ဗုဒ္ဓဘာသာဝင်တွေကြောင့် ဖြစ်ခဲ့ရသော စစ်ဖြစ် ရလောက်အောင် ပြင်းထန်သော စိတ်ဝမ်းကွဲပြားမှုများနှင့် ပဋိပက္ခကြီးများ ဘယ်သောအခါကမျှ မရှိခဲ့ ကြပါ။ ထိုကဲ့သို့ စစ်မက်ကင်းမဲ့ခဲ့ခြင်းသည် မြတ်ဗုဒ္ဓ၏ဒေသနာတော်များတွင် ပါဝင်သော တက်က လှုပ်ရှားသော သည်းခံခြင်း ခန္တီ၏သဘော အယူအဆကြောင့်ပင်ဖြစ်သည်ဟု ဆိုသင့်ပါတယ်။

ဆန်းလွင် ခေါ် အရှင်အာဒိစ္စရံသီ ဘာသာပြန်ရေးသာသည့် ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက စာအုပ်မှ ထုတ်နှုတ်ထားပါသည်။

Technorati technorati tags: , , , , ,

အပြည့်အစုံဖတ်ရန်

ဖတ်ရှုသူတို့၏ မှတ်ချက်များ

Weblog Commenting and Trackback by HaloScan.com